သို့
တူမောင်ကြီး သိန်းစိန်
ဘကြီး စာရေးလိုက်ပါတယ်
ငါ့တူကြီးလည်း ရွေးကောက်ပွဲနားနီးမှ ဟိုသွားဒီသွား သွားနေရတာ ပင်ပန်းနေရော့မယ်
ဘကြီးကတော့ အသိအမှတ်ပြုပါတယ်ကွယ်
အခုလို အရေးကြီးနေချိန်မှာ ပြည်ခိုင်ဖြိုးရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ အပင်ပန်းခံပြီး မဲဆွယ်ပြရမယ်မို့လားကွယ့်
ရှေ့ဆောင် နွားလား
ဖြောင့်ဖြောင့်သွားမှ
နောက်နွားတသိုက်
ဖြောင့်ဖြောင့် လိုက်၏ တဲ့ကွယ့်
အခုလို ငါ့တူကြီးက အရှေ့ကနေလုပ်ပြမှ အနောက်က နွားတွေ ဖြောင့်ဖြောင့်လိုက်လာကြမှာကွယ့်
မဟုတ်ရင် ပေါက်ကရတွေပြောပြီး ပေါက်ကရတွေလုပ်လွန်းလို့ ငါ့တူကြီးပဲ စိတ်ဆင်းရတာမို့လားကွယ့်
ပြည်သူတွေကလည်း အတော်ခက်တာကိုးကွယ့်
အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလဆိုတာ အင်မတန်သိမ်မွေ့ပြီး ခက်ခဲတယ်ဆိုတာ နားမလည်ဘူးကွယ့်
တိုင်းပြည်ရဲ့ ဒီမိုကရေစီခရီးမှာ ငါ့တူကြီးရဲ့ဦးဆောင်မှုက ဘယ်လောက်အရေးပါသလဲဆိုတာ မသိကြဘူးထင်ပါရဲ့ကွယ်
လမ်းမသိ ခွေးနောက်လိုက် ဆိုတဲ့ စကားပုံကို
ရှေးလူကြီးတွေ အလကားထားခဲ့တာမှမဟုတ်တာကွယ်
အခုလောလောဆယ် ငါ့တူကြီးနောက်လိုက်ကြပေါ့ကွယ်
ဟောင်သင့်ရင် ဟောင်
ခြောက်သင့်ရင် ခြောက်
ကိုက်သင့်ရင် ကိုက်ရမယ်မို့လားကွယ့်
ဒါကို ကြမ်းတမ်းတယ်လို့တော့ ပြောလို့မရပါဘူးကွယ်
အဲဒီအတွက် ကမ်ဘာ့မီဒီယာတွေကို သိပ်ဂရုစိုက်နေလို့မရဘူးကွယ့်
၂၀၁၅ ကမ်ဘာ့အာဏာရှင်စာရင်းမှာ ငါ့တူကြီးပါလာတာဟာ ဝမ်းနည်းစရာ မရှိပါဘူးကွယ်
အတိုက်အခံပါတီခေါင်းဆောင်ဆိုရင်လည်း သူပါတဲ့စာရင်းတွေက နည်းနည်းနောနော စာရင်းတွေမှ မဟုတ်တာပဲကွယ်
သူတောင် ကမ်ဘာ့သြဇာအရှိဆုံးစာရင်းမှာ ပါဖူးသေးတာပဲကွယ်
အခုငါ့တူကြီးက အာဏာရှင်လေကွယ်
ငါ့တူကြီးက ပိုမြင့်တယ်ကွယ့်
ဘာမှ အားငယ်စရာမရှိဘူး
ကွန်ဂရက်ကျူလေးရှင်း (Congratulation) ပါကွယ်
ဘကြီး ဂုဏ်ယူဝမ်းသာလို့ မဆုံးပါဘူးကွယ်
ခေါင်းဆောင်ဆိုတာ ဒီလိုပဲ အနစ်နာခံခြင်းရဲ့အကျိုးတော့ ခံစားရမှာပဲကွယ့်
ငါ့တူကြီးရဲ့ ဆရာသမားဆိုရင် ဒီလိုပဲ ဆယ်စုနှစ်နဲ့ချီပြီး အနစ်နာခံအုပ်ချုပ်လာခဲ့သေးတာပဲ
ငါ့တူကြီးလည်း ဆရာကောင်းတပည့် ပန်းကောင်းပန်တယ်ပဲ သဘောထားပေါ့ကွယ်
ငါ့တူကြီးရဲ့ဆရာသမားက ကျောင်းသားနဲ့ ဘုရားသားကိုတော့ငယ်နိုင်ကွယ့်
အာ့ကြောင့် ငါ့တူကြီးလည်း သူ့ခြေရာနင်းနိုင်အောင် ကြိုးစားကွယ့်
ဒါမှ ဆရာ့ထက် တပည့်လက်စောင်း ဘယ်လောက်ထက်သလဲဆိုတာ ပြလို့ရမှာလေကွယ်..
