Twitter Bird Gadget

Sunday, August 16, 2015

တူမောင်ကြီးသိန်းစိန်သို့ ပေးစာ- ၄


သို့.../
လေးစားရပါသော တူမောင်ကြီး

ဘကြီးရိုသေစွာ စာရေးလိုက်ပါတယ်..

အရင့်အရင် စာတွေမှာ မရိုမသေပြောမှားဆိုမှား ရှိရင် ခွင့်လွတ်ပါလို့ တောင်းပန်ပါရစေ

အကြောင်းအရင်းကတော့

ငါ့တူကြီးက ဘကြီးကိုးကွယ်တဲ့ ဘုရားစေတီတွေထက် ဘုန်းကြီးနေသလားလို့ပါကွယ်..

ဘကြီးက ရတနာသုံးပါးကို ဦးထိပ်ထားထားတော့ မကြာခင်ကမှ သိလိုက်ရတဲ့ ငါ့တူကြီးရဲ့ လုပ်ဆောင်ချက်တွေအရ ငါ့တူကြီးက ဘကြီးကိုးကွယ်တဲ့ ရတနာသုံးပါးထက်များ ပိုကြီးနေမလားလို့ပါ

ဘုရားရတနာအတွက် ရည်စူးလှူတဲ့ စိန်ဖူးတော်ကိုတောင် ဖိနပ်မချွတ်ပဲ ကိုင်ဆောင်နိုင်ခဲ့တဲ့ ဘုန်းကံဟာ စင်္ကြဝတေးမင်းတွေထက်တောင် သာတယ်လို့ ဆိုချင်လှသကွယ့်

ကိုယ့်တူကြီးမို့ မြှောက်ပြောတာမဟုတ်ပါဘူးကွယ်
တကယ်ကို ကြည်ညိုလွန်းလို့ပါ

ဒီလောက်ဆို ဘကြီးသိပါပြီကွယ်
ငါ့တူကြီးရဲ့ ဘုန်းကံအရှိန်အဝါဟာ ဒီအချိန်မှာ သိကြားမင်းထက်တောင် သာတယ်လို့ ဆိုချင်သကွယ့်

ငါ့တူကြီးကို ပြောရအုံးမယ်

တချို့တွေပြောပြောနေတဲ့အသံကြားရတယ်..
ငါ့တူကြီးက သာသနာဖျက်မင်းတဲ့..

ဘကြီးက မယုံလို့မေးကြည့်တော့ သူတို့ပြောတာတွေက အခြေအမြစ် မရှိပါဘူးကွယ်

ထင်ကြေးနဲ့ ရမ်းတုပ်နေကြတာပါ

အမှန်ဆို သာသနာ့ဒါယကာ မဟာရာဇာဘွဲ့တောင် ရသင့်တာမို့လားကွယ့်

လယ်တီသိမ်ဆိုရင်လည်း ငါ့တူကြီးတို့ရဲ့ စီမံကိန်းနယ်မြေထဲ လာဆောက်ထားတာဆိုတော့ ဒါဖျက်ပြစ်သင့်တဲ့အရာပဲလေ..
နှစ်နိုင်ငံ ချစ်ကြည်ရေးကို အထိခိုက်ခံလို့ ဘယ်ဖြစ်မလဲကွယ်

သာသနာက သာသနာ
လူမှုရေးက လူမှုရေးပဲလေ

လယ်တီဆရာတော်ကြီးသာရှိရင် ကျူးကျော်သူအဖြစ်နဲ့ အမှုတောင် ဖွင့်နိုင်တဲ့ ကိစ္စနော်..
ငါ့တူကြီးလို သူတော်ကောင်းမို့လို့သာ ဒီလောက်နဲ့ ပြီးသွားတာ...

