Twitter Bird Gadget

Tuesday, September 8, 2015

တူမောင်ကြီးသိန်းစိန်သို့ ပေးစာ - ၁၃



သို့../
တူမောင်ကြီး သိန်းစိန်
ဘကြီး စာရေးလိုက်တယ်

ဘကြီးတို့ဆီမှာ ပါတီတခုက မဲဆွယ်သကွယ့်
အပြောကတော့ အတော်ကောင်းသကိုးကွယ့်

အသဲကြားက မဲတပြားကို တန်ဖိုးထားကြပါတဲ့..

သူတို့ပြောတာ ဟုတ်တယ်ကွယ့်
တမဲကို လောလောဆယ် ၅ ထောင်တောင် ဈေးပေါက်နေတယ်၊
အနားနီးရင် ဈေးတက်အုံးမယ်လို့ ပြောနေကြလို့ အုပ်ချုပ်ရေးမှူးတွေ မဲတွေလိုက်ဝယ်နေကြတာတောင် မရောင်းကြသေးဘူးကွယ့်

ဟိုဘက်ရွာကတော့ စာမတတ်ပေမတတ်တွေများတော့ လမ်းခင်းပေးမယ်၊ လျှပ်စစ်မီးတန်းပေးမယ်ပြောတာနဲ့ အားတက်သရောကို မဲပေးကြမယ်တဲ့ဟေ့

အမှန်ကတော့ သူတို့ပိုက်ဆံနဲ့ သူတို့ပြန်လုပ်ပေးတာကို မသိကြတာပေါ့ကွယ်
နိုင်ငံတော်ငွေဆိုတာ ငါ့တူကြီးတို့ပဲ ပိုင်တာလို့ ထင်နေကြတာကွယ့်

သူတို့ကိုယ်သူတို့ နိုင်ငံတော်ဘဏ္႑ာနဲ့ ဘာမှမဆိုင်သလိုကို ထင်နေတာဟာ ငါ့တူကြီးတို့အတွက် အခွင့်အရေးပဲကွယ့်

ကိုယ့်အိတ်ထဲက စိုက်ထုတ်ပေးသလို ဘာလိုနဲ့ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်ပေးလိုက်ရုံပဲလေကွယ်

ဘယ်လောက်ကောင်းလိုက်သလဲကွယ်
အဲဒါတွေကလည်း တချိန်က ငါ့တူကြီးတို့အဖွဲ့ တက်ညီလက်ညီနဲ့ နှိပ်ကွပ်ခဲ့ကြလို့သာ အခုလောက် အ နေကြတာကွယ့်


NLD ကမဲဆွယ်တဲ့လူတွေကတော့ အတော်ရီစရာပြောတာကိုးကွယ့်

လူတိုင်းလူတိုင်း၊ နိုင်ငံသားတိုင်းဟာ ကိုယ့်မဲကို ကိုယ်ပိုင်တယ်တဲ့..

ဘကြီးတို့ရွာဆို ကြိုတင်မဲဆိုပြီး စာရင်းပဲလာကောက်သွားတာ၊ မဲရုံတောင် ဘယ်နားမှန်းမသိဘူးကွယ့်

ကိုယ့်မဲလည်း ဘယ်သူ့ထည့်လို့ ထည့်ပေးကြမှန်းတောင်မသိကြဘူးကွယ်

တချို့ကလည်း သွားရမှာပျင်းတော့ ဒီအတိုင်း မှတ်ပုံတင်နံပါတ်လေး ပေးလိုက်ကြတယ်

တချို့ဆို မဲမပေးရင် လမ်းဖောက်မပေးဘူး၊ လျှပ်စစ်မီးရဖို့ မစဉ်းစားနဲ့ ဘာညာဆိုပြီး ပြောကြတော့ ကြောက်လန့်ပြီး ပေးကြမှာကွယ့်

တချို့ဆို ဒီမှာ လက်မှတ်ထိုးထိုးဆို ထိုးနေကြတဲ့လူကများတာဆိုတော့ မဲပေးဖို့ဆိုတာ စိတ်တောင်မဝင်စားကြဘူးကွယ့်

ဟော.. ဝန်ထမ်းတွေဆိုလည်း မဲမပေးရင် ရာထူးပဲ ကျတော့မလို၊ နယ်ပဲပြောင်းရတော့မလို၊ ထောင်ပဲကျတော့မလိုဆိုတော့ သူတို့ပေးခိုင်းတဲ့ဆီကို ပေးကြမှာကွယ့်

