သို့ /
တူမောင်ကြီး သိန်းစိန်
ငါ့တူကြီး ကျမ္မာပါစေလို့ ဘကြီးဆုတောင်းလျက်ပါ
ငါ့တူကြီးလို အဌာရသ ၁၈၀ ရပ် လောက်တတ်မြောက်တဲ့ တူတယောက်ရှိတာ ဘကြီးဂုဏ်ယူလို့မဆုံးပါဘူးကွယ်
အစက ငါ့တူကြီးတို့ DSA ဆိုတာ စစ်တက္ကသိုလ်လို့ ထင်နေတာကွယ့်
အခုမှပဲ ပါရမီရှင်တွေ မွေးထုတ်တဲ့နေရာမှန်း သိရတော့တယ်ကွယ်
ဘုရားအလောင်းဖြည့်ကျင့်ခဲ့တဲ့ လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ခက်ခဲတယ်ဆိုတာ ဘာဟုတ်သေးလည်းကွယ်...
ငါ့တူကြီးတို့ DSA သင်တန်းကမှ တကယ့် ဒိတ်ဒိတ်ကြဲပညာရပ်တွေချည်း ခက်ခက်ခဲခဲသင်ယူခဲ့ရတာ ကလားကွယ့်...
ဘာလို့လဲဆိုတော့ ဘုရားအလောင်းဘဝတိုင်းမှာ အဌာရသ ၁၈ ရပ်ပဲသင်ကြားခဲ့တာဆိုတော့ ခုငါ့တူကြီးတို့က သင်တန်းပေါင်း ၅၀ ကျော်၊ အဌာရသက ၁၈၀ လောက်ဆိုတော့ ဘုရားအလောင်းတွေ ဘယ်မှီမလဲနော်...
ဂုဏ်ယူရပါတယ် ငါ့တူကြီးရယ်...
ဘကြီးတော့ ဒါမျိုးတူတယောက်ရတာ ဘာနဲ့မှမလဲနိုင်ဘူးကွယ့်..
နောက်များ အားခဲ့ရင် ဘုရားလျှောက်မဖူးတော့ပါဘူးကွယ်..
ငါ့တူကြီးဆီကိုပဲ လာဖူးမြှော်တော့မယ်..
ငါ့တူကြီးတို့က စွယ်စုံထူးချွန်သူကြီးတွေဆိုတော့ ကျန်တဲ့ ဘယ်သူ့ကိုမှ အားမကိုးတော့ပါဘူးကွယ်..
အဆင်သင့်လို့ တရားလေးဘာလေး ဟောဖို့အစီအစဉ်ဆွဲရင်တော့ ဘကြီးကို တပွဲလောက် ပေးစမ်းပါကွယ်...
အခု ငါ့တူကြီးတို့က တိုင်းပြည်အတွက် အနစ်နာခံပြီး ရှိသမျှအလုပ်တွေ အကုန်လုပ်နေကြတော့ ဘကြီးအားရသကွယ်
ကျမ္မာရေး ဝန်ကြီးဌာနမှာ ငါ့တူကြီးတို့ စစ်တပ်က ဗိုလ်တွေ လာအုပ်ချုပ်ပေးမှာဆိုတော့ ကျေးဇူးတောင် တင်မိပါရဲ့ကွယ်...
မဟုတ်ရင် လျော့တိလျောရဲနဲ့ကွယ်...
လူနာကို ဆက်ဆံနေကြတာများ သူတို့အမျိုးတွေကျနေရောပဲကွယ်...
ငါ့တူကြီးလူတွေကမှ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အကုန်လှည့်ဟောက်နေတာ အားရသကွယ့်
ဆေးရုံက ဆရာဝန်ကြီးတွေက ပညာတွေတော့ တတ်ကြပါရဲ့ကွယ်...
ဒါပေမယ့် အရမ်းယဉ်ကျေးလွန်းနေသလားလို့...
ငါ့တူကြီးလူတွေလို မျက်နှာထားတင်းတင်းနဲ့ တတ်တတ်၊ မတတ်တတ် ဟောက်စားလုပ်နိုင်မှ တန်ကာကျတာကွယ့်...
