Twitter Bird Gadget

Sunday, August 16, 2015

တူမောင်ကြီးသိန်းစိန်သို့ ပေးစာ - ၅


သို့.../
တူမောင်ကြီး သိန်းစိန်

ဘကြီး သတိရစွာဖြင့်စာရေးလိုက်ပါတယ်..

ငါ့့တူကြီးလည်း ရေဘေးအတွက် အလုပ်ရှုပ်နေလောက်ပြီ ထင်ပါတယ်

ပြည်သူ့မျက်နှာကြည့်ပြီး ကယ်ဆယ်ရေးတံခါးတွေ ဖွင့်လို့ နိုင်ငံခြားအကူအညီတွေ လက်ခံလိုက်တဲ့ ငါ့တူကြီးရဲ့ ပြည်သူ့အပေါ်ထားတဲ့ မေတ္တာတရားကို ဘကြီးအသိအမှတ်ပြုပါတယ်ကွယ်

ငါ့တူကြီးရဲ့ ရေဘေးရှောင်တွေအပေါ်ပြောတဲ့စကား ဘကြီးသဘောကျသကွယ်

ဘာတဲ့..
လူဆိုတာ မွေးကတည်းက ဘာမှမပါဘူး ဆိုတာလေ..

မှန်လိုက်လေ ငါ့တူကြီးရယ်
အဲလိုစကားမျိုးက တော်ရုံတရားသမားတွေတောင် မပြောတတ်ဘူးကွယ့်
ဒီစကားတခွန်းနဲ့တင် ငါတူကြီး ဘယ်လောက်ခရီးရောက်နေတယ်ဆိုတာ ဘကြီးခန့်မှန်းမိပါတယ်ကွယ်..

လူတွေက အခက်သားကွယ့်
သူတို့ရေနစ်တာနဲ့ပဲ ငါ့တူကြီးကို အပူကပ်ချင်ကြတယ်
ငါ့တူကြီးက အခုလို တရားဓမ္မလေးနဲ့ နှစ်သိမ့်လိုက်တော့ မီးကိုရေနဲ့ငြိမ်းလိုက်သလို ငြိမ်ကျသွားပြန်ရော..

တချို့ဆို တခါတည်း သောတာပန်တောင် တည်ချင်တည်သွားနိုင်တယ်နော်
ဒါနဲ့များ ငါ့တူကြီးကို သာသနာဖျက်မင်းလို့ နာမည်တပ်ကြတာ အသဲနာသကွယ်

နောက်ပြီး ရှိသေးတယ်..
သဘာဝဘေးဆိုတာ တားဆီးလို့မရတဲ့အတွက် လွတ်ရာရှောင်ပြေးကြဖို့ ပြောတာကို မခန့်လေးစားနဲ့ ဝေဖန်နေကြတယ်ကွယ်

ငါ့တူကြီးပြောတာ မှန်နေတာကို ဒီလူတွေ ဘာဖြစ်နေကြမှန်းကို မသိဘူး

အဲလိုမှ မပြောရင် အခုအိုးအိမ်တွေ ပစ္စည်းတွေ ရေနစ်သလိုမျိုး နစ်ကုန်ကြမှာပေါ့ကွယ်
အဲဒီအိမ်တွေက ငါ့တူကြီးစကား နားမထောင်လို့ နစ်ကုန်ကြတာကွယ့်

မဟုတ်ရင် အဲဒီအိမ်တွေပါ သူ့ဟာသူ ကုန်းပေါ်တက်ပြေးကြရင် လူတွေ ဘယ်ဒုက္ခရောက်တော့မလဲကွယ်

အခု အဲဒီအိမ်တွေက နားမထောင်လို့ နားပါတဲ့လူတွေပြောပြန်တော့ ပြေးစရာ လှေမရှိဘူး လုပ်ပြန်ရော..

ဒါသက်သက် ကပ်တာကွယ့်
လှေမရှိ ဆောင်ထားပေါ့ကွယ်..