ကြိုတင်မဲဆိုတာလည်း ဒီလိုပဲ လိုရာဆွဲယူသွားကြမှာကိုးကွယ့်

၂၀၁၀ တုန်းကတောင် ပြည်ခိုင်ဖြိုးက မရှိမဖြစ် အမတ်တယောက်၊ မနက်ဖြန် မဲရေတွက်တော့မယ် သူက ရံှုးနေတုန်း၊ အဲဒါနဲ့ အဲဒီည ဘယ်ကမှန်းမသိတဲ့ မဲတွေရောက်လာပြီး နိုင်သွားရတာမို့လားကွယ့်

အဲဒီလိုတွေ ရှိနေတာတောင် ကိုယ့်မဲကိုယ်ပိုင်တယ်လို့ ပြောနေတော့ ဘကြီးဖြင့် ရီလိုက်ရတာကွယ်

သူတို့က စင်ပေါ်ကနေ အသဲကြားကမဲတပြားတွေအော်နေတာကို အောက်က ရွာသားတွေက လက်ခုပ်တီးနေကြတာကွယ့်

လက်ခုပ်သာ တီးနေကြတာ ပေးစရာမဲက ဘယ်ဆီနေမှန်းတောင် မသိကြဘူးကွယ့်

နောက်ပြီး စည်းကမ်းကြီးတဲ့ ဒီမိုကရေစီစနစ်ဆိုတာကို ဘကြီးမကြိုက်ပါဘူးကွယ်

ဒီမိုကရေစီ အစိုးရဆိုရင် ပြည်သူတွေကို ဦးစားပေးထားတော့ ဘာဖြစ်ချင်လဲဆိုတာ ပြောနေရအုံးမှာကွယ့်

အဲလိုကြီး နေရာတကာ လိုက်ပြီးမပြောချင်ပါဘူးကွယ်
အခုအတိုင်းလေးပဲ..
ပေးတာယူ
ကျွေးတာစား
ခိုင်းတာလုပ်ပေးနေလိုက်ရင် သက်သာနေတာပဲလေကွယ်
ငါ့တူကြီးတို့ ကောင်းမယ်ထင်လို့လုပ်ရင် တိုင်းပြည်မွဲတာကတော့ ကံတရားပေါ့ကွယ်

ပြည်သူ့အစိုးရဆိုရင်
ပြည်သူ့ဆန္ဒ ကို ဦးထိပ်ထားလာကြမှာပေါ့ကွယ်

ဘကြီးက အဲဒါကို မကြိုက်တာ
ပြည်သူကို ဘာဦးထိပ်ထားစရာလိုလဲကွယ်

အာဏာရှင်လက်အောက်မှာ နှစ်ပေါင်း ၆၀ လောက်နေသားကျလာတဲ့ လူတွေပဲကွယ်
ကျင့်သားရနေကြပြီလေ

ဘာတောင်းတောင်းမရဘူးဆိုတာ လူတိုင်းလက်ခံနေကြပြီပဲဟာ ဘာအခွင့်အရေးမှ ပေးစရာမလိုပါဘူးကွယ့်

အခုလို လည်ပင်းနင်းပြီး ဆက် အုပ်ချုပ်နေလို့ရနေတာပဲကွယ်

တကယ်ဒီမိုကရေစီဆိုရင် တိုင်းပြည်ရဲ့အကျိုး အမြတ်တွေကို ပြည်သူတွေအတွက် သုံးစွဲပေးနေရအုံးမှာကွယ့်

အခုဆို တိုင်းပြည်ထဲက တွင်းထွက်၊ တောထွက်၊ ရေထွက် မှန်သမျှ ရောင်းစားပြီိး ကိုယ့်အိတ်ထဲ အသာထည့့်နေကြရုံပဲလေ
ဟုတ်တယ်မို့လား

ဒီကြားထဲ ဟိုပါမစ်ကြေး၊ ဒီပါမစ်ကြေးတွေဆိုလဲ ဝင်လာမဆဲ တသဲသဲနဲ့ အေးဆေး ထိုင်ကောက်စားရုံပဲ