တချို့ လူနာတွေက ငွေမတတ်နိုင်ပဲနဲ့ လာလာတက်နေကြတာမျိုးရှိတော့ အဲလို အာကြမ်းလျှာကြမ်းတွေရှိထားမှ အဆင်ပြေတာကွယ့်
အရမ်းကောင်းတဲ့ အိမ်တွေမှာ လုံခြုံရေးအရ အယ်ဇေးရှင်းခွေးကြမ်းကြီးတွေ မွေးသလိုပေါ့ကွယ်
တိုင်းပြည် လုံခြုံရေးအရ ဒါမျိုးတော့ ထားသင့့်တယ်လို့ ဘကြီးထင်သကွယ့်
အခုဆရာဝန်ကြီးတွေက သူတို့တွေ ကြိုးစားခဲ့တဲ့ ကျောင်းသားဘဝတွေကို ပြန်ပြီးပြောနေကြတယ်ကွယ့်
သူတို့ပြောချင်တာက အတန်းထဲမှာ ထိပ်ဆုံးက Top Ten ဝင်တဲ့သူတွေသာ အခုလို ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ ဖြစ်တာတဲ့..
ဒီနေရာရလာဖို့လည်း ဆေးတက္ကသိုလ်မှာ ၇ နှစ်တိတိ နေ့မအား၊ ညမနား ငွေလမ်းခင်းပြီး စည်းစိမ်ပြုတ်မတတ် ကြိုးစားခဲ့ရတာတဲ့...
အခု သူတို့ ပညာရှင်တွေ အုပ်ချုပ်ဖို့လွတ်လိုက်တဲ့ စစ်ဗိုလ်တွေဆိုတာ တကယ့် ဂျလေဘီတွေများတယ်တဲ့..
ဆယ်တန်းတောင်မှ ပိန်လိန်ပြီး ပွတ်ကာသီကာ အောင်တဲ့လူတွေတဲ့ကွယ်..
အလကား လျှာရှည်နေကြတာပါကွယ်...
နောက် မျိုးဆက်သစ်တွေ စိတ်ဓာတ်ကျအောင် လျှောက်ပြောနေကြတာကွယ့်
ကိုယ့်ဟာကိုယ် ငယ်ငယ်တုန်းက အဆင့်တစ်ရချင်လို့ ကြိုးစားခဲ့တာကို ရေးကြီးခွင်ကျယ်လုပ်နေကြတာပါ..
အမှန်က သူများထက် ဗိုလ်ကျချင်ရင် စစ်ဗိုလ်လုပ်ကြပေါ့့ကွယ်..
အနိုင်ကျင့်ချင်ရင် ဗိုလ်ဖြစ်အောင် ကြိုးစားကြပေါ့ကွယ်.. ဘာခက်တာလိုက်လို့..
ငါ့တူကြီးတို့က အမြှော်အမြင်ကြီးပြီး အနစ်နာခံနေကြလို့သာ သီးခံနေကြတာပါကွယ်..
ဘကြီးဆို ဒီလို ငြိမ်မနေနိုင်ဘူး..
အကုန် ဖြုတ် ထုတ် သတ် လုပ်ပစ်လိုက်မှာ...
နောက်လူငယ်တွေအနေနဲ့လည်း သူတို့လောက်ကြီး ကြိုးစားနေစရာမလိုဘူးဆိုတာကို သက်သေပြရာရောက်တာပေါ့ကွယ်...
မဟုတ်ရင် ကလေးတွေ အလကားပင်ပန်းနေအုံးမယ်...
ဒါကို ဒီဆရာဝန်တွေ မသိကြဘူးကွယ့်.
ကလေးတွေကို ကြိုးစားရင် သူတို့လို ပညာတတ်တွေဖြစ်တယ်ဆိုပြီး မှိုင်းသွင်းနေကြတာကွယ့်...
ဟော.. ခု ငါ့တူကြီးတို့လို မကြိုးစားပဲ ပေစောင်းစောင်းနဲ့ ကျောင်းတက်ပြီး မအောင်ချင်၊ အောင်ချင်နဲ့ အောင်လာတဲ့ ကောင်တွေက သူတို့လို ပညာရှင်တွေကို အုပ်ချုပ်ပြလိုက်တော့ ကလေးတွေလည်း အမြင်ရှင်းသွားတာပေါ့ကွယ်...
မဟုတ်ရင် ဒီကလေးတွေက အတုယူမှားပြီး အရမ်းကြိုးစားနေကြရင် သူတို့လေးတွေ ပင်ပန်းနေကြမှာပေါ့ကွယ်..
လူသားချင်း စာနာစိတ်ကြီးမားလှတဲ့ ငါ့တူကြီးတို့ကသာ အခုလို လုပ်မပြရင် သူတို့လေးတွေ နစ်နာရချည်ရဲ့ကွယ်...
