=========================
သို့
တူမောင်ကြီး
ဘကြီး စာရေးလိုက်ပါတယ်
တူမောင်ကြီးလည်း တိုင်းပြည်အရေးအတွက်မနားမနေသွားနေတာမြင်ရတော့ အရမ်းလေးစားမိသလို သနားလည်း သနားမိပါတယ်
အခုလောက် လှည့်လည်သွားလာနေတာတောင် အကောင်းပြောမခံရရှာတဲ့အတွက် ဘကြီးပိုပြီး ဂရုဏာသက်မိပါတယ်
တိုင်းပြည်အပေါ်ထားတဲ့ တူမောင်ကြီးရဲ့ သံယောဇဉ်ကို ဘကြီးခန့်မှန်းမိပါတယ်ကွယ်
အခုလို တူမောင်ကြီးပင်ပန်းနေတာ မြင်ရတော့ ဘကြီးမကြည့်ရက်ဘူးကွယ့်
အဲဒါကြောင့် ဘကြီးတို့ရွာကို ငါ့တူကြီးတို့ တမိသားစုလုံးပြောင်းလာခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်ကွယ်
မင်းခယောကျ်ား ကမ်းနားသစ်ပင်ဆိုသလို ရာထူးဆိုတာမျိုးက မမြဲသောတရားတွေမို့လားကွယ့်
တူမောင်ကြီးလည်း သိတန်သလောက်သိပြီးသားဖြစ်မှာပါကွယ်
အာဏာရှင်အချင်းချင်း ခွေးတွေဖိနပ်စုတ်လုသလိုမျိုး လုရတဲ့အခြေအနေကနေ ငါ့တူကြီးဆီရောက်လာတဲ့ ဖိနပ်စုတ်ကို ကတ္တီပါဖိနပ်ဖြစ်ဖို့ မနည်းကျားကန်လုပ်နေရတယ်ဆိုတာ ဘကြီးသိပါတယ်ကွယ်
ဘကြီးမှာလည်း ငါ့တူကြီး ဘယ်နေ့ ခွေးကျ ကျလာမလဲလို့ စိတ်ပူရလွန်းလို့ အိပ်လို့တောင်မရပါဘူးကွယ်
ဒီရက်ပိုင်း ဟိုကောင်မလေးကလည်း တတိုင်းပြည်လုံးလျှောက်သွားပြီး လူပင်လယ်တွေပြပြနေတော့ ဘကြီးအမောဆို့ဆို့သွားတယ်ကွယ့်
ဒီလူတွေကလည်း ဘာလို့ ဒီကောင်မလေးကိုအားပေးယုံကြည်နေကြမှန်း မသိပါဘူးကွယ်
ကောင်မလေးကလည်း လမ်းခင်းပေးမယ်၊ လျှပ်စစ်မီးပေးမယ် ဘာညာပေးမယ်လည်း ပြောသံမကြားမိပါဘူး
အဲဒါကို လူတွေကြိတ်ကြိတ်တိုးနေတာမြင်ရတော့ အတော်အံ့သြဖို့တော့ ကောင်းသားကွယ့်
ငါ့တူကြီးလူတွေကမှ ဆိုလာပြားလေး ပေးလိုက်၊ လမ်းလေးအခင်းပြလိုက်၊ မီးလေးသွယ်ပေးလိုက်နဲ့ ဒီလောက်ပေးနေတာတောင် အားပေးတဲ့လူက ချောက်တိချောက်ချက်နဲ့ ခွေးချင်းပူးတာဝိုင်းကြည့်တဲ့လူအင်အားတောင် သူ့ထက်သာအုံးမယ်
မောင်ကျော်ဆန်းသွားတုန်းကတော့ nld ကအကျႌတွေဝတ်ပြီး ကျောပေးတန်းစီနေကြတာ အတော်ကြည်နူးစရာကောင်းသားကွယ့်
အဲဒါကို မသိတဲ့လူတွေက မကြိုချင်ပေမယ့် အမိန့်အရမလာမနေရဆိုလို့ အခုလို nld အကျႌဝတ်ပြီး ကျောပေးပြီးမောင်းထုတ်တာလို့ပြောကြတယ်
အမှန်က မောင်ကျော်ဆန်းလေးရဲ့ လုံခြုံရေးကို စိတ်ပူလို့ အရပ်ရှစ်မျက်နှာကလာမယ့်ရန်သူတွေကို စောင့်ကြပ်ကြည့်ရှုပေးတာပါကွယ်