မကျေနပ်တဲ့လူ ထွက်လာလည်း အမှုဆင်ပြီး ထောင်ထဲ ကောက်ထည့်ထားလိုက်ရင် ကိစ္စပြတ်ပြီ

အခုတောင် ထောင်ထဲမှာ ကိုယ့်ကိုယ်ကို ဘာမှုမှန်းမသိ၊ ဘယ်ရက်လွတ်မယ်မသိတဲ့ အသချေၤနှစ်ကြီး ထောင်သားတွေ အများကြီးပဲလေ

ဒါပေမယ့် ဘယ်သူ့ဂရုစိုက်စရာ လိုလဲ
အေးဆေးပဲလေကွယ်
အမြင်ကတ်ပုဒ်မတွေနဲ့ ဆွဲထားတဲ့ တရားခံတွေဆိုရင် ပေါမှပေါ

ဘယ်သူ အထွန့်တက်ပြီး လာပြောရဲလဲ
ပြောတဲ့ကောင် ထည့်ဖို့ ပုဒ်မကအဆင်သင့်ပဲ

နိုင်ငံတော်အကြည်ညို ပျက်စေမှု ဆိုတာ အလကားထားတဲ့ ပုဒ်မမဟုတ်ဘူးကွယ့်
ငါ့တူကြီးတို့အဆိုးရ အဖွဲ့ကို မျက်စောင်းထိုးရင်တောင် ဆွဲစိလို့ ရတဲ့ပုဒ်မကွယ့်

သောက်မြင်ကတ် ပုဒ်မထဲက တခုပေါ့ကွယ်
ပုဒ်မ ၁၈ တောင် အဆစ်ထည့်ထားသေးတယ်မို့လားကွယ့်

ဘယ်ကောင်မှ ဖင်ယားပြီး ဆန္ဒမပြနဲ့၊ ငြိမ်းစုစီနဲ့ အကုန်ဖမ်းထည့်ပစ်လိုက်ရုံပဲလေကွယ်

ဖမ်းပြီးရင်တော့ သိတဲ့အတိုင်း အိမ်၊ တရားရုံးနဲ့ ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်ဖြစ်သွားရအောင်လို့ အမှုကို ဆွဲဆန့်ထားပစ်လိုက်ပေါ့ကွယ်

အမှုစစ်ကာလ ၄ - ၅ - ၆ လလောက်ထိ စစ်ပေးပီးမှ အပြစ်မရှိကြောင်းဘာညာဆိုပြီး ပြန်လွှတ်ပေးလိုက်ရင် တရားကိုနတ်စောင့်တယ်ဘာညာဆိုပြီး ပြီးသွားကြရောကွယ့်

အမှန်ကတော့ တရားကို ငါ့တူကြီးတို့စောင့့်တယ်ဆိုတာ သဘောမပေါက်ကြသေးဘူးကွယ့်

အဲလောက်တောင် အ နေတဲ့ လူမျိုးကို ဒီမိုကရေစီတွေဘာတွေ သွားပေးလိုက်ရင် နှမြောစရာကြီးကွယ့်

ငါ့တူကြီးတို့ပဲ သိမ်းထားကြစမ်းပါကွယ်

ဥပဒေ ပုဒ်မတွေက လူဆိုးသူခိုးတွေကို ကောင်းဒုက္ခပေးတာဆိုတော့ အန္တရာယ်များသကွယ့်

ငါ့တူကြီးက မေတ္တာ တရားသမားဆိုတော့ အဲဒီဥပဒေပုဒ်မတွေနဲ့ တယောက်ယောက် ဒုက္ခရောက်သွားရင် မကောင်းဘူးကွယ့်

မလွှဲသာလို့ ဖမ်းမိလည်း ပြန်လွှတ်လိုက်ပါကွယ်
ဒါမှ သူတို့ဘဝက အဆင်ပြေမှာကွယ့်

ခိုးချင်တဲ့လူ ခိုးပါစေ
လူသတ်ချင်တဲ့လူ သတ်ပါစေ
မုဒိမ်းကျင့်တဲ့လူ ကျင့်ပါစေ
လိမ်တဲ့လူ လိမ်ကြပါစေကွယ်

