ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာနဲ့တင် ကျနော် သူ့ကို ကြည်ညိုတာ မဟုတ်ပါ။
အမေကြီး ဘာကြီးလဲ မဖားတတ်ပါ။ ပြီးတော့ ကျနော့်ညာဉ်ကိုက Reality ကိုပဲ ဦးစားပေးကြည့်တတ်တယ်။ တိုင်းပြည်ကောင်းမယ်ဆို ဘယ်သူ တက်တက်ပါ။ အဘက်ဘက်က ခေါင်းအေးအေးထား စဉ်းစားကြည့်ပြီးမှ ဒေါ်စုသာလျှင် ကျနော်တို့ မြန်မာပြည်ရဲ့ အသင့်တော်ဆုံးသော တစ်ဦးတည်းသောခေါင်းဆောင်အဖြစ် ယူဆဆုံးဖြတ်ပါတယ်။ အဲဒီအတွက် အကြောင်းပြချက်က ၁၀ ခု ရှိပါတယ်။
၁။ သြဇာတိက္ကမ ရှိသော ခေါင်းဆောင်။
-----------------------------------------
ကျနော်တို့ မြန်မာ့သမိုင်းမှာ ရှားပါးတဲ့ အနည်းစုထဲမှာပါတဲ့ ခေါင်းဆောင်မျိုးပါ။ ဒေါ်စုဟာ Charismatic Leader ဖြစ်ပါတယ်။
စကားကြုံလို့ ပြောရရင် ဗိုလ်ချုပ်ဟာ Charismatic Leader ဖြစ်ပေမယ့် ဦးနုကို Charismatic Leader လို့ ကျနော်မသတ်မှတ်ပါ။ ဗိုလ်ချုပ်သာရှိရင် ပြည်တွင်းစစ်ကို ထိန်းနိုင်လိမ့်မယ်လို့ ထင်မိတယ်။
ကျနော်တို့ တိုင်းပြည်တိုးတက်ဖို့ရာခရီးမှာ တောက်လျောက်အကြီးမားဆုံးဖြစ်ခဲ့တဲ့ အနှောင့်အယှက်ဟာ ပြည်တွင်းစစ်လို့ ထင်ပါတယ်။
ဒီ့အတွက် တိုင်းရင်းသားအင်အားစုတွေနဲ့ စည်းလုံးဖို့လိုပါတယ်။ ဒါကို ဒေါ်စု လုပ်နိုင်ပါလိမ့်မယ်။ ဒုတိယပင်လုံကို ဒေါ်စု တဖွဖွပြောနေတာ အကြောင်းမဲ့မဟုတ်ပါ။
ပြီးတော့ အသိညာဉ်မဖွံ့ဖြိုးသေးတဲ့တိုင်းပြည်မျိုးအတွက် Charismatic Leader လိုကို လိုပါတယ်။
၂။ ပြည်ပအထိ သြဇာဖြန့်ကျက်နိုင်သော ခေါင်းဆောင်။
----------------------------------------------------------
ကျနော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆို ပြည်ပအကူညီ လိုကို လိုပါတယ်။
အဘက်ဘက်က တံခါးပိတ်ပြီး ငါ့မြင်းငါစိုင်းခဲ့တဲ့ အချိန်တုန်းကတောင် တရုတ်တော့ အားကိုးခဲ့ရသေးတာပဲ။ တရုတ်ဟာ အင်အားကြီးတာမှန်ပေမယ့် ကြွယ်၀သော နိုင်ငံမဟုတ်ပါ။ သူ့ကို အားကိုးလို့ မရဘူးလို့ထင်မိတယ်။ သူက ဂုတ်သွေးစုပ်ရုံပဲ လုပ်ပါလိမ့်မယ်။
ဒီတော့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေဆွဲဆောင်ဖို့ရာ ကမ်ဘာ့အဆင့်ခေါင်းဆောင်တစ်ယောက်လိုပါတယ်။ ဘောလုံးစကားနဲ့ပြောရရင်ဗျာ ဖာဂူဆန်ကြီးသာ ရမယ်ဆို ခင်ဗျားတို့ မလိုချင်ဘူးလား။ အခု ကျနော်တို့ မြန်မာဘောလုံးအသင်းဆိုပါတော့၊ ကမ်ဘာမှာ လူရာမသွင်းဘူး၊ အေး အဲဒီအသင်းကို ဖာဂူဆန်သာ နည်းပြလုပ်ပေးမယ်လုပ်ကြည့်စမ်း။ ဘယ်လို သက်ရောက်မှု ဖြစ်သွားမလဲဆိုတာ။ ဒေါ်စုဟာ နိုင်ငံရေးနယ်ပယ်မှာတော့ ဖာဂူဆန်ဖြစ်ပါတယ်။
