၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပင် မြန်မာနိုင်ငံက တရုတ်ကို တင်ပို့ခဲ့သည့် ကျောက်စိမ်းပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံရှိခဲ့
ကျောက်စိမ်းကဏ္ဍမှ ရရှိသော အကျိုးအမြတ် အများစုကို ဦးသန်းရွှေ မိသားစု၊ ပြည်ထောင်စု၀န်ကြီး ဦးအုန်းမြင့်၊ တပ်မတော်၏ မြန်မာ့စီးပွားရေးဦးပိုင်၊ ခရိုနီကုမ္ပဏီများနှင့် မူးယစ်ရာဇာများ အစရှိသူတို့က ထိန်းချုပ်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် Global Witness အစီရင်ခံစာ၌ ဖော်ပြ
တရုတ်သွင်းကုန် အချက်အလက်များအရ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပင် မြန်မာကျောက်စိမ်းကဏ္ဍမှ တရုတ်သို့ တင်ပို့ခဲ့သည့် ပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံရှိကြောင်း ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က အောက်တိုဘာ ၂၃ ရက်တွင် ရန်ကုန်မြို၌ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး အစီရင်ခံစာ ထုတ်ပြန် ပြောကြားခဲ့ပါသည်။
Global Witness အဖွဲ့က “ကျောက်စိမ်း - မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော်လျို့၀ှက်ချက်” အစီရင်ခံစာကို ထုတ်ပြန်ရာ၌ ထိုအချက်ကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး အခြားတွေ့ရှိချက် အသေးစိတ်ကိုလည်း ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ပါသည်။
ထိုဖော်ပြချက်များအရ မြန်မာကျောက်စိမ်းကဏ္ဍမှ ရရှိသော အကျိုးအမြတ် အများစုကို အာဏာရှင်ဟောင်း ဦးသန်းရွေှ မိသားစု၊ ပြည်ထောင်စု၀န်ကြီး ဦးအုန်းမြင့်၊ တပ်မတော်၏ မြန်မာ့စီပွားရေး ဦးပိုင်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ ထူးအုပ်စု၊ အေးရှားဝေါလ်၊ KBZ Group၊ Ever Winner လုပ်ငန်းစုနှင့် Sky Net ကုမ္ပဏီ၊ ‘၀’ သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကို ကာလရှည် ဘဏ္ဍာငွေ ထောက်ပံ့ခဲ့သော မူးယစ်ရာဇာ ဝေဆူးကျန် (ဝေရှောက်ခမ်း) တို့နှင့် ဆက်စပ်နေသော ကုမ္ပဏီ လုပ်ငန်းစုများကသာ ထိန်းချုပ်ခဲ့ကြောင်း သိရပါသည်။
■ ၂၀၁၄ ခုနှစ် တစ်နှစ်တည်း၏ ပမာဏ
၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပင် မြန်မာနိုင်ငံ၏ ကျောက်စိမ်းကဏ္ဍမှ တရုတ်သို့ တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံ ရှိခဲ့ခြင်းအား တရုတ်နိုင်ငံ၏ သွင်းကုန်အချက်အလက်များကို ရယူပြီး Global Witness က ဖော်ပြခဲ့ခြင်း ဖြစ်သည်။
“ယခုအချိန်အထိ ကျောက်စိမ်းကဏ္ဍ၏ တန်ဖိုးကို ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။ သို့သော် သုတေသနနှင့် သုံးသပ်ချက်အသစ် တစ်ခုအရ Global Witness က ခန့်မှန်းသည်မှာ တရုတ်နိုင်ငံ၏ သွင်းကုန်အချက်အလက်များ အရ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းပင်လျှင် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံရှိကြောင်း ညွှန်ပြထားပြီး လုပ်ငန်းတစ်ခုလုံး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလျံခန့်ဖြစ်သည်။ ယင်းကိန်းဂဏန်းကို နှိုင်းယှဉ်ပြရလျှင် ယင်းသည် အစိုးရ၏ ကျန်းမာရေး အသုံးစရိတ်၏ ၄၆ ဆရှိပြီး တစ်နိုင်ငံလုံး၏ တရား၀င် အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၄၈ ရာခိုင်နှုန်းရှိသည်” ဟု Global Witness ၏ အစီရင်ခံစာ အနှစ်ချုပ်တွင် ဆိုပါသည်။
