သို့../
တူမောင်ကြီး သိန်းစိန်
ဘကြီး သတိရစွာနဲ့ စာရေးလိုက်ပါတယ်
ခေတ်ကာလကြီးက မကောင်းဘူး ငါ့တူကြီးရေ
ရဲနှစ်ယောက် တရားခံဖမ်းရင်း အသတ်ခံရတဲ့သတင်းကြားပြီးကတည်းက ငါ့တူကြီးလုံခြုံရေးကို ဘကြီးစိတ်ပူမိတယ်ကွယ်
ဒါပေသိ ဒီလူဆိုး သူခိုးတွေကတော့ သူတို့တွေရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ ငါ့တူကြီးကိုတော့ ရန်မမူလောက်ပါဘူးလို့လည်း တွေးမိပါတယ်ကွယ်
သတိဆိုတာ ပိုတယ်မရှိဘူးမို့လား
အဲဒါကြောင့် ငါ့တူကြီး သတိတော့ထားပါကွယ်
ဒီလောက် ထောင်သားပေါင်း ထောင်နဲ့ သောင်းနဲ့ချီပြီး လွှတ်ပေးထားတာဆိုတော့ စုန်းပြူးလေးတွေတော့ ပါမှာပေါ့ကွယ်
ဒါကိုပဲ ငါ့တူကြီးက လူဆိုးသူခိုးတွေချည်းပဲ ရွေးလွှတ်ပေးနေသလို ပြောနေကြတယ်ကွယ့်
အော်.. လူတွေ.. လူတွေ
အတော်တော့ တရားကျစရာ ကောင်းတယ်ကွယ့်
ဗိုလ်ကြီးဟောင်းနေမျိုးဇင်လို ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်နေတဲ့ ပြည်သူ့ဘတ်တော်သားတယောက်ကို လွှတ်မပေးပဲ အပြင်မှာ ခိုးဆိုးလုယက်နေလို့ ခက်ခက်ခဲခဲဖမ်းထားရတဲ့ ကောင်တွေကို လွှတ်ပေးရမလားဆိုပြီး ပြောနေဆိုနေသံကြားရတာ နားမချမ်းသာလိုက်တာကွယ်
ကိုယ်ချင်းစာတရားနည်းကြလွန်းလို့သာ ဒီလိုပြောနေကြတာပါကွယ်
ဒီလူဆိုးသူခိုးဆိုတာ ငါ့တူကြီးရဲ့ မကောင်းကြောင်းလည်း မပြောဘူး၊ ငါ့တူကြီးရဲ့ ထိုင်ခုံကိုလုမယ့်လူတွေလည်း မဟုတ်ဘူးလေကွယ်
ဟိုနေမျိုးဇင်ဆိုတဲ့လူက ငါ့တူကြီးအသုံးမကျတဲ့အကြောင်းတွေလည်း ပြောတယ်ကွယ်
ဝေးလံခေါင်းပါးတဲ့ ရွာတွေဆို သူ့ဟာသူ ကူညီထောက်ပံ့မှုတွေလုပ်ပြီး ဒါတွေက အဆိုးရလုပ်ပေးရမယ့်ဟာ ဆိုပြီး အမှန်တရားတွေ ပြောတယ်ကွယ့်
ပြီးတော့ ငါ့တူကြီးတို့ မဟုတ်တာလုပ်ထားတာကို မပေါ် ပေါ်အောင် ဆန္ဒပြတယ်
အမှန်တရားတွေဆိုပေမယ့် ဒါငါ့တူကြီးတို့ကို ထိခိုက်တယ်ကွယ့်
ငါ့တူကြီးတို့်တတွေ လူကြီးလူကောင်ယောင်ဆောင်နေတာကို ဒီကောင်က လာပြီးဖော်ကောင်လုပ်နေတာကွယ့်
ဘကြီးသာဆို ကိုယ့်ဟာကို ခိုးတာ၊ မကောင်းတာ မင်းနဲ့ဘာဆိုင်လဲဆိုပြီး နရင်းကို ပိတ်တီးပလိုက်တယ်
ငါ့တူကြီးလို သူတော်ကောင်းမို့လို့သာ အမှုကို မကြာကြာအောင် ဆွဲဆန့်ပေးနေတာ
ဒီလို ရေကြီးပြီး ဒုက္ခသည်တွေ ပွထနေတဲ့အချိန်မှာ သူ့ကိုလွှတ်ပေးလိုက်ရင် ဒီကောင်က အားတက်သရော လုပ်တော့မှာကွယ့်
အဲဒီအခါကျရင် ဟိုငါ့တူကြီးတို့ ပွဲထုတ်ထားတဲ့ ဟိုမင်းသားလေးတောင် မှိန်သွားအုံးမယ်
အဲဒါကြောင့် ဒီရေဘေးကိစ္စ ပြန်လည်ထူထောင်ရေးကိစ္စတွေ မပြီးမချင်း အဲဒီကောင်ကို လွှတ်ပေးလို့ မဖြစ်ဘူးကွယ့်
ဒါမှ ဟိုမင်းသားလေး နာမည်တက်မှာ...
