Twitter Bird Gadget

Sunday, September 13, 2015

တူမောင်ကြီးသိန်းစိန်သို့ ပေးစာ - ၁၄



သို့../
တူမောင်ကြီး သိန်းစိန်
ဘကြီးစာရေးလိုက်တယ်

ဒီနေ့ပဲ ငါ့တူကြီးတို့ ပါတီက မဲဆွယ်တဲ့အဖွဲ့တွေ လာသွားတယ်

အရမ်းကို စမတ်ကျတာကလားကွယ့်
ဘကြီးက အဲဒါမျိုးမှ သဘောကျတာကွယ့်

သြဇာအရှိန်အဝါကလည်း ဘာကြီးသလဲမမေးနဲ့ သူတို့မဲဆွယ်နေတဲ့ ကားအနားကို ဘယ်ပြည်သူမှ မကပ်ရဲဘူးကွယ့်

အိမ်ထဲကအိမ်အပြင်တောင် မထွက်ရဲကြဘူးနဲ့ တူပါရဲ့ကွယ်
အဲဒါ ငါ့တူကြီးတို့ရဲ့ အရှိန်အဝါတွေကြောင့် မကပ်ရဲတာဖြစ်မှာပါကွယ်

ဒါ နဲနဲနောနောဘုန်းကံမဟုတ်ဘူးနော်
မဟုတ်ရင် လူမလေး ခွေးမခန့်နဲ့ကွယ့်

တနေ့က NLD ပါတီက လာပြီး မဲဆွယ်ကြတယ်
ဟား..
လူတွေတရုံးရုံး၊ ပြည်သူတွေ တအုံးအုံးနဲ့ အတော်ကို စည်းပျက်ကမ်းပျက်နိုင်တာပဲကွယ်

ဘကြီးအရွယ် အဘွားအို၊ အဘိုးအိုတွေကအစ ကလေးအဆုံး ခုန်ပေါက်ပြီး ကနေကြတာများကွယ် ဘကြီးဖြင့် ကြည့့်လို့ကိုမရဘူး

သူတို့ဟာက ပြည်သူတွေနဲ့ အဲလောက်ကြီးရောနေမှတော့ ဘယ်မှာ ဂုဏ်ရှိတော့မှာလဲကွယ်


ဘာဘုန်းကံမှ မရှိလို့ ဘယ်ပြည်သူမှမကြောက်ကြတာနေမှာပေါ့ကွယ်

ငါ့တူကြီးတို့ပါတီနဲ့တော့ ကွာပါ့ကွယ်
ငါ့တူကြီးတို့အဖွဲ့ဝင်တွေသွားနေရင် ဘယ်သူမှ အနားမကပ်ရဲဘူးကွယ့်
ခွေးရူးကြောက်သလိုကို ကြောက်နေကြတာကွယ့်

အဲဒါ အရှိန်အဝါပဲပေါ့ကွယ့်
အဲဒါကြောင့် NLD က ငါ့တူကြီးတို့ကို လိုက်မမှီဘူးလို့ ဘကြီးပြောတာပေါ့

ငါ့တူကြီးတို့ ကားထိပ်က ခြင်္သေ့ကြီး ကလည်း ရွှေရောင်တဝင်းဝင်းနဲ့ ကျက်သရေရှိလှသကွယ်

ခြင်္သေ့ ဆို တာမျိုးက ဘုရားတွေမှာဆို မာန်အပြည့်နဲ့ ရှေ့ဆုံးကနေ သာသနာကို စောင့်ရှောက်ကြတာ မဟုတ်လားကွယ့်..

ဘာသာသာသနာကို သူကိုယ်တိုင်နားမလည်ပေမယ့် အပေါက်တော့ စောင့်ပေးနေတာပဲလေကွယ်

သူ့အနောက်က ဘုရားနဲ့ သာသနာ ဘာဖြစ်နေနေ လှည့်မကြည့်အားဘူးလေကွယ်
ဘာသာ၊ သာသနာကို သူမှနားမလည်ရှာတာကိုးကွယ့်
အဲဒီတော့ သူက ဘုရားကို အမြဲကျောပေးနေရတာပေါ့ကွယ်

ဒါပေမယ့် သူရှေ့ရောက်ရင် လူတိုင်းဖိနပ်ချွတ်ရတယ်လေ..
ဖိနပ်စောင့်ရတယ်ဆိုပေမယ့် အဲဒါ နဲတဲ့အဆင့်မဟုတ်ဘူးကွယ့်