ဟုတ်ကဲ့၊ ဖာဂူဆန်ကို ရနိုင်မှတော့ ဦးတင်မြင့်အောင် ကျနော်တို့အပေါ်စေတနာထားတယ်ဆိုပေမယ့် ဘယ်လိုချင်တော့မလဲ ခင်ဗျာ။
ဦးတင်မြင့်အောင်လို ပြည်တွင်းနည်းပြအနေနဲ့ စင်္ကာပူလိုနိုင်ငံမျိုးမှာ သွားရင် အရေးကြီးပုဂ္ဂိုလ်နဲ့တွေ့ဖို့ ကျုံ့ကျုံ့လေးထိုင်စောင့်နေရလိမ့်မယ်။ ဖာဂူဆန်ကျတော့ ... သူလာပြီဆိုတာနဲ့ ဟိုက ပျာပျာသလဲ ထွက်ကြိုနေမှာ။ လူချင်းကွာတယ်လေ။
တိုင်းပြည်က ကမ်ဘာ့အဆင့်မ၀င်သေးတဲ့အချိန် ကမ်ဘာ့အဆင့်၀င် ခေါင်းဆောင်ကောင်းကိုရတာ ကျနော်တို့က အလဟဿ အဖြစ်ခံကြမှာလား။
၃။ အနစ်နာခံခဲ့တဲ့သမိုင်း။
----------------------------
ဒေါ်စု ကျနော်တို့အတွက် အနစ်နာခံပြခဲ့တာ သူ့အဆင့် တခြား ဘယ်ခေါင်းဆောင်ထက်မဆို ပိုပါတယ်။ မိန်းမတစ်ယောက်မပြောနဲ့ ယောက်ျားတစ်ယောက်တောင် သူ့နေရာမှာဆို ဒူးထောက်သွားစေနိုင်တဲ့ အဘက်ဘက်က ၀ိုင်း၀န်းတိုက်ခိုက်မှုတွေ။
အသက်ကို အကြိမ်ကြိမ် ရန်အရှာခံခဲ့ရတာ။
ဝါးချွန်နဲ့ အထိုး၊ နံပါတ်တုတ်နဲ့ အရိုက်ခံခဲ့ရတာတွေကို သူ့လိုအဆင့်လူတစ်ယောက်အနေနဲ့ ကြိတ်မှိတ်ခံခဲ့တာတွေဟာ ကျနော်တို့ မမေ့သင့်တဲ့ ကျေးဇူးတရားတွေပါ။
ပြီးတော့ ဒါတွေဟာ ကျနော်တို့ပြည်သူတွေအတွက် တကယ့်ကို စွန့်လွှတ်စွန့်စားခဲ့သူ ဖြစ်ကြောင်း သက်သေပြချက်တွေဖြစ်တယ်။ မိန်းမတစ်ယောက် လက်ဗလာနဲ့ လက်နက်တို့ရဲ့အလည်မှာ ခေါင်းမော့ရင်ကော့ဆက်နေရဲတဲ့ အာဂစိတ်ဓာတ်။ ဒါဟာ တိုင်းပြည်အတွက် တကယ်စွန့်လွှတ်နိုင်သူ ဟုတ်မဟုတ် လက်တွေ့ စာမေးပွဲကို သူ ဖြေဆိုခဲ့တာပါပဲ။
အဲဒီစာမေးပွဲမှာ ဒေါ်စုဟာ အောင်မှတ်ထက်တောင် ပိုနေပါသေးတယ်။
၄။ ပြတ်သားတဲ့ခေါင်းဆောင်။
--------------------------------
ဒေါ်စုနဲ့ ပတ်သက်ရင် ကျနော်အမြဲတမ်းသဘောတူတာ မဟုတ်ပါ။
ဒါပေမဲ့ သူနဲ့ သဘောမတူတာတွေရှိတိုင်း သူ့ကို ပိုလေးစားလာမိတယ်။
သူဟာ ဆုံးဖြတ်ချက်ယိမ်းယိုင်တတ်တဲ့ ခေါင်းဆောင်မျိုးမဟုတ်ဘူး။ ခေတ်စကားပြောရရင် လူကြိုက်များအောင် ဖောရှောလုပ်ပြမယ့်သူ မဟုတ်ဘူးပေါ့ဗျာ။