တခြား ပရဟိတအသင်းတွေကိုတော့ နဲနဲပါးပါးပဲ အနှောင့်အယှက်ပေးတာ ကောင်းပါတယ်ကွယ်
မဟုတ်ရင် အရမ်းသိသာသွားမယ်
ဟိုမင်းသားလေးကိုတော့ အစစအရာရာ ကူညီလိုက်ပါကွယ်
လေယာဉ်ဆိုလေယာဉ်၊ ဟက်စကီးဆို ဟက်စကီး၊ ကားဆိုကား၊ လူအင်အားဆို လူအင်အား ဖြည့်ဆည်းပေးလိုက်ပါကွယ်
သူ့ခမျာလည်း ကရင်ပြည်နယ်က သူ့ရွေှကြောကိစ္စကို ဒီအတိုင်းပစ်ထားပြီး ပရဟိတအလုပ်တွေကို လုပ်ပေးနေရတာမို့လားကွယ့်
ဘကြီးတော့ လေးစားအားကျလိုက်တာကွယ်
ဒါတောင် ဒီမင်းသားလေးကို ပြောနေကြတာ ရစရာကိုမရှိဘူးကွယ်
သူ့ဟာသူ အတွင်းခံနဲ့ ခွေးကယ်တာပဲကွယ်
ဘာများ မဟုတ်တာလုပ်နေတာမို့လို့လဲ
မသိရင် နှုတ်သီးကို ကြိုးနဲ့ချည်ပြီး ဗွက်ထဲပစ်ချထားတဲ့ခွေးကို တမင်ကယ်ပြနေသလို ပြောနေကြတာ ဘကြီးဖြင့် စိတ်တိုလိုက်တာကွယ်
ဒီလိုရေဘေး ဖြစ်နေတဲ့အချိန်မှာ ငါ့တူကြီးတို့အနေနဲ့က ဘုရားဟောအတိုင်း ဖော်ဆောင်ပေးနေတယ်ဆိုတာ မသိကြဘူးကွယ့်
ဘုရားဟောထားတယ်လေကွယ်
ရန်သူမျိုး ငါးပါး တဲ့..
ဟောအခုဆိုရင်
၁။ မီးဘေးလည်း ကြုံခဲ့ပြီ
၂။ လေဘေးလည်း ကြုံခဲ့ပြီ
၃။ အခုရေဘေးလည်းကြုံနေပြီ
၄။ ငါ့တူကြီးတို့အဖွဲ့နဲ့လည်း ကြုံနေပြီိ
၅။ လူဆိုးသူခိုးတွေလည်း လွှတ်ပေးထားပြီ
ကဲဘာလိုသေးလည်းကွယ်
ဒီလောက် ဘုရားဟောတရားတွေကို ဦးထိပ်ထားဖော်ဆောင်နေပါရက်နဲ့ အဆိုးရမကောင်းဘူးလို့ အပြောခံရတာကတော့ အတော်ခံပြင်းစရာကောင်းလှသကွယ်
ဟို ရဲနှစ်ယောက် အသတ်ခံရတာနဲ့ပက်သက်ပြီးတော့လည်း ငါ့တူကြီးကို တရားခံလိုလို ပြောနေကြတယ်
ဒါသက်သက် နိုင်ငံတော် အကြည်ညိုပျက်စေတာကွယ့်
ငါ့တူကြီးက မေတ္တာတရားရှေ့ထားပြီး သူခိုးဂျပိုးတွေကို လွှတ်ပေးတာပဲကွယ်
ဘာပြောစရာလိုလို့လဲ
သူတို့တွေ မဟုတ်တာလုပ်ရင် ပြန်ဖမ်းကြပေါ့ကွယ်
ဖမ်းရမှာ ရဲအလုပ်ပဲမို့လားကွယ့်
ဖမ်းရင်းနဲ့ အခုလို အသတ်ခံရတာကတော့ ကိုယ်အလို့ ကိုယ်ခံရတယ်လို့မှတ်ပေါ့ကွယ်
နိုင်ငံတကာကလို ခေတ်မှီလက်နက်တွေတပ်ဆင်ပေးထားတာပဲကွယ်