အရေးကြီးတာက ဟိတ်ဟန်ပဲ လေကွယ်
သူ့ကို မြင်ရင်ကို ရှိန်နေရမယ်ကွယ့်

ဒါကြောင့် ရွှေတိဂုံဘုရားနားက ခြေ အောက်မှာဆို သူတောင်းစားတွေက များလှသကွယ့်

ခြင်္သေ့ကြီးတွေ အရမ်းကြီးတော့ သူတောင်းစားတွေပဲ ကောင်းစားနေတာကွယ့်
နေစရာလည်းရ၊ စားစရာလည်း ထွက်တောင်းလိုက်ရုံပဲဆိုတော့ ခြင်္သေ့ အရိပ်ခိုကြတာ မဆန်းဘူးပေါ့ကွယ်

အဲဒီ ခြင်္သေ့တွေ ရှေ့ကကြည့်တဲ့လူတွေဆိုရင်တော့ တော်တန်ရုံဆို မြင်တာနဲ့တင် ဖြုံသွားလောက်တယ်နော်
ဒါပေသိ အနောက်က အမြီးကြီးမြှောက်ထားတာတော့ ဘကြီးသိပ်မကြိုက်ဘူးကွယ်
အနောက်ကကြည့်ရင် ဖင်ဟောင်းလောင်းကြီးကွယ့်
ရှေ့မှာသာ ဖြဲနေတာ အနောက်ကဖြင့် ဖင်လှန်ထားတာဆိုတော့ သိပ်တော့အဆင်မပြေဘူးပေါ့ကွယ်

ဒါပေမယ့် ခြင်္သေ့ဆို တောဘုရင်ပဲကွယ့်
ဒါအတိတ်နိမိတ်ကောင်းကွယ့်

ခြင်္သေ့ဆိုတာ မြေခွေးတို့၊ ခွေးအ တို့၊ ဝံပုလွေတို့ကတောင် ကပ်ရပ်ပြီး အရိုးအရင်းတွေ စားသောက်နေရတဲ့ ဘဝကွယ့် ခြင်္သေ့မှီပြီး
အရိုးအရင်း စုပ်တယ်ဆိုပေမယ့် ဒီအကောင်တွေကလည်း ဇ မသေးဘူးလေ
သံသရာအဆက်ဆက်က ဖြည့်ဆည်းလာတဲ့ စိတ်ယုတ်စိတ်ပုပ်တွေက အပြည့်ကွယ့်

အဲလို ဒိတ်ဒိတ်ကြဲ အယုတ်တမာကောင်တွေဝန်းရံထားမှတော့
ခြင်္သေ့ လည်းအန္တရာယ်ကင်းပြီပေါ့ကွယ်
ဟုတ်တယ်မို့လားကွယ့်

ခြင်္သေ့ဂူဆိုတာ ခွေးစောင့်တဲ့ အလေ့အထရှိသကွယ့်
အမှန်က သူစောင့်တာက ခြင်္သေ့ရဲ့ စားကြွင်းစားကျန်တွေကို စားရလို့ စောင့်နေတာကွယ့်
အလကားမဟုတ်ဘူး

ဒါနဲ့ ငါ့တူကြီးတို့အဆိုးရအဖွဲ့ဘက်ကနေ ရေးပေးနေတဲ့ ထောက်ပြုတ်တို့၊ ငယောင်တို့၊ ငအောင် တို့ကိုရော ငွေလေးကြေးလေး မချီးမြင့့်ဘူးလားကွယ့်

သူတို့က မတောင်းဆိုလည်း ပေးသင့်တယ်ကွယ့်
ဒါနမြောက်ပါတယ်ကွယ်
တဦးကစေတနာ တဦးကမေတ္တာပေါ့ကွယ်

ဘကြီးဆို ညပိုင်း အိမ်ရှေ့မှာ လာလာအိပ်စောင့်ပေးတဲ့ ခွေးတွေကို မနက်တိုင်း အစာကျွေးတယ်ကွယ့်

အဲဒီခွေးတွေက ရွာအပြင်က လက်သည်မကြီး ဒေါ်စိန်အေးရဲ့ ခွေးတွေပေါ့ကွယ်
အစကတော့ အကောင်ရေက နည်းတယ်ကွယ့်
သူကျွေးမွေးနိုင်သေးတယ်
နောက်တော့ အကောင်ရေကများလာတော့ သူလည်းမကျွေးနိုင်မမွေးနိုင်တော့ ဟိုအိမ်သွားပြီး အတင်းပေး၊ ဒီအိမ်သွားပြီး အတင်းပေးနဲ့ လုပ်ရတော့တာပဲဟေ့
သူ့ခွေးတွေက ခွေးသူခိုးတွေချည်းပဲများတာဆိုတော့ ဘယ်သူမှတော့ သိပ်မလိုချင်ကြဘူးကွယ့်