တကယ်တမ်းဘာလုပ်ရင် ဘာပြောရင် လူကြိုက်မယ်ဆိုတာ ကျနော်တို့တောင် သိရင် သူလည်း သိမှာပါ။ ဒေါ်စု အဲဒီလောက် မအပါဘူး။ ဒါပေမဲ့ ဘာဖြစ်လို့ သူတစ်ခါတစ်လေမှာ ခေါင်းမာတဲ့ပြောဆိုမှုတွေ ပြုသလဲ။
အဲဒီအတွက် အကြောင်းတရားနှစ်ခု မြင်ပါတယ်။ ပထမတစ်ခုက မီဒီယာပါ။ ဘင်္ဂလီကိစ္စလိုဟာမျိုးဆို သူ့ကို ပြေးမေးတယ်။ သူကလဲ လိမ်တတ်တဲ့သူမျိုးမဟုတ်ဘူး။ သူမြင်သလို ခံစားသလို ပြောတယ်။ ဒါပေမဲ့ စကားပမာ အခု မလေးရှားမှာ မြန်မာ အလုပ်သမားတွေ ဒုက္ခရောက်တဲ့ကိစ္စ။ သူ့ကို ဘယ်မီဒီယာမှ ပြေးမမေးဘူး။ ဒီတော့ သူမဖြေရဘူး။ ဒီအခါမှာဒေါ်စုက ဘင်္ဂလီတုန်းက ပြောပေးတယ်။ မလေးရောက်မြန်မာတွေဖို့ မပြောပေးဘူးဖြစ်ရော။ ဒေါ်စုအဆင့်နဲ့ဗျာ။ လာမေးမှ ဖြေနိုင်မှာပေါ့။ ဘယ်ကိစ္စမဆို သူဖြေရုံပါပဲ။ သူဟာ လက်ရှိ သာမန်လွှတ်တော်အမတ်ပါ။ ဘာမှ မလုပ်နိုင်သေးပါ။
နောက်ဒုတိယအကြောင်းတရားကတော့ ဒေါ်စုဟာ တစ်ခုခုဆို လူ့အခွင့်အရေးရှုဒေါင့်က အမြဲကြည့်တတ်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါကြောင့် တစ်ခါတစ်လေ ကျနော်တို့အဖို့ သဘောမတူစရာတွေ ဖြစ်ရတယ်။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တစ်ယောက်၊ ကမ်ဘာက မျက်လုံးဒေါက်ထောက်ကြည့်ခံနေရသူတစ်ယောက်အနေနဲ့ အပြောအဆိုမှာတော့ ဒီလိုပြောမှာပါပဲ။ လိုအပ်တာက တကယ့်သူ့လုပ်ရပ်တွေပါ။ သူ့မှာ အခွင့်အာဏာတကယ်ရှိလာရင် ဘာတွေ လုပ်မလဲ ကျနော်တို့ မှန်းဆလို့ မရနိုင်သေးပါ။
သူ့ကို ကုလားဘက်လိုက်တယ်လို့ စွပ်စွဲတာတွေ ရှိတယ်။ ဘာကြောင့် စွပ်စွဲတာပါလဲ။ White Card ငါးသိန်းပေးတာ ဒေါ်စု မဟုတ်။ လွှတ်တော်ထဲက ကုလား၃ကောင်ထိုင်ခိုင်းတာ ဒေါ်စုမဟုတ်။ လွှတ်တော်မှာ ကုလားဘက်က ရွတ်ရွတ်ချွံချွံ ကာကွယ်နေသူ ဦးလှဆွေဟာ ဒေါ်စုပါတီက မဟုတ်။
ဒါကိုတောင်မှ ကုလားကိစ္စ မပြတ်သားဘူးလို့ ယိုးစွပ်ကြပြန်တယ်။ အိုကေ ဘယ်သူကရော ပြတ်သားပါသလဲ။ အာဏာရှင်ခေတ်မဟုတ်တော့လို့ ခေါင်းဆောင်တစ်ယောက်ဟာ အရမ်းပစ်ပစ်ခါခါကြီးလုပ်ပြလို့ မရတော့ပါ။ သူက အပေါ်က ကောင်းပြပြီး အောက်က ဆော်ပေးမယ့်သူလည်း သူ့မှာ မရှိသေးဘူးလေ။
နားလည်လွယ်အောင် ဥပမာတစ်ခုပေးပါ့မယ်။ ကျနော်ငယ်ငယ်က ကျော်ဟိန်းတအားကြိုက်တယ်။ ဇော်ကြီးကို မုန်းတယ်။ တစ်ရက်ကျတော့ ဘားလမ်းမှာ သူတို့နှစ်ယောက် ပခုံးဖက်လျှောက်တာကို တွေ့တော့ အံ့သြသွားပြီး အဖေ့ကို မေးတယ်။