ငါ့တူကြီးတို့အနေနဲ့ ဒီလောက် ဖြစ်ပြီးဆယ်ရက်လောက်ရှိတာနဲ့ ရေလည်ပင်းလောက်အရောက်မှာ ကြေငြာပေးနေတာပဲ

ရေငုပ်ပြီး တယောက်တလှည့် လှေထွင်းကြပေါ့ကွယ်
ဟုတ်တယ်မို့လား

ဒါက်ိုပဲ ရေးကြီးခွင်ကျယ်လုပ်ပြီး လာပြောနေကြသေးတယ်..

တချို့က ရှိသေးတယ်
ဒီစကားမျိုးက ကလေးတောင် သိတယ်တဲ့
ပြောစရာ မလိုဘူးတဲ့ကွယ်

ဒါသက်သက် အရွဲ့တိုက်တာကွယ့်
ဘယ်ကလေးမှ ဒါမျိုး အူကြောင်ကြောင် စကားမပြောတတ်ပါဘူးကွယ်
အရူးပဲ ဒါမျိုးပြောမယ်
ဟုတ်တယ်မို့လား ငါ့တူရယ်

ဘကြီးလေ စိတ်တိုလိုက်တာ အရမ်းပဲကွယ်
အဲဒီလိုကို ပြန်ပြောလိုက်ချင်တာ
ငါ့တူကြီးမျက်နှာကြောင့် ပေါ့

ကိုယ်တွေက လူကြီးမျိုးတွေဆိုတော့ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မျက်နှာပြောင်တိုက်ပြီး နေတတ်ရမှာမို့လား
အာ့ကြောင့် ဒလောက် သီးခံနေတာပါကွယ်

အခု
ပြည်တွင်းမှာဆိုလည်း လှူတဲ့လူနဲ့ အလှူခံတဲ့အဖွဲ့ အလှူခံအဖွဲ့ကတောင် ပိုများနေမလား ထင်ရတယ်ကွယ်

ကမ္ဘာကတောင်မှ ပရဟိတအဆင့်ကို အမေရိကန်နဲ့ ပူးတွဲပထမလို့ သတ်မှတ်ထားရတယ်လို့ ကြားတော့ ငါ့တူကြီးတို့ အဆိုးရအဖွဲ့ကို ပိုပြီး ကျေးဇူးတင်မိသကွယ့်

ငါ့တူကြီးတို့ အဆိုးရအဖွဲ့သာ လိုလေသေးမရှိ တာဝန်ကျေစွာ ကယ်ဆယ်ကူညီလိုက်လို့ ဒီပြည်သူတွေလည်း ဘာမှ အချင်းချင်းပြန်ကူညီနေစရာ မလိုတော့ရင် ဒီအဆင့်လဲ ရောက်လာစရာ မရှိဘူးကွယ့်

အဲဒါကြောင့် ငါ့တူကြီးတို့အဆိုးရအဖွဲ့တွေအနေနဲ့ အခုလိုပဲ ပေါက်ကရတွေပြောပြီး လွတ်လွတ်လပ်လပ် နေကြပါကွယ်

ရွာသာကြီးဆေးရုံမှဆို ဒီလိုပဲ အရူးတွေကို စိတ်ချမ်းသာအောင်ထားနေရတာပဲကွယ့်
မဟုတ်ရင် သောင်းကျန်းကြတာ ကလားကွယ့်
တကယ်မနိုင်ဘူး

ဥပမာ ပြောတာပါကွယ်
နားအေးပါးအေး နေစေချင်တဲ့ ဘကြီးရဲ့ စေတနာဥပမာပါ..
ဘကြီးက အပြောမတတ်တော့ ဆဲသလို ဖြစ်နေရင် ခွင့်လွတ်ပါကွယ်

ပြောရအုံးမယ်
ဗိုလ်ချုပ်သမီးလေးက သူ့အမေအားကိုးနဲ့ လှူနေတာကို ဘကြီးသိပ်ဘဝင်မကျဘူးကွယ်