(Silencer) အသံတိတ်သေနတ်အစား မြန်မာ့နည်းမြန်မာ့ဟန် လေးဂွတွေ တပ်ဆင်ပေးထားတယ်လေကွယ်
သေနတ်ဆိုတာကမှ ကျည်ဆံကုန်ရင် ဘာမှသုံးစားမရဘူး
ကျည်ဆံတောင် တမျိုးပဲ ထည့်ပစ်လို့ရတာမျိုးကွယ့်
ငါ့တူကြီးတို့ပေးထားတဲ့ လေးဂွဆိုရင် ဘယ်နေရာက ခဲလုံးနဲ့ ထည့်ပစ်ပစ် ရတယ်လေကွယ်
ကုံးသီး၊ ဖန်ဂေါ်လီ၊ လောက်စာလုံး စတဲ့ ပစ္စည်းတော်တော်များများနဲ့ ထည့်ပစ်လို့ ရတယ်လေကွယ်
ဒီလောက် စွယ်စုံသုံး ခေတ်မှီလက်နက်တွေ တပ်ဆင်ပေးထားတာတောင် ခံလာရတယ်ဆိုတာတော့ အတော်ကို ညံ့သေးတယ်ပြောရမယ်
သွားရေးလာရေးဆိုလည်း လွယ်ကူအောင်လို့ စက်ဘီးတွေ ချပေးထားတာကို အပြစ်တင်နေကြသေးတယ်ကွယ့်
ကားဆိုတာမျိုးက လမ်းကြိုလမ်းကြား ဝင်မရဘူး
လမ်းမကောင်းရင် မြန်မြန်မောင်းမရဘူး
အရေးကြီးတဲ့အခါ လမ်းပြောင်းပြန် မောင်းမရဘူး
အသံမကြားအောင် ချဉ်းကပ်ရမယ်ဆို ကားသံကြီးက ဖျောက်မရဘူး
ဆီကုန်သွားရင် မောင်းမရဘူး
ပျက်စရာနေရာကလည်း အများကြီးပဲ
ဆီပျောက်၊ မီးပျောက်နဲ့ ၊ ဒီကြားထဲ ကိုယ့်ရဲတွေက ကားပြင်တတ်တာလည်း မဟုတ်ဘူး
ဟော.. စက်ဘီးလေးနဲ့ဆိုရင် အဲဒီပြဿနာတွေ မဖြစ်တော့ဘူး
ဘယ်လမ်းကြားဖြစ်ဖြစ် ဝင်လို့ရသလို
ကိုယ်လိုက်နေတယ်ဆိုတာလည်း သူမကြားရဘူး
ချိန်း (Chain ) ကျရင်လည်း ကိုယ့်ဟာကိုယ် ကောက်တင်လိုက်ရုံပဲ၊ ဘယ်ဝပ်လျှော့ဆရာမှ ခေါ်နေစရာမလိုဘူး
လေမရှိ ဂွေရှိတာမို့ ဘီးပေါက်နေရင်တောင် အကြိုက်နင်းလို့ရသေးတယ်
ဘယ်လောက်တောင် အဆင်ပြေလဲကွယ်
သေနတ်ဆိုလည်း တချိန်က ဖက်ဆစ်ဂျပန်နဲ့ အင်္ဂလိပ်တွေကို မြန်မာ့မြေပေါ်က တိုက်ထုတ်ခဲ့တဲ့ သမိုင်းဝင် သေနတ်အကောင်းစားတွေလေကွယ်
ဒီလောက်အင်အားကြီးတဲ့ ဂျပန်လို၊ အင်္ဂလိပ်လို ရန်သူတွေတောင် မောင်းထုတ်နိုင်ခဲ့တဲ့ လက်နက်တွေကို တပ်ဆင်ပေးထားတောင် ဘာမဟုတ်တဲ့ ပြည်တွင်းတရားခံ တွေနဲ့ကျမှ အသတ်ပါခံရတယ်ဆိုတော့ အတော်ကို ညံ့လွန်းပါတယ်ကွယ်
သူများနိုင်ငံတွေက ရဲတွေဆိုရင် Equipment ဝတ်စုံပြည့်ဝတ်ထားရတယ်
