Twitter Bird Gadget

Sunday, August 16, 2015

တူမောင်ကြီး သိန်းစိန်သို့ ပေးစာ - ၃ (လျှိုဝှက်)


သို့/
ငါ့တူကြီးရေ

အရမ်းအရေးကြီးနေလို့ ဒီစာကို ရေးလိုက်ရတာပါ
ဒီစာကို ဖတ်ပြီးပြီးချင်း တခါတည်း ဖျောက်ဖျက်လိုက်ပါကွယ်

ဘကြီးမှာလည်း အရေးအကြောင်းဆို ပြောစရာ ဆိုစရာဆိုလို့ ငါတူကြီးပဲရှိတာမို့ နဲနဲတော့ သီးခံပေးဟေ့

အမှန်က အဲလိုပြောစရာမလိုပါဘူးကွာ
ငါ့တူကြီးက သီးခံတဲ့နေရာမှာ နှစ်ယောက်မရှိမှန်း သိပါတယ်..

အခု ပြည်သူတချို့ ဒီလောက်အော်ဟစ်နေတာတောင် နားမပါတဲ့ ကျောက်တုံး ပလ္လင်ပေါ်တင်ထားရသလိုပဲ
လှုပ်ကိုမလှုပ်တာကလား..

ထားတော့ကွာ..
ဘကြီးကတော့ အဆင်ပြေပါတယ်
ဒီလိုပဲ သူများပေးစာကမ်းစာ စားသောက်နေရတာ လုပ်စားရတာထက်တောင် သက်သာသေးသကွာ

တနေ့တနေ့ ပေးမယ့်ကမ်းမယ့်လူတွေ မျှော်ရတာလည်း သူတောင်းစားတွေကျနေတာပဲဟေ့

"ဆင်လီး ခွေးမျှော်" ဆိုတဲ့စကားပုံ ခုမှပဲ သဘောပေါက်တော့တယ်ကွာ

ငါ့တူကြီးတို့ အဖွဲ့မလာဘူးလားပဲ မေးမေးနေကြလို့ ရေနစ်နေတဲ့ နွားတွေ မေ့ငေါ့ပြလိုက်ရတယ်

သူတို့ကတော့ ဘယ်လို သဘောပေါက်လည်း မသ်ိပါဘူးကွယ်
"အဲလိုကြီးလား" ဆိုပြီး ရှုံ့မဲ့သွားကြတာပဲ

တကယ်တမ်း ဘကြီးပြောချင်တာက နွားတွေတောင် ရေနစ်နေတာ မမြင်ဘူးလား၊ ရေကြီးနေတာ ဘယ်လိုလာမလဲ ပေါ့...

အဲလိုဟေ့.. အဲလို
ပြောရ တယ်ခက်သကိုးကွဲ့..

ငါ့တူကြီးတို့ကျေးဇူးတွေ သေတောင်မမေ့ပါဘူးကွယ်

အခုလို ကပ်သုံးပါးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရင်ဆိုင်အံတုတတ်အောင် ပေလျကံပစ်ထားပြီး ဥပေက္ခာပါရမီဖြည့်တင်းနေကျတဲ့ မောင်မင်းကြီးသား ဘုရားဖြစ်မယ့် အုတ်နီခဲကြီးတွေကိုတော့ သာဓုခေါ်ရင်း ဦးတင်လိုက်ပါရဲ့ကွယ်..

အိမ်း..
ပြောချင်တာက ခုထိကို မပြောရသေးဘူးဟေ့

ဒီလိုကွဲ့..

အခုရေကြီးတာက ငါ့တူကြီးတို့ရဲ့ ရောင်းရင်းကြီး ဘုရားတကာကြီး အောင်သောင်းအလောင်းကို တိုင်းကျော်ပြည်ကျော်နဲ့ ပြန်သယ်လာလို့ လို့ပြောနေကြတယ်ကွယ့်

ဘကြီးကတော့ အဲဒါတွေ အယုံအကြည်မရှိပါဘူးကွယ်

ဒါပေမယ့် တလောက မောင်ပါကြီးအလောင်းသယ်တော့ ပြန်မသွင်းရဘူးဆိုပြီး ဟိုအဖွဲ့တဖွဲ့က မန်းလေးကျုံးကြီးပတ်လို့ ဆန္ဒပြကြသေးတော့ လူတွေက သတိထားမိနေကြပြီလေ