ခွေးတွေကလည်း တနှစ်တနှစ်ကို ပေါက်လိုက်ရင် အများကြီးကွယ့်
အခုတော့ သူမနိုင်တော့လို့ သူ့ခွေးတွေက ရွာထဲပတ်ပြီး ခိုးစားကုန်ကြပြီလေ
အစကတည်းက ခွေးတွေက ဝဝလင်လင်မစားရတော့ ခိုးစားလာတာပေါ့ကွယ်

ဒေါ်စိန်အေးခွေးဟေ့ ဆိုရင် ရွာထဲမှာ အော့ကြောလန်တွေကွယ့်
ခိုးစားကြတယ်ဆိုပေမယ့် အုပ်စုကလည်းတောင့်၊ အကောင်တွေကလည်းကြီးတော့ တော်ရုံဆို သိပ်မပြောရဲကြဘူးကွယ့်
ရွံကြောက်ကြီးတွေပေါ့ကွယ်

တခုကောင်းတာကတော့ ဒီအကောင်တွေက သခင်အပေါ်မှာ အတော်သစ္စာရှိကြတာကွယ့်

ဘကြီးကတော့ ကိုယ့်အိမ်ရှေ့လာစောင့်တဲ့ခွေးတွေမို့ ကိုယ်နိုင်ရာနဲ့ ကုသိုလ်လုပ်တာပေါ့ကွယ်

ဘယ်လိုပြောပြော ဒီကောင်တွေရဲ့ ကျေးဇူးကလည်း မနည်းဘူးလေကွယ်
တော်ရုံလူဆို သူတို့ဟောင်သံနဲ့တင်ကို လန့်ပြီးဖျားသွားတယ်ကွယ့်
အသံလဲကောင်း၊ အကောင်ကလည်း ဘကြီးကျွေးမွေးထားတော့ နည်းတဲ့အကောင်တွေမဟုတ်ဘူးကွယ့်
တကယ့်ထွားထွားကျိုင်းကျိုင်းကြီးတွေလေ

ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဟောင်ပေးနေတာဆိုတော့ တာဝန်တော့ ကျေသကွယ့်
ခွေးဆိုတော့ အရှက်တရားမရှိတဲ့အတွက် တခါတလေ မှားဟောင်တာမျိုးရှိတာတောင် ဗွေယူလို့မရဘူးကွယ့်

ဘကြီးသဘောကျသကွယ့်
ခွေးဆိုတာ သခင့်အပေါ်မှာ သစ္စာအရှိဆုံး သတ္တဝါကွယ့်
ငါ့တူကြီးလည်း ခွေးမွေးတဲ့အကျင့် လုပ်ထားကွယ့်
ဘကြီးကတော့ ခွေးအရမ်းချစ်တတ်တယ်
အဲဒါကြောင့် ခွေးစာလေးလည်းကျွေးနေရသကွယ့်

တနေ့က ငါ့တူကြီးတို့ပါတီက တပ်မတော်ကအငြိမ်းစားအရာရှိကြီးတယောက် မဲဆွယ်တာ တွေ့လိုက်တယ်

အမဲစက်မရှိဘူး ဆိုတဲ့တယောက်ပေါ့ကွယ်
အထက်က တာဝန်ပေးလို့သာ သူ့ခမျာ အမတ်အဖြစ်နဲ့ ဝင်အရွေးခံရတာလို့ ဆိုနေပြန်တော့ စိတ်မပါဘူးလားဆိုပြီး လူတွေသံသယ ဖြစ်နေသကွယ့်

သူ့ရဲ့နောက်ကြောင်းကို စုံစမ်းကြည့်ပါလို့တောင် ဆိုထားဝံ့တယ်သူဆိုတော့ ဘကြီးတော့ လေးစားမိသကွယ်

ငါ့တူကြီးတို့ပါတီမှာ အဲလိုပြောတဲ့လူက သူတယောက်ပဲ ရှိတာမို့လားကွယ်
သူက သူသဘောနဲ့သူ မဟုတ်တာမလုပ်ဘူးဆိုတဲ့သဘောပေါ့ကွယ်
အရမ်းဖြူစင်တယ်လို့ ပြောရမယ်ကွယ့်

