Twitter Bird Gadget

Thursday, October 29, 2015

တူမောင်ကြီးသိန်းစိန်သို့ ပေးစာ - ၁၉


==========================

သို့
တူမောင်ကြီး

ဘကြီးစာရေးလိုက်တယ်
စာမရေးတာကြာတော့ ရေးစရာကများနေပြီကွယ့်
ဘယ်ကစရေးရမှန်းတောင် မသိတော့ပါဘူးကွယ်

အခုလောလောဆယ် ကိစ္စကပဲ စပြောတာကောင်းပါတယ်
ငါ့တူကြီးတို့ပါတီက လွှတ်တင်တဲ့ မီးပုံပျံကိစ္စပါကွယ်
ဒါအရှက်တော်တော်ကွဲတဲ့ ကိစ္စကွယ့်
အတိတ်နိမိတ်လည်း မကောင်းလှဘူးလေ

မီးပုံပျံလွှတ်နည်း ဒီလောက်လွယ်တဲ့ကိစ္စကိုကွယ်

သီတင်းကျွတ်ပြီ။
မိုးလေကင်းလွတ်တော့မည်။
မီးပုံးပျံလွှတ်ကြရအောင်။
မီးစာကို ဆီဆွတ်ထားပါ။
မှိုင်းဝမှ လွှတ်ပါ။
........................



ဒီပညာ......
မီးပုံးပျံလွှတ်နည်း..
မူလတန်းကတည်းက သင်ကြားလာတဲ့ပညာလေကွယ်

ဒါကို ဒီကောင်တွေ လုပ်လိုက်တာ မီးလောင်ပြီး ပျက်ကျသတဲ့ကွယ်
ကျန်တဲ့အချိန်ဆိုထားပါကွယ်
အခုလို အရေးကြီးနေတဲ့အချိန်၊ အခါကြီးရက်ကြီးညမျိုးမှာမှ ဖြစ်ရတယ်လို့ကွယ်
အတော်ကို အသုံးမကျတာပါလားကွယ့်

ဒီကြားထဲ မောင်အုန်းမြင့်က အခုခေတ်ဘွဲ့ရတာနဲ့ပက်သက်ပြီး ဘွဲ့ယူတဲ့နေ့က ဓာတ်ပုံပဲအဖတ်တင်တယ်လို့ ဟိုကောင်မလေးပြောတဲ့ကိစ္စကို စော်ကားတယ်ဆိုပြီး နာနေသေးတယ်

ဒီမှာ ကိုယ့်ပါတီကကောင်တွေကဖြင့် မူလတန်းကသင်ရိုးတောင် ကောင်းကောင်းမညက်သေးဘူးဖြစ်နေတယ်
ဒါလေးတောင် အောင်မြင်အောင် မစွမ်းနိုင်ဘူးဆိုတော့ ဘာများနာစရာရှိသေးလဲကွယ်
ကံကောင်းလို့ နေပြည်တော်ပြာမကျတယ်
လုပ်လိုက်ရင် သောက်တလွဲ
ဖြစ်လိုက်ရင် အသဲအသန်နဲ့ ဘာကောင်တွေမှန်းကိုမသိဘူး

ကိုယ့်လူတွေလည်း အခုတလော ဘာဖြစ်နေကြမှန်းမသိပါဘူးကွယ်
ဘာလုပ်လုပ် အလွဲလွဲအချော်ချော်တွေပဲ ဖြစ်နေတယ်

ဟိုပါတီက အဆိုတော်တွေပါလို့ လူစည်တယ်လို့စွပ်စွဲပြောဆိုပြီး ကိုယ့်ပါတီစည်းရုံးရေးကားပေါ်ကို အဆိုတော်တွေ တင်လိုက်တာ ခွေးတောင် သေးလာမပန်းတော့ဘူး
ကဲဘယ်လောက်ဆိုးသလဲကွယ်

တွေ့လိုက်သေးတယ်
မဲဆွယ်စည်းရုံးရေးပွဲမှာ ပိုက်ဆံကြဲချသတဲ့ကွယ်
ဒါက ကိုယ်အသုံးမကျတာကို ပိုက်ဆံအကုန်ခံပြီး ပြနေတာကွယ့်

