Twitter Bird Gadget

Thursday, August 27, 2015

တူမောင်ကြီးသိန်းစိန်သို့ ပေးစာ - ၈



သို့..
တူမောင်ကြီး သိန်းစိန်
ဘကြီး သတိရလျက် စာရေးလိုက်ပါတယ်

ငါ့တူကြီးက ဝန်ထမ်းတွေကို ပိုက်ဆံတသောင်းတန်တွေ ဝေနေတာတွေ့ရတော့ ပုဂံခေတ်က ကျန်စစ်သားမင်းကြီးက ပြည်သူတွေကို "လက်ယာ(ညာ)လက်ဖြင့် စားစရာပေး၍ လက်ဝဲ(ဘယ်)လက်ဖြင့် အဝတ်အစားတို့ကို ပေးအံ့" ဆိုပြီး မေတ္တာစေတနာကြီးမားခဲ့ပုံကို ကျောက်စာတွေမှာ ဖတ်ဖူးတာကို သွားသတိရတယ်..

ပြည်သူတွေ မလိမ္မာတော့လည်း လက်တဖက်က ကျည်ဆံတွေပေး၊ လက်တဖက်က ထောင်ဒဏ်တွေပေးနေရတာတော့ မတတ်နိုင်ဘူးပေါ့ကွယ်

ငါ့တူကြီးလို စေတနာ သဒ္ဓါတရားထက်သန်တဲ့ နိုင်ငံ့ခေါင်းဆောင်မျိုး ဘကြီးတသက်တခါမှ မကြားဖူး မတွေ့ဖူးပါဘူးကွယ်

နိုင်ငံဘဏ္႑ာတွေကို ကိုယ့်ငွေလို သဘောထားပြီးသုံးပေးတဲ့အတွက် ကျေးဇူးကြီးလှပါပေ့ကွယ်

ဒါပေသိ ငါ့တူကြီး ပိုက်ဆံဝေတဲ့ပုံက KTV မှာ ကောင်မလေးတွေကို ပိုက်ဆံဝေနေသလိုကြီး ဖြစ်နေတယ်လို့ ဝိုင်းပြောကြတာကဖြင့် ဘကြီးဘဝင်မကျလှဘူးကွယ်

အခုလို အရွက်လိုက် ပေါ်တင်ဝေမှ ဘယ်လောက်ဝေတယ်ဆိုတာ အများမြင်မှာ မဟုတ်လားကွယ့်

မဟုတ်လို့ စာအိတ်နဲ့ဝေနေရင် ငါ့တူကြီးအောက်က လူတွေက တသောင်းတန်မထည့်ပဲ၊ တထောင်တန်လောက်ထည့်ရင် ဘယ်လိုလုပ်မလဲ၊ ဟုတ်တယ်မို့လားကွယ်

အောက်ကကောင်တွေက ယုံရတာမဟုတ်ဘူးကွယ့်..

ငါ့တူကြီးလည်း ငယ်ရာကကြီးလာတာပဲကွယ်
ဒါမျိုးကို ငါ့တူကြီးလည်း လုပ်ဖူးမှာပဲဆိုတော့ အခုလို အချပ်လိုက်ဝေလိုက်တာ ရှင်းပါတယ်ကွယ်

ဒါကိုပဲ ပိုက်ဆံအချပ်လိုက်ဝေတာ မယဉ်ကျေးဘူး၊ ဘာဘူးနဲ့ ပြောနေကြတာ ဘကြီးဖြင့် အသဲယားလိုက်တာကွယ်

ငါ့တူကြီးအနေနဲ့က ဘုန်းကြီး ဗုံးနဲ့ထုတာတောင် ရိုင်းတယ်လို့မထင်တာ ဒါလောက်လေးကို စကားထဲ ထည့်ပြောမနေပါနဲ့ကွယ်...