အဲဒီနေရာမှာပဲ သံဃာတွေ လာပြီး ညအိပ်ညနေ မေတ္တာလာပို့နေကြတာက မှောင်ကြီးမဲမဲမို့ မီးလောင်ဗုံးတွေခွဲပြီး မီးအလင်းရောင် ပူဇော်တာ သဒ္ဒါလွန်သွားလို့ နဲနဲပါးပါး မီးလောင်သွားတာကိုပဲ ရေးကြီးခွင်ကျယ်လုပ်ပြီး အပြစ်ဖို့နေကြပုံက မသိရင် ငါ့တူကြီးကပဲ တမင်ဖြိုခွင်းခိုင်းလိုက်သလိုလိုပဲကွယ်

ဘကြီးပြန်ပြောချင်တာ ပါးစပ်ကို ယားနေတာပဲကွယ်
နောက်မှ ငါ့တူကြီးတို့လို့ ရာဇအိန္ဒြေလေးနဲ့ နေမှဖြစ်မှာပါလေဆိုပြီး ဘာမှမပြောတော့ပဲ မျက်နှာပြောင်တိုက်နေလိုက်မှပဲ အေးတော့တယ်ကွယ်

သန္တိသုခ အပါအဝင် ဘုန်းကြီးကျောင်းတွေ သိမ်းတာကလည်း ငါ့တူကြီးတို့မလွန်ပါဘူးကွယ်

မြန်မာပြည်မှာ ဒီလောက် ဘုန်းကြီးကျောင်းပေါတာ..
တကျောင်းတလေ သိမ်းတာ ဘာဖြစ်သွားစရာရှိလဲ၊ ဟုတ်တယ်မို့လားကွယ်

ဘကြီးတော့ အဲလိုပဲတွေးတယ်

နောက်ပြီး တရားပွဲတွေကို ခွင့်ပြုချက်တင်ခိုင်းတဲ့ကိစ္စ..
ဒါလည်း လုပ်သင့်တာပဲလေ

မတော်လို့ တရားပွဲကနေ တုတ်တွေ၊ ဓားတွေ ဆွဲထွက်လာပြီး အကြမ်းဖက်ကုန်ရင် ဘယ့်နှယ့်လုပ်ကြမလဲ၊ ဟုတ်တယ်မို့လား

တကယ်ကို လုံခြုံရေးအမြင်မရှိကြလို့သာ အပြစ်တင်နေကြတာပါကွယ်

တရားဟော ဓမ္မကထိကတွေလည်း တရားဟောပိတ်သင့်ရင် ပိတ်ပစ်လိုက်တာ ကောင်းတယ်ကွယ်.. ဘကြီး အားရတယ်

ငါ့တူကြီးတို့ ကောင်းကြောင်းထည့်မဟောပဲ အမှန်တွေချည်း ဟောနေတော့ ငါ့တူကြီးတို့ကို အမြင်စောင်းကုန်မှာ စိုးရတယ်လေ..

ဘာလဲ.. မင်းကျင့်တရား ဆယ်ပါး ဆိုလား..
ဒါတွေက ဟောစရာလားကွယ်
ဒီခေတ်ကြီးမှာ ဆယ်ပါးမပြောနဲ့ ၁ ပါးတောင်ပြည့်ဖို့မလွယ်ဘူးဆိုတာ ငါ့တူကြီးလည်း သိတာပဲလေ..

ဒါကို ဆယ်ပါးလုံး လာဟောပြနေတော့ တပါးတောင် မပြည့်စုံတဲ့ ငါ့တူကြီးက အလကားနေရင်း မင်းယုတ်ဖြစ်တာပေါ့...

အာ့ကြောင့် အဲလို ဒဲ့ဟောတဲ့ ဆရာတော်တွေကို တသက်တာ ပိတ် ပစ်လိုက်ပါကွယ်..

ထောင်ချသင့်တယ် ထင်ရင်လည်း
သင်္ဃန်းဆွဲချွတ်ပြီး ထောင်သာချလိုက်ပါကွယ်..

ပုဂံခေတ်က သာသနပြုဘုရင် အနော်ရထာတောင် အရည်းကြီးတွေကို ဒီလိုပဲ နှိမ်နင်းခဲ့တာမို့လား..
ဒါကို တချို့ပြည်သူတွေ သဘောမပေါက်ဘူးကွယ်
အတော်တော့ ခက်သားလားကွယ့်

ဘာပဲဖြစ်ဖြစ် ဘုရား၊ တရား၊ သံဃာအပေါ်မှာ သြဇာညောင်းတဲ့ ငါ့တူကြီးကိုတော့ ဘကြီးတကယ် လေးစားကြည်ညိုမိပါတယ်ကွယ်...