သူသတ်ခဲ့တဲ့ တိုင်းရင်းသား၊ ကျောင်းသား၊ ဘုရားသားတွေက မျိုးမတုန်းဘူးကွယ့်..
ငါ့တူကြီးကမှ အစားပြန်မရတဲ့ လယ်တီသိမ်ကို အစဖျောက်ပစ်နိုင်ခဲ့တာ ဆိုတော့ အခုလိုဂုဏ်ပြုဖော်ပြကြတာ တန်ပါတယ်ကွယ်
ခေါင်ဆောင်ကောင်းဆိုတာ ကိုယ်လုပ်ထားတာကို ကိုယ်တာဝန်ယူရဲရတယ်မို့လားကွယ့်
၂၀၀၇ တုန်းက ဖမ်းဆီးထောင်ချခဲ့လို့ လျော့သွားတဲ့ သံဃာတွေအစား သင်္ဃန်းခြုံတွေ အစားထိုးထည့်ပြီး အားဖြည့်ထားပေးတယ်ကွယ်
သမ္မတ ဖြစ်စက လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့ သူတွေအစား ထောင်ထဲမှာ ကျောင်းသားနဲ့ နိုင်ငံရေးတက်ကြွသူတွေကို ပြန်အစားထည့်ထားပေးတယ်လေကွယ်
ဒီတိုင်းပြည်မှာ ဘယ်နေရာ ဘယ်ရှိတယ်
ဘယ်လိုမဟုတ်တာတွေ လုပ်ထားတယ်
ဘယ်လိုတွေ ကလိန်ကျထားတယ်ဆိုတာလည်း မသိပဲနေမလားကွယ်
ငါ့တူကြီးအနေနဲ့က စစ်အာဏာရှင်ကတည်းက ဝန်ကြီးချုပ်ဘဝနဲ့ ကိုင်တွယ်ထိတွေ့လာခဲ့တာဆိုတော့ အခုလို သမ္မတရာထူးလေးပြောင်းလိုက်တာနဲ့ အကုန်အသစ်ဖြစ်သွားတာမှ မဟုတ်တာပဲကွယ်
ဒါတွေက နားလည်သိကျွမ်းပြီးသားပဲဟာ
အဲလိုမကောင်းတာလုပ်တိုင်းသာ အရေးယူနေရင် နေပြည်တော်ကို ခြံခတ်ထားရုံပဲရှိတော့တာပဲလေကွယ်
ဖွဲ့စည်းပုံမှာတောင် နောက်ကြောင်းပြန်အရေးမယူရဆိုပြီး ငါ့တူကြီးတို့ကိုယ်တိုင် ရေးထည့့်ထားတာဆိုတော့ အရေးယူဖို့ဆိုတာတော့ ဒီဖွဲ့စည်းပုံမပြင်မချင်း မဖြစ်နိုင်ပါဘူးကွယ်
ဘာမှစိတ်ထဲမထားပါနဲ့
ရခိုင်မှာ ကုလားတွေကို မှတ်ပုံတင်တွေထုတ်ပေးတာတွေတော့ ငါ့တူကြီးရဲ့ သဘောထားကြီးမြတ်မှုကို ဘကြီးတွေ့ရသကွယ့်
မဘသနဲ့ မျိုးချစ်လေးတွေ ဘယ်လိုအော်အော် ဘယ်လောက်အော်အော် ဒီကုလားတွေကို အခွင့်အရေးပေးတဲ့ကိစ္စက ရပ်ထားလို့မရဘူးကွယ့်
စီမံကိန်းတွေ ချပေးသင့်ပေးရမယ်
နိုင်ငံသားကတ်တွေ ပေးသင့်ပေးရမယ်
မဲပေးခွင့်အတွက် အစိမ်းရောင်ကတ်တွေ ပေးသင့်ပေးရမယ်
ဒါမှ ငါ့တူကြီးတို့ရဲ့ အုပ်ချုပ်ရေးလမ်းကြောင်း ဖြောင့်ဖြူးမှာမို့လားကွယ်