မဟုတ်လို့ လဒတွေဘာတွေ လာထိုးရင် ဘယ်လိုလုပ်မလဲကွယ်
အကယ်၍များ သိမ်းငှက်တို့ စွန်တို့ ကျီးကန်းတို့က အစာမှတ်ပြီး လာချီသွားရင် ဘယ်နှယ့်လုပ်ပါ့မလဲကွယ်
မောင်ကျော်ဆန်းက လူအရွယ်က ခွေးပစ်တဲ့ဒုတ်လောက်ပဲ ရှိတာကွယ့်
အကောင်သေးတာပြောတာပါကွယ်
ဘကြီးက စကားမတတ်လို့ပါ
စစ်ကိုင်းတိုင်းက မောင်သာအေးကတော့ သူ့ကိုမဲပေးရင် နှစ်ဆတိုးတက်စေရမယ်လို့ မဲဆွယ်လိုက်တာ အခု ငါးနှစ်ကရော ဘယ်သွားသေနေတာလဲလို့ အဆဲခံလိုက်ရတာပဲ အဖတ်တင်တယ်ကွယ့်
ပြည်သူတွေက အရမ်းရိုင်းတယ်ကွယ့်
တူမောင်ကြီးတို့အဖွဲ့ဆိုရင် ဘယ်ဘဝကရေစက်လဲမသိဘူး၊ ဆဲပဲဆဲချင်နေကြတာကွယ့်
ငါ့တူကြီးဝိုင်းတော်သားတွေကလည်း မညံ့ပါဘူးကွယ်
ကြမ်းပိုးတောင် လိပ်ဖြစ်အောင်ပြောတတ်သေးတာပဲ
ဘာမအောင်မြင်စရာရှိလည်းကွယ်
ဘယ်ခွေးမှ မွေးမွေးချင်း လမ်းမလျှောက်တတ်ဘူးလေကွယ်
ဒီလိုပဲ ကြိုးစားကြရမှာပေါ့ကွယ်၊ မဟုတ်ဘူးလား
ဒါနဲ့ တူမောင်ကြီးရဲ့ အမေရိကန်ရုံးချိန်းရော ဘယ်လိုလဲကွယ့်
အတော်တော့ ခရီးရောက်သားကွယ့်
အွန်လိုင်းမှာ တူမောင်ကြီးပရိုဖိုင်တွေ ပလူပျံနေတာပဲကွယ်
ဘကြီးတို့ မြန်မာတွေက အမျိုးချစ်တတ်ကြတယ်ဆိုတာ ယုံပြီမို့လားကွယ့်
တော်ပါသေးတယ်
စစ်ပွဲတွေ ဘာတွေမဖြစ်လို့၊ မဟုတ်ရင် စစ်ရေးအဆင့် ၁ ရှိတဲ့ အမေရိကန်ကို အဆင့် ၄၄ ရှိတဲ့မြန်မာက အဆင့်များတယ်ဆိုပြီး အနိုင်ကျင့်တယ်ပြောခံရရင် ကိုယ်တွေပဲသိက္ခာကျမှာကွယ့်
ငါ့တူကြီးတို့ လက်ထက်မှာ ရလိုက်တဲ့အဆင့်တွေ မနည်းမနောပါလားကွယ်
WHO ကထုတ်ပြန်တဲ့ ကျမ္မာရေးအဆင့်သတ်မှတ်ချက်မှာ အဆင့်ပေါင်း ၁၉၀ တောင်ရတာကလားကွယ့်
တိုးတက်ပါတယ်ဆိုတဲ့ စင်္ကာပူတောင် အဆင့် ၆ လောက်ပဲရတာကွယ့်
ဘယ်သူပြောလဲ မတိုးတက်ဘူးလို့
ဒီတခါ ငါတူကြီးတို့အဆိုးရအဖွဲ့ရဲ့ နှာနုကို ဖြတ်ကန်တဲ့ကောင်တွေ ဘကြီးနဲ့တွေ့သွားစေရမယ်
ဘယ်ကွယ်
သက်သက်အဆိုးမြင်နေကြတာတော့ တရားလွန်လွန်းတယ်
လွန်ခဲ့တဲ့ လတွေတုန်းက တပ်ရင်းပေါင်းများစွာအပြင် လေတပ်အကူတွေနဲ့ပါ တိုက်ရလို့ ကိုယ့်ဘက်က အကျအဆုံးများခဲ့ရတဲ့ ကိုးကန့်တိုက်ပွဲရဲ့ ခေါင်းဆောင် ဖုန်ကျားရှင်ကို တတိုင်းပြည်လုံး ကြိုက်တဲ့နေရာမှာနေခွင့်ပြုလိုက်တာကို ဝေဖန်နေကြသေးတယ်
