သို့/
တူမောင်ကြီး သိန်းစိန်
ဘကြီး သတိတရစာရေးလိုက်ပါတယ်
ငါ့တူကြီးတို့ အဆိုးရအဖွဲ့ဝင်တွေအားလုံး ဒီအချိန်မှာ အလုပ်ရှုပ်နေကြမယ်ဆိုတာ ဘကြီးသိပါတယ်
ဘကြီးလည်း နေစရာ၊ စားစရာမရှိရတဲ့ကြားထဲ ငါ့တူကြီးတို့လာပေးတဲ့ ဘုရားကို ဆွမ်းကပ်ရ၊ ထားစရာရှာရနဲ့ အလုပ်ရှုပ်ရင်း သတိရလို့ စာရေးလိုက်တာပါ
ဘကြီးအနေနဲ့ ကျေးဇူးလည်း တင်သကွဲ့
ဘုရားတရားမရှိလို့ ရေဘေးသင့်ရတယ်လို့ သဘောထားပြီး ငါ့တူကြီးက ဘုရားဆင်းတုတွေ လိုက်ပေးနေတာမြင်ရတော့ ပိဋကတ်သုံးပုံပင့်လာတဲ့ အနော်ရထာဘုရင်ကြီး ပြေးမြင်မိသကွယ့်
သာသနာပြုမင်းဆိုတာ ယုံမှားသံသယမရှိပါဘူးကွယ်
တချို့တွေကတော့ လယ်တီသိမ်က စေတီရယ်၊ ဘူဒိုဇာနဲ့ထိုးခံရတဲ့ ဘုန်းကြီးကျောင်းတွေက ဘုရားတွေရယ်၊ သန္တိသုခက ဘုရားတွေကျတော့ ဘာလို့ ဂရုမစိုက်တာလဲဆိုပြီး စကားနာလာထိုးနေကြတယ်ကွယ့်
အသွားမတော်တလှမ်း ဆိုတဲ့စကားဒီလူတွေမကြားဖူးပါဘူးကွယ်
အဲဒီဘုုရားတွေက မရှိသင့်တဲ့နေရာမှာ ရှိနေကြတာကို ငါ့တူကြီးတို့လို ပါရမီရှင်တွေမှ သိတာမျိုးကွယ့်
အာ့ကြောင့် ဘုရားမရှိသင့်တဲ့အရပ်မှာ ဘုရားဆောင်တွေ၊ စေတီတွေမှန်သမျှ ငါ့တူကြီးရဲ့ လက်စွဲတော် ဘူဒိုဇာတပ်နဲ့ အကုန်ထိုးကလော်ပြီး နေရာရွေ့ပြောင်းပေးခဲ့ကြရတာ မို့လားကွယ်
ဒါတွေကို နားမလည်ကြပဲ ငါ့တူကြီးကို အပြစ်လာမြင်နေကြတာ ဘကြီးဖြင့် အသဲယားလှသကွယ်
ငါ့တူကြီးလို ထက်ထက်မြက်မြက်သမ္မတ တယောက်ကို တန်ဖိုးထားရကောင်းမှန်းမသိကြဘူးကွယ့်
တနေ့ညက ငါ့တူကြီးတို့ ပါတီအပြောင်းအလဲလုပ်သွားပုံလေး ဘကြီးသဘောကျသကွယ့်
သူခိုးဂျပိုးတွေရဲ့ ဖဲဝိုင်း ရဲဝိုင်းထားသလိုပဲကွယ်
အဲလို လုပ်ရတယ်ဆိုကတည်းက ဒီလူတွေဟာ လူဆိုးတွေထက် ဆိုးတယ်ဆိုတာ သက်သေပြလိုက်တာပဲကွယ့်
၂၀၁၂ တုန်းက မောင်ဌေးဦးနဲ့ အောင်သိန်းလင်းတို့က ငါ့တူကြီးက သမ္မတမို့လို့ ပါတီဥက္ကဌတာဝန်ကို သူရရွှေမန်းကို ခန့်အပ်လိုက်တယ်လို့ ပြောခဲ့တာဟာ အခုမှ လိမ်ပြောမှန်းသိရသကွယ့်
အစက သူတို့ပဲ တမျိုးပြောပြီး အခုကျတော့ ဝေ့လည်ကြောင်ပတ်နဲ့ လျှောက်ပြောနေကြတာကတော့ ဘကြီးသိပ်မကြိုက်လှဘူးကွယ်
ငါ့တူကြီးလို တခွန်းဆို တခွန်းပြောတာပဲ ကြိုက်တယ်..