ငါ့တူကြီးက ပြေးကြလို့လမ်းပြလိုသာ သူက ပြေးစရာ လှေတွေ လှူနိုင်တာမို့လား
ဘယ်လိုပဲဖြစ်ဖြစ် ငါ့တူကြီးရဲ့ အကြံဉာဏ်ကို အသုံးချသွားတာကွယ့်

အဲဒါကိုပဲ တချို့တွေက ဒေါ်စုက အခုလှူနေတာ ပြည်သူ့ငွေမဟုတ်တဲ့ အလှူငွေတွေ ဘာညာနဲ့ ဂုဏ်ဖော်နေကြတာ တွေ့ရတော့ ဘကြီး အရမ်းအမြင်ကတ်တာပဲ

မသိရင် ငါ့တူကြီးတို့က အိတ်ထဲကမထုတ်ပဲ ပြည်သူ့ဘဏ္ဍာတွေချည်း ထုတ်လှူနေကြသလိုဖြစ်နေတယ်

ငါ့တူကြီးချမ်းသာတာကိုတောင် ခိုးထားလို့လို့ ပြောချင်ကြတာကွယ့်

ငါ့တူကြီးက ခိုးစရာလားကွယ်
ဒီစရင်းအင်းတွေဆိုတာ ဝန်ကြီးချုပ်ဘဝကတည်းက ငါ့တူကြီးကိုင်လာတာပဲဟာ

အချိန်မရွေး ထုတ်သုုံးလို့ ရနေတာပဲဟာ
ဘယ်မှာ ခိုးစရာလို့လို့လဲကွယ်

ဒီတိုင်းပြည်ကို ငါ့တူကြီးက ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးလို့ သဘောထားမှတော့ ဒါတွေဟာလည်း ငါ့တူကြီးပိုက်ဆံပေါ့ကွယ်

ဒါများ ဘာခက်တာလိုက်လို့

ငါ့တူကြီးတို့အနေနဲ့ ကိုယ့်တိုင်းပြည်လို့ သဘောထားလို့သာ ဒီလို ရောင်းစား၊ ငှါးစားတာတွေ လုပ်ရဲတာပေါ့ကွယ်

ဒါကိုပဲ တိုင်းပြည်ကို မချစ်ကြဘူးလို့ ပြောကြတာ အံ့ပါရဲ့ကွယ်

ငါ့တူကြီးတို့မှာဖြင့် ချစ်လွန်းလို့ လက်ညှိုးထိုးလို့ကို မဝနိုင်ဘူးဖြစ်နေတာ ဒီလူတွေ မမြင်ဘူးကွယ့်

ကိုယ့်လူမျိုးကို ချစ်လွန်းလို့တောင် တိုးတက်နေတဲ့ ပြည်ပနိုင်ငံတွေကို အိမ်ဖော်အစ ပညာရှင်အဆုံး ထွက်နိုင်အောင် လုပ်ပေးထားတာကို ကျေးဇူးမတင်တတ်ကြဘူးကွယ်

ကိုယ့်နိုင်ငံမှာ ကိုယ်နေရင် ထမင်းတောင်နပ်မမှန်နိုင်လို့ ပြည်ပပို့ရတာကိုပဲ ငါ့တူကြီးကို အပြစ်မြင်နေကြတာ အံ့သြပါရဲ့ကွယ်

တချို့ကိုဆို ထောင်ထဲပါထည့်ပြီး ကျွေးမွေးပြုစုထားတာ ဘကြီးလည်းအမြင်ပဲလေ

ငါ့တူကြီးတို့အဆိုးရအဖွဲ့ကို မကောင်းပြောကြတဲ့သူတွေကိုတောင် ပုဒ်မတွေ လျှောက်တပ်ပြီး နေစရာ စားစရာအပြည့်အစုံနဲ့ ထောင်ထဲထည့်ပေးထားတာပဲ မို့လား

သဘောထားကြီးလိုက်တာ ငါ့တူကြီးရယ်
ဘကြီးဖြင့် လေးစားလို့ မဆုံးဘူး

ငါ့တူကြီး လတိုင်းပြောနေကျစကားရှိပါတယ်ကွယ့်
"မိဘပြည်သူများခဗျာ " ဆိုတာလေ..

