Twitter Bird Gadget

Friday, October 9, 2015

တူမောင်ကြီးသိန်းစိန်သို့ ပေးစာ - ၁၆


သို့
တူမောင်ကြီး သိန်းစိန်
ဘကြီး သတိတရစာရေးလိုက်တယ်

မနေ့က ဘကြီးတို့ဆီမှာ ငါ့တူကြီးပါတီက မဲဆွယ်ဟောပြောပွဲလုပ်တယ်ကွယ့်

တအိမ်တယောက် မလာမနေရဆိုလို့ ဘကြီးလည်း ပျင်းပျင်းရှိတာနဲ့ သွားနားထောင်လိုက်သေးတယ်
အပြောကတော့ ဘာကောင်းသလဲ မမေးနဲ့ငါ့တူကြီးရေ
ငါ့တူကြီးပါတီကလို့ မပြောရဘူး
ရွှန်းရွှန်းကိုဝေနေရောပဲကွယ်

ပြည်ခိုင်ဖြိုးသာ အာဏာရခဲ့ရင် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်နဲ့ ပြောနေတာများ အားရစရာကောင်းလိုက်တာကွယ်
ဘကြီးတော့ ပြည်ခိုင်ဖြိုးကို ကြိုက်သွားပြီကွယ်
ဒါနဲ့ ပြည်ခိုင်ဖြိုးက အာဏာမရသေးဘူးလားကွယ့်

အပြောတော့ အတော်ကောင်းသကိုးကွယ့်
ရွေှမန်းတင်မောင်လောက်တော့ သနားတယ်
ကောလိပ်ဂျင်နေဝင်းတောင် ထိုင်ငိုသွားလောက်တယ်ဟေ့

မသိရင် တခါမှ အာဏာမရဖူးသလိုပဲ
အဲဒါနဲ့ ဘကြီးက အခုအာဏာက ဘယ်သူ့ဆီမှာလဲလို့ မေးလိုက်တော့ ပြန်မဖြေဘူးကွယ့်
သူလည်း မသိဘူးထင်ပါတယ်ကွယ်


သူအပြောကောင်းလွန်းလို့ တချို့ဆိုရင် ဇိမ်နဲ့နားထောင်မယ်ဆိုပြီး အိမ်ပြန်ပြီး အိမ်ကနေ နားထောင်ကြတယ်ကွယ့်

ခဏကြာတော့ ငါ့တူကြီးတပည့်ကျော် မောင်လှဌေးဝင်းက ပြောင်းလဲချိန်တန်ပြီလို့ အော်နေမယ့်အစား တကယ်အစစ်အမှန်ပြောင်းလဲချင်ရင် သူတို့ပြည်ခိုင်ဖြိုး နဲ့လက်တွဲပါလို့ထကြေငြာလိုက်တော့ ဘာပြောကောင်းမလဲကွယ် ပရိတ်သတ်တွေဆီက တဖြောင်းဖြောင်းနဲ့အသံ ကြားရသကွယ့်

ဘကြီးလည်း လက်ခုပ်သံတွေကများလှချည်လားဆိုပြီး လှမ်းကြည့်လိုက်တော့မှ ကာထားတဲ့ ဝါးလုံးတွေနင်းပြီး အိမ် ပြန်နေကြတာကိုးကွယ့်

နောက်မှ သိရတာက ထပြန်တဲ့လူတွေက ဒီလောက်တန်ဖိုးရှိတဲ့စကားကို ဒီလိုကွင်းပြင်ထဲမှာနားထောင်ရတာထက် အိပ်ယာထဲကနားထောင်မယ်ဆိုပြီး ပြန်ကြတာတဲ့ကွယ့်

ဒါကိုပဲ ပြည်ခိုင်ဖြိုးမဲဆွယ်ပွဲမှာ ပြည်သူတွေထပြန်ကုန်တယ်လို့ပြောတော့ ဘကြီးဖြင့် မခံချင်လိုက်တာကွယ်