တခါတလေ အမျိုးမျိုးပြောင်းပြောနေရတာမျိုးလည်း ရှိချင်ရှိမှာပေါ့...
ဒါပေမယ့် မင်းတို့ မာယာလေကွယ်
အဌာရသ ၁၈၀ မှာ လိမ်လည်လှည့်ဖျားခြင်းအတတ်ဆိုတာလည်း ပါတယ်မို့လားကွယ့်
အဲလိုမှ မလိမ်ရင် ငါ့တူကြီး စားခွက်ပျောက်ပြီး လမ်းဘေးရောက်သွားမှာပေါ့ကွယ့်
စိတ်ထဲမထားပါနဲ့ကွယ်
ဒါမျိုးတွေက ဘကြီးတို့နိုင်ငံသားတွေအနေနဲ့က ရိုးနေပါပြီကွယ့်
ဌာနတိုင်းလိုလို ထမင်းစားရေသောက် လက်တလုံးခြား လိမ်နေကြတာမို့ ငါ့တူကြီးတို့ အဆိုးရနဲ့ ပက်သက်လာရင် လူတိုင်းအကြောင်းသိနေကြပါပြီကွယ့်
ရှက်စရာမဟုတ်ပါဘူးကွယ်
အဲလိုသာ ရှက်နေရမယ်ဆိုရင် ငါ့တူကြီးတို့အဖွဲ့တွေ မြောင်းထဲမှာ ဖားရှာငါးရှာအဆင့်ကကို တက်မှာမဟုတ်ဘူးကွယ့်
ဒီတော့ တော်ရုံကိစ္စကို မျက်နှာပြောင်တိုက်ပြီး နေလိုက်စမ်းပါကွယ်
အခု ငါ့တူကြီး ခွက်စောင်းခုတ်ထည့်လိုက်တဲ့ သူရရွှေမန်းဆိုရင် ကောင်းတာမဟုတ်ဘူးကွယ့်
ဟိုတခါ ရေဘေးတုန်းက ရံပုံငွေ ၁၀၀ ဘီလျံရှိတယ်ဆိုပြီး ငါ့တူကြီးကို ချောက်တွန်းလိုက်တာလေ
အမှန်က ငါ့တူကြီးက အဲ့ငွေတွေနဲ့ ဇာတ်ရုံဆောက်ပေးမယ်ဆိုပြီး အနုပညာရှင်တွေကို မဲဆွယ်ထားတာကို သိသိကြီးနဲ့ လုပ်တာကွဲ့..
ရေဘေးဆိုတာ ငါ့တူကြီးမကယ်လည်း ပြည်သူတွေအချင်းချင်း ကယ်နေကြတာပဲကွယ်
ဘာများအရေးကြီးလို့လဲ
ဘေးလွတ်ရာရွှေ့နေကြလို့ ပြောထားပြီးပြီပဲဟာ
နောက်ပြီး ငါ့တူကြီးကိုယ်တိုုင် ဆည်ကို သွားစောင့်အိပ်နေခဲ့တာပဲလေ
ဒါကို ဘာတွေမျှော်လင့်နေကြမှန်း မသိပါဘူးကွယ်
အဲဒီကတည်းက ရွှေမန်းကို ဘကြီးက သိပ်မကြိုက်ဘူးကွယ့်
အခုလို ငါ့တူကြီးက ၂၀၁၂ တုန်းက သူ့ကိုပေးထားတဲ့ ပါတီဥက္ကဌရာထူးကို ကလိမ်ကကျစ်လုပ်ပြီး ခွက်စောင်းခုတ်ပြန်ယူလိုက်တာကိုတော့ ဘကြီးကျေနပ်လှသကွယ်
နောက်ပြီး သူက ဗိုလ်ချုပ်သမီးလေးနဲ့ လေပေးတွေဖြောင့်နေတာများ ငါတူကြီးတို့ အမြင်ကတ်ချင်လညး် ကတ်လောက်တယ်ကွယ့်
သူက ရွေးကောက်ပွဲတောင် တရားမျှတအောင်လုပ်ပေးမယ်လို့ ကတိတွေ လျှေ၊ာက်ပေးနေတာကွယ့်
ဒါဟာ ငါ့တူကြီးတို့ တဖွဲ့လုံးကို စော်ကားလိုက်တာပဲလေ
တကယ်သာ မျှမျှတတလုပ်နေရင် မဲရဖို့မပြောနဲ့ မူးလဲရင်တောင် မဲက ရှူစရာရှိမှာမဟုတ်ဘူးလေ
ဒါတွေ သူမသိဘူးကွယ့်
ငါ့တူကြီးကတော့ တနိုင်ငံလုံးပတ်သွားနေတာဆိုတော့ လာကြိုဖို့တောင် ပိုက်ဆံဘယ်လောက်အကုန်ခံပြီး တအိမ်တယောက်ခေါ်ထားရသလဲဆိုတာတွေ သိမှာပေါ့
ဇြုတ်ပြစ်တာ အေးပါတယ်ကွယ်
စစ်သားလူထွက်ဆိုတာ မာမာပြတ်ပြတ်ပဲ ကောင်းတယ်ကွယ့်
သဘောထားပျော့ပြောင်းလာရင် ဒါပြည်သူစိတ်ပေါက်သွားတယ် ခေါ်တယ်
ဒါမျိုးတွေကို ကြာကြာမထားနဲ့ကွယ့်
အကုန်ဖြုတ်ပစ်..