လူတွေက အတော်တော့ ခက်တယ် ငါ့တူကြီးရေ

မကူညီတော့လည်း မကူညီလို့
ကူညီပြန်တော့လည်း အပြစ်က မလွတ်ဘူးကွယ်

ဒီနေ့ပဲ ကြည့်လေ

စားစေချင်လို့ ဟက်စကီးပေါ်ကနေ
လယ်ကွင်းထဲ ဆန်အိတ်တွေ ပစ်ချပေးတာကို စားမရဘူး.. ဘာညာနဲ့ အသံထွက်လာကြတယ်

ဒါဘာပြောစရာလိုလည်းကွယ်
ဟက်စကီးမလာခင်ကတည်းက လယ်ကွင်းတခုလုံး ကောဇောခင်းထားရမှာပေါ့..
မခင်းမှတော့ ရွံ့ထဲပဲ ပစ်ချရုံ ရှိတာပေါ့...

ရှေ့တန်း ရန်သူကျည်ဆံတွေကြားမှာ ဒီလိုပဲ ရိက္ခာထုပ် ပစ်ချပေးနေကျပဲလေ..
အောက်မကျစေချင်ရင် လိုက်ဖမ်းပေါ့ကွယ်
ဘာခက်တာ လိုက်လို့..

ဒါကို ကြံဖန်ပြီး အပြစ်တင်နေကြတာ
အ့ံရော... အံ့ရောကွယ်

နောက်ပြီး အခုတလော
အလှူခံအဖွဲ့တွေလည်း ပေါမှပေါပဲကွယ်
မသိရင် ငါ့တူကြီးတို့ ကူညီနေတာတွေက မလုံလောက်သလိုဖြစ်နေတယ်..

လမ်းဘေးမှာ တောင်းတဲ့သူကတောင်း
အဝတ်အငှါးလျှော်တဲ့သူက လျှော်
ဆိုက္ကားနင်းတဲ့လူက နင်း
အိမ်ဖော်လုပ်တဲ့လူက လုပ်
စာပွဲထိုးတဲ့ကလေးက ထိုး
စုဘူးဖောက်တဲ့သူက ဖောက်
လက်ဝတ်လက်စား ရောင်းတဲ့သူက ရောင်း
ကားငှါးတဲ့လူက ငှါး
သီချင်းဆိုတဲ့လူက ဆိုနဲ့
အတော်ကို ပွက်လောရိုက်နေကြတာပဲ....

မသိရင် ငါ့တူကြီးတို့ကပဲ ကိုယ့်အိတ်ထဲက ထုတ်မလှူသလို ဘာလိုလိုနဲ့ ပြောကြသေးတယ်..

အမှန်က အခု ဘဏ္ဍာငွေတွေ ထုတ်လှူနေတာလည်း ငါ့တူကြီးတို့ ငွေတွေပဲ မဟုတ်ဘူးလား..
အခါတိုင်းလို ကိုယ့်အိတ်ထဲ ကိုယ်ထည့်လိုက်ရင်ရော ဘယ်သူ ဘာတတ်နိုင်မှာလဲ...
ဟုတ်တယ်မို့လား...

ငါ့တူကြီးလို သူတော်ကောင်းမို့လို့ သီးခံနေတာပါကွယ်..
ဘကြီးစိတ်နဲ့ဆိုရင် ဒီကောင်တွေ မလွယ်ဘူး..

တလောက ငါ့တူကြီး လွှတ်လိုက်တဲ့ ထောင်သားတွေထဲက တချို့တွေ ဓားပြတိုက်လိုက်၊ ပစ္စည်းခိုးလိုက် လုပ်နေကြတာကိုလည်း အပြစ်ပြောနေကြသေးတယ်...

ဒီလောက်တော့ ရှိမှာပေါ့ကွယ်
ဟုတ်တယ်မို့လား
သူတို့လို လူတွေရှိမှ ငါ့တူကြီးတို့ ဘယ်လောက်အလုပ်ရှုပ်နေလဲဆိုတာ ပြလို့ရမှာလေ..