အဲဒါမှန်နေတာပဲကွယ်
ပြည်သူတွေအနေနဲ့ ဘာမခံချင်စရာရှိလဲကွယ်

ကိုယ့်ကို မိဘအရာထားပြီး လေးစားနေတာပဲဟာ
ဘာဒေါသထွက်စရာရှိလဲကွယ်

ကိုယ့်သားသမီးပဲလေ
ဟုတ်တယ်မို့လား
သူ့အိမ်ထောင်နဲ့ သူကျသွားရင် အိမ်ခွဲ စီးပွားခွဲကြတာ ထုံးစံပဲလေ

အခု ငါ့တူကြီးက အိမ်ထောင်ကျလို့ ကိုယ့်ဟာကိုယ် စီးပွားခွဲတာပဲကွယ်

ဘာမကျေနပ်စရာရှိလဲ

မိဘဆိုတာ သားသမီးမရှိခင်ကလည်း ဒီလိုပဲရုန်းကန်ခဲ့ရတာပဲလေ..
အခုလို ဒုက္ခရောက်လည်း အခါတိုင်းလို ရုန်းကြပေါ့ကွယ်

သားသမီးဖြစ်တဲ့ ငါ့တူကြီးတို့အဆိုးရအဖွဲ့ကို ဘာအားကိုးနေစရာရှိလဲကွယ်..

တကယ်ပဲ
တော်တော် အလိုက်ကမ်းဆိုး မသိတဲ့ မိဘတွေပဲကွယ်

အခုလည်း အာဏာရပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီက ဘာလုပ်နေတာလဲ..
ဘာမှမလှူကြဘူးလား
သူဌေးကြီးတွေ များတဲ့ပါတီက ဘာလုပ်နေတာလဲနဲ့ အော်နေကြသေးတယ်ကွယ်
တကယ်ကို စိတ်ကုန်စရာကောင်းတဲ့ လူတွေပဲ

အာဏာရပါတီပါဆိုမှ ဘာလုပ်စရာလိုလဲကွယ်
အာဏာရပါတီ အနေနဲ့
ပြည်သူတွေကို ဒီမြေပေါ်ကနေ မောင်းမထုတ်တာပဲ ကံကောင်းနေပြီ

ဘာလှူစရာလိုလဲကွယ်
အမှန်ဆိုရင် လှူတဲ့အဖွဲ့တွေက ငါ့တူကြီးတို့အဖွဲ့ကိုတောင် ဆတ်ကြေးပေးရအုံးမယ် မို့လား

ငါ့တူကြီးတို့ စေတနာသဒ္ဓါတရား ထက်သန်လွန်းလို့သာ လှူခွင့်ပေးထားတာ
ဒါကို သဘောမပေါက်ကြတော့ အပြစ်တွေစွတ်တင်နေကြတာ

ဒီလူတွေ မိုးကြိုးပဲ ထပစ်မလား
မြေပဲ မြိုသွားမလား စိုးရိမ်ရသကွယ့်

အာ့ကြောင့် ငါ့တူကြီးလည်း မြေကြီးပေါ် မဆင်းနဲ့ကွယ့်
ရောယောင်ပြီး လူမှားမြိုသွားအုံးမယ်

မိုးတွေရွာနေရင်လည်း အပြင်မထွက်နဲ့
မိုးကြိုးက လူမှားပစ်လို့ ဟုတ့်ပေ့ဖြစ်နေအုံးမယ်

ဒီသိကြားမင်းက ဘုရားလက်ထက်ကတည်းကဆိုတော့ အတော်အသက်ကြီးပြီး အိုနေလောက်ပြီ
လက်ဆက မတည့်နိုင်လို့ ချော်ချက်ထိနေမှဖြင့် ဘကြီးတူလေး ရေတိမ်နစ်နေအုံးမယ်