ဒါ ဉာဏ်တိမ်တာကွယ့်
ဒီတယောက်ဘယ်လောက်အစွမ်းရှိတယ်ဆိုတာ ကျဆုံးသွားတဲ့စစ်သည်တွေ သက်သေရှိတယ်
အဲဒါကြောင့် သူရဲကောင်းကို သူကောင်းပြုတတ်တဲ့ ရှေးဘုရင်တွေရဲ့ အစဉ်အလာအရ သူကောင်းပြုလိုက်တာကို မသိပဲ ဝိုင်းပြောနေကြတယ်
အေးလေ
မင်းတို့ရဲ့ အတတ်ပညာကို ဒီလူတွေမှ မသိကြတာ
အဌာရသ ၁၈၀ မှာ "နိုင်ရင်ချ၊ မနိုင်ရင် မ" ဆိုတဲ့ပညာကို မသိကြဘူးကွယ့်
ပြောကြပါစေကွယ်
ဒါနဲ့ ကိုးကန့်စစ်သချႋုင်းကို သွားရင်ဖုန်ကျားရှင်ကို ခေါ်သွားပြလိုက်ပါကွယ်
အဲဒါမှ သူတို့တွေလည်း စိတ်အေးကြမှာ
နှစ်ပတ်လည် ဆွမ်းသွတ်ကျရင်တော့ အမျှဝေဖို့ ဖုန်ကျားရှင်ကိုပဲ ဖိတ်လိုက်ပါကွယ်
ဒါနဲ့ တူမောင်ကြီးကို သတိပေးရအုံးမယ်
တိုက်ပွဲကာလတုန်းက ဖုန်ကျားရှင်ကို အသေသတ်ချင်နေကြတဲ့သူတွေရယ်၊ အောက်လုံးတွေနဲ့ ဆဲဆိုကြိမ်းမောင်းနေတဲ့ သူတွေရယ်ကို အရေးယူဖို့ ရှိ၊ မရှိ သတင်းထုတ်ပြန်ပေးပါအုံးကွယ်
ဟိုမှာ တချို့က လေထဲကနေ တိုက်ရင်းတန်းလန်းကြီးဖြစ်နေတော့ ဆက်ပဲ အမြောက်နဲ့ပစ်ရမလား၊ ပြေးပြီး ဖက်ရမလား မသဲကွဲဘူးဖြစ်နေတယ်ကွယ့်
အဲဒါလေး လုပ်ပေးလိုက်ပါအုံးကွယ်
တဖက်နဲ့တဖက် အောက်လုံးတွေနဲ့ စော်ကားပြောဆိုနေတာတွေကိုတော့ ဘကြီးလည်းသဘောမကျပါဘူးကွယ်
ဗုဒ္ဓဘာသာဆိုတဲ့ အယဉ်ကျေးဆုံးဘာသာဝင်တွေက ဆဲဆိုနေကြတာကို တကမ်ဘာလုံးကလူတွေသာ မြန်မာစာဖတ်တတ်ရင် အတော်ကို အရှက်ကွဲကြမယ့်ကိန်းကွယ့်
တော်သေးတာပေါ့
မြန်မာလို မတတ်ကြလို့
ငါ့တူကြီးကို စော်ကားတဲ့ကောင်ရော၊ ကာချုပ်ကို စော်ကားတဲ့လူတွေရော အကုန်တရားစွဲတာ ကောင်းတယ်ကွယ့်
ဘကြီးအားပေးတယ်
ဘယ်နှယ့်ကွယ်
ကိုယ့်နိုင်ငံအကြီးအကဲကို အခုလိုတွေ လုပ်စရာလား
နိုင်ငံတကာကတောင် ငါ့တူကြီးနဲ့ ကာချုပ်ကို တလေးတစားဆက်ဆံနေတာက်ို ကိုယ့်ပြည်သူတွေက ဘာလုပ်တာလဲကွယ့်
အင်မတန် အရိုသေတန်တဲ့ကိစ္စကွယ့်
နောက်ပြီးရင်တော့ ငါ့တူကြီးတို့ထက်ပိုပြီး ကမ်ဘာကလေးစားတဲ့ ကောင်မလေးကိုလည်း စော်ကားပုတ်ခတ်တဲ့လူတွေကို ဖမ်းဖို့လိုသေးတယ်ကွယ့်
မဟုတ်ရင်
ခွေးသားက ဈေးကြီး၊ ယုန်သားကဈေးချို
ခွေးသေးပန်းကို ဘုရားလှူ၊ သဇင်ပန်းကို ပံ့သကူ
ခွေးဝဲစားက ပလ္လင်တက်၊ ခြငေ်္သ့က တောထွက်
သူတောင်းစားကို ခစား၊ ပညာရှိကို အစေအပါးထား သလိုတွေ ဖြစ်နေအုံးမယ်...