ဒါပေသိ အထက်ကခိုင်းလို့ သတ်ဆိုသတ်၊ သိမ်းဆိုသိမ်း၊ ဖြုတ်ဆိုဖြုတ် စတဲ့အလုပ်တွေကတော့ ဘယ်ကင်းပါ့မလဲကွယ်
စစ်သားအဖြစ်ခံယူထားပြီဆိုမှတော့ အထက်ကခိုင်းတာ လုပ်တဲ့သဘောပေါ့ကွယ်
ဒါက တာဝန်ကျေတဲ့သဘောပေါ့ကွယ်
တာဝန်ထမ်းဆောင်တာပဲဆိုတော့ သူ့သဘောနဲ့သူတော့ မဟုတ်ဘူးပေါ့ကွယ်

အဲဒါကြောင့် သူကတော့ ဖြူစင်သူဆိုတာ ဘကြီးယုံသကွယ့်

သူညီက ငွေလိမ်တယ်ဆိုတာ သူလုပ်တာ မဟုတ်ဘူးလေကွယ်
သူ့သားတွေ ဒေါ်လာအထပ်လိုက်ကိုင်ပြီး မိန်းကလေးအယောက် ၂၀ လောက်နဲ့ ပျော်ပါးတယ်ဆိုတာ သူလုပ်တာမဟုတ်ဘူးလေကွယ်
ချောင်းသာမှာ မိန်းကလေးတွေ တရုံးရုံးနဲ့ စပိ်န်ဆာပေးတဲ့ကိစ္စက သူလုပ်တာမဟုတ်ဘူးလေကွယ်
အဲဒီတော့ သူက နောက်ကြောင်းရှင်းတယ်လေကွယ်

ခိုင်းတာလောက် လုပ်ခဲ့တာပဲကွယ်
ကျန်တဲ့သူ့အမျိုးတွေ လုပ်တာ သူနဲ့မဆိုင်ဘူးလေကွယ်

အခုအမတ်အဖြစ်ဝင်ပြိုင်တယ်ဆိုတာလည်း အထက်က ခိုင်းတာလုပ်ပေးတဲ့သဘောကွယ့်
အောက်က ပြည်သူခိုင်းတာလုပ်ပေးဖို့ဆိုတာ သူစဉ်းစားမှာပေါ့ကွယ်
မလုပ်ပေးတော့ရော ဘယ်သူအထွန့်တက်ရဲမှာလဲကွယ်
အစထဲက အထက်ကခိုင်းလို့ပါလို့ ပြောထားရဲ့သားနဲ့ မဲထည့်ကြတာကိုးကွယ့်

အမှန်ဆို သူက ဘုန်းကြီးဝတ်ပြီး အေးဆေးနေချင်သူကွယ့်
အထက်က တာဝန်ပေးလွန်းလို့သာ လုပ်နေရရှာတာကွယ့်
နိုင်ငံ့အတွက် အနစ်နာခံလွန်းပါတယ်ကွယ်
ဘကြီးလေးစားလို့ မဆုံးဘူးကွယ့်

သူ့လိုပဲ နိုင်ငံ့အတွက် ပေးဆပ်ထားတဲ့သူတွေ ငါ့တူကြီးတို့ထဲမှာ အများကြီးဆိုတာ ဘကြီးသိပါတယ်ကွယ်

တပ်မတော်က အငြိမ်းစားပေးလိုက်တာတောင် မနားနိုင်ပဲ အရပ်ဘက်တွေမှာ ဝင်ပြီးတာဝန်ထမ်းဆောင်ပေးနေကြရရှာတယ်
အတော်ကို အလုပ်လုပ်ကြရရှာတာကိုးကွယ့်

ဒါနဲ့တောင် မိုးကျရွေှကိုယ်အလိုမရှိ ဘာညာဆိုပြီးအော်နေကြတာ အတော် ရုပ်ပျက်တဲ့ ကိစ္စကွယ့်

တကယ်ဆို ငါ့တူကြီးရဲ့လူတွေ ဝင်ယူတဲ့နေရာက ဘာလုပ်စရာလိုလို့လဲကွယ်
လက်မှတ်လေးထိုးလိုက်
မိန့်ခွန်းလေး ဖတ်ပြလိုက်
ဟိုသွားစစ်လိုက်
ဒီသွားစစ်လိုက်နဲ့ ဘာထူးလုပ်တတ်စရာလိုတာမှတ်လို့ကွယ်