ဒါမျိုးကတော့ကွယ်
အမဲရိုးတွေ ကြဲချရင် ခွေးတွေလာမယ်
ခွေးစာကြဲရင် ခွေးတွေလာမယ်
လူစာကြဲရင် လူတွေလာမယ်
ဒါက အားပေးတာမဟုတ်ဘူးလေကွယ်
အဲဒီအချိန် ပြောင်းဖူးစေ့တွေကြဲလိုက်ရင် ဘာဖြစ်မယ်ထင်လဲ
ခိုတွေ အကောင်ပလောင်တွေစတဲ့ ပြောင်းဖူးစေ့ကြိုက်တဲ့အကောင်တွေ လာမှာပေါ့ကွယ်
ဒါများ
ကလေးတောင်သိတဲ့ သီအိုရီကို ဒီကောင်တွေသုံးနေရှာတယ်ကွယ့်

ဒီလောက်တော့ သိရမှာပေါ့ကွယ်
အခုတော့ကွယ် လုပ်လိုက်ရင် တကယ်ကိုကလေးအထာတွေချည်းပဲ

မောင်လှဆွေဆိုရင် ပိုဆိုးသေးတယ်
ပြည်သူတွေ ဆိုင်ကယ်စီးနိုင်တာ၊ အမွေှးခဲနဲ့ဆပ်ပြာတိုက်တာ၊ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်နေရတာကို တိုးတက်သတဲ့ကွယ့်
အတော်ကို တုန်းတဲ့ကောင်ပါလားကွယ့်

အရင်က လှဆွေပေါက်ကရတွေပြောနေတာ တမင်အရူးကွက်နင်းပြီး လူစိတ်ဝင်စားခံရအောင်လုပ်နေတယ်ထင်တာ
အခုလိုကြားလိုက်မှပဲ ဒီကောင်တကယ် ဉာဏ်မမှီတာသိရတာကွယ့်
အဲဒီလို ပါတီဝင်တွေရှိနေတာ ငါ့တူကြီးအရမ်းသိက္ခာကျသကွယ်

ဘယ်နှယ့်ကွယ်
ဒီလိုအသုံးအဆောင်တွေ ပြည်သူတွေသုံးနေတယ်ဆိုတာ ခေတ်နဲ့အညီ ဝယ်ယူသုံးစွဲလာကြတာလေကွယ်၊ ဒါ Globalization လေကွယ်
အစိုးရရဲ့ လုပ်ဆောင်ချက်နဲ့ ဘာမှမဆိုင်ဘူး

အစိုးရတရပ်ရဲ့ ပြည်သူအပေါ်စေတနာထားမထားဆိုတာ အဲဒီနိုင်ငံရဲ့ ပညာရေး၊ ကျမ္မာရေးနဲ့ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအပေါ်မှာ တိုင်းတာရတဲ့အမျိုးကွယ့်
တိုတိုပြောရင် တာဝန်ယူမှုပေါ့ကွယ်

အခုအဲဒီပစ္စည်းတွေက သူတို့ဟာသူတို့ ဖြစ်သလိုလုပ်ကိုင်စားသောက်ရင်း ဝယ်ယူသုံးစွဲလာကြတဲ့ ကိစ္စလေကွယ်

အစိုးရစီစဉ်ပေးထားတာတခုမှ မရှိပါပဲနဲ့ တိုးတက်လာတယ်လို့ ပြောနေတာအတော်ရှက်စရာကောင်းတဲ့ကိစ္စကွယ့်
အလွယ်ဆုံးပြောရရင် အဲဒီခေါင်းလျှော်ရည်တွေ၊ ဆပ်ပြာတွေ၊ ဆိုင်ကယ်တွေကို ဈေးမတက်အောင်၊ အရည်အသွေးမှီအောင်တောင် ဘာမှမစွမ်းဆောင်နိုင်ဘူးမို့လားကွယ့်

ငါ့တူကြီးတို့ကောက်နေတဲ့ အခွန်အခတွေက ဈေးကြီးလွန်းလို့ ပြည်ပကုမ္မဏီတွေဆို ဝင်ဖို့အတော်စဉ်းစားနေကြပြီ
ဒီကြားထဲ သူတို့လုံခြုံရေးအတွက်က အာမမခံနိုင်ပြန်ဘူး