ငါ့တူကြီးတို့အနေနဲ့ အမျိုးသားရေးမှာ အမျိုးတွေ ချမ်းသာရေး၊ ခရိုနီတွေ ကြီးပွားလုံခြုံရေး၊ ပြည်သူတွေရဲ့ အနှောင့်အယှက်မှ ကင်းဝေးစေရေး၊ အိမ်နီးချင်း တရုတ်၊ ကုလားတွေကို နိုင်ငံသားပေးရေး၊ ခိုးသွင်းရေး၊ အခွင့်အရေးပေးရေး စတဲ့အမျိုးသားရေးအလုပ်တွေကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီးပြီမို့လားကွယ့်
နောက်ပြီး သာသနာရေးဆိုလည်း သိမ်ဖျက်၊ ဘုရားဖြို၊ ဘုန်းကြီးကျောင်းသိမ်း၊ ဘုန်းကြီးထောင်ချ၊ တရားပွဲပိတ် စတဲ့ သာသနာသန့်ရှင်းရေးတွေ လုပ်ဆောင်ခဲ့ပြီးပြီလေကွယ်
ဒီလောက်လုပ်ပေးထားပါရက်နဲ့ အမျိုးဘာသာသာသနာအတွက် ငါ့တူကြီးတို့ကို အပြစ်မြင်နေရင်တော့ ဒီလူတွေ ဉာဏ်ကောင်းလွန်းလို့ပဲဖြစ်မယ်
ဟုတ်တယ်လေကွယ်
ငါ့တူကြီးတို့ ကျောင်းပညာရေးက ပေးတဲ့ဉာဏ်ရည်ဉာဏ်သွေးအရဆိုရင် ဘာမှမှကန့်ကွက်စရာအကြောင်းမှမရှိတာကွယ်
အခုတော့ ငါ့တူကြီးတို့က မဟုတ်ကဟာတ်ကပြောတာကို ယုံတဲ့လူတွေရှိနေတာတောင် အဲဒီလိုလူတွေက ဝင်ဝင်ရှုပ်နေလို့ အိမ်အရောက်မဲဆွယ်ရတဲ့အထိ အားစိုက်နေရတာပေါ့ကွယ်
အခုလည်း သိပ်တော့မပူပါနဲ့ကွယ်
မောင်တင်အေးက ကြိုတင်မဲ သုံးသန်းတောင် အပိုလုပ်ထားတယ်တဲ့ကွယ့်
မဲလာပေးသူတွေထဲကလည်း မှားအောင်လုပ်ထားတဲ့ အရဆိုရင် အတော်ကိုနည်းကြမှာကွယ့်
မောင်တင်အေးက တော်ပါတယ်ကွယ်
သူ့ခမျာ သူလုပ်နိုင်သရွေ့ သူ့ဂွင်ထဲကနေအစွမ်းကုန်လုပ်ပေးရှာတာနော်
အတိုက်အခံပါတီထဲက ကိုယ်စားလှယ်တွေဆိုရင် အတိအကျကို ပယ်ထုတ်ထားတာ
ကိုယ့်ပါတီထဲက တရုတ်စစ်စစ်ကြီးကတော့ ခြွင်းချက်ပေါ့ကွယ်
မဲစရင်းဆိုလည်း တမင်ကို မမှားမှားအောင် လုပ်ပေးထားရုံမကတချို့အိမ်တွေထဲမှာ မဲအပိုတွေထည့်ပြီး လိမ်ထားရရှာတယ်
လာပြောရင်တော့ ပြင်ပေးလိုက်မှာပေါ့ကွယ်
လာမပြောကြရင် ဒါတွေက ကိုယ့်မဲတွေပဲလေကွယ်