ပြည်သူတွေက အဲဒီလောက်မရိုင်းစိုင်းကြပါဘူးကွယ်
ငါ့တူကြီးတို့ ပြည်ခိုင်ဖြိုးပါတီက နိုင်ငံတော်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာတွေကို ပြည်သူတွေသိတာပေါ့ကွယ်

ဟော...
ဘကြီးတို့ရွာအဝင်က ပြည်ခိုင်ဖြိုးဆိုင်းဘုတ်ကြီးဆို နည်းနည်းနောနောဆိုင်းဘုတ်ကြီးလားကွယ့်
ဒါကြီးဖြစ်လာဖို့ ဘယ်လောက်ကြိုးစားထားရတယ်ဆိုတာ ဘကြီးသိတာပေါ့ကွယ်

ရွာထဲကလမ်းတွေမကောင်းတာကတော့ ရွာသားတွေ ပြင်ပေါ့ကွယ်
ငါ့တူကြီးတို့က ဆိုင်းဘုတ်ကြီးထောင်ထားပေးပြီးပြီပဲကွယ်
ဒီလောက်တော့ အကုန်အကျခံပြီး လုပ်ကြမှပေါ့ကွယ်
နေရာတကာ ငါ့တူကြီးတို့အဆိုးရကိုပဲ အားကိုးနေလို့ဘယ်ရမလဲကွယ့်

ငါ့တူကြီးတို့မှာ အဆိုးရအဖွဲ့စားဝတ်နေရေးအတွက် လုပ်နေရသေးတယ်မို့လားကွယ်
နိုင်ငံတကာမှာ အထင်သေးမခံရဖို့က အဆိုးရအဖွဲ့ဝင်တွေ ဆင်းရဲစုတ်ပြတ်နေလို့မဖြစ်ဘူးလေကွယ်

အဲဒီတော့ သူတို့တွေကိုလည်း အိမ်ဆောက်ဖို့၊ကားဝယ်ဖို့တွေ လုပ်ပေးရသေးတယ်လေကွယ်
ဒါတွေကို ပြည်သူတွေမသိဘူးကွယ့်

ချမ်းသာတဲ့ နိုင်ငံတွေမှာ တိုက်ခန်းတွေဝယ်၊ ဘဏ်အကောင့်တွေလုပ်၊ ရှယ်ယာတွေဝင်နဲ့ ငါ့တူကြီးတို့က မအားဘူးလေကွယ်
ဒီလောက်တော့ နားလည်ကြမှပေါ့ကွယ်

အဲဒီလိုတွေလုပ်မှ နိုင်ငံတကာက မြန်မာနိုင်ငံမှာလည်း အဲလောက်ချမ်းသာတဲ့လူ ရှိသေးသကိုးဆိုပြီး အထင်ကြီးကြမှာကွယ့်

ပြည်သူတွေအနေအထားနဲ့သာဆိုရင် သူများနိုင်ငံသွားပြီးကျွန်ခံထွက်နေရတာနဲ့ ဘယ်မှာမျက်နှာရလို့လဲကွယ်
ငါ့တူကြီးတို့အသိုင်းအဝိုင်းရှိနေလို့သာ နို်ငံခြားမှာ ပညာသင်၊ ဆေးရုံတက်၊ ဈေးဝယ်ထွက်နဲ့ အဆင့်ရှိတာတွေ လုပ်ပြနိုင်တာမို့လားကွယ်

ဒီကျေးဇူးတွေကို နိုင်ငံခြားရောက်ပြည်သူတွေက ပြည်တွင်းကပြည်သူတွေကို ချပြသင့်တယ်ကွယ့်
မောင်အောင်သောင်းဆိုရင် လေယာဉ်တောင်အပြတ်ငှါးပြီး ဆေးရုံတက်တာနော်
ကံကောင်းလို့သာ သေသွားရှာတာ
မသေပဲ ပြန်လာရင် ဝိုင်းကဲ့ရဲ့ခံရမှာကွယ့်