ကျမ္မာရေး ဂရုစိုက်ပါကွယ်

အခုလည်း ငါ့တူကြီး ဆည်တမံတခု သွားစောင့့်ကြည့်နေတယ် လို့သိရတယ်
ကောင်းပါတယ်ကွယ်
ငါ့တူကြီးက အဲဒီအလုပ်နဲ့ပဲ ကိုက်ပါတယ်

မဟုတ်ရင် ဒီအချိန်မှာ အဲဒါကြီးကျိုးကျရင် မလွယ်ဘူးမို့လား

အကယ်၍ ကျိုးကျလာရင်တောင် ငါ့တူကြီးက ထိပ်ဆုံးက ပါလာမှာဆိုတော့ ရှေ့ကလူတွေအိမ်တွေကို ရှောင်ဖို့ရှားဖို့ အော်ပြောလို့ ရတာပေါ့ကွယ်

အင်း..
အသက်တောင် ရင်းထားတာကိုးကွယ့်

လေးစားမိသကွယ်

ရောမမြို့ကြီး မီးလောင်နေတာကို တယောထိုးမပျက်တဲ့ နီရိုးဘုရင်ကြီးကို လူတွေက သွေးအေးတယ်လို့ ထင်နေကြတာ မြင်ရတော့
ငါတူကြီးအစား သူတို့ကို သနားမိတယ်..

အဲဒီနိီိရိုးဘုရင်ကြီးက သူ့တိုင်းပြည် မီးလောင်မှာကို ကြိုမသိဘူးကွယ့်
သိလည်းသိရော ဘာလုပ်ရမှန်းမသိလို့ တယောပဲ မျက်စိမှိတ်ပြီးထိုးနေခဲ့တာကွယ့်

အခုငါ့တူကြီးတို့က ကြိုသိရဲ့သားနဲ့ သွေးအေးအေးနဲ့ ထိုင်ကြည့်ခဲ့ကြတာမို့လား..

ဘယ်လိုတွေ ဒုက္ခရောက်မယ်ဆိုတာလည်း နာဂစ်တုန်းက ဘာမှပေးစရာမပါပဲ လက်နောက်ပစ်ပြီး သွားကြည့်ဖူးထားတော့ ငါ့တူကြီးတို့က ပိုပြီးသွေးအေးတာပေါ့ကွယ်..

ဟော ဒုက္ခတွေ ရောက်လို့ တနိုင်ငံလုံး အုတ်အုတ်ကျတ်ကျတ် ဖြစ်နေတာတောင် စိုးရိမ်စရာမရှိပါဘူး လို့ ခပ်တည်တည်နဲ့ အော်ခဲ့တဲ့ ငါ့တူကြီးကိုတော့ အဲဒီနီရိုးဘုရင်က ခြေဖျားတောင်မမှီဘူးလို့ ဘကြီးဆိုချင်သကွယ့်

ဘယ်လိုပဲဖြစ်ဖြစ်
ကမ္ဘာကျော် သွေးအေးဘုရင်ထက် အဆတစ်ရာသွေးအေးနိုင်တဲ့ စက်ရုပ်နှလုံးသားပိုင်ရှင် ငါ့တူကြီးအတွက် ဘကြီးဂုဏ်ယူလို့မဆုံးပါဘူးကွယ်

ကဲကဲ..

ခနနေ ဗိုလ်ချုပ်သမီးလေးရဲ့ လှေတွေ ရောက်တော့မယ်ကွယ့်
ငါ့တူကြီးစကားကို နားထောင်ပြီး ဘေးလွတ်ရာကို ရွေ့လိုက်အုံးမယ်ကွယ်

ငါ့တူကြီးတို့ရဲ့ တောကဘကြီး

YaeTayZa

No comments:

Post a Comment