တကယ်ဆိုမြန်မာပြည်မှာ ဒီလောက်အလုပ်သမားပေါတယ်၊ ဈေးသက်သာတယ်ဆိုတာ သိနေကြတာပဲ၊ မြန်မာပြည်မှာလာပြီး စက်ရုံတွေတည်ကြမှာပေါ့၊ အခုဘယ်မှာလာလို့လဲ

ဘယ်လာမလဲကွယ်
မြေငှါးရမ်းခ၊ မီးခွန်၊ ရေခွန်၊ လိုင်စင်ကြေးတွေက အဆမတန်ကြီးနေတာကိုးကွယ့်
ငါ့တူကြီးတို့က အဲလိုတောင်းတော့ သူတို့ကမလာကြတော့ဘူး
သူတို့မလာတော့ ပြည်သူတွေလည်း အလုပ်မရကြတော့ဘူး
ကိုယ့်ပြည်တွင်းက မထုတ်နိုင်တော့ နိုင်ငံခြားကလုပ်တာ ဝယ်သုံးရရော
ဝယ်သုံးပြီဆိုပြန်တော့ ငါ့တူကြီးတို့က အခွန်ထပ်ကောက်ကြပြန်ရော
အဲဒီတော့ ဈေးတွေက မကြီးသင့်ပဲပိုတောင်ကြီးကြသေးတယ်
တကယ်နစ်နာတာက ပြည်သူတွေကွယ့်

ငါ့တူကြီးတို့က ပြည်တွင်းလည်း ထွက်အောင်လုပ်မပေးနိုင်ဘူး
ပြည်သူလည်း အလုပ်မပေးနိုင်ဘူး
ပြည်ပကဝင်လာပြန်တော့လည်း အခွန်ထပ်ကောက်တယ်
တကယ်ငါ့တူကြီးတို့လုပ်နေပုံက အရင်က သူပုန်တွေဆတ်ကြေးကောက်နေသလိုပဲကွယ့်

ကိုယ်တိုင်လည်း ရွာသားတွေကို ဘာမှမကူညီဘူး
ရွာသားတွေ လုပ်ကိုင်လို့ရလာတာကျတော့ ဆတ်ကြေးကောက်သေးတယ်
ဟော မြို့တက်ပစ္စည်းဝယ်ပြန်တော့ လမ်းကဖြတ်ပြီး ဓားပြတိုက်ကြသေးတယ်
အတော်ကို အောက်တန်းကျတဲ့လုပ်ရပ်ကွယ့်
တာဝန်မဲ့လွန်းတယ်လို့ပြောရမှာပေါ့ကွယ်

ဒီလိုတွေ ရှိနေတာတောင် မောင်လှဆွေကတိုးတက်နေပါတယ်ဆိုပြီး သွားပြောနေတယ်
ဘကြီးသာ အဲဒီမှာပါရင် အဲဒါမင်းတို့အသုံးမကျလို့ ဈေးကြီးပေးပြီးသုံးနေရတာလို့၊ အမှန်ဆိုဒီထက်တောင် ဈေးချိုရအုံးမယ်လို့ ပြောပြီး ဖိနပ်နဲ့ချွတ်ပစ်ခဲ့တယ်

အတော်ဉာဏ်နဲ့ပြီး ဆင်ခြင်တုံတရားမရှိတဲ့ကောင်ပါလားကွယ်
ဒီလိုစကားမျိုးက သူပြောစရာလားကွယ်

တယောက်ကလည်း အာဏာမရဖူးတဲ့လူတွေက အာဏာရူးတယ်ဆိုပြီး တဖက်ပါတီကို အာဏာရူးနေတဲ့အနေနဲ့ပြောသွားတယ်
ဒါလူကြီးမဆန်တာကွယ့်
လောလောဆယ် ကိုယ့်အဖွဲ့တွေ အခြေအနေမကောင်းလို့ မရှုနိုင်မကယ်နိုင်ဖြစ်နေတာကို သိရဲ့သားနဲ့ကွယ်
တကယ်ရူးပြီးလှျှောက်ပြောနေတာက ကိုယ့်လူတွေဆိုတာ သူကမသိဘူးကွယ့်
ပြောသာပြောရတယ် သူကိုယ်တိုင်တောင် ရူးနေသလားမသိဘူးကွယ့်