သူတို့လည်း ပြည်သူတွေပဲဆိုတော့ သူတို့ဆန္ဒလည်း လိုက်လျောပေးရမယ်မို့လားကွယ့်

ငါ့တူကြီးရဲ့ စေတနာ အလကားမဖြစ်ပါဘူးကွယ်
သူတို့တွေ ခိုးကြ၊ လုကြ၊ ဓားပြတိုက်ကြ၊ လူသတ်ကြနဲ့ လုပ်ချင်တာ လုပ်နေကြတာပဲလေကွယ်

ဒီလောက် လိုက်လျောပြီး လုပ်ခွင့်ပေးထားတာတောင် ပြည်သူ့ဆန္ဒကို လစ်လျူရှုတယ်လို့ ပြောခံရတာတော့ ဘကြီးရင်နာလိ့ုမဆုံးဘူးကွယ်

သူတို့က တဆိတ်ရှိရင် ငါ့တူကြီးတို့ အဆိုးရအဖွဲ့ဝင်တွေထဲက မကောင်းတဲ့လူတွေကို အရေးယူစေချင်ကြတာကွယ့်

ဒါဖြစ်မလားကွယ့်
အဲလိုလုပ်လိုက်ရင် သူ့ကို ကိုယ်ဖော်၊ ကိုယ့်ကို သူဖော်နဲ့ တကောင်မှ ကောင်းတာကျန်မှာမဟုတ်ဘူးလေကွယ်

အဲလိုသာဆို ငါ့တူကြီး ဆရာသမားနဲ့ ငါ့တူကြီးက ရှေ့ဆုံးကသွားကြရမှာကွယ့်

တရားဥပဒေအရ လူတန်းစားမခွဲခြားပဲ ထိရောက်စွာအရေးယူရမယ်ဆိုရင်တော့ ငါ့တူကြီးတို့ အဆိုးရတဖွဲ့လုံး ထောင်ကျကုန်မှာကွယ့်

အဲလိုကြီးတော့ အဖြစ်မခံပါနဲ့ကွယ်

မိဘတွေဖြစ်တဲ့ ပြည်သူတွေကတော့ ကိုယ်သားသမီး အဆိုးရကို အဲလောက်မရက်စက်ပါဘူးကွယ်

မိဘဆိုတာ စိတ်ဆိုးတုန်းခဏပါကွယ်
မသိချင်ယောင်ဆောင်ပြီး နေပါကွယ်၊ သူတို့ဘာမှ လုပ်မရပါဘူးကွယ့်

နိုင်ငံတကာကဆိုရင်လည်း ငါ့တူကြီးတို့က ပြည်သူတွေကို မိဘပြည်သူတွေလို သဘောထားနေရဲ့သားနဲ့ သားသမီးဖြစ်တဲ့ အဆိုးရအဖွဲ့ကို မညှာမတာ လုပ်ရက်တဲ့မိဘတွေဆိုပြီး အပြစ်တင်လာကြမှာကွယ့်

ကိုယ့်မိဘတွေကို သူများတံတွေးကွက်တော့ အမျောမခံပါနဲ့ကွယ်
ဟန်မပျက် သီးခံပြီး နေပေးပါကွယ်

အဲလို အန္တရာယ်များတဲ့ ဥပဒေတွေကို ဒီအတိုင်းလွှတ်မထားနဲ့ကွယ့်
ငါ့တူကြီးတို့ရဲ့ အောက်မှာပဲထားကွယ့်

ငါ့တူကြီးတို့ အဆိုးရအဖွဲ့ဝင်တွေအချင်းချင်းဆိုရင် အဲဒီ ဥပဒေတွေ မသုံးနဲ့ကွယ့်
မျက်နှာပျက်စရာတွေဖြစ်ကုန်မယ်

ပြည်သူတွေထဲကဆိုရင်တော့ ရှိသမျှဥပဒေအကုန်ထုတ်ပြီး အရေးယူစမ်းပါကွယ်

တချို့တလေက အလိုက်မသိကြဘူးကွယ့်
အဲဒီလို နောင်ကျဉ်အောင် ဆုံးမလိုက်မှ နားအေးမှာ

ပါတီတခုရဲ့ မဲဆွယ်ပွဲမှာ ပြောတဲ့စကား ငါ့တူကြီးကြားစေချင်လိုက်တာကွယ်

ပြည်သူ့ဘဝတိုးတက်ဖို့ သူတို့ ကို မဲပေးရမယ်တဲ့ကွယ်...