မျှမျှတတလုပ်တတ်တဲ့ ငါ့တူကြီးကို ဘကြီးယုံပါတယ်ကွယ်
မယုံတာက ငါ့တူကြီးအောက်က တလွဲဆံပင်ကောင်းတဲ့လူတွေပါကွယ်
ဒီကောင်တွေက အထက်ကိုဖားချင်တာပဲသိတယ်
ဘာမှ ရှေ့နောက်ကြည့်တဲ့ကောင်တွေမဟုတ်ဘူးကွယ့်
မောင်မင်းအောင်လှိုင်ကိုလည်း ပြောလိုက်ပါကွယ်
ဘကြီးက စကားပြောမတတ်တဲ့အတွက် တခါတခါ ဆဲသလိုဖြစ်ရင် ဗွေမယူပါနဲ့လို့
မောင်ဌေးဦးလေး ပြောသလို လွှတ်ခနဲ ပြောမိဆိုမိတာပါလို့ ပြောပေးပါကွယ်
ငါ့တူကြီးတို့ပြောသလိုပဲ စေတနာနဲ့ ကောင်းစေချင်လို့ ပြောခဲ့လုပ်ခဲ့တာတွေမို့ အပြစ်တော့မတင်လိုက်ပါနဲ့လို့ ပြောပေးပါကွယ်
သူက စစ်သားအရင့်အမာကြီးလည်း ဖြစ်၊ စစ်တပ်ကအကြီးအကဲလည်းဖြစ်တော့ သစ္စာလေးချက်ကို အစဉ်ဦးထိပ်ထားမယ်လို့ ဘကြီးယုံပါတယ်ကွယ်
အဲဒီသစ္စာလေးချက်ထဲက နောက်ဆုံးအချက်ဖြစ်တဲ့ ...
"ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို ပေးဆပ်ရန် အဓိဌာန်ပြုပါ၏" ဆိုတဲ့ အပိုဒ်ကို သက်စေ့ရွတ်ပြီး ပုတီးစိပ်ပါလို့ ပြောပေးပါကွယ်
သစ္စာအရဆိုရင်တော့ ပြည်သူ့အတွက်ဆိုရင် အသက်ပါပေးရဲတယ်လို့ အဓိပ္ပါယ်ရပေမယ့် အခုလို ပြောတာဆိုတာလောက်ကို မခံနိုင်ဘူးဆိုတော့ အဲဒီသစ္စာမှာ ချွင်းချက်ဆိုတာလေးများ ပါသေးသလားလို့ မေးပေးပါကွယ်
ဒါမှမဟုတ် ကာချုပ်က သစ္စာလေးချက်နဲ့ မဆိုင်ဘူးလားလို့ မေးပေးပါ
ဘကြီးက သိပ်ပြီးခေတ်မမှီတော့ အသစ်တွေဘာတွေပြောင်းသွားတာကို မသိလိုက်တာလားလို့ပါကွယ်
အခုဟာက ဆတ်ဆတ်ထိမခံ ဖြစ်နေပုံက အရင် နဝတ/နရဖ ခေတ်က အာဏာရှင်တွေနဲ့ သွားတူနေသလားလို့ပါကွယ်
နေ့တိုင်း မနက်တကြိမ်၊ ညနေတကြိမ် ဆိုခဲ့တဲ့ သစ္စာလေးချက်ကို နားလည်အောင်အရင်လုပ်ပါလို့ သတိပေးလိုက်စမ်းပါကွယ်
နောက်ပြီး အသစ်လဲလိုက်တဲ့ စစ်ဝတ်စုံလေးက လှတယ်လို့လည်း ပြောလိုက်ပါအုံးကွယ်
မောင်ဌေးဦးကိုလည်း သတိပေးထားပါအုံးကွယ်
သူ့ခမျာ သူများတကာ လူပုံအလယ်နမ်းတာကိုပြောမဆုံးဘူးဖြစ်နေတယ်
အခုဟာက လူတွေလက်နဲ့ထမင်းစားတာကို ရွံစရာကြီးလို့ ထင်နေတဲ့ ခွေးတကောင်လိုဖြစ်နေသကွယ့်
ခွေးဆိုတော့ သူတကိုယ်လုံးမှာ နှုတ်သီးပဲအသန့်ရှင်းဆုံးလို့ ထင်ထားတာကိုး၊ လူလိုတော့ လက်သန့်ကြောင်း ဘယ်သိပါ့မလဲ၊ သူလက်ကမှ မသန့်တာလေကွယ်
နောက်ပြီးတော့ ကျုပ်တို့က အမျိုးစောင့်တယ်ဆိုတဲ့ သမ္မတရုံးဝန်ကြီးတယောက်ကိုလည်း ငါ့တူကြီးလမ်းကြုံရင် သတိပေးလိုက်ပါအုံးကွယ်
ဖွဲ့စည်းပုံနဲ့ငြိနေတယ်လို့ ..