အဲဒီလို ကိုယ့်နိုင်ငံကို ငမွဲနိုင်ငံဆိုပြီးအထင်မသေးရဲအောင် ငါ့တူကြီးတို့က အကုန်အကျခံပြီး လုပ်ခဲ့တဲ့ကျေးဇူးတွေကိုမှ မထောက်ကွယ်
ပြောရက်လိုက်ကြတာများ
ငါ့တူကြီးတို့အဖွဲ့ကို ခွေးဆူသလိုဝိုင်းဆူနေကြတာ ဘကြီးခံပြင်းလှသကွယ်

ငါ့တူကြီးတို့မှာဖြင့် မစားရက်မသောက်ရက်နဲ့ စုဆောင်းထားလို့ ထားစရာမရှိအောင် ချမ်းသာတာကို သက်သက်မနာလိုကြတာကွယ့်

ဘကြီးတို့နိုင်ငံမှာ ငါ့တူကြီးတို့သာမရှိရင် ငမွဲနိုင်ငံဆိုပြီး သူများတံတွေးခွက် ပက်လက်မျောနေမှာကွယ့်
အဲဒါကြောင့် ဘကြီးကတော့ ကျေးဇူးတင်လို့မဆုံးပါဘူးကွယ်

ငါ့တူကြီးတို့အဆိုးရအဖွဲ့ရှိနေလို့သာ နိုင်ငံတကာမှာ မျက်နှာပွင့်နေတာကွယ့်
ငါ့တူကြီး ကမ်ဘာကျော် အာဏာရှင်စာရင်းမှာပါလာမှ ကမ်ဘာကမြန်မာကို သိတာကွယ့်
ဒါမျိုးစွမ်းဆောင်နိုင်ဖို့ဆိုတာ ဘကြီးတို့လို သာမန်ညောင်ည ပြည်သူတယောက်က ဘယ်စွမ်းမလဲကွယ်

အဲဒါကြောင့်
ငါ့တူကြီးတို့လို ကမ်ဘာကျော် ပုဂိ္ဂုလ်မျိုးတွေရှိတဲ့ ပြည်ခိုင်ဖြိုးပါတီမှ မထောက်ခံရင် ဘယ်သူ့ထောက်ခံမလဲကွယ်

အဲဒါကြောင့် ပြောင်းလဲချင်ရင် ပူးပေါင်းကြပါဆိုတဲ့စကားကို ဘကြီးလက်ခံတယ်
သူတို့တွေမပူးပေါင်းလို့ ငါ့တူကြီးတို့မှာ လုပ်ချင်တာတွေကို မလုပ်ရပဲဖြစ်နေတာမို့လားကွယ့်

ခန့်ထားတဲ့ အဆိုးရအဖွဲ့ဝင်တွေကလည်း သူတို့စီးပွားရေးနဲ့ သူတို့ အလုပ်ရှုပ်နေတော့ တိုင်းပြည်ရေးကို လှည့်မကြည့်နိုင်ဘူးလေကွယ်
အဲဒါကို ဘာမှမလုပ်ရကောင်းလားဆိုပြီး ဘေးကနေအပြစ်တင်နေမယ့်အစား ကိုယ့်စားရိတ်ကိုယ်စားပြီး ဝင်လုပ်ကြပေါ့ကွယ်
ဟုတ်တယ်မို့လား

ငါ့တူကြီးတို့မှာ ကိုယ့်အလုပ်ကတဖက် တိုင်းပြည်ရေးကတဖက်နဲ့ ဘယ်အားမလဲကွယ့်
ဒါကို အလိုက်တသိနဲ့ ပူးပေါင်းလုပ်ဆောင်ရင် ဘယ်လောက်အဆင်ပြေလိုက်မလဲကွယ်

တာဝန်မကျေလို့ အကုန်ဖြုတ်ချမယ်ဆိုပြန်တော့လည်း ငါ့တူကြီးပါပြုတ်မယ့်အရေးဆိုတော့ အဲလိုလည်း မဖြစ်ပြန်ဘူးလေကွယ်
ဒီတော့ ဒီလိုပဲ ဖြစ်သလို ကျန်တဲ့ငွေလေးနဲ့ လုပ်နေရတာကို ပြည်သူတွေက နားလည်ပေးသင့့်တယ်
အမှန်ဆို ပြည်သူတွေကတောင် ပြန်ထောက်ပံ့ပေးသင့်တယ်မို့လားကွယ့်