ဘကြီးကတော့ ပြည်သူတွေဘဝ မတိုးတက်တာ တိုးတက်တာထက် ကိုယ့်အမျိုးဖြစ်တဲ့ ငါ့တူကြီးတိုးတက်ဖို့ အရေးကြီးတယ်လို့ ထင်သကွယ့်

ဘကြီးက မျိုးချစ်တယောက်လည်း ဖြစ်ပြန်ဆိုတော့ ငါ့တူကြီးရှိတဲ့ ပါတီပဲ မဲထည့်မှာပါကွယ်

ကိုယ့်အမျိုး ကောင်းစားဖို့က အရေးကြီးတယ်မဟုတ်လားကွယ့်

ငါ့တူကြီးတို့ ပါတီဝင်တွေကို ကြည့်လိုက်ရင် ရာထူးကြီးရင် ကြီးသလို ချမ်းသာကြွယ်ဝတဲ့ လူတွေချည်းပဲလေကွယ်

ဘယ်လို ခိုးထားတယ်ဆိုတာ အရေးမကြီးပါဘူးကွယ်
ဘယ်လောက်ချမ်းသာလဲ ပဲအရေးကြီးပါတယ်

နိုင်ငံတော်ငွေ ခိုးကြတာပဲကွယ်၊ သူတို့အိမ်တွေ တက်ခိုးနေတာမှ မဟုတ်တာ
အဲဒီတော့ ချမ်းသာတာကို အပြစ်တင်လို့တော့ ဘယ်ရမလဲကွယ့်

ဒီလို ခိုးလို့ရတဲ့ နေရာရဖို့ ဘယ်လောက် ကလိန်ကကျစ်ကျပြီး ကြိုးစားခဲ့ရလဲဆိုတာ မသိကြဘူးကွယ့်

နိုင်ငံတော်က တရားဝင်ပေးတဲ့ လစာနဲ့တော့ အခုလို ဘယ်ချမ်းသာကြမလဲကွယ်
ကားတောင် ဝယ်စီးနိုင်ဖို့ မလွယ်ဘူးလေ

အခု ကားနဲ့ ခြံနဲ့ လုပ်ငန်းတွေနဲ့ ဘဏ်အကောင့်တွေနဲ့ ဆိုတော့ မနာလိုဖြစ်နေကြတာပါကွယ်

ဒါကိုပဲ ကိုယ်မခိုးလို့ ကိုယ်မချမ်းသာတာကို အပြစ်မတင်ပဲ ငါ့တူကြီးတို့ အဆိုးရအဖွဲ့ဝင်တွေ ချမ်းသာတာကို လာပြီးအပြစ်ပြောနေကြတယ်

အံ့ရောကွယ်.. အံ့ရော

ဒီလောက် ဘုရားဟောတဲ့ ဗြဟ္မစိုရ်တရား လေးပါးနဲ့အညီ နေထိုင်တဲ့ ငါတူကြီးတို့ အဆိုးရအဖွဲ့ဝင်တွေကို မင်းဆိုးတွေဖြစ်အောင် ပုံဖော်နေကြတာကွယ့်

မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရား လေးပါးဆိုတာ ငါ့တူကြီးအနေနဲ့ ခါးဝတ်ပုဆိုးထက်တောင် မြဲမြံနေတယ်ဆိုတာ ဒီလူတွေမသိကြဘူးကွယ့်

မေတ္တာထားတဲ့နေရာမှာလည်း အချင်းချင်း ညီညွတ်နေကြတာက သက်သေပဲလေကွယ်
အချင်းချင်းဆိုတော့ မဖမ်းရက်၊ မဆီးရက်နဲ့ကို မေတ္တာတရား ကြီးမားကြတယ်လေကွယ်

ဂရုဏာထားတဲ့နေရာမှာဆိုလည်း ကိုယ်တိုင်ခိုး၊ ဆိုး၊ နှိပ်စက်ရုံတင် မဟုတ်ပဲ၊ ကိုယ့်လို လူယုတ်မာပေါက်စလေးတွေကို သူ့အပြစ်သူခံနေရတာတောင် မကြည့်ရက်လို့ ပြန်လွှတ်ပေးရတဲ့အထိကို ကြီးမားကြတယ်လေကွယ်