အစီရင်ခံစာတွင် ကမ်ဘာပေါ်၌ အဖိုးတန်ဆုံး ကျောက်မျက်ရတနာများတွင် ပါ၀င်နေသည့် ကျောက်စိမ်း အရောင်းအ၀ယ် ပြုလုပ်မှုမှ ရရှိသော ဒေါ်လာသန်းထောင်ပေါင်း များစွာကို စစ်တပ်အသိုင်းအ၀ိုင်းများ၊ အမေရိကန်နိုင်ငံမှ ပိတ်ဆို့ထားသော မူးယစ်ရာဇာများနှင့် ခရိုနီကုမ္ပဏီများက တင်းကျပ်စွာ ထိန်းချုပ်ထားကြောင်း၊ ဖားကန့်ကျောက်စိမ်း တွင်းများရှိရာ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများ၊ သို့မဟုတ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆိုရလျှင် မြန်မာပြည်သူများ အတွက် အလွန်နည်းသည့် အကျိုးအမြတ်ကိုသာ ဖြစ်စေသည်ဟု ဖော်ပြထားသည်။
ထို့နောက် “ရေပေါ်ဆီ လူတန်းစားများသည် ကျောက်စိမ်းကဏ္ဍတွင် တရားမ၀င် ရံပုံငွေ အမြောက်အမြားကို အလွယ်တကူ ရရှိနေကြသည်။ ဤအချက်ကြောင့် ပြုပြင်ပြောင်းလဲရေး ပြုလုပ်သူများနှင့် ၎င်းတို့၏ နိုင်ငံတကာရှိ လုပ်ငန်းဖက်များအပေါ် အရေးကြီးသည့် မေးခွန်းများ မေးရန် ဖြစ်လာခဲ့သည်။ ဤကျောက်စိမ်း လုပ်ငန်းမှ ရရှိသော ငွေကြေးများ ဘယ်ရောက်သွားသနည်း၊ ထိုငွေကြေးများကို အိမ်၊ ခြံ၊ မြေ ရောင်း၀ယ်မှုများ၊ ပြိုင်ကားများနှင့် ခမ်းနားကြီးကျယ်သည့် ပါတီပွဲများအတွက် အသုံးပြုနေပါသလား၊ သို့မဟုတ် ၎င်းကို နိုင်ငံရေး ရည်ရွယ်ချက်များ အတွက် အသုံးချနေပါသလား” ဟု အစီရင်ခံစာ အနှစ်ချုပ်ကတစ်ဆင့် မေးခွန်းထုတ်ခဲ့သည်။
■ ဘယ်သူတွေပါသလဲ
ကျောက်စိမ်းကဏ္ဍမှ တစ်ဆင့် အမြတ်ထုတ်နေ သူများကိုလည်း လူတစ်ဦး၊ လုပ်ငန်း တစ်ခုချင်းစီအလိုက် ဆက်စပ်ပတ်သက် နေမှုများကို Global Witness က ထုတ်ဖော်ခဲ့ပါသည်။
“ပထမ အမျိုးအစားက စစ်တပ်အသိုင်းအ၀ိုင်းက လူတွေပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် အရင်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မိသားစု ပိုင်ဆိုင်တဲ့ ကုမ္ပဏီနှစ်ခု ရှိပါတယ်။ ဒီနှစ်ခုကနေ ဆင့်ပွားလာတဲ့ အခြားကုမ္ပဏီတွေလည်း ရှိနေဦးမယ်လို့ သုံးသပ်ရပါတယ်” ဟု Global Witness ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mike Davis က ပြောပါသည်။
“နောက်တစ်ခုက အခုလက်ရှိ မွေးမြူရေး ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး၊ ကချင်ပြည်နယ် တိုင်းမှူးဟောင်း ဦးအုန်းမြင့် ပိုင်ဆိုင်တဲ့ ကုမ္ပဏီကလည်း မနှစ်က အရောင်း ပမာဏ အမေရိကန်ဒေါ်လာ သန်း ၈၀ လောက်ကို အခွန်မဆောင်မီ ရောင်းချခဲ့ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်သိမ်းရဲ့ ကုမ္ပဏီက မနှစ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက် အခွန်ရှောင်ပြီးမှ ထုတ်ရောင်းလိုက်တာ တွေ့ရပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
ထိုတွေ့ရှိချက်များသည် ရေအောက်၌ မြှုပ်နေသော ရေခဲတုံးကြီး၏ အပေါ်ယံ အပိုင်းအစများသာ ဖြစ်ပြီး ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများကို တူးစွလိုက်သည့်အခါ တပ်မတော်နှင့် နီးစပ်နေသူများသာ ဖြစ်နေကြောင်း Mike Davis က ပြောကြားသည်။