ကျည်ကာတွေ၊ လျှပ်စစ်ရှော့ရိုက်တဲ့ Electric gun တွေ၊ ကိရိယာ တန်ဆာပလာအစုံ ကိုယ်ပေါ်မှာ ဝတ်ထားရတော့ ဘယ်လောက်များ လေးလံမွန်းကျပ်နေမလဲကွယ်
ဟော.. ခုငါ့တူကြီးတို့က အဲဒါတွေ ဘာမှပေးမဝတ်ထားတော့ ဘယ်လောက်ပေါ့ပါးလွတ်လပ်နေမလဲ
တကယ်ဆို ဒီလောက်ပေါ့ပါးနေတာ ပြေးစရာရှိ လွတ်အောင်ပြေးပေါ့ကွယ်
ဘာကိစ္စ အသတ်ခံရမလဲကွယ်
ဟုတ်တယ်မို့လား
စားဝတ်နေရေးအတွက်လည်း လာဘ်ငွေ သုံးသိန်းတောင် တရားဝင်စားခွင့်ပြုထားတာပဲကွယ်
လုပ်စား တောင်းစား ကြပေါ့ကွယ်
အခုဆို ငွေညှစ်လို့ရအောင် မျိုးစောင့်ဥပဒေဆိုတာကြီးတောင် အတည်ပြုထားပေးတယ်
ပြည့်တန်ဆာ၊ တည်းခိုခန်း၊ ဟိုတယ်တွေနဲ့ပေါင်းပြီး လုပ်စားကြပေါ့ကွယ်
ဟုတ်တယ်မို့လား
ဒီလောက် အဘက်ဘက်က ပြည့်စုံအောင် စီမံပေးထားပါရက်နဲ့ အခုလို ငါ့တူကြီးတို့အဆိုးရကို အပြစ်ပြောနေကြတာကိုတော့ ဘကြီးလုံးဝမကျေနပ်ဘူးကွယ်
ငါ့တူကြီးတို့အဆိုးရ ဘာလုပ်လုပ် မကောင်းပြောနေကြတာတော့ သိပ်မဟုတ်သေးပါဘူးကွယ်
တလောက မျိုးစောင့်ဥပဒေကိစ္စ စွမ်းစွမ်းတမံ ပါဝင်ခဲ့တဲ့ သခင်အမည်ခံထားတဲ့ ကောင်လေးတယောက်ဆိုရင် ဝိုင်းပြီး ကဲ့ရဲ့နေလိုက်ကြတာကွယ် မြင်လို့တောင်မကောင်းဘူးကွယ်
တကယ်ဆို ကောင်လေးက သူဟာသူ ခြောက်တာပဲကွယ်
ဘယ်သူ့ ဘာလုပ်နေတာမှတ်လို့
အဲဒါကို ပါကစ္စတန်နိုင်ငံသားတယောက်နဲ့ ကူဝိတ်မှာ Man to Man နေတဲ့ကိစ္စကို ခုမှလာပြီး အရှက်ခွဲနေကြတယ်ကွယ့်
နောက်ပြီး ထောက်ကြံ့မှာတုန်းကလည်း လုပ်ဖော်ကိုင်ဘက်တယောက်နဲ့ နေကြတယ်ဆိုပြီး ဖော်နေကြပြန်ရော
ဒါတော်တော် တရားလွန်တဲ့ကိစ္စကွယ့်
သူတဖက်သားရဲ့ ကိုယ်ရေးကိုယ်တာကို တိုက်ခိုက်တာကွယ့်
ငါ့တူကြီးအနေနဲ့ တရားမျှတမှုတခုခု သူ့အတွက်ရှာပေးစေချင်တယ်
ဘကြီးက ကောင်လေးဘက်ကနေ မခံနိုင်လွန်းလို့ပါကွယ်
အမှန်ဆို သူ့ဟာသာ ခံချင်လို့ခံတာပဲကွယ်
ဘကြီးနဲ့မပက်သက်ပါဘူး
ဒါပေသိ ဘကြီးက သားသမီးချင်းကိုယ်ချင်းစာလို့ ငါ့တူကြီးကို ပြောပြပြီး ကူညီဖို့ပြောတာပါကွယ်
ဒီကောင်လေးက လူကောင်းလေးပါကွယ်