မုဒိတာဆိုလည်း မလျော့ဘူး
သူ့ဂွင်၊ ကိုယ့်ဂွင်၊ သူစားကျက်၊ ကိုယ့်စားကျက်ခွဲဝေထားပြိီးသားဆိုတော့ အချင်းချင်းခိုးနေတာကိုကြည့်ပြီး ဝမ်းသာလုံးဆို့နေကြတယ်လေကွယ်

ဥပေက္ခာတရားက အကြီးဆုံးကွယ့်
ကိုယ်တိုင်လည်း မဟုတ်တာလုပ်နေတာဆိုတော့ သူများမဟုတ်တာလုပ်နေတာကို ဂရုလည်းမစိုက်နိုင်ဘူးလေကွယ်
ပြည်သူတွေဆိုလည်း ဘာဖြစ်နေနေ
ဘာတောင်းနေနေ ဂရုကိုမစိုက်နိုင်အားဘူးမို့လားကွယ့်
အဲတော့ ဒီလိုပဲ ဥပေက္ခာတရားလေးပွားနေကြရတာ မို့လားကွယ့်

[တခါတလေ စားခွက်လုရင်း ဖြုတ်ထုတ်သတ်လုပ်တာကတော့ ခြွင်းချက်ပေါ့ကွယ်
ဘကြီးအိမ်နားက ခွေးတွေတောင် ဒီလိုပဲ တခါတလေ ကိုက်နေကြတာပဲကွယ့် ]

ပြောချင်တာက ဒီလောက် သူတော်ကောင်းတရားတွေနဲ့ ပြည့်စုံနေတဲ့ ငါ့တူကြီးတို့အဆိုးရအဖွဲ့ဝင်တွေကို ပြည်သူတွေက ဘာကြောင့်များ မကြည်ဖြူကြပါလိမ့်ဆိုတာ ဘကြီးဖြင့် စဉ်းစားလို့ကို မရဘူးကွယ်

တကယ်ဆို ဘုရားဟောတရားတွေနဲ့ ပြည့်စုံတဲ့မင်းဆိုတာ အရမ်းရှားပါးတဲ့အမျိုးကွယ့်
ဒါမျိုးကိုကျ တန်ဖိုးမထားကြပဲ တယ်လီယာတို့၊ ဒိုဘာမင်တို့ဆိုတဲ့ ခွေးမျိုးတွေကိုကျတော့ ဈေးကြီးပေးဝယ်ကြတယ်ဆိုတော့ ဒါအရွေးမှားတယ်ပြောရမယ်ကွယ့်

ဘကြီးကတော့ ငါ့တူကြီး တမျက်နှာနဲ့တင် ပြည်ခိုင်ဖြိုးမှ ပြည်ခိုင်ဖြိုးပဲဟေ့

တခြားပါတီ မဲပေးနေရင် နေရင်းထိုင်ရင်း တခြားပြည်သူတွေနဲ့ တတန်းတည်းထားပြီး အခွင့်အရေးရနေရင် မနေတတ်ပါဘူးကွယ်

ငါ့တူကြီးတို့ ဘကြီးတို့ မင်းမျိုးတွေနဲ့ ဒီပြည်သူတွေနဲ့ အခွင့်အရေးအတူတူဆိုတာတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူးကွယ်

အဲဒါကြောင့် ပြည်သူတွေ ဘဝ ဒီထက်တိုးတက်မလာဖို့က လက်ရှိငါ့တူကြီးတို့ ပြည်ခိုင်ဖြိုးပဲ လုပ်နိုင်တာကွယ့်

အဲဒီတော့
" လက်ရှိအခြေအနေလေး မပြောင်းစေဖို့ ပြည်ခိုင်ဖြိုးကို မဲပေးစို့ " လို့ ပြောပြောပြီး လိုက်ပြီးစည်းရုံးလိုက်အုံးမယ်ကွယ်

စည်းရုံးလို့ရမှာပါကွယ်
ဘကြီးတို့နားက ငတုံးတွေများတယ်ကွယ့်

ဒါပဲနော်..
ငါ့တူကြီးအတွက်
တပိုင်တနိုင် မဲဆွယ်ထွက်လိုက်အုံးမယ်ကွယ်

ငါ့တူကြီးရဲ့ တောကဘကြီး

Yae TayZa

No comments:

Post a Comment