ဒီလိုဖြတ်လမ်းတွေ ရှိတယ်ဆိုတာကို နောက်လာနောက်သားတွေကို အကောင်းဆုံးပြနိုင်ခဲ့တာမို့ ဒါမျိုးက သမိုင်းဝင်လုပ်ရပ်တွေလို့တောင်ဆိုနိုင်သကွယ့်..
ဒါနဲ့ ဟိုတလောက
ငါ့တူကြီးက စစ်တပ် ရေသန့်စက်က ရေတွေ သောက်ပြသေးဆိုကွယ့်..
အဲလိုဖြစ်နေရမယ် ငါ့တူရေ..
ပြည်သူနဲ့ တသားထဲဆိုတာ ပြရအုံးမယ်မို့လား..
ငါ့တူကြီးသောက်ပြတော့ အနားကလူတွေက အံ့သြတဲ့မျက်နှာတွေနဲ့ ကြည့်နေကြတာများ ဘကြီး အားရသကွယ်...
အမှန်က အဲဒီရေက ငါ့တူကြီးမလာခင်ကတည်းက အဲဒီကလူတွေသောက်နေကြတာ ဗိုက်တောင် ထွက်နေပြီကွယ့်..
ဒါပေသိ..
ငါ့တူကြီးက အရင်သောက်ပြတယ်ဆိုတာလေး ပြချင်လို့ တမင်ကို ရေသန့်တွေထည့်ထားကြတာဖြစ်မှာပါကွယ်...
ထားပါလေ...
ဘကြီးကတော့ ငါတူကြီးတို့အဖွဲ့တွေ နေရာတကာ ဝင်ပါနေရတာ မြင်ရတော့ အားလည်းနာမိပါရဲ့ကွယ်...
ငါ့တူကြီးပြောသလိုပဲ..
အခုလူငယ်တွေက အရည်အချင်းမရှိကြဘူးကွယ့်..
အဲဒါကြောင့် ငါ့တူကြီးတို့ကပဲ အိုသေတဲ့အထိ စောင့်ရှောက်ကြရမယ် ထင်ပါရဲ့ကွယ်...
ဝန်ကြီးဌာနတိုင်းမှာ စစ်အင်အားအလျော့ခံပြီး ဖြည့်ဆည်းပေးတဲ့ ကျေးဇူးလေးမှ မထောက်ကြဘူးကွယ်..
ပြောနေဆိုနေကြတာများ ငါ့တူကြီးတို့ကပဲ ဘာမှမတတ်ပဲ ဝင်ပြီးနေရာယူနေကြသလိုပဲ..
ငါ့တူကြီးရဲ့ နောင်တော် ရွှေမန်းကြီးပြောသလို ပြောရရင် ဒီလိုနေရာမျိုးဆိုတာ
တော်ရုံတန်ရုံအကုသိုလ်လောက်နဲ့ မဖြစ်ဘူးဆိုတာ သဘောမပေါက်ကြဘူး ထင်ပါရဲ့ကွယ်...
အကုသိုလ်များဖို့ဆိုတာလည်း ငါးပါးသီလကို အတတ်နိုင်ဆုံး မစောင့်ထိန်းမိအောင် ကြိုးစားရတာကလားကွယ့်..
သူများကို လိမ်ပြီး မျက်နှာပြောင်တိုက်ထိုင်နေဖို့ဆိုတာ တော်ရုံပါရမီနဲ့မရဘူးဆိုတာ မသိရှာကြဘူးကွယ့်...
သူများဥစ္စာခိုးပြီး ကယ်တင်နေတာပါလို့ ဗြောင်လိမ်ပြောဖို့ဆိုတာလည်း လူတိုင်းမလုပ်နိုင်တဲ့ အရာကွယ့်...
အပြစ်မဲ့တဲ့သူတွေ၊ သံဃာတွေကို သတ်ပြီး မျိုးချစ်စိတ်ဓာတ်ရှိကြပါလို့ ပြောထွက်ဖို့ဆိုတာလည်း တော်တန်ရုံ အရှက်လောက်နဲ့ မရဘူးကွယ့်...
အဲဒါတွေကြောင့် ငါ့တူကြီးတို့လို့ ပါရမီရှင် အဆိုးရအဖွဲ့ကိုတော့ ဘကြီး လေးစားအားကိုးမိပါတယ်ကွယ်...