နောက်တယောက်ကလည်း အပြောသမားထက် အလုပ်သမားကို မဲထည့်ပါဆိုပြီး ပြောနေသေးတယ်
အဲဒါဘာနဲ့တူလဲဆိုတော့ ဘောလုံးကွင်းထဲမှာကစားနေတဲ့ကောင်က အရံခုံမှာထိုင်နေတဲ့ကကောင်ကို အသုံးမကျဘူးဆိုပြီးအပစ်တင်နေသလိုဖြစ်နေသကွယ့်

ကိုယ်ကဝင်ကန်နေတာပဲကွယ်
လောလောဆယ် တာဝန်ရှိသူက ကိုယ်လေ
အဲဒါကို အရံခုံက လူသစ်ကိုသွားပြီး အပြစ်တင်နေတာ တော်ရုံသောက်ရှက်တော့ မဟုတ်ဘူးကွယ့်

ငါ့တူကြီးကြည့်ထိန်းပါအုံးကွယ်
တကယ်ကို ဇာတ်ပျက်နေကြပြီကွယ့်
ဘကြီးတော့ ငါ့တူကြီးနဲ့ ပါတီကို သိက္ခာကျအောင်လုပ်တဲ့ကောင်တွေကို သိပ်ကြည့်မရပါဘူးကွယ်

နေပြည်တော်က တပေါင်းကွင်းကြီးမှာ ဗိုလ်ချုပ်ရာပြည့်ပွဲလုပ်ဖို့ဆိုတုန်းက ဘာသာရေးပွဲပဲပေးလုပ်မယ်ပြောပြီး အခုညကျတော့ ပြည်ခိုင်ဖြိုးမီးပုံးပျံလွတ်ပွဲဆိုပြီး ထလုပ်ကြတယ်
မီးပုံပျံ မီးလောင်တာနည်းတောင်နည်းသေးတယ်
အမှန်က အဲဒီကွင်းပါ လောင်သွားရမှာ
အတော် အကုသိုလ်များတာပဲကွယ်

ဟိုကချင်ပြည်နယ်က အကောင်တွေကလည်း ဟိုကောင်မလေးပါတီက ဟောပြောပွဲလုပ်မယ်ဆိုတော့ မနောကွင်းကြီးကို နိုင်ငံရေးကိစ္စတွေအတွက် အသုံးပြုခွင့်မရှိဘူးဆိုပြီး ပိတ်ချလိုက်တယ်ကွယ်

ဟော နောက်လကျတော့ ကိုယ့်လူတွေက အဲဒီမနောကွင်းမှာပဲ ပါတီစည်းရုံးရေးဟောပြောပွဲလုပ်ကြရော
အဲဒီတော့ ပြည်သူက ဘယ်လိုမြင်မလဲ စဉ်းစားကြည့်လေကွယ်
နေရင်းထိုင်ရင်း ကိုယ့်ဘက်ကလူတောင် အမြင်ကတ်ပြီးဟိုဘက်ပါသွားအုံးမယ်

ကိ်ုယ့်ချီး ကိုယ်ပြန်စားတယ်ဆိုတာ အဲလိုဟာမျိုးကိုခေါ်တာကွယ့်
အတော်ပဲ အရှက်နည်းတဲ့လုပ်ရပ်ပါကွယ်
အဲဒီလုပ်ရပ်တွေက ငါ့တူကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သလို ပါတီရဲ့ ပုံရိပ်ကိုလည်း ကျစေတယ်ကွယ့်
ဘကြီးသဘောမကျဘူးကွယ်

ဟောအခုလည်း လုပ်ကြပြန်ပြီ
ဟိုကောင်မလေး ပြည်သူ့ရင်ပြင်မှာ ဟောပြောပွဲ လုပ်မယ့်ကိစ္စကို ဒဂုံမြို့နယ်မှာ နေတဲ့သူမဟုတ်လို့ခွင့်မပြုဘူးတဲ့ကွယ်

အဲဒါအတော် မျက်နှာပြောင်တဲ့ကိစ္စကွယ့်
အတော်ကို ကလေးဆန်တယ်ကွယ်
ပြည်သူ့ရင်ပြင်ဆိုတာ မြန်မာနိုင်ငံသားအားလုံးတဲ့ဆိုင်တဲ့နေရာလေကွယ်
ဒါကို ဒဂုံမြို့နယ်မှာ မနေလို့ ခွင့်မပြုဘူးဆိုတော့ ဘကြီးဖြင့် ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူးကွယ်