ရံပုံငွေထဲက ကွန်ပြူတာဝယ်တာတို့၊ ဖုန်းဝယ်တာတို့ဆိုတာ ငါ့တူကြီးတို့ခိုးတါနဲ့စာရင် ဘာမှပြောပလောက်တာမဟုတ်ပါဘူးကွယ်
သူအနေနဲ့လည်း ဒီမျိုးစောင့် ဥပဒေပြဌာန်းရေးအတွက် စားစရာမရှိလို့ ရန်ပုံငွေတွေကို စားလိုက်သောက်လိုက်နဲ့ အတော်ကြိုးစားခဲ့ရတာကွယ့်
အဲဒါကြောင့် သူ့ကို တခုခု ကူညီပေးလိုက်ပါလို့ ဘကြီးတောင်းဆိုပါရစေကွယ်
အခုဆိုရင် သူ့ဆရာတော်နဲ့ သူတို့တတွေရဲ့ အောင်မြင်တဲ့အထိမ်းအမှတ်နဲ့ တော်သလင်းဆိုတဲ့ ခွေးတွေမိတ်လိုက်ရင်းမြူးတဲ့လမှာ ကမ်းပိန်းလုပ်အုံးမှာကွယ့်
ပိုပြီး စည်ကားတာပေါ့ကွယ်
ခွေးတွေက အဲ့လမှာ ပျော်ကြတာကွယ့်
ဘကြီးဖြင့် ပီတိဖြစ်လိုက်တာကွယ်
နောက်ဆိုရင် ဖောက်ပြန်တတ်တဲ့ ယောကျ်ားတွေကတော့ ထောင်ကျဖို့သာ ပြင်ထားပေတော့...
သူတို့မိန်းမတွေကတော့ ထောင်ဝင်စာလာတွေ့လိုက်၊ စားဝတ်နေရေးအတွက် လုံးပမ်းလိုက်နဲ့ဆိုတော့ နဲနဲတော့ ပင်ပန်းမှာပေါ့ကွယ်
တချို့မိန်းမတွေကတော့ သူ့ယောကျ်ားဖောက်ပြန်နေမှန်းသိပေမယ့် ထောင်ကျမှာစိုးတော့ ပြဿနာမရှာရဲ၊ ဘယ်သူ့မှလည်း မတိုင်ရဲ နဲ့ အတော်ကို စိတ်ပင်ပန်းနေကြမှာ မြင်ယောင်သေးတယ်ဟေ့
တချို့ယောကျ်ားတွေကလည်း သူ့မိန်းကတော့ သူ့ကို ထောင်ချမှာမဟုတ်ဘူးဆိုပြီး ဂရုမစိုက်ပဲကို ကဲနေကြမှာပဲ
အမြင်မတော်လို့ ဝင်ဖမ်းပေးတဲ့ကောင်တွေကိုလည်း ကာယကံရှင်မိန်းမတွေက သူ့တို့မိသားစုကို ဒုက္ခရောက်အောင်လုပ်ရမလားဆိုပြီး ကျေးဇူးတင်မခံရပဲ၊ ကလော်တုပ်ခံရဖို့ကများနေသကွယ့်
အတူနေမိတဲ့အတွဲတွေဆိုရင် ယောကျ်ားလေးက ဖမ်းခံထိလို့ ထောင်ကျသွားရင် နေရင်းထိုင်ရင်း မိန်းကလေးက နာမည်ပျက်ပြီ
နောက်ယောကျ်ားလည်း ယူမရ၊ ရည်းစားစောင့်ပြန်တော့လည်း ထောင်ထွက်နဲ့ညားရမယ့်ကိန်းကွယ့်
ဖမ်းမယ့်ဆီးမယ့် ငွေညှစ်မယ့်ကောင်တွေကလည်း ပေါမှပေါပဲကွယ်
ဘကြီးတောင် အိမ်ကခွေးတွေကို မလွတ်ထားရဲဘူးကွယ့်
တောင်ကြာ မိတ်လိုက်နေတာကို လက်ထပ်စာချုပ် လာစစ်နေရင် ဒုက္ခကွယ့်
ဘကြီးဖြင့်တွေးကြည့်တာနဲ့တင် ဒီမျိုးစောင့်ဥပဒေက မိန်းမတွေအတွက် ထုတ်တာ ဟုတ်ရောဟုတ်ရဲ့လားလို့တောင် သံသယဖြစ်မိသကွယ့်