အခု အဲဒီအထောက်အပံ့တောင်မယူပဲ
တိုင်းပြည်မှာ ရှိတာလေးတွေကိုရောင်းတဲ့လူကရောင်း
အခွန်အခလေးတွေ ကောက်တဲ့လူကကောက်
မြေတွေ၊မြစ်တွေကို ငှါးတဲ့လူကငှါးနဲ့ ရတာလေးကို ဝေခြမ်းစားသောက်လို့ အတော်ကို အပင်ပန်းခံပြီးလုပ်နေကြရတာမြင်ရတော့ ဘကြီးရင်မချိလိုက်တာကွယ်

ဒီလောက်အနစ်နာခံလုပ်နေကြရဲ့သားနဲ့ ဘေးထိုင်ဘုပြောနေကြတာကို ငါတူကြီးတို့မှာလည်း သီးခံနိုင်သလောက် သီးခံကြတာတွေရတော့ ဘကြီးလေးစားကြည်ညိုမိပါတယ်ကွယ်

တော်တော်လေး လက်သီးလက်မောင်းတန်းပြီး အော်ဟစ်ပြောဆိုနေမှသာ
သေနတ်ကလေးနဲ့ ပစ်တန်တာပစ်
နံပါတ်တုတ်နဲ့ ဝိုင်းပြီး ရိုက်တန်တာရိုက်
ထောင်ထဲ ထည့်တန်တာထည့်နဲ့ လုပ်ပေးရတာမို့လားကွယ့်

သူတို့တွေ လက်မတွဲပေမယ့် ငါ့တူကြီးတို့လည်း လုပ်နိုင်သလောက်ကို အစွမ်းကုန်လုပ်ပေးထားကြတာပဲလေကွယ်

ဟော ...
ရခိုင်ဘက်မှာဆိုလည်း ဘင်္ဂလီတွေအများကြီးကို နိုင်ငံသားကတ်ပေးခဲ့တယ်ကွယ်

တပ်မတော်ဆိုလည်း သူနိုင်သလောက် ကားတွေနဲ့ ဘင်္ဂလီတွေကို သယ်ပေးခဲ့ရှာတယ်

လယ်တွေယာတွေ ဆိုလည်း ရေမြုပ်မှာစိုးလို့ အတော်လေးသိမ်းထားရသေးတယ်

လယ်သမားတွေလည်း အလုပ်မရှိလို့ ဆန္ဒပြတဲ့အတွက် သနားလွန်းလို့ ထောင်ထဲခေါ်ကျွေးထားရတယ်

ကျောင်းသားတွေနဲ့ နိုင်ငံရေးသမားတွေဆိုလည်း အပြင်မှာထားရင် ပျက်စီးမှာစိုးလို့ တော်တော်များများဖမ်းပြီးထောင်ချထားရသေးတယ်

ပိုနေတဲ့ ဘုန်းကြီးကျောင်းတော်တော်များများလည်း ဖျက်နိုင်ခဲ့သလို အလုပ်ထွက်မလုပ်တဲ့ ကျောင်းထိုင်ဘုန်းကြီးတွေတောင် အချုပ်ထဲထည့်နိုင်ခဲ့တယ်

ပြည်သူတွေဆိုလည်း အလုပ်မရှိရင် ဆန္ဒပြလို့ရအောင် စွမ်းဆောင်နိုင်ခဲ့တယ်

ရာဇဝတ်မှုတော်တော်များများလည်း နဲနဲပါးပါး ဖမ်း နိုင်ခဲ့တယ်

လူဆိုးသူခိုးတွေကိုလည်း ထောင်ထဲက ကျောင်းသားတွေနဲ့ လယ်သမားတွေဆီ အကျင့်ကူးမှာစိုးလို့ ထောင်ကနေပြန်လွတ်ပေးနို်င်ခဲ့တယ်