အဲလိုဝေဖန်တဲ့ကောင်တွေကို ငါ့တူကြီးဂရုစိုက်စရာ မလိုပါဘူးကွယ်

ငါ့တူကြီးက နယ်နယ်ရရလူမှမဟုတ်တာ
သူတို့နဲ့ ယှဉ်ပြောစရာလားကွယ်

သူတို့လို ကောင်မျိုးတွေ မပြောနဲ့ သူတို့ကိုခေါင်းဆောင်တဲ့ ဗိုလ်ချုပ်သမီးတောင် ဘုန်းကြီးမြင်ရင် ဖိနပ်ချွတ်ရတာနဲ့ ပြည်သူတွေကို လက်အုပ်ချီရတာနဲ့ အဆင့်နိမ့်လွန်းပါတယ်ကွယ်

ငါ့တူကြီးကမှ ဘုရားရင်ပြင်တော်ပေါ်မှာ စိန်ဖူးတော်ကိုင်တာတောင် ဖိနပ်ချွတ်စရာမလိုဘူးမို့လားကွယ့်

ဟော ပြည်သူတွေဆီသွားရင်လည်း လက်ကလေးနောက်ပစ်ပြီး ပြည်သူတွေရဲ့ လက်အုပ်ချီ အပူဇော်ခံတဲ့အဆင့်လေကွယ်

ဒါနဲ့များ ငါ့တူကြီးကို လာယှဉ်နေကြတာ အံ့သြလို့မဆုံးဘူးကွယ်...

ဘကြီးဖြင့် အော်တောင် ရီလိုက်ချင်တယ်ကွယ်

ငါ့တူကြီးလို သမ္မတမပြောနဲ့၊ ဝန်ကြီးအဆင့်ရှိတဲ့ လူတွေတောင် သံဃာကို ဖိနပ်မချွတ်ပဲ စကားပြောနိုင်တဲ့ အဆင့်မို့လားကွယ့်

အဲဒါကြောင့် ငါ့တူကြီးတို့အနေနဲ့ ဘာမှရှက်ရွံ့အားငယ်စရာမလိုပါဘူးကွယ်

မင်းတို့စကားမိုးကြိုးသွား တဲ့ကွယ့်..
ငါ့တူကြီးက ဟေ့ ဆိုရင် ဘုရား စေတီ သိမ်ကျောင်း အကုန် ဖွဲ့စည်းပုံပျက်သွားရမယ်လေကွယ်...

ငါ့တူကြီးတို့ အဆိုးရမင်းဆိုတာ ပေါ့သေးသေး တော့မဟုတ်ကွယ့်..

တိုင်းပြည်တောင် ဖျက်စီးပစ်နိုင်တဲ့ အင်အားအကြီးဆုံး ရန်သူငါးပါးစရင်းဝင်မို့လားကွယ့်...

ရန်သူငါးပါးထဲက ရေဘေး၊ လေဘေးနဲ့ မီးဘေးတွေကတော့ အလွန်ဆုံးကြာ တနှစ်ပေါ့ကွယ်၊ အကုန်ပြန်ပြီး နလန်ထူနိုင်ကြပါတယ်ကွယ်၊ ဘဝတွေပျက်လှ တသန်းပေါ့ကွယ်

ဟောအခု ငါ့တူကြီးတို့ အုပ်ချုပ်လာတာ နှစ်ပေါင်း နှစ်ဆယ်တောင် ကျော်လာပြီ၊ ဘယ်မှာ နလန်ထူကြလို့လဲကွယ်၊ ခံရတာလဲ တနိုင်ငံလုံးနီးပါးမို့လားကွယ့်

အာ့ကြောင့် ငါ့တူကြီးတို့က မင်းဆိုးနဲ့ ခိုးသူဆိုတဲ့ နှစ်ပါးသော အင်အားတွေပေါင်းထားလို့ ဘယ်သူမှ မယှဉ်နိုင်ပါဘူးကွယ်