နောက်ပြီး ငါ့တူကြီးကို စိန်ခေါ်တဲ့ တယောက်ကို ဓားပြ ရှစ်ယောက် လာတိုက်သွားလို့တဲ့ကွယ်
အဲ့ဒါလည်း ငါ့တူကြီးလက်ချက်လိုလို ဘာလိုလိုပြောနေကြတယ်..

လူမင်း ဘုန်းကြီးတော့ နတ်မင်းမနေသာဆိုတဲ့စကားပုံ သူတို့သဘောမပေါက်လို့ပြောနေတာပါကွယ်..

ဒါမျိုးအသေးအဖွဲကိစ္စကို ငါ့တူကြီးက လုပ်စရာလား..
အောက်ကတပည့်တွေ အလိုက်တသိနဲ့ လုပ်ကြမယ့်ကိစ္စကို ရာရာစစ ငါ့တူကြီးကို လာစွပ်စွဲနေတာတော့ ဘကြီး ဘဝင်မကျလှဘူးကွယ်

ငါ့တူကြီး ထောင်သားတွေလွတ်ပြီးမှ ဒီလိုတွေဖြစ်တာဆိုတော့ ငါ့တူကြီးကပဲ တိုင်းပြည်ဆူပူစေဖို့ လူဆိုးတွေကိုပဲ လွှတ်လိုက်သလို ပြောကြတယ်ကွယ့်..

ပြောပါစေကွယ်.. ငါ့တူကြီးက လူကြီးပဲ ခွင့်လွတ်ရမှာပေါ့..

မေးကြသေးတယ်
နေမျိုးဇင်တို့၊ ဝေဠုတို့ရော မလွတ်ဘူးလားတဲ့..
ဒီလူတွေက လွတ်စရာ အကြောင်းမရှိဘူးလေကွယ်..

ငါတူကြီးတို့ရဲ့ ကျေးဇူးရှင်တွေကို အထိတ်တလန့်ဖြစ်အောင် လုပ်ထားတာမို့လား
ပြီးတော့ ငါ့တူကြီးတို့ ကောင်းကြောင်းလည်း တခွန်းမှ ပြောကြတာမဟုတ်ဘူး..

မှန်တာတွေချည်း လျှောက်ပြောနေကြတာဆိုတော့ ပြန်လွှတ်စရာ အကြောင်းကိုမရှိတာကွယ်..

နောက်ပြီး ဗုဒ္ဓဘားဆိုလားကွယ်
ဘုရားကို နားကြပ်တပ်ပေးပြီး ဗုဒ္ဓဘာသာစော်ကားတဲ့ကောင်တွေကို အခုလွှတ်ပေးလိုက်တော့ ထင်လင်းဦးကို မလွှတ်ဘူးလားပေါ့...

ဘာလွှတ်စရာလိုလဲကွယ်
ဟိုက နိုင်ငံခြားသားပါလို့ လွှတ်ပေးတာ
ထင်လင်းဦးက ကိုယ့်နိုင်ငံသား
ဘာအားနာစရာရှိလည်းကွယ်
ဒီလိုပဲ ထောင်ထဲ ဆွဲထည့်ထားတဲ့လူတွေ ပေါလို့

ပြီးတော့ သူက NLD ကမို့လား
အခွင့်ရတုန်းလေး နှိပ်ကွပ်ထားမှကွယ့်..
ပြိုင်ဘက်ကို ရန်သူလို သဘောထားရမှာပဲမို့လား
မဟုတ်ရင် ကမ်းတက်တယ်ကွယ့်

တနေ့ကလည်း ဗိုလ်ချုပ်သမီးလေး ပဲခူးသွားတာကို ဓာတ်ပုံတွေ ပလူပျံနေအောင်တင်ပြီး ငါ့တူကြီးနဲ့ လာယှဉ်နေကြတယ်ကွယ်...

သူမက လှေစီးတယ်
ငါ့တူကြီးက လေယာဉ်စီးတယ်ပေါ့ကွယ်
အလကား စကားမရှိ စကားရှာတာပါကွယ်..