အတော်စိတ်ပျက်စရာကောင်းတာပါလားကွယ့်
အဲလိုလုပ်တာဟာ တဖက်ပါတီကို အောက်ထိုးချရာမရောက်ပဲ အပေါ်တွန်းတင်နေသလိုဖြစ်နေတယ်ဆိုတာ မသိလေရော့သလားကွယ်

ဇာတ်ကားတွေမှာ မင်းသားကိုပရိတ်သတ်မေတ္တာရစေဖို့ လူကြမ်းတွေကကြမ်းပေးနေရသလိုမျိုးကြီး ဖြစ်မနေဘူးလားကွယ့်
ငါ့တူကြီးပါတီကလူတွေက တဖြည်းဖြည်း လူကြမ်းနဲ့မတူပဲ ဗီလိန်နဲ့တူတူလာတယ်
မိုက်ရိုင်းကြမ်းတမ်းရာကနေ ယုတ်မာကောက်ကျစ်လာကြတယ်ပြောရမယ်

ငါ့တူကြီးရဲ့ ရိုးသားကြိုးစားမှုတွေကြောင့်သာမဟုတ်ရင် အဲဒီကောင်တွေ သူတောင်းစားဖြစ်ပြီး တောင်းစားစရာတောင်ခွက်ရှိမယ့်ကောင်တွေ မဟုတ်လောက်ဘူးကွယ့်
ဘကြီးတော့ အတော်ကိုစိတ်ကုန်နေပြီကွယ်

ငါ့တူကြီးမျက်နှာကြောင့်သာ အားပေးနေရတာ
ဒီကောင်တွေစည်းရုံးပုံနဲ့ဆိုရင် အမြင်ကတ်ပြီးဟိုဘက်ပါတီကို အားပေးဖြစ်လောက်တယ်
အတော်အကုသိုလ်များတဲ့ကောင်တွေပါလားကွယ်

ဒီကြားထဲ မိီဒီယာတွေကလည်း ငါ့တူကြီးတို့ဘက်က မရပ်တည်ကြဘူးကွယ်
တလောက
ကိုးသိန်းကွင်းမှာ ပါတီဝင်တွေထပြန်လို့ တံခါးတောင်သော့ခတ်လိုက်ရတယ်လို့ ရေးနေပြောနေကြတယ်

အမှန်က မဟုတ်ပါဘူးကွယ်
မောင်ဌေးဦးတို့ပြောနေတာတွေက တန်ဖိုးရှိလွန်းလို့ အိမ်ကနေ လေးလေးစားစား အာရုံစိုက်နားထောင်ဖို့ပြန်ကြတာပါကွယ့်
ကွင်းထဲမှာဆိုတော့ လူသံသူသံတွေကများတော့ အာရုံပျံ့တယ်လေကွယ်

အဲဒါကြောင့် ကောင်းကောင်းနားထောင်ဖို့ အိမ်ပြန်ကြတာကို မနာလိုသူတွေက ထပြန်တယ်လို့ပြောကြတာပါကွယ်

တံခါးသော့ခတ်လိုက်တယ်ဆိုတာလည်း မပြန်စေချင်လို့မဟုတ်ပါဘူးကွယ်
ဟောပြောပွဲလာတဲ့ပြည်သူတွေအတွက် ကြိုတင်စီစဉ်ထားတဲ့ ဒန်ပေါက်တွေ အလကားဖြစ်မှာစိုးလို့ ဝေပေးလိုက်မလို့ဆိုတာ မသိကြလို့ပါကွယ်
အချက်မသိတော့ အိမ်ကခွေး သူခိုးထင်နေတာပါကွယ်

ငါ့တူကြီးတို့အနေနဲ့လည်း မောင်သန်းရွေှဆီ ဗေဒင်လေးဘာလေး သွားမေးကြည့်ကြလေကွယ်
ကံနိမ့်နေတယ်လို့တော့ ဘကြီးထင်နေတယ်