ဒုတိယ အမျိုးအစား အနေဖြင့် စီးပွားရေးဦးပိုင် ကုမ္ပဏီ ဖြစ်ကြောင်းနှင့် ဦးပိုင်ကုမ္ပဏီ အနေဖြင့် မိုင်းတွင်း အမြောက်အမြားကို လုပ်ကိုင်နေကြောင်း၊ အခြားကုမ္ပဏီများ အပေါ်တွင်လည်း လွှမ်းမိုးချုပ်ကိုင်မှုများ ရှိသည်ကို တွေ့ရကြောင်းနှင့် ရောင်းချသည့် ပမာဏ အများဆုံး ကုမ္ပဏီလည်း ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
တတိယ အမျိုးအစား ကုမ္ပဏီမှာ ထူးအုပ်စု၊ အေးရှားဝေါလ်နှင့် KBZ Group ကဲ့သို့သော ခရိုနီအုပ်စုကြီးများ ဖြစ်ကြောင်း သိရသည်။
“ဒီနေရာမှာ KBZ လုပ်ငန်းစုအနေနဲ့ ဒီကျောက်စိမ်း လုပ်ငန်းတွေထဲမှာ တိုက်ရိုက်ပါ၀င် ပတ်သက်မှု ရှိသလား၊ မရှိဘူးလားဆိုတာ တိကျသေချာမှု မရှိပါဘူး။ သူတို့ကတော့ သူတို့အနေနဲ့ ဒီလုပ်ငန်းထဲမှာ တိုက်ရိုက်ပါ၀င် ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အကြီးဆုံး ကျောက်စိမ်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ever Winner နဲ့ တော်တော်လေးကို နီးကပ်တဲ့ ဆက်ဆံရေးရှိတယ် ဆိုတာကိုတော့ အထောက်အထားတွေ ရှိခဲ့ပါတယ်။ သူတို့ ပြောတာကတော့ ဒီကုမ္ပဏီကို စပြီးထူထောင် နိုင်အောင် သူတို့အနေနဲ့ ငွေကြေးအရင်းအနှီး နဲ့စပြီး မတည်ပေးခဲ့တာပါလို့ ပြောခဲ့ပါတယ်။ ဒီပိုင်ရှင် နှစ်ဦးကလည်း အတော်လေး ရင်းနှီးတဲ့သူနှစ်ဦး ဖြစ်နေတာကို တွေ့ရပါတယ်” ဟု Mike Davis က ပြောကြားပါသည်။
နောက်ဆုံး တွေ့ရှိရသည့် အမျိုးအစားမှာ ‘၀’ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မူးယစ်ရာဇာများနှင့် ဆက်စပ်သော ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။
“UWSA ကို အများဆုံး ငွေကြေးထောက်ပံ့ နေတာက အရင်တုန်းက မူးယစ်ရာဇာလို့ နာမည်ကြီးပြီး အမေရိကန်က ဆုငွေအမေရိကန်ဒေါ်လာ နှစ်သန်း ထုတ်ခံထားရတဲ့ မူးယစ်ရာဇာ ေ၀ဆူးကျန် ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒီကုမ္ပဏီတွေက တော်တော်လေးကို ရန်လိုစိတ် ပြင်းထန်ပြီးတော့ စွက်ဖက်မှုများတဲ့ ကုမ္ပဏီဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အပေါ်မှာ အမြတ်ထုတ်နေတဲ့ ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။ သူတို့တွေက တရား၀င် လိုင်စင်ရထားတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ မေးစရာ ရှိတာကတော့ ဘာကြောင့် သူတို့တွေဟာ ဒီလိုင်စင်ကို ရနေရတာလဲ ဆိုတာပါပဲ” ဟု Mike Davis ကဆက်လက် ပြောကြားခဲ့ပါသည်။
Global Witness အဖွဲ့၏ အစီရင်ခံစာ အပြည့်အစုံ --
https://www.globalwitness.org/…/Jade_full_report_online_hi_…
Global Witness အဖွဲ့၏ အစီရင်ခံစာ အနှစ်ချုပ် (မြန်မာပြန်) https://www.globalwitness.org/…/Jade_executive_summary_Burm…
ပုံစာ - Global Witness က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ အနှစ်ချုပ် မျက်နှာဖုံးနှင့် မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းတွင် အဓိက ဆက်နွယ် ပတ်သက်နေသော အုပ်စုကြီး သုံးခုကို Global Witness က ပိုင်းခြားပြထားပုံ




No comments:
Post a Comment