သူမို့ အပင်ပန်းခံပြီး လှေနဲ့သွားနေတယ်

ငါ့တူကြီးလို လေယာဉ်နဲ့သာ သွားနိုင်ရင် ဘယ်လောက်ကြွားကြမလဲမသိပါဘူးကွယ်

ဘကြီးလဲပြောချင်လိုက်တာ
နင်တို့က ကိုယ့်စရိတ်နဲ့ ကိုယ် အပင်ပန်းခံပြီးသွားတာ
ငါ့တူကြီးက နိုင်ငံတော်စရိတ်နဲ့ အေးအေးလူလူသွားတာ
ဘယ်ချောင်မှ ဝင်စရာမလိုဘူး
ဘာမှလာမယှဉ်နဲ့
ဘုန်းကံချင်းမတူလို့ နေရာချင်းမတူတာလို့လေ...

အဲဒီ ဗိုလ်ချုပ်သမီးက ရခိုုင်ဒုက္ခသည်တွေ လာကြည့့်တဲ့ ဟို ဂျိုလီဆိုတဲ့တယောက်ကို ဒုက္ခသည်စခန်း လိုက်မပို့ပဲ လှိုင်သာယာက ဆင်းရဲသားရပ်ကွက်ကို ခေါ်သွားသတဲ့ကွယ်

အဲဒါ သူလုပ်စရာလား
ဒီလောက် ဆင်းရဲစုတ်ပြတ်နေတဲ့ နေရာ မြို့အနီးအနားမှာ ရှိတယ်ဆိုတာကို ကမ္ဘာက သိသွားရင် ငါ့တူကြီးတို့ နေရင်းထိုင်ရင်း ခွေးဖြစ်ပြီပဲ...

အဲဒါကြောင့် အဲဒီနေရာက တဲတွေ၊ အိ်မ်တွေကို အမြန်ဆုံးဖျက်ဆီးပစ်လိုက်ပါကွယ်..
ဘူဒိုဇာနဲ့ ဖျက်သင့်ရင် ဖျက်
စွမ်းအားရှင်လက်ပတ်နီ လွှတ်သင့်ရင် လွတ်လိုက်စမ်းပါကွယ်.. မျက်စိနောက်လွန်းလို့ပါ

ဆင်းရဲသားပပျောက်ရေး လုပ်နေပါတယ်ဆိုမှ ဒီငမွဲတွေက ကန့်လန့်ကန့်လန့်နဲ့ဆိုတော့ ဒါဝတ္တရားနှောက်ယှက်တာပဲလေ....

ကလန်ကဆန် လုပ်ရင် ထောင်ထဲသာ ထည့်လိုက်ပါကွယ်...
အဲလိုကြမ်းပေးမှ တချို့ မှတ်ကြမှာကွယ့်...

ဟောအခုလည်း
ငါ့တူကြီးက လေယာဉ်တွေ ဟက်စကီးတွေနဲ့ မနားတမ်းပို့ပေးနေတာတောင် အပြစ်က တင်ချင်ကြတယ်

ဘာဖြစ်လို့ ဖြစ်ဖြစ်ချင်း မကူညီတာလဲ
ဦးတေဇ ဟက်စကီးပျက်ကျတုန်းက ချက်ချင်းကူညီတယ်.. ဘာညာနဲ့ ပြောနေကြတယ်

ဘကြီးဖြင့် အမြင်ကတ်လိုက်တာကွယ်

ဦးတေဇနဲ့ လာနှိုင်းရလောက်အောင် အဲဒီရေဘေးသင့်ပြည်သူတွေက ဘယ်လောက်များ အကျိုးပြုဖူးလို့လဲ.. ဟုတ်တယ်မို့လားကွယ်

ဦးတေဇတုန်းက ချက်ချင်း ဟက်စကီးတွေ ပလူပျံအောင် မောင်း၊ စစ်ကြောင်းတွေ အပြင်းချိတက်ကြနဲ့ဆိုတော့ မောနေပြီလေ

ဘယ်လိုလုပ် ဒီရေဘေးကိစ္စကို ချက်ချင်းကူညီနိုင်မလဲကွယ်
ဒါလေးတောင် သဘောမပေါက်ကြဘူးကွယ်
ဉာဏ်နည်းလိုက်ကြတာကွယ်

ငါ့တူကြီးရဲ့ စေတနာနဲ့ ဆန်တွေကို သူများတွေလို အလကားမဝေနိုင်လို့ အရင်းအတိုင်း ပြန်ရောင်းပေးတဲ့ တပ်မတော်ကိုတောင် ကျေးဇူးမတင်ကြဘူးကွယ်...