ဘာလို့လဲဆိုတော့
ပါတီစည်းရုံးရေးကား မှောက်တယ်ကွယ်
ပါတီဆိုင်းဘုတ် အိမ်ပေါ်တက်တင်တဲ့ကောင် လိမ့်ကျပြီးသေတယ်ကွယ်
အခု ပါတီတံဆိပ်နဲ့ မီးပုံပျံကြီးအပေါ်မရောက်ပဲ မီးလောင်ပြီး ပြုတ်ကျသကွယ်
ဒါတွေက ကောင်းတဲ့နိမိတ်တွေမဟုတ်ဘူးကွယ့်
သတိလေးဘာလေး ထားကြပါအုံးကွယ်
ဘကြီးက စိတ်ပူလို့ပါကွယ်

ဒါနဲ့..
ငါ့တူကြီးတို့ အောက်တိုဘာ ၂၂ ရက်နေ့ကမှထုတ်လိုက်တဲ့ အောင်နိုင်ရေးကြေငြာစာတမ်းကတော့ ဘကြီးအားရသကွယ်

အမှန်ကအဲလိုဖြစ်နေရမယ်
ဟုတ်တာမဟုတ်တာ၊ လုပ်တာမလုပ်တာက တကဏ္႑လေကွယ်
လောလောဆယ် လေကြီးမိုးကြီးတော့ပြောထားသင့်တယ်

ပါတီရဲ့ မူတွေထဲက ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့ဆိုတဲ့ ဆောင်ပုဒ်တော့ အတော်သဘောကျသကွယ့်
ဆောင်ပုဒ်ကို ဖတ်လိုက်တာနဲ့ ထိုင်ရှိခိုးချင်စိတ်ပေါက်သွားမယ်
တကယ်တော့ ၅ နှစ်သာပြည့်သွားတယ် အကြွေးတောင် ပိုတိုးလာသေးတာ ပြည်သူတွေမသိဘူးကွယ့်
ဒါပေသိ ငါ့တူကြီးတို့အဆိုးရအဖွဲ့ဝင်တွေကတော့ တော်တော်လေး စုမိဆောင်းမိကြသကွယ့်

ဒီလိုပဲဖြစ်ရမှာပေါ့ကွယ်
ရှေ့ကရုန်းမယ့်နွား အစားဝအောင်စား ဆိုသလိုပဲ ငါ့တူကြီးတို့က ရှေ့ဆောင်နွားလားတွေမို့လားကွယ့်
အဲဒီတော့ စားကြရမှာပေါ့ကွယ်

ရွေးကောက်ပွဲကော်မရှင်က မောင်တင်အေးကိုလည်းပြောလိုက်ပါကွယ်
ပြည်ပက ထောက်ပံ့နဲ့ ဒေါ်လာသန်းချီတဲ့ငွေတွေအပြင် နိုင်ငံတော်ဘက်ဂျက် ဘီလီယံချီပြီးပေးသုံးထားတာမို့ မဲစရင်းအတိအကျကြီးမလိုချင်ဘူးလို့

အတိအကျကြီးလုပ်ရင် ငါ့တူကြီးတို့အနေနဲ့ မလွယ်ဘူးဆိုတာ ဟိုပါတီကလုပ်တဲ့ လူပင်လယ်တွေက သက်သေပြနေပြီကွယ့်
အဲဒါကြောင့် သူ့ဟာသူ စားပါစေကွယ်
အဓိကက ငါ့တူကြီးတို့ ပက်ပက်စက်စက် မရှုံးဖို့ကအရေးကြီးသကွယ့်

ကံစီမံရာဆိုတာထက် ကိုယ်ဉာဏ်စွမ်းရှိသလောက်တော့ ကုတ်ကပ်ပြီးနေကြဖို့ ညွှန်ကြားပေးလိုက်ပါကွယ်
မဟုတ်ရင် အခြေအနေမကောင်းဘူးကွယ့်

အင်း ဘကြီးလည်း စိတ်ပူလွန်းလို့သာ စာရေးရတာပါကွယ်
ငါ့တူကြီးအနေနဲ့ လူပင်လယ်တွေ တွေ့ပြီး ခွေးမြီး မီးလောင်သလို ဂနာမငြိမ်လောက်ဘူးဆိုတာတော့ ဘကြီးသိပါတယ်
အဲဒါကြောင့် လိုရင်းလေးတွေပဲ ရေးပေးလိုက်တာပါကွယ်

တော်သေးပြီကွယ်

ငါ့တူကြီးပြောတဲ့ မိဘပြည်သူများထဲမှ

တောကဘကြီး

YaeTayZa

No comments:

Post a Comment