အိမ်ထောင်စု တစ်ရာမှာ ၂၀ လောက်ပဲလာပြောကြတာဆိုတော့ ကျန်တဲ့မဲက ငါ့တူကြီးတို့အတွက်ပဲလေကွယ်
အဲဒါကြောင့် ရွေးကောက်ပွဲမှာ ငါ့တူကြီးတို့ပဲ အနိုင်ရဖို့များပါတယ်ကွယ်
ငါ့တူကြီးရဲ့ တပည့်ကျော်တွေကလည်း တကယ့်အူကြောင်ကြောင်မဲဆွယ်ချက်တွေနဲ့ တတ်နိုင်သလောက် မဲဆွယ်နေကြပါတယ်ကွယ်
မောင်မြင့်လှိုင်ဆိုရင် ကလေးစကားတွေပြောပြီး မဲဆွယ်သကွယ့်
ဘာသာခြားလူမျိုးခြားကိုယူထားတဲ့လူမို့ သူ့စကားကိုမယုံကြဖို့၊ မဲမပေးကြဖို့ပြောဆိုသတဲ့..
တော်ရုံစဉ်းစားဉာဏ်ရှိတဲ့လူကလွဲရင် သူ့စကားကလည်း ထိရောက်ပါတယ်ကွယ်
ဆိုက်ကားသိန်းအောင်ဆိုလည်း ပုံတွေပြပြီး စည်းရုံးရေးဆင်းနေရှာတယ်
အတော်ကို ဉာဏ်နဲပြီးအောက်တန်းကျတဲ့အလုပ်ဆိုပေမယ့် အယုံလွယ်သူတွေကတော့ သူ့စကားကို လက်ခံနေကြတာပဲလေ
မဘသဆိုလည်း ငါ့တူကြီးတို့ပါတီကို မဲပေးကြပါလို့ မပြောရုံတမယ်ပဲရှိတော့တယ်
အတော်ကို အားကိုးရတဲ့ အဖွဲ့အစည်းကွယ့်
အမျိုးဘာသာသာသနာအတွက်ဆိုပြီး ဖွဲ့စည်းထားတဲ့အဖွဲ့က ငါ့တူကြီးတို့ကိုဝန်းရံနေတာမြင်ရတော့ ဘကြီးအနေနဲ့ အရမ်းကိုအားရမိပါတယ်ကွယ်
ပုဂံကို ရှင်အရဟံ ရောက်မလာခင် ပုဂံဘုရင်တွေနဲ့အရည်းကြီးတွေဟာ အခုလိုပဲအတွဲညီခဲ့ကြဖူးတာကို သွားသတိရမိသကွယ့်
ငါ့တူကြီးတို့ ကုလားကို ခေါ်သွင်းတဲ့ကိစ္စ၊ လယ်တီသိမ်ဖြို၊ ဘုန်းကြီးထောင်ချတဲ့ ကိစ္စတွေကို မျိုးစောင့်လေး ပြဌာန်းပေးလိုက်တာနဲ့ မေ့ပျောက်ပေးနိုင်တဲ့ လူတွေရဲ့ မှတ်ဉာဏ်ကိုလည်းအံ့သြမိတာအမှန်ပဲကွယ်
ဘယ်လိုပဲဖြစ်ဖြစ်ပါကွယ်
ငါ့တူကြီးတို့အနေနဲ့ အာဏာတည်မြဲရေးကပိုအရေးကြီးသကွယ့်
တနေ့က ဖတ်ရတယ်
အီသီယိုးပီးယားတောင် နောက်ဆုံးပေါ်မီးရထား ပြေးဆွဲတော့မယ်တဲ့
ဒါကိုလည်း ငါ့တူကြီးကို ဝိုင်းပြီးအပြစ်တွေတင်နေကြတာ ဘကြီးတွေ့ရသကွယ့်
ဒီလူတွေ အတော်ခက်တာကိုးကွယ့်
အမျိုးသားရေးအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတဲ့ အမျိုးသားရေး ဦးတည်ချက်တွေနဲ့အညီ အင်္ဂလိပ်ခေတ်က ရထားလမ်းမှာ အင်္ဂလိပ်ခေတ်က ရထားသုံးပြီး ဇာတိမာန်တွေတက်ကြွဖို့ လုပ်ဆောင်နေတာကို နားမလည်ကြဘူးကွယ့်
ဒီအင်္ဂလိပ်တွေဟာ တို့နိုင်ငံမှာ ဒီလိုမျိုးတွေလုပ်ပြီး စီးပွားရှာခဲ့ကြတယ်ဆိုတာ ပြပြီး မခံချင်စိတ်တွေ၊ ပြည်ချစ်စိတ်တွေဖြစ်လာစေဖို့ စေတနာဗရပွနဲ့ ဒီအတိုင်းထားတာကိုတောင် နားမလည်ပဲ အဆိုးရက ဘာမှမလုပ်ပေးဘူးလို့ပြောကြတာ အသဲနာလှသကွယ်
ဒါမျိုးရထား ရှိသေးလားဆိုတာ ကမ်ဘာပတ်ရှာကြည့်စေချင်တယ်
တကယ်ကို ရှေးဟောင်းပစ္စည်းတန်ဖိုးနားမလည်ကြဘူး
ရထားဆိုလည်း ကျမ္မာရေးနဲ့အညီစီးလို့ရတယ်
အစာကြေရုံမကဘူး
ဗိုက်ထဲ ခဲမျိုမိရင်တောင် ကြေစေလောက်တဲ့အထိ မောင်းပေးထားတာကိုအားမနာကြဘူး
ဒန်းတို့၊ ပုခက်တို့ဆိုတဲ့ ပိုက်ဆံချမ်းသာမှစီးကြတဲ့အရာတွေအတွက် ခရီးသွားရင်းစီးလို့ရအောင်လို့ ပုခက်လွှဲသလိုမောင်းပေးထားရတာကိုတောင် အသိအမှတ်မပြုကြဘူး
ရထားဘူတာတွေဆိုရင်လည်း နိုင်ငံတကာတွေလို အဆင့်မြင့်မြင့်လုပ်လိုက်ရင် ကွမ်းစား၊ ဆေးလိပ်သောက်သူတွေအတွက် အခက်အခဲဖြစ်စေမှာစိုးလွန်းလို့ လူ့အခွင်အ့ရေးကိုလေးစားတဲ့အနေနဲ့ ဒီအတိုင်းထားထားရတာကို အပြစ်မြင်နေကြတယ်
အတော်ကို နားလည်မှုမရှိတဲ့ ပြည်သူတွေပဲကွယ်
ငါ့တူကြီးမို့လို့သာ အခုလောက်သီးခံပြီးနေနေတာပါကွယ်
ဘကြီးသာဆိုရင် ဒီအတိုင်းပစ်ထားလိုက်မှာကွယ့်
ငါ့တူကြီးမို့လို့သာ ထောင်ထဲထည့်ပြီး စိတ်ရှည်လက်ရှည်ချုပ်ထားတာ
တလောက အတိုက်အခံ ခေါင်းဆောင် ၁၅ မိနစ်မိန့်ခွန်းပြောမှာကို သူတို့မှာ ပွက်လောကိုရိုက်နေတာပဲ
တနိုင်ငံလုံး အုတ်အုတ်ကျတ်ကျတ်နဲ့ကို ဖြစ်လို့
အဲဒါဘာဖြစ်စရာလိုလဲကွယ်
ငါ့တူကြီးတောင် လတိုင်းစကားပြောနေတာ ဘယ်သူအရေးလုပ်လို့လဲ
ဒီလိုပဲ ဘယ်သူနားထောင်ထောင် မထောင်ထောင် တာဝန်အရ ပြောနေရတာမို့လားကွယ့်
သူတို့က ဟောင်လွန်းတဲ့ခွေး လူ မလေး ဆိုသလို သိပ်တန်ဖိုးမထားချင်ကြဘူးကွယ့်
ကဲ..