သူတို့အမျိုးချစ်လွန်းလို့ တိုင်းပြည်ဒီလောက်မွဲနေတာကို ဂုဏ်ဖော်နေသေးတယ်ကွယ်
ပြောလိုက်ပါကွယ်
အမျိုးကိုချစ်တာထက် နိုင်ငံကိုအရင်ချစ်ပါအုံးလို့
ငါ့တူကြီးသာမရှိရင် ဒီလူတွေမလွယ်ဘူးကွယ့်
ဘကြီးပြောပေါင်းလည်းများပြီ
အတော် သင်ရခက်တဲ့ကလေးတွေပဲကွယ်
တနေ့က ဖမ်းထားတဲ့ Facebook ကိစ္စကို နိုင်ငံတကာကလည်း သိပ်သဘောမတွေ့ဘူးကွယ့်
ငါ့တူကြီးတို့က ပိုက်ဆံချေးဖို့၊ အကြွေးတွေလျှော်ဖို့အတွက် နိုင်ငံတကာဝင်ဆန့်အောင်လို့ လူ့အခွင့်အရေးကြေငြာစာတမ်းကို လက်မှတ်ထိုးထားတာဆိုတော့ ဘာပဲဖြစ်ဖြစ် ယတိပြတ်ကြီးတော့ လျစ်လျူရှုလို့ မရဘူးလေကွယ်
လူရာသွင်းခံနေရတာကလည်း ဒါလက်မှတ်ထိုးထားတာလည်း ပါသကွယ့်
အဲဒါကို မသိတဲ့လူတွေက လူ့အခွင့်အရေးဆိုတာကို မြန်မာပြည်မှာ လာမပြောနဲ့ဆိုတော့ မခက်ပေဘူးလားကွယ်
သူတို့ပြောပုံက ငါ့တူကြီးတို့အနေနဲ့ နိုင်ငံတကာမှာ ခွေးဖြစ်မယ့်အချိုးကွယ့်
ဒါတွေက တူမောင်ကြီးတို့အနေနဲ့ ပြည်သူကို ချမပြခဲ့တဲ့ အကျိုးဆက်တွေပေါ့ကွယ်
ငါ့တူကြီးတို့က အကျင့်ပါနေတော့ ဘာဖြစ်ဖြစ် သတင်းထိန်ချန်ပြီး ပွင့်လင်းမြင်သာမှုမရှိလေတော့ ဒီလောက်တော့ အစွပ်စွဲခံရမှာပေါ့ကွယ်
ခြုံပုတ်ထဲက ထွက်လာတဲ့ခွေး ချီးစားပြီးထွက်လာတယ်လို့ စွပ်စွဲခံရတာ မထူးဆန်းပါဘူးကွယ်
ငါ့တူကြီးတို့အနေနဲ့ အခုထက်ပိုပြီး ပွင့်လင်းရိုးသားဖို့တော့ လိုသကွယ့်
ဘကြီးက စကားပြောရင် ခွေးတွေနဲ့ဥပမာပေးတာကို တမျိုးမထင်ပါနဲ့ကွယ်
ဘကြီးက နှစ်ပေါင်း နှစ်ဆယ်ကျော် သုံးဆယ်နီးပါး ရွာထဲက ဒေါ်စိန်အေးခွေးတွေရဲ့ ဒဏ်ကိုခံလာရတော့ ပြောစရာရှိရင် သူ့ခွေးတွေပဲ ပြေးပြေးမြင်နေလို့ပါ
ဒီခွေးတွေ ဘယ်လောက်ဆိုးလဲဆိုတာ ငါ့တူကြီးကိုပြောဖူးပါတယ်ကွယ်
အခုတော့ ဒီခွေးတွေလည်း ပျာယာခတ်နေကြတယ်ကွယ့်
ရွာထဲကို ဒေါင်းတကောင်ဝင်လာကတည်းက ဆိုပါတော့ကွယ်
အဲဒီဒေါင်းက မျိုးနဲ့ရိုးနဲ့ခွပ်တဲ့ဒေါင်းဆိုတော့ ဒီခွေးတွေကို မကြောက်ဘူးကွယ့်
ဒေါ်စိန်အေးခွေးတွေကလည်း ဒီဒေါင်းကို ပတ်ချောင်းနေတာကွယ့်