မတရားမှုတွေဆိုရင် လှည့်ကိုမကြည့်နိုင်ဘူး (မအားလို့)

ဝယ်ထားတဲ့ သေနတ်နဲ့ ကျည်ဆံတွေ မှိုတက်မှာစိုးလို့ တိုက်ပွဲတွေတိုက်ပေးနေရတယ်

ကူညီချင်တဲ့လူတွေ၊ လှူမယ့်တန်းမယ့်လူတွေ လှူလို့ရအောင် စစ်ဘေး၊ ရေဘေး၊ မင်းဘေး ဒုက္ခသည်တွေကို ဖန်တီးပေးနေရတယ်

နိုင်ငံခြားကိုလည်း အိမ်ဖော်တွေပို့ပေးနေရတယ်

အမျိုးကောင်းသား၊ အမျိုးကောင်းသမီး လူငယ်လူရွယ်တွေကိုလည်း ဗဟုသုတရအောင် ကိုယ့်စားရိတ်နဲ့ကိုယ် ကျွန်ခံထွက်တာကို ခွင့်ပြုပေးခဲ့တယ်

ကဲ...
အဲဒါတွေက သူတို့တွေ မပူးပေါင်းတဲ့ကြားက လုပ်ပေးနေရတာတွေလေကွယ်

ငါ့တူကြီးတို့မှာ ဖြစ်သလိုလုပ်နေရတဲ့အတွက် နည်းနည်းပါးပါး အမှားတော့ ရှိမှာပေါ့ကွယ်
ဒါတော့ သီးခံပေါ့ကွယ်
အခါတိုင်းလည်း ဘာပြန်ပြောရဲတာမှတ်လို့

ဒီလို လုပ်ဆောင်ချက်တွေသာပြောရရင် ပြီးမှာတောင်မဟုတ်ဘူး
ထားပါတော့..

တနေ့က ငါ့တူကြီး ဦးပိန်တံတားသွားတော့ အမှိုက်ပုံးအသစ်တွေ လာချသွားတယ်ကွယ့်
ငါ့တူကြီးကတော့ ဒါတွေအမြဲတမ်း ဒီလိုပဲရှိနေတယ်လို့များ တွေးနေမလားပဲနော်
သေချာကြည့်ရင်တော့ ဒါတွေကအသစ်တွေဆိုတာ ကလေးတောင်သိပါတယ်ကွယ်
ငါ့တူကြီးသာ သတိမထားမိလို့ဖြစ်ပါလိမ့်မယ်

ငါ့တူကြီးလည်းပြန်ရော အဲဒီပုံးတွေ အကုန်ပြန်သိမ်းတာကို ဝိုင်းပြီးပြောနေကြတယ်
ဒါဘာပြောစရာလိုလဲကွယ်
အမှိုက်ပုံးကို အဲဒီအတိုင်းထားလို့ အမှိုက်တွေလာထည့်ကုန်ရင် ညစ်ပတ်ကုန်မှာပေါ့ကွယ့်
ဒါတွေက လူကြီးလမ်းကြောင်းရှိမှသုံးတဲ့ဟာတွေဆိုတာ ဒီလူတွေမသိဘူးကွယ့်

အမြဲသုံးချင်ရင် ကိုယ့်ဟာကိုယ် ဝယ်ထားကြပေါ့ကွယ်
အမှိုက်ပုံးကအစ ခိုင်းတာ လိုက်လုပ်ပေးနေရအောင် ငါ့တူကြီးတို့က နွားတွေမှမဟုတ်တာကွယ်

တခါတလေ ဒီပြည်သူတွေက အလိုက်မသိကြဘူးကွယ့်
နေရာတကာ ဆင်ခြေတက်ချင်ကြတယ်
ကိုယ်တိုင်ကဖြင့် ဘာသယံဇာတမှ ထုတ်ရောင်းဖူးတာမဟုတ်ဘူး