ဘာလို့လဲဆိုတော့ ဘယ်လိုဖြစ်ဖြစ် ယောကျ်ားကထောင်ကျမှာဆိုတော့ လောလောဆယ်မိန်းမတွေက ဒုက္ခရောက်ပြီလေကွယ်
ဘာပဲဖြစ်ဖြစ် ငါ့တူကြီးတို့က ဒါတွေလည်း တွေးပြီးလောက်ပါပြီကွယ်
အရူးစိတ်ချမ်းသာတော့ တိုင်းပြည်တဝက်အေးချမ်းတယ်ဆိုပြီး မြန်မြန်အတည်ပြုပေးလိုက်တာတော့ မဟုတ်လောက်ပါဘူးကွယ်
ဒီအကျိုးဆက်တွေဖြစ်လာမယ်မှန်း သိသိကြီးနဲ့ လုပ်ပေးလိုက်တယ်ဆိုတော့ ဒါနည်းတဲ့စေတနာမဟုတ်ဘူးကွယ့်
ပြည်သူတွေ နစ်နာတာ၊ မနစ်နာတာကတော့ ငါ့တူကြီးတို့ အလုပ်မှမဟုတ်တာကွယ်
သူ့ဟာသူ ကျီးထိုးထိုး၊ လဒစားစား အသာလွတ်ထားလိုက်ပါကွယ်
မြင်မကောငး်တဲ့သူတွေ ကယ်ကြပါလိမ့်မယ်
အခုလည်း ရဲကိုဓားနဲ့ထိုးတဲ့ကောင်ကို ပြည်သူတွေကပဲ ဝိုင်းဖမ်းပေးလိုက်တယ်မို့လားကွယ့်
ရဲတွေကတော့ ကူညီပါရစေ ကနေ ကူညီကြပါ လို့အော်နေတာ ကြားရသကွယ့်
ပြည်သူတွေကလည်း ငါ့တူကြီးလွှတ်လိုက်တဲ့ လူဆိုးတွေရဲ့ ဒုက္ခပေးမှုကို ဘယ်တော့ ခံရမလဲလို့ ဘုရားတပြီး ပူနေကြသကွယ့်
ဒါမျိုးပဲ ဖြစ်ရမှာပေါ့ကွယ့်
ငါ့တူကြီိးတို့အဆိုးရလက်အောက်မှာ လူတိုင်း ဘုရားတနေစေရမယ် မို့လားကွယ့်
ဒါမှ တတိုင်းပြည်လုံး ဘုရားမမေ့၊ တရားမမေ့မှာကွယ့်
သာသနာပြုမင်းဆိုတာ ငါ့တူကြီးတို့အဖွဲ့ကိုခေါ်တာကွယ့်
ဘယ်မင်းဘယ်လောက်ကောင်းခဲ့တယ်ပြောပြော ငါ့တူကြီးတို့ကိုမမှီပါဘူးကွယ်
ဘယ်ဘုရင် ဘယ်မင်းကမှ သူ့ပြည်သူတွေကို အချိန်ပြည့်ဘုရားတနေရအောင် မစွမ်းဆောင်နိုင်ပါဘူးကွယ်
ငါ့တူကြီးကိုတော့ ဘကြီးလေးစားပြီးရင်း လေးစားရင်ပါကွယ်
ကဲ ..
တော်ပြီ ငါ့တူကြီးရေ
ဘကြီးလည်း သမ္ဗုဒေ္ဒလေးရွတ်ပြီး ရွာထိပ်သွားလိုက်အုံးမယ်ကွယ်
တော်ကြာ ငါ့တူကြီးလွှတ်ပေးထားတဲ့ လူဆိုးသူခိုးတွေထဲက တယောက်ယောက်က ဓားနဲ့ထောက်ပြီး ပစ္စည်းလုနေမှဖြင့် နေရင်းထိုင်ရင်း မသာပေါ်နေအုံးမယ်
ဒါပဲနော်.. ငါ့တူကြီး
ငါ့တူကြီး အန္တရာယ်ကင်း ဘေးရှင်းပါစေကွယ်
ငါ့တူကြီးရဲ့ တောကဘကြီး
Yae TayZa
No comments:
Post a Comment