ဒါကိုပဲ ဘာတွေဖြစ်နေကြမှန်းမသိပါဘူးကွယ်
အင်ဂျင်နီယာဌာနမှာ ခန့်တဲ့ အရာရှိတွေဆိုလည်း အပြောခံလိုက်ရတာ နှစ်ပြားမတန်ဘူးကွယ်

ဘာမှမတတ်ပဲ နေရာဝင်ယူတယ်ဆိုပြီး ပြောနေကြတော့ ဒီလူတွေ အတော်မသိတာပဲကွယ့်

ဒီလောက် အဌာရသ ၁၈၀ ရပ် လောက် သင်ကြားလာတဲ့ လူတွေကို ဘာမှမတတ်ဘူးဆိုတော့ အတော်ကိုစော်ကားလွန်းပြီကွယ့်

သေနတ်တလက်ကို ၄၅ စက္ကန့်လောက်နဲ့ တစစီဖြစ်အောင် လုပ်ပစ်နိုင်သလို၊ တစစီဖြုတ်ထားတာတောင် ၄၅ စက္ကန့်အတွင်း ပစ်ခတ်နိုင်တဲ့အဆင့်ရောက်အောင် တပ်ဆင်နိုင်တဲ့အထိ ကျွမ်းကျင်လာခဲ့တဲ့ လူတွေပဲကွယ်
သူတို့ပြောသလောက်တော့ မအ သေးပါဘူးကွယ့်

အဲဒါကျွမ်းကျင်ဖို့ကို ဘယ်လောက်လေ့ကျင့်ခဲ့ရတယ်ဆိုတာ ဒီလူတွေ မသိဘူးကွယ့်

အဲဒီမကျေနပ်ဘူးဆိုတဲ့လူတွေကို သေနတ်ချပေးပြီး ဖြုတ်၊ တပ် လုပ်ခိုင်းလိုက်စမ်းပါကွယ်
တကယ်ဆို အဲဒီလူတွေ ဘာမှလုပ်တတ်မှာ မဟုတ်ဘူးကွယ့်
အလကားလေကြီးနေကြတာကွယ့်

ဒီလို သေနတ် ဖြုတ်၊ တပ်တဲ့ပညာဆိုတာ နည်းတဲ့အရည်အချင်းလားကွယ့်
အဲလောက် ပညာရှင်အဆင့်ကနေ နိုင်ငံ့အတွက် အနားမယူနိုင်ပဲ အင်ဂျင်နီယာညွှန်ချုပ် လုပ်ပေးမှာကိုတောင် ကန့်ကွက်နေကြတာဆိုတော့ ဒါတိုင်းပြည်အပေါ် စေတနာမရှိလို့ကွယ့်
တိုင်းပြည်လုပ်အားကို လျှော့ချင်နေကြတာကွယ့်
အတော်ကို သီးခံရခက်လှသကွယ်

တရားရေးဘက်မှာလည်း ဝင်ကူပေးတဲ့အနေနဲ့ တပ်ကအငြိမ်းစားတွေလွှတ်တာကို သဘောမတူကြပြန်ဘူးတဲ့ကွယ်

ဒါအတော်ကို လွဲနေတဲ့ ကိစ္စကွယ့်
အခါတိုင်းဆို အမိန့်တခုချဖို့ အထက်ကအမိန့်ကို စောင့်နေကြရတာ ဘယ်လောက်အချိန်ကုန်လူပမ်း ဖြစ်သလဲကွယ်

ဟောအခုဆို အမိန့်ပေးမယ့်လူက အနီးကပ်ညွှန်ကြားပေးတော့မှာဆိုတော့ အရင်လို အမိန့် စာအိတ်မလာသေးလို့ အမှုကို ရက်ရွှေ့ချိန်းလိုက်ရတာမျိုးတွေ လုပ်စရာမလိုတော့ဘူးလေကွယ်

ဘယ်လောက်သက်သာလိုက်လဲကွယ်
အမှုတွဲတွေကိုလည်း ခေါင်းစားစရာမလိုတော့ဘူး
ဘအမှုဖြစ်ဖြစ် " အဘ ဘယ်လိုအမိန့်ချရမလဲ " ဆိုပြီး မေးလိုက်ရင် ပြီးတဲ့ကိစ္စလေကွယ်