နဲနဲအကောင်ကြီးလို့ ပြန်အာခံနိုင်လောက်ရင်တော့ ငါ့တူကြီးတို့ အခါတိုင်းလုပ်သလို အမှုဆင်ပြီး ချောင်ထိုးထားလိုက်ပေါ့ကွယ်
ငါ့တူကြီးရဲ့ ကျောသားရင်သား မခွဲခြားပဲ နှိပ်ကွပ်တတ်တဲ့ စိတ်ထားကိုတော့ လေးစားတယ်ကွယ်
အဲလိုဖြစ်နေရမယ်ကွယ့်
" ခွေးကောင်းတို့မည်သည် အမြီးကိုအထိမခံ " တဲ့..
ငါ့တူကြီးလည်း ထိုင်ခုံကို မျက်စောင်းတောင် အထိုးမခံနဲ့ကွယ့်
ပထမက
အောင်သောင်း..
သမ္မတထက်ကြီးတာတောင် လုပ်နိုင်တယ်လို့ပြောလို့ သေသွားရှာပြီ
ဒုတိယက
ဟို ဒေါက်တာ
သမ္မတရာထူးကို လပိုင်းပဲပေးပါ၊ ငါ့တူကြီးထက်မသာရင် သေပြမယ်လို့ စိန်ခေါ်လို့ ဓားပြတိုက်ခံလိုက်ရတယ်
တတိယက
သူရရွှေမန်း
သမ္မတဖြစ်ချင်နေသတဲ့လေ
အာ့ကြောင့် သူလည်း အခုလိုခံရသင့်တယ်
အားပေးတယ် ငါ့တူကြီးရေ
အာဏာနဲ့ပက်သက်လာရင် လူရင်းမထားနဲ့ကွယ့်
ထိုင်ခုံကို လာလှုပ်ရင် အကုန်သာ အမြစ်ဖြုတ်ကွယ့်
နောက်ပြီး အခုငါ့တူကြီး ဒုဥက္ကဌခန့်လိုက်တဲ့ ဌေးဦးကိုတော့ ဘကြီးသဘောကျသကွဲ့
သူ့ရုပ်က သနားကမားမျက်ခွက်နဲ့ကွယ့်
ဘကြီးဖြင့် အသဲယားလွန်းလို့ သူ့မျက်နှာကို တက်ကိုနင်းကြည့်ချင်နေတာကွယ့်
သူက ဘိုးတော်တွေ နတ်တွေတော့ ကိုးကွယ်လွန်းတယ်ကွယ့်
ဒါလည်း သိပ်တော့ ပြဿနာမရှိပါဘူးကွယ်
ငါ့တူကြီးတို့အဆိုးရအဖွဲ့ဝင်တွေတောင် ဟိုငသန်းရွှေကြီးဆီသွားရင် လူအချင်းချင်း ခြေမပဲ စုပ်ပေးတော့မလို၊ နဖူးနဲ့ ကြမ်းပြင် ဒရွတ်တိုက်နေကြတာမို့လားကွယ့်
အခုသူက နတ်တွေ၊ ဘိုးတော်တွေဆိုတော့ တော်သေးတာပေါ့ကွယ်
သာသနာအတွက်ကတော့ မကောင်းဘူးပေါ့ကွယ်
အယူလွဲနေတဲ့လူက နိုင်ငံခေါင်းဆောင်ပိုင်းမှာ ပါနေတာကတော့ မဖြစ်သင့်ဘူးပေါ့ကွယ်
ဒါပေမယ့် အစကတည်းက သာသနာကို သိပ်ဂရုစိုက်နေတာမှ မဟုတ်တာကွယ်
ဘုရား၊တရား၊သံဃာဆိုတာ ငါ့တူကြီးတို့ရဲ့ လက်အောက်မှာ ထောင်တွေ၊ မီးလောင်ဗုံးတွေ၊ ဘူဒိုဇာတွေ လောက်နဲ့ပဲ ထိန်းထားနိုင်တာကိုးကွယ့်