ပိုဆိုးတာက အခု အဲ့ဆန္ဒပြတဲ့အဖွဲ့က ရေပဲမျောသွားသလား၊ ဘာလားမသိအောင်ကို အစပျောက်နေ ကြတော့ လူတွေက ငါ့တူကြီးတို့ကို မယုံသင်္ကာ ဖြစ်နေကြသကွယ့်

အခုလည်း
ရခိုင်ပြည်နယ်၊ မင်းပြားက အိမ်ခြေ ၄၀ လောက်ရှိတဲ့ရွာ တရွာလုံးရေမြုပ်ပြီး ၄ ယောက်လောက်ပဲ အသက်ရှင်တယ်ကြားတယ်ကွယ့်

နောက်ပြီး တိုင်းနယ်ပြည်နယ်က ငါ့တူကြီးတို့ပြောသလို ၄ ခုတည်း ရေကြီးနေတာ မဟုတ်ဘူးတဲ့ဟေ့

၁၁ ခုလောက် ကြီးနေကြပြီတဲ့ဟ

အဲဒါကို လူတွေမသိစေနဲ့နော်

ငါ့တူကြီးတို့အပိုင် မြန်မာ့အသံတို့၊ fm တို့ကနေ စိုးရိမ်စရာမရှိကြောင်း၊ အသေအပျောက်လည်း မရှိကြောင်း၊ အားလုံးကယ်ပြီးကြောင်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် တမိနစ်ခြား တခါလောက် လျှောက်ကြေငြာခိုင်းစမ်းပါကွယ်

မဟုတ်ရင် လူတွေက စိတ်ပူနေကြလိမ့်မယ်

အဲဒီရေကြီးတဲ့သတင်းတွေကြားရရင် နွားတိရိစ္ဆာန်တွေကလွဲရင် လူမှန်သမျှ စိတ်ပူကြရတာပဲမို့လား

အာ့ကြောင့် အမှန်အတိုင်း ပေးမသိစေနဲ့ဟေ့
ငါ့တူကြီးတို့အတွက် ပြောတာပါကွာ

နောက်ပြီး
မုံရွာ ကမ်းနားမှာ ရေတက်တာကို ကြည့့်ဖို့သွားတဲ့ ဒုသမ္မတအတွက် နားဖို့ဆောက်ထားတဲ့ ရေကြည့်စင်က သေးလိုက်တာကွာ...

အဲဒီမုံရွာကဟာတွေကို ဘကြီး သိပ်ကြည့့်မရဘူး

ဘယ့်နှယ်ကွာ
သူတို့ရေကြီးတယ်ဆိုလို့ သွားလည်းကြည့်ပေးရသေးတယ်
ဆောက်ထားတဲ့ စင်နဲ့ ကြိုဆိုရေးက ညံ့ချက်ကွာ

တကယ်ဆို ငါ့တူကြီးရဲ့အောက်တဆင့်ပဲ နိမ့်တာမို့လား
ခမ်းခမ်းနားနား ဖြစ်သင့်ဘူးလားကွယ်

ငါ့တူကြီး ရေကြီးတဲ့နေရာသွားတုန်းကတောင် မအားတဲ့ကြားက ပန်းစည်းတွေနဲ့ လာမကြို မနေရ အမိန့်ထုတ်ပြီး ကြိုခိုင်းခဲ့သေးလို့ ကြိုခဲ့ကြပြီးမှ

အခု ဒုသမ္မတ လာတာကို လမ်းဘေးမှာ ဖြစ်သလို စင်ဆောက်ပြီး ကြိုတယ်ဆိုတော့ ဒါသက်သက် နိုင်ငံတော် အကြည်ငြိုပျက်စေတာ မို့လားကွယ်

သူတို့တာရိုးရေကျော်မှာစိုးလို့ ပိတ်နေတဲ့အချိန်ကျတော့ လူတွေကို မနည်းမနောပါလား

ဘကြီးကတော့ စိတ်ထဲ ကလိကလိနဲ့ ပြောချင်နေတာ
အာ့ကြောင့်အခွင့်ရရင် နဲနဲလောက် ပညာပေးစမ်းပါကွယ်