ဒီလောက် ငါ့တူကြီးတို့က သက်သာအဆင်ပြေအောင် လုပ်ပေးထားတဲ့ ကျေးဇူးကိုမှမထောက် ဆန္ဒပြငြကတယ်ဆိုတော့ အတော်ကို တရားလွန်တယ်ပြောရမယ်
အတော်ကို ဉာဏ်နဲလွန်းပါတယ်ကွယ်

ငါ့တူကြီးတို့မဲဆွယ်တုန်းက ပြည်သူတွေမျက်ရည်ကျအောင် မလုပ်ခဲ့ဘူးဆိုပြီး ပြောဆိုစည်းရုံးတာကို လာလှောင်နေကြတာကို ဘကြီးတွေ့ရသေးတယ်ကွယ့်

ဒီနှစ်တွေအတွင်း ငါ့တူကြီးတို့ပြည်ခိုင်ဖြိုးပါတီက ဘယ်သူ့မှ မျက်ရည်ပေါက်ကျရအောင် မလုပ်ခဲ့ဘူးဆိုတာ ဘကြီးသိနေတာပဲကွယ်

ဒါ... သက်သက် နိုင်ငံတော်အကြည်ညို ပျက်စေတာပဲကွယ့်

သူတို့ဟာသူတို့ လွမ်းလို့ငိုကြတာပဲကွယ်
ဘာသနားစရာရှိလဲ

လယ်တွေ ယာတွေ သိမ်းတဲ့အမှုတွေမှာ သူတို့ဟာသူတို့ မနေထိုင်မထိုင်နိုင် ဆန္ဒပြလို့ အဖမ်းခံရတဲ့ကိစ္စကြောင့် ငိုကြတာပဲကွယ်
ဒါ ငါ့တူကြီးတို့ လုပ်တာမဟုတ်ဘူးလေကွယ်
အသိမ်းမခံချင်ရင် အစထဲက မလုပ်ကြနဲ့ပေါ့ကွယ်
ဒါမှမဟုတ် ကိုယ့်ယာကွက်ကို အပြင်ထုတ်မထားပဲ အိမ်ထဲမှာလုံလုံခြုံခြုံထားကြပေါ့ကွယ်
ဒါရှင်းနေတာပဲ

ဒီဟာသိမ်းရင် ကိုယ့်ဟာကို အသစ်ရှာလုပ်ပေါ့ကွယ်
လုပ်စရာမရှိတောင်းစားကြပေါ့ကွယ်

ဒါကိုပဲ အလုပ်မရှိဘူးလာပြောနေကြတာ ဘကြီးဖြင့် အံ့သြလို့မဆုံးဘူးကွယ်

ဘာအရင်းအနှီးမှမလိုတဲ့ အလုပ်တွေမှ ပြည့်လို့ပါကွယ်
တောင်းစားမလား
ခိုးစားမလား
ဓားပြတိုက်စားမလား
လူသတ်စားကြမလား
ပြည့်တန်ဆာ လုပ်စားမလား
အလုပ်တွေ ပေါမှပေါပဲလေကွယ်

နိုင်ငံခြားဆိုလည်း အိမ်ဖော်တွေအဖြစ်နဲ့ ငါ့တူကြီးကိုယ်တိုင် လက်မှတ်ထိုးပြီး တင်ပို့နေတာပဲလေကွယ်

ငါ့တူကြီးတို့အနေနဲ့ အဲလိုလုပ်စားစေချင်လို့၊ လုပ်စားနိုင်အောင်လို့ လာတိုင်ရင်တောင် တော်ရုံလက်မခံပဲ ဟ ပေးထားတာကို ဒီလူတွေ သဘောမပေါက်ကြဘူးကွယ့်

တချို့ဆို အဲလိုလုပ်စားနေကြတာ အတော်ကိုအောင်မြင်နေကြပြီ
ဒီလူတွေကိုက ပျင်းနေကြတာကွယ့်

တချို့ဆို မြို့လယ်ခေါင်တောင် မရှောင် ဖုန်းလုရတာနဲ့၊
ဓားထောက်ပြီး ဓားပြတိုက်ရတာနဲ့၊
တို့ဆေးသုံး မုဒိမ်းကျင့်ပြီး တဖက်နိုင်ငံကိုရောင်းစားရတာနဲ့၊
နေ့ခင်းကြောင်တောင် လူရိုက်ပစ္စည်းလုရတာနဲ့ အတော်ကို ကြိုးစားပမ်းစားလုပ်နေကြတဲ့လူတွေဆိုလည်း ငါ့တူကြီးတို့က မသိမသာခွင့့်ပြုထားတာပဲလေကွယ်