ဒါတွေပြောနေလို့ ပြီးမှာမဟုတ်တော့ဘူး
ဘကြီးလည်း မဲစရင်းသွားစစ်လိုက်အုံးမယ်
အိ်မ်က မင်းကြီးတော်သွားကြည့်တာတော့ ဘကြီးတို့အိမ်နံပါတ်မှာ ဘယ်ကမှန်းမသိတဲ့လူတွေ ၃ ယောက်လောက်ပါနေလို့တဲ့ကွယ့်
မောင်တင်အေး ကောင်းမှုပေါ့ကွယ်
သူ့ခမျာ ကွန်ပြူတာအစုတ်တွေနဲ့မို့လို့ မှားတာဖြစ်မှာပါ
သူ့လိုသာဆိုရင်တော့ စီးပွားရေးလုပ်ငန်းရှင်တွေ ခွက်ဆွဲတောင်းစားရမယ့်ကိန်းကွယ့်
တကမ္ဘာလုံး ကွန်ပြူတာသုံးနေတာမမှားပဲ သူ့ကွန်ပြူတာတွေကျမှ မှားရတယ်လို့ကွယ်
ဘာမှ မဟုတ်ဘူး
မြန်မာပြည်ရောက်ပြီး ငါ့တူကြီးတို့လက်ထဲရောက်သွားလို့ ကွန်ပြူတာတွေပါ အကျင့်ပျက်ပြီး ဖောက်ပြန်သွားတာဖြစ်မယ်ကွယ့်
အတော် ဂွကျသကိုးကွယ့်
လူမစွမ်းရတဲ့ကြားထဲ ကွန်ပြူတာကပါဖောက်နေတယ်ဆိုတော့ သူ့လည်းသနားပါတယ်ကွယ်
မနိုင်ဝန်ကြီးကို ထမ်းထားရရှာတာမို့လားကွယ့်
အခုလောက်အနစ်နာခံပြီး လုပ်ပေးနေကြတဲ့ ငါတူကြီးတို့အဆိုးရအဖွဲ့ကိုတော့ ဘကြီးစာနာမိပါတယ်ကွယ်
အဲဒါကြောင့် အနားယူကြပါတော့လို့ ပြောပါရစေ..
ပြောသာပြောရတယ်
စေတနာ သဒ္ဒါတရားထက်သန်ပြီး စွန့်လွတ်အနစ်နာခံတဲ့သူတွေဆိုတော့ ဘယ်လောက်ပင်ပန်းနေပါစေ သေတဲ့အထိ လုပ်ချင်နေကြမယ်ဆိုတာ ဘကြီးသိပါတယ်ကွယ်
တော်သေးပြီ ငါ့တူကြီးရေ
ဘကြီး မဲစာရင်းသွားကြည့်လိုက်အုံးမကွယ့်
ငါ့တူကြီး သွားလမ်းသာလို့
လာလမ်းဖြောင့်ပါစေကွယ်
တောက ဘကြီး
Yae Tay Za
No comments:
Post a Comment