နောက်တခုက
ပဲခူးတိုင်းဝန်ကြီးချုပ် ဉာဏ်ဝင်းဆိုလဲ စေတနာနဲ့ သတိပေးတာကို အပြစ်တွေတင်နေကြတယ်ကွာ

ငါ့တူကြီးတို့အလုပ်ကလည်း အကုသိုလ်ကြီးလှချည်လားကွယ်

သူ့ခမျာ ပြည်သူတွေ နောက်နှစ်လည်း အခုလို ဒုက္ခရောက်မှာစိုးလို့ ဆုတောင်းမမှားဖို့ သတိပေးတာကိုကွယ်..

ပြောရက်လိုက်ကြတာများ ဉာဏ်ဝင်းခမျာ အိမ်သာကျင်းထဲကျတဲ့ ခွေးဝဲစားကြီးကျနေတာပဲကွယ်..

မညှာမတာအပြစ်တင်လိုက်ကြတာဆိုလေ အဆဲတခွန်း ဓားတချက်ဆိုလို့ကတော့ အဲဒီဝန်ကြီးအသားစကို ဇကာနဲ့လိုက်သယ့်ယူရမယ် ထင်တာပဲကွယ်

အင်း..
ဘကြီးက ငါ့တူကြီးအတွက်ပဲ ပူတာပါကွယ်

ငါ့တူကြီးက နှုတ်က နည်းပါဘိသနဲ့
သူများလို ဒိုးဒေါက်နဲ့ ပြန်မပြောနိုင်ဘူးလေ

ပြည်သူက တခွန်းထောက်လိုက်ရင် ငါ့တူကြီးက " ခွေးအ" ကြီး လှည်းနင်းသလို ဘာမှပြန်မပြောနိုင် ဖြစ်ဖြစ်သွားတာကို ဘကြီးက မကြည့်ရက်တာ

နောက်တခုကတော့ ဘကြီးအတော်ကို ဆဲချင်နေတယ်ဟေ့

အာ့ကြောင့် ဒီစာကို ဖတ်ပြီးရင် တခါတည်း ဖျောက်ဖျက်ပစ်ပါလို့ ပြောရတာပဲ..

မဟုတ်ရင် ငါ့တူကြီးပဲ သိက္ခာကျ မှာလေ...

တခြားတော့မဟုတ်ဘူး
ငါ့တူကြီးကို ထောက်ခံပါတယ်ဆိုတဲ့ လူတွေပဲ

ဘကြီးက ငါ့တူကြီးကို စေတနာနဲ့ ပြောပြပြီး အားပေးရင်း အကြံပြုတာကို ဒီကောင်တွေက ဘကြီးကို လာလာဆဲနေကြတယ်

အဲဒါကို ဘကြီးနားမလည်ဘူးဖြစ်နေတယ်

သူ့မေ ကလွှားထဲမှပဲ.. ကဲ ဆဲပြီ

ဘကြီးက လူကြီးတန်မဲ့ ငါ့တူကြီးစိတ်မပူဖို့ နေတတ်သလိုနေဖို့ ဒီကဖြစ်ကြောင်းကုန်စင် ပြောပြနေတာကို ဒီကောင်တွေက ဘာကောင်တွေမှန်း မသိဘူးကွယ်

လူကြီးကို လာလာဆဲနေကြတယ်
ဘကြီး ထပ်ဆဲလိုက်ရ မကောင်းရှိတော့မယ်

နောက်ပြီး ငါ့တူကြီးတို့ရဲ့ ကြံ့ဖွံ့ပါတီက ရေဘေးကယ်ဆယ်ရေးလုပ်တဲ့ ဓာတ်ပုံတွေ သတင်းတွေ ရှိရင် အဲဒီကောင်တွေ ဝေထားစမ်းပါကွယ်

စစ်တပ်က ရေဘေး ကယ်နေတဲ့ပုံတွေတင်လိုတင်၊ ရဲတွေ ယူနီဖောင်းအပြည့်အစုံနဲ့ တာဖို့နေတာကို တင်လိုတင်နဲ့ ဘာတွေမှန်းကို မသိဘူး

ပြီးတော့ အဲဒါကို ငါ့တူကြီးတို့ ပါတီကလိုလိုနဲ့ အရှက်မရှိဖွနေကြသေးသကွယ့်

ဒီစစ်တပ်က ဘယ်သူ သမ္မတဖြစ်ဖြစ် ဒီအလုပ်က လုပ်ကိုလုပ်ရမှာကို ခွေးတောင် သိကြတဲ့ကိစ္စကို ဒီကောင်တွေ မသိသေးဘူးထင်ပါတယ်ကွယ်...