မတော်လို့ ရဲကဖမ်းမိလို့ထောင်ကျခဲ့ရင်တောင် ငါ့တူကြီးရဲ့ တချက်လွတ်အမိန့်နဲ့ ပြန်လွှတ်ပေးနေတာပဲလေကွယ်

ဒီလောက် လုပ်ချင်တာလုပ်ခွင့်ရအောင် ဥပဒေတွေဖြေလျှော့ပေးနေတာတောင် ပြည်သူကိုမကြည့်ဘူး၊ အလုပ်အကိုင်ရှားပါးတယ်လို့ အပြောခံရတာကတော့ ဘကြီးအသဲနာလှသကွယ်

သူများနိုင်ငံတွေဆိုရင် အရွယ်မရောက်သေးတဲ့ကလေးတွေကို အလုပ်လုပ်ခွင့်တောင်ပေးတာမဟုတ်ဘူး
ကျောင်းကိုပဲ မတက်မနေရ အတင်းတက်ခိုင်းနေကြတယ်
ဒါ ကလေးတွေကို သက်သက်အကျပ်ကိုင် ခိုင်းစေတာကွယ့်
ကလေးသူငယ် အခွင့်အရေးချိုးဖောက်တာပေါ့ကွယ်

ငါ့တူကြီးတို့ဆိုရင် ကျောင်းမတက်ချင်တဲ့ကလေး မတက်ရအောင် ကျောင်းစရိတ်တွေ ကောက်ပေးတယ်
အလုပ်လုပ်ခွင့်တွေလည်း ပေးထားတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်နေကြပြီလေကွယ်

စပါးနှံရောင်းဝယ်ရေး၊
ပန်းကုံးရောင်းဝယ်ရေး၊
ဘူးခွံ ပလပ်စတစ်ခွံရောင်းဝယ်ရေး
မီးပွိုင့်လမ်းဆုံတွေမှာ ဂျာနယ်၊ မဂ္ဂဇင်းရောင်းဝယ်ရေး
စားပွဲထိုးနဲ့ အခြားတောက်တိုမယ်ရ ဝန်ဆောင်မှုတွေမှာဆို ဒီကလေးတွေပဲ ကြီးစိုးလုပ်ကိုင်နေကြတာပဲမို့လားကွယ်

ဒီလို အသက်ငယ်ငယ်လေးနဲ့ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး အလုပ်လုပ်ခွင့်ပြုထားတာတောင် ပြည်သူကိုမကြည့်ဘူးလို့ ပြောနေကြတယ်ဆိုတော့ ဒီလူတွေ အတော်ကို အဆိုးမြင်နေကြတာကွယ့်

အခုလည်း ရန်ကုန်ဝန်ကြီးချုပ်က ရန်ကုန်မြို့ထဲက လမ်းဆုံသုံးခုမှာ တပြိုင်နက်တည်း တံတားဆောက်ဖို့ အမိန့်ချပေးလိုက်တာကို ဝေဖန်နေကြတယ်

ဒါဘာဝေဖန်စရာလိုလဲကွယ်
သူတို့အတွက် တံတားထိုးပေးတာကို အပြစ်လာတင်နေကြတယ်
ဒီတံတားလုပ်ခွင့်ပြုလိုက်လို့ အဲဒီဝန်ကြီးက ဘာရမှမို့လို့လဲ
အလွန်ဆုံးရ တိုက်တလုံး၊ ကားတစီးပေါ့ကွယ်

ဒီတံတားစီမံကိန်းတွေက တခုပြီးမှ တခုလုပ်ရမယ်ဆိုတာ သိပေမယ့် အဲလိုလုပ်နေရင် နောက်နှစ်ထဲရောက်သွားမှာကွယ့်
အဲဒီအခါကျရင် အခုလို နေရာရချင်မှရတော့မှာလေ
အဲဒါကြောင့် ကျန်တဲ့သက်တမ်းလေးမှာ တခါတည်း အပြတ်ဖြတ်ပေးတဲ့သဘောနဲ့ စေတနာထားပြီး လုပ်ပေးလိုက်တာလေကွယ်

နောက်ဆုံးပြည်သူတွေပဲ ဒီတံတားကို အသုံးပြုကြမှာမို့လားကွယ့်
ဒီကြားထဲ ကားလမ်းတွေပိတ်တာကတော့ သီးခံကြပေါ့ကွယ်