`အဖေ၊ ဟိုမှာ ရုပ်ရှင်ထဲမှာ သူ့ကို အမြဲ နှိပ်စက်နေတဲ့ လူကြီးကို ကျော်ဟိန်းက ပခုံးဖက်ထားတယ်´
ဆိုတော့ အဖေက ... `သူတို့က ညီအစ်ကိုတွေလေ သားရဲ့´
တဲ့။ မင်းသားကို လူချစ်ဖို့၊ လူရှေ့မှာ မင်းသားက အသားနားခံပြဖို့ လူကြမ်းကောင်းကောင်းတွေ လိုပါတယ်။ သူတို့က မင်းသားကို အားဖြည့်တာပါပဲ။ တစ်နည်းပြောရရင် မင်းသားမလုပ်ချင်တာတွေ လုပ်ပေးဖို့ပေါ့ဗျာ။
ဒါမှ မင်းသားက ပရိသတ်ရှေ့ထွက်တဲ့အခါ ခြောက်ပစ်ကင်းသဲလဲစင်လေး အသွင်နေပြလို့ ရမှာပေါ့။ ဒါပေမဲ့ ပိတ်ကားနောက်မှာတော့ သူတို့ ပခုံးဖက်နေကြတာပါပဲ။
ဒေါ်စုမှာ အောက်လက်ငယ်သား ဇော်ကြီး မရှိရှာပါ။
၅။ အကြောက်တရားကို ကျော်လွန်နိုင်တဲ့ ခေါင်းဆောင်။
-----------------------------------------------------------
ဒေါ်စုဟာ ကျနော်တို့ကို အကြောက်တရားနဲ့ အုပ်ချုပ်မယ့်ခေါင်းဆောင်မဟုတ်ပါ။ ဒဲ့ပြောမယ်ဗျာ။ ဒေါ်စုနောက်မှာ လက်နက်ကိုင်အဖွဲ့အစည်းမရှိဘူး။ ဒီတော့ သူ့ကို ကြောက်စရာမလိုဘူး။ ပြည်သူတစ်ရပ်လုံးက မကြိုက်တော့ဘူးဆို အချိန်မရွေး ပြန်ဖြုတ်ချလို့ရတယ်။ ကျနော့်အနေနဲ့ အဲဒါကို အကြိုက်ဆုံးပဲ။
အာဏာဟာ လူကို ပျက်ဆီးစေတယ်တဲ့။ ကျနော့်အမြင် ဦးနေ၀င်းဟာ အစက ဒီလောက် မဆိုးလှပါ။ ကြာလေ ဆိုးလေပါပဲ။ သူ့နောက်မှာ လက်နက်ကိုင်အင်အားရှိတာကိုး။ ရမ်းလို့ရတာပေါ့။
ဒီမိုကရေစီခေတ်နဲ့တော့ အရပ်သား (စစ်စစ်) အစိုးရနဲ့သာ လိုက်ဖက်တယ်လို့ ကျနော် ယုံကြည်ပါတယ်။
၆။ ပညာရှင်ခေါင်းဆောင်။
---------------------------
ဒါက ကျနော့်တစ်ဦးတည်းသောအမြင်ပါ။ ကျနော်က ပလေတိုးရဲ့အတွေးအခေါ်ကို တော်တော်စွဲခဲ့တယ်။
ပညာရှင့်လက်ထဲ အာဏာနှင်းအပ်ထားသင့်တယ် ထင်မိတယ်။
လူတွေက ဆင်ခြင်တုံတရားအားနည်းနေသေးတဲ့အခါ၊ အမှားအမှန်ေ၀ဖန်ပိုင်းဖြတ်နိုင်စွမ်းနည်းပါးပြီး ဖျားယောင်လို့လွယ်တဲ့အချိန်မျိုး။ အစွန်းရောက်စိတ်တွေ များနေတဲ့ အချိန်မျိုးမှာ ပညာရှင်ဘုရင်မကို တောင့်တမိပါတယ်။
၇။ ငဲ့စရာ မလိုသော ခေါင်းဆောင်။
-------------------------------------
ဒေါ်စုဟာ ဘယ်သူ့ကို မဆို သူ့ပါတီက ထုတ်လို့ရပါတယ်။ ငဲ့စရာမလိုပါ။
တခါတစ်လေမှာ ဒီလူကောင်းကို ကြိုက်ပေမယ့် အဲဒီလူက သူ့အဖွဲ့အစည်းကို ငဲ့နေရတာမျိုး၊ တိုင်းပြည်မျက်နှာထက် အဖွဲ့အစည်းမျက်နှာကိုကြည့်နေရတာမျိုးကျတော့ အလုပ်မဖြစ်ပါ။