နေရာတကာ အလကားလိုချင်နေတဲ့ အချောင်စိတ်ဓာတ်တွေ ဝင်မှာစိုးလို့ ပိုက်ဆံမလိုချင်ပဲ ရောင်းပေးနေရတာကို သဘောမပေါက်ကြတာ ခက်တယ်ကွယ်....

နေရာတကာ အလကားလုပ်ပေးရအောင် သူတို့ပြည်သူတွေလို လုပ်ငန်းရှိကြတာ မဟုတ်တာကွယ်..
စစ်တပ်ဆိုတာ ဒီဦးပိုင်ကုမ္မဏီလေး တခုရှိတာမို့လား...

ကျန်တာတွေက အိမ်စီးပွားရေးလေ
အကုန်ထုတ်လှူလို့ ဖြစ်မလားကွယ်

နောက်ဆုံး ငါ့တူကြီးတို့က ပြည်သူတွေအထိတ်တလန့်ဖြစ်အောင် လုပ်ရင် ထောင်ဒဏ်တွေ၊ ငွေဒဏ်တွေ ပုဒ်မတွေ ထုတ်ပြလိုက်တော့ အထွန့်က တက်လာသေးတယ်..

ဘာတဲ့..
ရေဘေးသတင်း ထုတ်ပြန်တာ နောက်ကျတာ
တချိန်လုံး မစိုးရိမ်ရဘူး အော်နေတာ
ကယ်ဆယ်ရေး နောက်ကျတာတွေအတွက်
ဘယ်လိုတာဝန်ယူမလဲတဲ့....

ဒါငါ့တူကြီးတို့ကို ပြန်ပြီးခြေရာတိုင်းတာကွယ့်

ဘယ့်နှယ့်ကွယ်..
အဆိုးရကို လာပြီး ပြန်တရားစွဲမယ့်ပုံစံ ဖြစ်နေတယ်..

တခြားတိုင်းပြည်တွေက လူကြီးတွေဆိုရင် ဒီလောက်အမှားလုပ်မိရင် ရာထူးကနှုတ်ထွက်ကြသတဲ့လေ...

ဒါလောက်နဲ့ ထွက်စရာလားကွယ်
အဲလူတွေက အသဲငယ်လို့ ထွက်ကြတာ

ငါ့တူကြီးတို့ အဲလောက်နဲ့သာ ထွက်ရရင်
အခုဆို ခွေးတကောင် ကြောင်တမြီးမပြောနဲ့
တယောက်မှတောင် ကျန်မှာမဟုတ်ဘူး...

ဒါမျိုးတွေက ငါ့တူကြီးတို့အတွက် ရိုးနေပါပြီကွယ်
စိတ်ထဲထားမနေကြပါနဲ့
ထွက်ဖို့လည်း မစဉ်းစားကြနဲ့
အနေသာကြီးပါကွယ်

ငါ့တူကြီးတို့သာ ပေကပ်ပြီးနေစမ်းပါ
ဘယ်သူမှ တက်ဆွဲမချရဲပါဘူးကွယ်
ဘကြိီး အာမခံပါတယ်...

နွားရှေ့ထွန်ကျူးသလို ဖြစ်နေရင်လည်း ဘကြီးကို ခွင့်လွှတ်ပါကွယ်

ကဲ..
စာလည်းရှည်သွားပြီကွယ်

ရေလည်း ပြန်ကျစပြုနေပါပြီ
ဘာမှ လုပ်စားလို့မရသေးခင် ဒီဒုက္ခသည်စခန်းမှာပဲ သူများလာလှူတာလေးတွေ စားလိုက်အုံးမယ်ကွယ်...

ငါ့တူကြီးတို့ ပစ်ချပေးတဲ့ ဆန်တွေက ရွံ့ပေနေလို့ ရေစိမ်ထားရသကွယ့်

မကြာခင် ပြန်ဆုံမယ်...

ငါ့တူကြီးရဲ့
တောက ဘကြီး
Yae TayZa

No comments:

Post a Comment