အရေးကြီးရင် ခြေလျင်ဆင်းလျှောက်ကြပေါ့ကွယ်
အရေးမကြီးမှ ကားနဲ့သွားကြပေါ့
ဒါဘာခက်တာလိုက်လို့
ဒီထက်အရေးကြီးရင် ဟက်စကီးဝယ်စီးကြပေါ့ကွယ်

အလကား အပြစ်မရှိ အပြစ်ရှာနေကြတာကွယ့်
ငါ့တူကြီးတို့ ဘာလုပ်လုပ် အကောင်းမြင်ဖို့အတော်ခက်ပါတယ်ကွယ်

တနေ့ကပဲ ရွေးကောက်ပွဲကော်မရှင် မောင်တင်အေးက ရွေးကောက်ပွဲမှာ မဲစရင်းက ၃၀ ရာခိုင်းနှုန်းပဲ မှန်နိုင်မယ်လို့ ပြောတာကို ဝိုင်းပြီးအပြစ်တင်နေကြတယ်ကွယ့်

မောင်တင်အေးလည်း လုပ်နေတာပဲလေကွယ်
ပြည်သူတွေကိုက ပူးပေါင်းပါဝင်မှုအားနည်းတာလေကွယ်

တကယ်ဆို အစကတည်းက စာရင်းအမှားတွေထုတ်ပေးထားတယ်ဆိုတာ တမင်ကို ပြည်သူ့စိတ်ဝင်စားမှု ဘယ်လောက်ရှိလဲဆိုတာ စမ်းချင်လို့ဆိုတာ ဘကြီးသိတာပေါ့ကွယ်

သမ္မတကအစ ရပ်ကျေးက ဆယ်အိမ်မှူးအထိ အဆင့်ဆင့်ကွပ်ကဲထားတဲ့ ဗိုလ်ချုပ်ကြီးတွေဖြစ်နေပါရက်နဲ့ ဒီစာရင်းလေး ပြုစုတာကို ၈၀ ရာခိုင်နှုန်းမှားနေတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကွယ်

တကယ်လုပ်ချင်ရင် ဖြစ်အောင်လုပ်လို့ရတယ်ဆိုတာ ဘကြီးသိတာပေါ့
တမင်ကို ပညာပြချင်လို့ဆိုတာ သဘောပေါက်တာပေါ့ကွယ်

ဒီပြည်သူတွေကို လည်မြိုနင်းပြီး အုပ်ချုပ်လာတာ အသိပညာဘယ်လောက်မြင့်မားလဲဆိုတာ သိပြီးသားပဲလေကွယ်

၂၀ ရာခိုင်နှုန်း အမှန်ကနေ ၃၀ ရာခိုင်းနှုန်းအမှန်ဖြစ်လာတယ်၊ ၁၀ ရာခိုင်းနှုန်းပဲ စိတ်ဝင်စားစွာနဲ့ သိပြီးလာပြင်ကြတာဆိုတော့ ကျန်တဲ့ ၇၀ ရာခိုင်းနှုန်းက ထုလိုက်ထောင်းလိုက် ခြိမ်းခြောက်လိုက် လိမ်တောင်းလိုက် လုပ်လိုက်ရင် ငါ့တူကြီးတို့ရဲ့ အပိုင်မဲဖြစ်လိမ့်မယ်လို့ တွက်လို့ရပါတယ်ကွယ်

ဒါကတော့ အထူးလျှို့ဝှက်ချက်ပေါ့ကွယ်
ဘကြီးကတော့ ဘယ်သူ့မှမပြောပါဘူးကွယ်
ကိုယ်စိတ်ထဲမှာပဲ ထားပါတယ်
ငါ့တူကြီးမို့လို့သာ ပြောပြတာကွယ့်

ဘကြီးက တော်ရုံလူဆို သိပ်မပြောဘူးကွယ့်
အရမ်းနှုတ်လုံတာ

ကဲ စာလည်းအတော်ရှည်သွားပြီဆိုတော့ တော်လောက်ပါပြီကွယ်

တခြားပညာရေး၊ ကျမ္မာရေးကိစ္စတွေကိုတော့ နောက်မှ စာရေးတော့မယ်ကွယ်

အခုတော့ မွေးထားတဲ့ခွေးတွေ အစာကျွေးလိုက်အုံးမယ်
ဒါမှ ဒီကောင်တွေ ဟောင်အားကောင်းမှာကွယ့်

ငါ့တူကြီးရဲ့ တောက ဘကြီး

Yae TayZa
(စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

No comments:

Post a Comment