ဘကြီးက စိတ်ပူနေလို့သာပြောရတယ်
ဒါတွေက ငါ့တူကြီး တတ်ပြီးသားတွေပါကွယ်
ဘယ်နှယ့်ကွယ် ပြည်သူအပေါ် ဒီလောက်စေတနာထားပြီး လုပ်ပေးနေတာကို သက်သက်အနှောက်အယှက်ပေးနေကြတာကွယ့်
နိုင်ငံတကာက လှူကြတဲ့ အလှူပစ္စည်းတွေကို ဒီအတိုင်းထားရင် ခိုးကြမှာစိုးလို့ ငါ့တူကြီးတို့ အဆိုးရအဖွဲ့ နာမည်လေး ကပ်ထားတာကို အထင်တွေလွဲပြီး ပြောနေကြတာကွယ်
ဘကြီးဖြင့် စိတ်တောင်မကောင်းဘူး
UNICEF ကလှူတဲ့ဟာတွေကို မကွေးတိုင်းအဆိုးရအဖွဲ့လို့ စာကပ်ထားတာကို အပြစ်လုပ်ပြီးပြောနေသေးတယ်..
" သူခိုး ဘဏ္ဍာစိုးခန့် " ဆိုတဲ့စကားပုံ မကြားဖူးကြဘူး ထင်ပါရဲ့ကွယ်
တချို့ဒေသတွေဆိုရင် ငါ့တူကြီးက ရှေ့ကလှူပြီးပြန်တာနဲ့ အနောက်ကပြန်သိမ်းကြတာမျိုးတောင် ရှိတယ်တဲ့ကွယ်
အထက်နဲ့အောက် အတိုင်အဖောက်ညီနေတာကိုများ ပြောရက်လိုက်ကြတာကွယ်
ဟော အခုနောက်ဆုံး ပြောစရာမရှိတော့
ကိုယ့်နေရာပျောက်မှာစိုးလို့ ကိုယ့်လူကိုယ်ခွက်စောင်းခုတ်တာကို လာပြောနေကြတယ်ကွယ်
သူများလို ရွေးကောက်ပွဲဝင်ဖို့ဆိုတာလဲ နိုင်ရင်တော်ရဲ့..
မနိုင်ရင် ခွေး ပြာပုံပျောက်သလို၊ ဘယ်နားဝပ်ရမှန်းသိမှာ မဟုတ်ဘူးကွယ့်..
နောက်ပြီး သမ္မတပြုတ်တယောက်အနေနဲ့ တခြားတာဝန်ထမ်းဖို့ဆိုတာလည်း ရှက်စရာကြီးကွယ့်
မုန့်ဟင်းခါးရောင်းဖို့ဆိုတာ ဝေးလို့၊ စိန်တလုံးသရက်ခြံ၊ ကျွန်းစိုက်ခင်းတွေထဲ နေဖို့ဆိုရင် ကြားကို မကြားချင်ဘူး မို့လားကွယ့်..
အာ့ကြောင့် အခုလို စောစောစီးစီးလှုပ်ရှားလိုက်တာ အဖြစ်သင့်ဆုံးပါကွယ်
ဘကြီးလည်း ဂုဏ်ယူပါရစေအုံးကွယ်...
ကဲကဲ စာလည်း ရှည်သွားပြီး
ပြောခဲ့သမျှ နွားရှေ့ထွန်ကျူးသလို ဖြစ်နေရင်လည်း ဘကြီးကို ခွင့်လွတ်ဟေ့
ဘကြီးက ငါ့တူကြီးအတွက် အရမ်းစိတ်ပူလို့ပါကွယ်
ငါ့တူကြီးကို ချစ်တဲ့ တောကဘကြီး
Yae TayZa
No comments:
Post a Comment