အဲလို ကောင်မျိုးတွေက ငါ့တူကြီးဘက်က ကာပြောနေတယ်ထင်ရပေမယ့် တကယ်တော့ ငါ့တူကြီးပဲ သိက္ခာကျ လိမ့်မယ်ကွယ့်

နောက်ပြီးတော့
ဒီရက်ပိုင်းအတွင်း ရေကြီးလို့ ပျက်စီးသွားတဲ့ တံတား ၂၁ စင်းထဲက ၁၇ စင်းကြီးတောင် နာရီပိုင်းအတွင်း ပြန်ဆောက်ပေးနိုင်ခဲ့တယ်လို့ သတင်းမှာ ပါလာသကွယ့်
အဲဒါအမှန်ဆိုရင်တေ့ာ ငါ့တူကြီးရဲ့ လူတွေကိုလည်း ချီးကျူးမိပါတယ်ကွယ်

အခုလို ရေကြီးနေချိန် တံတားအဟောင်းနေရာတောင် သာမန်လူတွေ မနည်းရှာရမယ့်အချိန်မှာ အဲဒီ ဆောက်လုပ်ရေးက ဒုဝန်ကြီး ဦးစိုးတင့်ဆိုတဲ့လူက ရှာတွေ့ပြီး ပြုပြင်သွားတာသိရတော့ အတော်ကို အံ့သြမိသကွယ့်

ဒါမျိုးကိစ္စဆိုတာ တော်ရုံဘုန်းနဲ့ကံနဲ့ မရဘူးကွယ့်

ရာမမင်းသားတောင် ဒဿဂီရိရှိတဲ့ ပြည်ကို သူ့လူတွေ သွားဖို့ မျောက်တွေအကူအညီနဲ့ ကျောက်တံတားထိုးခဲ့ရတာ သတိရသကွယ့်

အခုဝန်ကြီးကတော့ ဒီလောက်နောက်ကျိပြီး ဥဒဟိုစီးနေတဲ့ ရေထဲမှာ ရေငုပ်ပြီး ပြင်သွားနိုင်တယ်ဆိုတော့ ဒါ အာဇာနည်စိတ်ဓာတ်လို့တောင် ဘကြီးဆိုချင်သကွယ့်

အတော်ကို အနစ်နာခံပြီး ပြည်သူ့အတွက် လုပ်ဆောင်သွားကြတာကိုးကွယ့်

အဲဒါကြောင့်လည်း သေသွားရှာတဲ့ အောင်သောင်းကြီးက သူတို့လူတွေဟာ သမ္မတထက်ကြီးတာတောင် လုပ်နိုင်တယ် ပြောတာဖြစ်မယ်

ယုံပြီဟေ့.. ယုံပြီဟ

ကဲကဲ
ဒီလောက်ဆို လုံလောက်ပါပြီကွယ်

ငါ့တူကြီးလည်း စားလိုက်၊ အိပ်လိုက် အစည်းအဝေးလုပ်လိုက်နဲ့ဆိုတော့ ပင်ပန်းနေရောပေါ့

အဲဒီအကြောင်းတွေ လှမ်းပြောတာဟေ့

နောက်မှ အေးဆေး စာရေးအုံးမယ်

အခုတော့ ဒီလောက်ပဲကွယ်

ဘကြီးပြောတဲ့အတိုင်း ဒီစာကိုဖတ်ပြီးရင် ဖျောက်ဖျက်လိုက်ပါကွယ်

ငါ့တူကြီးရဲ့ တောကဘကြီး

Yae TayZa

No comments:

Post a Comment