ငါ့တူကြီးတို့မှာဖြင့် ထုတ်ရောင်းရလွန်းလို့ လူတွေလည်း ဖာသယ်မ ဈေးဦးမပေါက်လို့ မျက်နှာချိုသွေးနေရသလို တရုတ်ကိုဆက်ဆံနေရတာ
ဒါတွေ ပြည်သူတွေမသိဘူးကွယ့်

နိုင်ငံတကာကို ထွက်တော့လည်း အင်္ဂလိပ်စကားက လည်လည်ပတ်ပတ်မပြောတတ်လေတော့ အထင်သေးခံပြီး ပြောဆိုဆက်ဆံနေရတာ

ပြည်တွင်းမှာသာ ခြငေ်္သ့တကောင်လို ဟိန်းလားဟောက်လားနဲ့ ဗိုလ်လုပ်နေတာ
ပြည်ပရောက်ရင် အမြီးဖြတ်ခံထားရတဲ့ ခွေးလိုပဲ၊ တအီးအီးတအုအုနဲ့ အမြီးတောင်မနန့်နိုင်တဲ့အဖြစ်ကွယ့်

ငါ့တူကြီးတို့က ဒီအကြောင်းတွေ ပြည်သူတွေသိရင် ဂုဏ်ငယ်ပြီး စိတ်ဆင်းရဲမှာစိုးလို့ ထုတ်မပြောတာကို ပွင့်လင်းမြင်သာမှုမရှိဘူးလို့ဆိုပြန်တော့ မခက်ပေဘူးလားကွယ်

ဒါစေတနာကို စော်ကားတာကွယ့်
မေတ္တာတရားကို မထီမဲ့မြင်ပြုတာ

ဒီလူတွေ ကံကြီးထိုက်ပြီး မြေမြိုမှာစိုးရတယ်
အာ့ကြောင့် ငါ့တူကြီးလည်း ပြည်သူတွေနဲ့ ရောရောထွေးထွေးမနေပါနဲ့ကွယ်
တော်ကြာ ရောယောင်ပြီး မြေမြိုသွားလို့ ဘကြီးရင်ကျိုးရချည်ရဲ့ကွယ်

ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးပဲ နေပါကွယ်
ပြည်သူထဲဆင်းစရာ မလိုပါဘူးကွယ်
မဲဆွယ်ပွဲတွေလည်း အောင်မြင်နေတော့
အချိန်တန်ရင် မဲနိုင်ပါလိမ့်မယ်ကွယ်

လူတွေတင်မကဘူး
လမ်းတွေပါ မဲထည့်ခွင့်ရတဲ့ ရွေးကောက်ပွဲဆိုတော့ အတော်ကိုထူးခြားသကွယ့်
မောင်တက္ကသိုလ်လမ်းကတော့ ပြည်ခိုင်ဖြိုးပဲထင်ပါရဲ့ကွယ်
နာမည်မှာ ဒေါ်တပ်ထားတဲ့ ယောကျ်ားကြီးကလည်း ပြည်ခိုင်ဖြိုးပဲကွယ့်
နောက်ပြီး တရက်ထည်းမွေးတဲ့ တရွာလုံးကလည်း ပြည်ခိုင်ဖြိုးပဲကွယ့်
မဲစရင်းထဲမှာပါပြီး မဲလာမထည့်တဲ့သူတွေကလည်း ပြည်ခိုင်ဖြိုးပဲကွယ့်
ဝန်ထမ်းတွေဆိုရင် ချော့လိုက်၊ ခြောက်လိုက်ဆိုတော့ ပြည်ခိုင်ဖြိုးပဲကွယ့်
ဘုမသိဘမသိတဲ့ နယ်ကလူတွေဆိုလည်း ပြည်ခိုင်ဖြိုးပဲကွယ့်