ဒေါင်းက ပြန်တောင်မခွပ်ရသေးဘူး မျက်နှာချင်းဆိုင်တာနဲ့ အမြီးကုပ်ပြီး ပြေးတော့တာပဲ
အဝေးကပဲ ပတ်ဟောင်နေကြတာပါကွယ်
ဘကြီးပြောသလိုပဲ
ဒီဒေါ်စိန်အေးခွေးတွေက ခိုးဖို့နဲ့ ဟောင်ဖို့ပဲတတ်တာကွယ့်
အဲ အုပ်စုတောင့်ရင်တော့ ဘာတွယ်သလဲမမေးနဲ့
သူတို့မနိုင်တာဆိုလို့ ဒီဒေါင်းပဲရှိတယ်ကွယ့်
ဒေါင်းကလည်း ဘာလှသလဲ မမေးနဲ့ကွယ်
မြင်သူငေးလောက်တယ်ကွယ့်
ကျက်သရေရှိလိုက်တာမှ လွန်ရောကွယ်
အဲဒါကြောင့်လည်း တော်ဝင်မျိုးရိုးတွေက တန်ဖိုးထားတာကိုးကွယ့်
တရွာလုံးကလည်း ချစ်လိုက်ကြတာကွယ်
ကျွေးချင်မွေးချင်တဲ့လူတွေချည်းပဲ
ဟို ဒေါ်စိန်အေးခွေးသူခိုးတွေနဲ့တော့ ကွာပါ့ကွယ်
အဲဒီခွေးတွေကတော့ ပေးတာမပေးတာထက် အတင်းဝင်၊ အတင်းဆွဲ၊ အတင်းထွက်နဲ့ တကယ့်အော့ကြောလန်ပဲဟေ့
အင်း
ဘကြီးရွာကခွေးတွေအကြောင်းပြောနေတာနဲ့တင် စကားတွေက ဘေးရောက်နေပြီ
တနေ့က ဟိုကောင်မလေး ရခိုင်ပြည်သွားတော့ ဘကြီးတော့ ဒီတခါတော့ ဒီကောင်မလေးအရှက်ကွဲပြီလို့ ထင်လိုက်တာကွယ့်
ဘာလို့လဲဆိုတော့ ဟိုကိုယ်တော်လေးပြောဖူးတယ်လေကွယ်၊ ရခိုင်ပြည်မှာတော့ ထောက်ခံမယ့်သူ မရှိသလိုကို ပြောထားလေတော့ ဘကြီးအထင် ချောက်တိချောက်ချက်နဲ့ နေမှာလို့ အောက်မေ့နေတာကွယ့်
ဘယ်ဟုတ်မလဲကွယ်
လူတွေမှ သောက်သောက်လဲကို များတာကလား
နည်းနည်းနောနော လူထုမှမဟုတ်တာကွယ်
ဘကြီးဖြင့် အသက်ရှုတောင်ကျပ်သွားသကွယ့်
မနာလိုစိတ်(မစၦရိယတွေ)များနေတာကိုးကွယ့်
တီးလိုက်တဲ့လက်ခုပ်တွေကလည်း ဟိုနေ့က တူမောင်ကြီးတပည့်တွေလုပ်တဲ့ပွဲမှာ တဖြောင်းဖြောင်းနဲ့ ဝါးလုံးတွေနင်းပြီး ပြန်ကြတဲ့အသံမျိုးကွယ့်..
ဘကြီးတော့ ဆုံးအောင်မကြည့်နိုင်လို့ မကြည့့်ပါဘူးကွယ်
လူတွေကလည်း အုတ်ကျတ်အုတ်ကျတ်နဲ့ဆိုတော့ မျက်စိရှုပ်၊ နားရှုပ်လို့ပါ
အဒီပါတီက လုပ်တဲ့ အောင်နိုင်ရေး ပွဲတွေဆိုရင် လူတွေတပြုံတမကြီးနဲ့ အတော်လူရှုပ်သကွယ့်
အရပ်ထဲလှည့်ရင်လည်း ဆိုက်ကားတွေ၊ ကားတွေနဲ့ အတော်ကို မျက်စိနောက်စရာကွယ်
နယ်ဘက်တွေဆိုရင် ပိုဆိုး၊ ဆိုင်ကယ်တွေ၊ နွားလှည်းတွေအပြင် မြင်းတွေတောင်ပါသေး..