ဘယ်သူ့မှ လူထင်မနေပါနဲ့ကွယ်
အားနာတာတွေ၊ အရှက်တရားတွေက ငါ့တူကြီးတို့နဲ့ မလိုက်ဘူးကွယ့်

တနေ့က IC အဖွဲ့ဆိုလား ဘာလားပဲ
ရေဘေးအတွက် အလှူခံတာ သိန်းပေါင်း နှစ်သောင်းနီးပါးတောင် ရတာကို ငါ့တူကြီးတို့ အဆိုးရအဖွဲ့ထက် သာတယ်လို့ ပြောနေကြတော့ ဘကြီးဖြင့် ရီချင်လိုက်တာကွယ်

သူတို့က မြန်မာငွေ သိန်းပေါင်းနှစ်သောင်းလောက်ကို စကားထဲထည့်ပြောနေကြတယ်

ငါ့တူကြီးတို့ နိုင်ငံခြားထွက်ပြီး အလှူခံလိုက်ရင် သိန်းပေါင်းဘီလီယံချီအောင် ပိုက်ပြီးပြန်လာတာကို သူတို့တွေ မသိကြဘူးကွယ့်

သူတို့ဝင်ငွေကြမ်းတယ်ဆိုတာ ငါ့တူကြီးအိပ်နေသလောင်ရှိတယ်ဆိုတာ မသိကြလို့ပါကွယ်

သူတို့က လှူမယ်ဆိုလို့ အခုလောက်ရတာကွယ့်
ငါတူကြီးတို့က ယူမယ်ဆိုတာတောင် အခုလောက်မက ရတယ်ဆိုတာ သိသင့်တယ်ကွယ့်

လှူတယ်ဆိုတာကတော့ ဂုဏ်ဖော်စရာမဟုတ်တော့ ငါ့တူကြီးက မကြေငြာပဲ လှူနေတာကို မသိကြတာလဲ ပါတာပေါ့ကွယ်

ငါတူကြီးတို့အနေနဲ့ နိုင်ငံတကာက လှူတဲ့ ပစ္စည်းတွေကို နိုင်ငံတော်တံဆိပ်လိုက်ကပ်ရတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးကွယ့်

ဘူးတိုင်း၊ ပုံးတိုင်းလိုက်ကပ်ရတာဆိုတော့ စက္ကူ နဲ့ ကော်ဖိုးတော့ အတော်ကုန်မှာကွယ့်

ဒါတွေ သူတို့မသိကြဘူးကွယ့်

တကယ်ဆို အလှူခံငွေတွေ ဘုံးသလို ဘုံးလိုက်လည်း ရတာပဲလေကွယ်

စေတနာရှိလွန်းလို့သာ ပြန်ပေးတာကို ကျေးဇူးမတင်ကြဘူးကွယ့်

စိတ်ပျက်စရာပါကွယ်

တနေ့က ရွေှမန်းကိုဖြုတ်ဖို့ ၁ % အဆိုမအောင်မြင်တာ ဘကြီးသိပ်သဘောမကျဘူးကွယ့်

အပိုင်ဖြုတ်ချရမယ့်ပွဲမှာမှ ဆိုင်းငံ့သွားရတယ်လို့ကွယ်..

ငါ့တူကြီးအောက်က ကောင်တွေလည်း ကြည့်ထိန်းအုံးနော်..

ငါ့တူကြီးက ရွေှမန်းကို စားမာန်ခုတ်ပြီး စားခွက်ပြန်လုထားတာကို တချို့သိပ်မကြည်ကြဘူးထင်တယ်ကွယ့်...

အရေးထဲ ဟို လှဆွေဆိုတဲ့ တယောက်ကလည်း ဘာတွေ ထထပေါမှန်းမသိပါဘူးကွယ်

သူပြောမှပဲ စစ်တပ်နဲ့ ငါ့တူကြီးတို့ စပ်တူအာဏာသိမ်းထားတဲ့ကိစ္စက ဘူးပေါ်သလို ပေါ်လာရပြီ...