ပန်းလေးတစ်ပင်ပျိုးပါတယ်။ ပေါင်းမြက်တွေများနေရင် ဘယ်ရှင်တော့မလဲ။
ငခုံးမချည်း တစ်လှေလုံးဖြစ်နေမှတော့ ငါးပြေမပါလည်း အဲဒီလှေကို ဘယ်လို ရွေးမလဲ။
၈။ နောက်က ကြိုးကိုင်သူ မရှိတဲ့ ခေါင်းဆောင်။
--------------------------------------------------
ဒေါ်စုနောက်မှာ သံသယဖြစ်စရာ ဘယ်သူမှ မရှိပါ။
ဒေါ်စု ဒီနေရာရောက်အောင် ဘယ်သူကမှ ပေးထားတာ မဟုတ်ဘူး။ ဒေါ်စုက ဘယ်သူ့ဆီမှ အခစား၀င်နေစရာ မလိုဘူး။
ပြည်သူတွေ မလိုလားတဲ့ ဘယ်သူ့အရိပ်မှ ဒေါ်စုဆီမှာ မရှိပါ။
၉။ ဆွေစဉ်မျိုးဆက် အုပ်စုအစဉ်အဆက် တက်မှာ မဟုတ်တဲ့ခေါင်းဆောင်။
-------------------------------------------------------------------------
ဒေါ်စုက အသက်ကြီးနေပါပြီ။ သူ အုပ်ချုပ်နိုင်လှ တစ်ဆက်နှစ်ဆက်ပေါ့။ သူ မရှိရင် သူ့နောက်မှာ အဖွဲ့အစည်းကြီး မရှိဘူး။ ကျနော်က တိုင်းပြည်ကို အဖွဲ့အစည်းတစ်ခုလက် ကျရောက်နေတာမျိုးက လွတ်စေ့ချင်တယ်။ အာဏာကို တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်းက ချုပ်ကိုင်နေရင် ဒီမိုကရေစီဘယ်ဟုတ်တော့မလဲ။
ပန်းတိုင်းပွင့်ပါစေပေါ့ဗျာ။
ဒေါ်စုနောက်မှာ တက်ဖို့တန်းစီ စောင့်နေတဲ့ ဂျူနီယာတွေ အသင့်မရှိသလို၊ ရှေ့မှာလည်း ကုလားထိုင်ပေါ်ထိုင်သွားတဲ့ စီနီယာတွေ မရှိဘူး။
၁၀။ ဒေါ်စုဟာ နောက်ဆုံးစမ်းသပ်ချက်၊ နောက်ဆုံး မျှော်လင့်ချက် ဖြစ်တယ်။
----------------------------------------------------------------------
ဒီအတွက်တော့ အထူးရှင်းစရာ လိုမယ်မထင်ပါဘူးဗျာ။ တတိယအရွယ်ရောက်နေပြီဖြစ်တဲ့ ကမ်ဘာ့အဆင့် ခေါင်းဆောင်ကြီး ကျနော်တို့ရထားတယ်။ ဒီအချိန်မှာ တိုင်းပြည်ကလဲ ချွတ်ခြုံကျနေတယ်။ လှေပျက်ကြီးလိုပဲ။ ဒီလှေပျက်ကြီးကို သူ မောင်းပေးပါ့မယ် ပြောနေတယ်။ အိုကေ၊ တစ်ခေါက်လောင်တော့ သူ့ကို မစမ်းသပ်သင့်ဘူးလား။
ချောက်ထဲကျမှာစိုးလို့ ကယ်သူတွေက ကယ်ရင်းကယ်ရင်း နွံထဲလည်ပင်းတောင် မြုပ်နေပြီလေဗျာ။ ဒီ့ထက် ထူးစရာ ရှိတော့တာမှ မဟုတ်ပဲ။ သယံဇာတတွေ ဒီလောက်စုံပါလျက် ကမ်ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းလည်း ၀င်ခဲ့ပြီးပြီပဲ။
ကမ္ဘာကတောင် တလေးတစားနေရာပေးရတဲ့ လက်တစ်ဘက်ကို ကျနော်တို့ ယုံယုံကြည်ကြည် တွဲခိုကြည့်ကြပါစို့လား။

No comments:
Post a Comment