အဲဒါကြောင့် ငါ့တူကြီး စိတ်အေးချမ်းသာစွာနေပါကွယ်
ဘာမှပူမနေနဲ့
ရွေးကော်က မောင်တင်အေးဆိုတာ နယ်နယ်ရရလူမှမဟုတ်တာကွယ်
ကွန်ပြူတာနဲ့ ယှဉ်တာတောင် သူကအမှန်၊
ကွန်ပြူတာက အမှားကွယ့်
ကမ်ဘာပတ်လာတဲ့ ကွန်ပြူတာတွေ မောင်တင်အေးနဲ့တွေ့တော့မှ မှားတယ်အပြောခံရတော့တာပဲ
ဒါလည်း ဂုဏ်ယူစရာပဲကွယ့်
ကွန်ပြူတာထက်တောင် ဦးနှောက်ကောင်း၊ အတွက်အချက်ကောင်းတဲ့လူတော်တယောက် ဆိုတော့ရွေးကော်ဥက္ကဌဖြစ်သင့်ပါတယ်ကွယ်

မောင်တင်အေးကယ်လို့သာ ၃၀% မှန်တော့တယ်
တခြားလူသာ လုပ်ခိုင်းရင် ဘကြီးတို့တောင် ဝှိုက်ကတ်ပြန်လျှောက်ရမယ့် အချိုးကွယ့်
ကျေးဇူးကြီးပါပေ့ မောင်တင်အေးရယ်

ဒီလိုလူတော်တွေ ငါ့တူကြီးလက်အောက်မှာရှိနေလို့သာ ဘကြီးတို့နိုင်ငံ မမွဲသေးတာ
သူတို့သာ မရှိရင် တနိုင်ငံလုံး စားစရာမရှိလို့ ဧရာဝတီမြစ်ရေပဲ ထိုင်သောက်နေရလောက်တယ်
ဒါတောင် ရေအလကားရလို့ ပေါ့ကွယ်

စင်္ကာပူလို ရေဝယ်သောက်မှ ရမယ်ဆိုရင်တော့ ကိုယ့်သေး ကိုယ်ပြန်သောက်နေကြရမယ့် အပေါက်ကွယ့်

ကံသီပေလို့ ပေါ့ကွယ်
ငါ့တူကြီးတို့အဆိုးရအဖွဲ့ရဲ့ ဦးဆောင်မှုကြောင့့်မဟုတ်ရင် ဘကြီးတို့တိုင်းပြည် တကယ်မလွယ်ဘူး

သာဓုပါကွယ်.. သာဓုပါ
ကဲ...
ဘကြီးလည်း မောင်လှဌေးဦးဆီသွားပြီး လက်တွဲဖို့သွားဆွေးနွေးလိုက်အုံးမကွယ်
ဒီကောင်ကလည်း ဘာအရူးထတယ်မသိပါဘူးကွယ်
တသက်လုံးက သူတို့လုပ်ချင်တာကို ဘယ်သူကန့်ကွက်ကန့်ကွက်၊ ဘယ်သူ သဘောတူတူ မတူတူ မျက်စိမှိတ်လုပ်လာခဲ့ပြီး အခုမှ ပြည်သူမပါလို့ လုပ်မရသလိုလို၊ မတိုးတက်သလိုလို၊ မပြောင်းလဲသလိုလိုနဲ့ တွေ့ကရလျှောက်ပြောနေတော့တာပဲ

ငါ့တူကြီးလျှောက်ပြောတိုင်း သူကလိုက်လျှောက်ပြောရအောင် သူကသမ္မတမှ မဟုတ်တာကွယ်
ဒါမျိုးတွေပြောစရာလားကွယ့်
တကယ်ကို အလိုက်ကမ်းဆိုး မသိတဲ့ကောင်ပဲ

အဲဒါ ဘကြီးသွားပြောလိုက်အုံးမယ်

နောက်တခါ မဲဆွယ်ဟောပြောပွဲကျရင် တပ်ရင်းတခုလောက်အစောင့်ချထားလို့၊ မပြီးသေးပဲထပြန်ရင် အကုန်ပစ်သတ်လို့ ၊
အဲဒါမှ လူစည်မှာလေကွယ်
မဟုတ်ရင် အိမ်ပြန်နားထောင်မယ့်လူက များနေမယ်

တော်သေးပြီ ငါ့တူကြီးရေ

တောက ဘကြီး

YaeTayZa

No comments:

Post a Comment