အခုဆို ဗိုလ်ချုပ်သမီးကိုယ်တိုင် ဒီကိစ္စပြောလာပြီဆိုတော့ နောက်ဆိုရင် ငါတူကြီးတို့နဲ့ စစ်တပ်ကိုယ်စားလှယ်တွေ တဘက်ထဲဖြစ်နေရင်တော့ ငါ့တူကြီးနဲ့ မင်းအောင်လှိုင်က ပေါင်းကြံသလိုဖြစ်နေပြီနော်
သတိလည်း ထားအုံး

မဲခိုးတာနဲ့တော့ မရလောက်ဘူးထင်တယ်ကွယ့်၊ ငါ့တူကြီးတို့အနေနဲ့ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး ညစ်ကြ၊ ပတ်ကြပေါ့ကွယ်

နိုင်ငံရေးမှာ ရိုးသားလို့မရဘူးကွယ့်
ရှေးတုန်းကဆို ဘုရင်ဖြစ်ချင်လို့ ညီအကိုအရင်းတောင် ထသတ်ကြတာမို့လား

ငါ့တူကြီးတို့က တစိမ်းတွေပါကွယ်
ကုလားထိုင်လာထိလို့ကတော့ ဘာကောင်မှ အလွတ်မပေးနဲ့ကွယ့်

သားရေတချပ်အပိုင်ရတဲ့ ခွေးလိုကျင့်ကွယ့်
သားရေပေါ်အိပ်လိုက်၊ သားရေနားလေးစားလိုက်နဲ့ အတော်ဇိမ်ရှိတယ်ဆိုတာ ငါ့တူကြီးတို့တဖွဲ့လုံး သိကြမှာပါလေ

အဲဒါကြောင့် အာဏာကို လွယ်လွယ်နဲ့တော့ လက်မလွတ်ပါနဲ့ကွယ်

ဘကြီး ဂုဏ်ယူလို့မဝသေးလို့ပါကွယ်

ကဲ
ငါ့တူကြီးလည်း ဖြတ်လမ်းနဲ့ ထိုင်ခုံပေါ်က မဆင်းတဲ့နည်းလေး စဉ်းစားလိုက်အုံးကွယ်

ဘကြီးလည်း ငါ့တူကြီးတို့ အဆိုးရတံဆိပ်ကပ်ထားတဲ့ Unicef က ဘူးလေးဖောက်ကြည့်လိုက်အုံးမယ်...

သာဓု.. သာဓု... သာဓု ပါကွယ်

ဒီပစ္စည်းတွေ ဘကြီးတို့လက်ထဲရောက်ခွင့်ပေးလို့ ကျေးဇူးပါကွယ့်

ဘကြီးက နာဂစ်တုန်းကလိုပဲ ပြပြီး ပြန််သိမ်းသွားကြမယ် ထင်နေတာကွယ့်

အခုကြတော့ တကယ်ပေးကြသားပဲကွယ့်

အိတ်ကပ်ထဲက ထုတ်မလှူတာပဲ ငါ့တူကြီးတို့ကို အပြစ်တင်နေကြတာကွယ့်

သူများလှူတာလေးတွေ အိတ်ထဲထည့်မသွားကြတာကို ကျေးဇူးတင်ရကောင်းမှန်း မသိကြဘူး

အတော်ကျေးဇူးကန်းတဲ့ ပြည်သူတွေပါလားကွယ့်

သူတို့အစား ဘကြီးတောင်းပန်ပါတယ်ကွယ်

ငါ့တူကြီးတို့ အဆိုးရအဖွဲ့ ဗုံးကြီးပါစေ၊ အသက်ယှေပါစေကွယ်

ငါ့တူကြီးတို့ရဲ့ တောကဘကြီး
Yae TayZa

No comments:

Post a Comment