အိုးစည်တွေ ဒိုးပတ်တွေ တီးဝိုင်းတွေနဲ့ တော်တော်ဆူကြတာကလားကွယ့်
ငါ့တူကြီးတို့ အဖွဲ့တွေလာရင်ရှင်းတယ်
ကိုယ့်အဖွဲ့ထဲကလူကလွဲရင် ဘယ်သူမှ အနားမကပ်ဘူး
တချို့အိမ်တွေဆို ထွက်ကြည့်ဖို့မပြောနဲ့
တံခါးတောင် ပိတ်ထားလိုက်သေးတယ်
အဲလိုမှ ကောင်းတာကွယ့်
ရှင်းရှင်းလင်းလင်းပေါ့ကွယ်
သန့်ရှင်းသောအစိုးရဆိုတာ ဒါမျိုးပြောတာကွယ့်
လူတွေရုံးစုရုံးစုမရှိလေ ကောင်းလေပေါ့ကွယ်
အခုဟာက လူတွေ တအုံးအုံးနဲ့ ပွဲတော်ကြီးကျနေတာပဲ
ပထမက မဘသတရားပွဲမှတ်လို့ သွားကမလို့ထွက်ကြည့်သေးတယ်ကွယ့်
ပြီးမှ သူတို့အောင်နိုင်ရေးဖြစ်နေတာနဲ့ ဒီအတိုင်းပဲ ရပ်ကြည့်နေလိုက်တယ်
ခုတလော ပြည်ပရောက်နိုင်ငံသားတွေကြိုတင်မဲပေးနေကြတာ အားရစရာကြီးကွယ်
စင်္ကာပူဆိုရင် နောက်တရက်မဲပေးဖို့ကို ဒီနေ့အလုပ်ဆင်းကတည်းက သွားတန်းစီကြသတဲ့ကွယ့်
အလကားဒုက္ခရှာလို့ကွယ်
ငါ့တူကြီးတို့အနေနဲ့က အဲလောက်ကြီး ပစ်မထားနဲ့လေကွယ်
အရေးကြီးဆုံး လွတ်တော်မဲတွေ ယူထားတယ်ဆိုပေမယ့် ဒီထက်လွယ်အောင်တော့ လုပ်ပေးလိုက်ပါကွယ်
ဂျပန်နိုင်ငံလိုပေါ့ကွယ်
လွှတ်တော်မဲကိုချန်ပြီး ကျန်တဲ့မဲအကုန်စုပြီး ထည့်ခိုင်းလိုက်လေကွယ်
မြန်တာပေါ့ကွယ်
မဟုတ်လည်း တချို့တဝက် ကိုယ်တွေရမှာပဲဟာ
ဒီလူတွေ တော်တော်အပြောင်းအလဲလိုချင်နေတယ်ဆိုတာ သေချာတယ်ကွယ့်
ဒါပေသိ ဘာလို့များ ဒီလူတွေက ငါ့တူကြီးတို့ယူနီဖောင်းချိန်းထားတာကို မလိုလားတာလဲမသိဘူးကွယ်
တကယ်ဆို ဒါလည်းအပြောင်းအလဲပဲလေကွယ်
လက်ခံရမှာပေါ့
သူတို့သွားမေးလိုက် ဘောင်းဘီချွတ်အစိုးရအလိုမရှိဆိုတာချည်းပဲ
ငါ့တူကြီးအနေနဲ့က မှန်တယ်ဆိုပေမယ့် အခံရခက်တဲ့ စကားကွယ့်
မခံနိုင်လို့ စစ်အစိုးရလက်ထက်က "ဘာလုပ်လုပ်ပြန်မပြောနဲ့"ဥပဒေနဲ့ အရေးယူပြန်တော့လည်း အပြောကမလွတ်ပြန်ဘူး
နိုင်ငံတကာကပါ လူအခွင့်အရေးပိတ်ပင်တယ်ဆိုပြီး ဖြစ်လာရော
ခွေးတောင်ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်သေးတာပဲကွယ်
အခုဟာက ငါ့တူကြီးတို့အဆိုးရနဲ့ ကာချုပ်ကွယ့်
လမ်းဘေးက ခွေးသူတောင်းစားမဟုတ်ဘူး
သူတို့ပြောချင်တိုင်း ပြောတာကို ငြိမ်ခံနေရအောင် လူစကားနားမလည်တဲ့ တိရစၧာန်တွေမဟုတ်ဘူးကွယ့်
ဘကြီးတော့အတော် ဒေါသထွက်နေပြီကွယ်
ငါတူကြီး လူတွေကိုလည်း ပြောထားပါကွယ်