အခုစစ်ဗို်လ်တွေကိစ္စကို တတိုင်းပြည်လုံး အုတ်အုတ်ကျတ်ကျတ်နဲ့မို့ ပြန်ပြီး ရပ်ဆိုင်းလိုက်တယ်ဆိုတာတော့ သိပ်အထာမကျလှဘူးကွယ်
ငါ့တူကြီးရဲ့ တချို့အဖွဲ့ဝင်တွေက အခုဝင်လာမယ်လုပ်ပြီး ရပ်ဆိုင်းခံရတဲ့ စစ်ဗိုလ်တွေကို ချိုးချိုးနှိမ်နှိမ်နဲ့ စစ်တန်းလျားပြန်သင့်ပြီတွေဘာတွေပြောနေတော့
ဇာတ်တူသားစားပြီး အမျိုးပြုတ်ခဲ့တဲ့ ဟင်္သာကိုးသောင်းပုံပြင်လေး သွားသတိရမိသေးတယ်ဟေ့
သူတို့ချွတ်ပြီး ပုံထားတဲ့ ယူနီဖောင်းတောင် ပြန်မလျှော်ရသေးဘူး၊ သူတို့က ဒီစကားပြောပြီး အမှတ်ဝင်ယူနေကြသေးတယ်ကွယ်
ငါ့တူကြီးတို့အနေနဲ့က ကိုယ်ပါထားတဲ့ ချီးကို လက်ညှိုးထိုးပြီး ရွံစရာကြီးလို့ ပြောရုံမကဘူး၊ အခုက ကိုယ့်ချီးကို ကိုယ်ပြန်စားနေကြ သလိုကြီး ဖြစ်နေသလားလို့ပါ...
ဒါပေမယ့် လွတ်ထားလိုက်ပါကွယ်
တခါတလေ ဒါမျိုးလေးလုပ်ပေးတော့ ငါ့တူကြီးတို့အပေါ် အမြင်စောင်းနေတာလေးတွေ နဲနဲတည့်သွားတာပေါ့...
အမြဲတမ်းကြီး မဟုတ်တာလုပ်နေတော့လည်း တခါတလေ လိုက်လျောတာကောင်းပါတယ်ကွယ်..
တို့လူမျိုးဆိုတာ လူ တစ်ရာသတ်ခဲ့တဲ့လူက လူတယောက်ကို ကယ်လိုက်ရင် လူကောင်းလို့ မြင်တတ်ကြတယ်ကွယ့်...
အဲဒါကြောင့် တချို့ သေးသေးမွှားမွှားကိစ္စတွေကို လျှော်ပေးလိုက်ပါကွယ်...
ငါ့တူကြီးတို့က ပါရမီရှင်တွေဆိုတော့ တချို့ကိစ္စတွေကို မျက်နှာပြောင်တိုက်ပြီး မသိချင်ယောင်ဆောင်နေလိုက်ပါကွယ်...
အင်း တလောက ကာချုပ်ကြီးက အခုလို ရေကြီးမယ်ဆိုတာကြိုသိတယ်လို့ ပြောတာကို မအံ့သြတော့ပါဘူးကွယ်...
ဒါနဲ့များ အခုလောက်ကြီး ပြည်သူတွေဒုက္ခရောက်မှာကို ထည့်မတွက်တာတော့ ဘကြီးလိုက်မမှီဘူးကွယ့်
ဟော.. ကမ္ဘာက ပရဟိတမှာ မြန်မာက အမေရိကန်နဲ့ ပူးတွဲပထမဆိုတော့မှ သဘောပေါက်တော့တယ်...
ပြည်သူတွေကို ကုသိုလ်လည်းရ၊ စည်းလုံးပြီးသားလည်း ဖြစ်စေချင်လို့ ဘာမှကြိုမပြောပဲထားတယ်ဆိုတာ ခုမှပဲ သဘောပေါက်တော့တယ်...
တယ်လည်း အမြှော်အမြင်ကြီးကြတာကလား...
အဲဒါကြောင့်လည်း အဆိုးရဖြစ်နေကြတာကိုးကွယ့်...
ဟော ပြောရင်းဆိုရင်း မကွေးတိုင်းဝန်ကြီးချုပ်ဆိုလား၊ ဘကြီးတို့ ဓမ္မရုုံထဲကို လာသကွယ့်...
ဟိုမှာ သံဃာတပါးအိပ်ယာပေါ်မှာ ဖိနပ်တောင်မချွတ်ပဲ အဖူးမြှော်ခံနေတာများ ကြည်ညိုစရာအတော်ကောင်းသကိုးကွယ့်
ကြုံတောင့်ကြုံခဲမို့ ဘကြီးသွားဖူးလိုက်အုံးမယ်ဟေ့...
မောင်မင်းကြီးသားများ ကျမ္မာပါစေကွယ်...
ငါ့တူကြီးရဲ့ တောကဘကြီး
Yae TayZa
No comments:
Post a Comment