ကိုယ်တိုင်က မဟုတ်တာလုပ်ပြီး ပြောခံရတော့တဖွဲ့လုံးဆိုရင် မကောင်းဘူးကွယ့်
ငါ့တူကြီးအနေနဲ့ကလည်း ခြေမမကောင်ခြေမ
ခြေသန်းမကောင်း ခြေသန်း၊
ဂုတ်ကျားမကောင်းရင် ဂုတ်ကျား၊
ရန်လံမကောင်းရင် ရန်လုံ အရေးယူပြီးအပြစ်ပေးပါကွယ်
မဟုတ်လို့တဖွဲ့လုံးကို သိမ်းကျုံးအပြောခံရရင် နစ်နာတယ်
ချီးစားတာက တကောင်တလေကို ခွေးတိုင်းချီးစားတယ်လို့တော့ အပြောမခံနိုင်ဘူးလေကွယ်
ဥပမာ ပြောတာပါကွယ်
ဘကြီးကလည်း ဒီခွေးတွေအကြောင်းမပါရင်ကို မပြောတတ်သလိုဖြစ်နေတယ်ကွယ်
ဘကြီးတောင်းပန်ပါတယ်ကွယ်
ဒီဒေါ်စိန်အေးခွေးတွေ ဒုက္ခပေးပုံက စကားပြောရင်ကို သူတို့အကြောင်းမပါရင်မပြီးဘူးဖြစ်နေတယ်
ဒီလိုပဲ လွှတ်ခနဲ ပြောမိပြောမိသွားတာပါကွယ်
ဘကြီးအနေနဲ့ ငါ့တူကြီးတို့အဆိုးရအဖွဲ့ကို ကောင်းစေချင်လို့စေတနာနဲ့ ပြောခဲ့ဆိုခဲ့တာတွေချည်းပဲဆိုတာတော့ သစ္စာဆိုရဲပါတယ်ကွယ်
တခါတလေ လွှတ်ခနဲပြောမှားဆိုမှားတွေများရှိခဲ့ရင်လည်း ကိုယ့်ရဲ့မိဘပြည်သူတွေက ဆုံးမထောက်ပြတယ်လို့ သဘောထားပြီး လူကြီးလူကောင်းဆန်ဆန် ခွင့်လွတ်ကြပါလို့ တောင်းပန်ပါတယ်ကွယ်
ပြောရဲပြောကြည့် အရေးယူမယ်ဆိုတဲ့ သူတွေလည်းပြောလိုက်ပါကွယ်
ရင်ထဲကမပါရင် ဘာသစ္စာမှမဆိုပါနဲ့၊ ဘယ်မိဘပြည်သူများမှ မခေါ်ပါနဲ့လို့
ကြီးကြီးကျယ်ကျယ်နဲ့ အသက်ပေးမယ်တွေဘာတွေအော်လိုအော်၊ မိဘများလို့ခေါ်လိုခေါ်နဲ့ ဝေဖန်ပြစ်တင်တာလေးတောင်မခံနိုင်တဲ့လူတွေက အသက်ပေးမယ်ဆိုတာ မယုံဘူးလို့
တကယ်သာ မိဘပြည်သူများလို့ သဘောထားရင် ကိုယ့်မိဘတွေကို ဖမ်းဆီး ထောင်ချ နှိပ်စက် ခြိမ်ခြောက်တဲ့အတွက် မြေမျိုပြီး သေရင်တောင်ခွေးဖြစ်မှာမဟုတ်ဘူးလို့
ခွေးဖြစ်ရင်တောင် ခွေးဝဲစားပဲဖြစ်မှာလို့ ပြောလိုက်ပါကွယ်
ဘကြီးကတော့ ငါ့တူကြီးတို့အဆိုးရနဲ့ အဖွဲ့ကို နဲနဲမှအထိမခံနိုင်ဘူး
ဘကြီးမှာ ဒီတူလေးတယောက်ပဲရှိတာဆိုတော့ တူမောင်ကြီးရဲ့ အဖွဲ့က ဘကြီးရဲ့အဖွဲ့ပေါ့ကွယ်
လက်သည်းဆိတ်တော့ လက်ထိပ်နာ
အမြီးတက်နင်းတော့ ပါးစပ်ကအော်ဆိုသလိုပဲ ငါ့တူကြီးတို့မခံနိုင်သလိုပဲ ဘကြီးလည်း မခံဘူးလို့ပြောကြားရင်း ဘကြီးစာကို နိဂုံးချုပ်ပါတယ်ကွယ်....
ချစ်ခင်လေးစာစွာဖြင့်
တောကဘကြီး
YaeTayZa

No comments:
Post a Comment