Twitter Bird Gadget

Sunday, August 16, 2015

တူမောင်ကြီး သိန်းစိန်သို့ ပေးစာ



သို့/
တူမောင်ကြီး သိန်းစိန်

ဘကြီး သတိရစွာဖြင့်စာရေးလိုက်ပါတယ်
အကြောင်းထူးထူးခြားခြားတော့ မရှိပါဘူးကွယ်

အခုလောလောဆယ် ရွာထိပ်က တောင်ကုန်းပေါ် နေရာလာကြည့်ရင်း တူမောင့်ကို သတိရလို့ စာရေးလိုက်တာပါ

တူမောင်ကြီး သမ္မတဖြစ်မှ ဒို့နိုင်ငံလည်း အတော်နာမည်ကြီးလာတယ်လို့ ကြားသကွယ့်
သာဓုပါကွယ် သာဓုပါ
ဘုန်းကံဆိုတာ လုပ်ယူလို့မရဘူးလို့တော့ ကြားဖူးသကွယ့်

ရှေးဘုရင်တွေထဲက ဖောင်တော်နဲ့ တိုင်ခန်းလှည့်လည်တဲ့ အလောင်းစည်သူမင်းကြီးက
သူ့ဖောင်တော်တစီးစာသာ ရေလမ်းကြောင်းဖြစ်ပေါ်ပြီး လိုရာကို လက်ညိုးလေးညွှန်ပြီး သွားခဲ့တာ ဘာဟုတ်သေးလည်းကွယ်

ငါ့တူကြီးကမှ တတိုင်းပြည်လုံးကို ရေစီးကြောင်းအဖြစ် ပြောင်းလဲနိုင်တဲ့ ဘုန်းရှင်ကံရှင်ကွယ့်

ဘကြီးတို့ ငါ့တူကြီးလို လူတယောက်ရတာ ကံကြီးလှသကွယ်

အခုဆို ငါ့တူကြီးရဲ့ ဘုန်းတန်ခိုးကြောင့် တနိုင်ငံလုံး လိုရာခရီးကို တံတားမလို၊ လမ်းမလို ရေကြောင်းမှာ လှေပြောင်းစီးရုံနဲ့ ရောက်သကွယ့်

အရင်ကဆို လမ်းမကောင်းဘူး၊ တံတားမကောင်းဘူး၊ ဂိတ်ကြေးများတယ် စသဖြင့် ပြောနေဆိုနေကြတာ နားငြီးသကွယ့်

အခုတော့ ဘယ်လမ်း၊ ဘယ်တံတား၊ ဘယ်ဂိတ်မှ မမြင်ရတော့ဘူး၊ အားလုံးရေအောက်ရောက်သွားပြီဆိုတော့ သူတို့တွေရဲ့ အပြောလည်း လွတ်ပြီကွယ့်

မြန်မာပြည် အထက်ပိုင်းကနေ အောက်ပိုင်းအထိ တိုးယိုပေါက် ရေတွေ ဆင်းနိုင်အောင် တောတွေခုတ်၊ တောင်တွေခုတ်နဲ့ လမ်းကြောင်းရှင်းပေးထားခဲ့တဲ့အတွက် ငါ့တူကြီးတို့ရဲ့ ရွှေဉာဏ်တော် စူးရောက်လှပုံကိုလည်း ချီးကျူးမိသကွယ့်

ငါ့တူကြီးက အမြော်အမြင်ကြီးစွာနဲ့ ရန်ကုန်နဲ့ မန်းလေးမှာ ဇာတ်ရုံဆောက်မယ်ဆိုတာတော့ ဘကြီး သဘောတူသကွယ့်

ဒါမှ မြို့ပေါ်ကလူတွေ ဘကြီးတို့တောက အနိဌာရုံတွေကို သတိမရကြမှာမို့လား
ဒါမျိုးစိတ်ကူးက ငါ့တူကြီးလို မာစတာဘရိန်းမှ ကြံတတ်သကွဲ့

ဒါနဲ့ အဲ့ပိုက်ဆံတွေက ရေဘေးအတွက် ကယ်ဆယ်ရေးငွေတွေဆိုကွယ့်
အရေးတော့မကြီးပါဘူးကွယ်

ပြည်သူတွေက ကိုယ်လုပ်မှာကိုယ်စားရမှာ၊ ကိုယ့်ရှိမှ ကိုယ်စားရမှာဆိုတဲ့ ကိုယ့်အားကိုယ်ကိုးကြတဲ့ လူတွေဆိုတော့ သိပ်လည်းမမျှော်ကြပါဘူးကွယ့်

အာ့ကြောင့် ဘာမှ ကြောင့်ကြမနေပါနဲ့
သုံးစရာရှိတာသုံး၊ ဘုံးစရာရှိတာ ဘုံးသာပစ်လိုက်ပါကွယ်

ဒါနဲ့ ဟိုအမျိုးသမီး ဘယ်သူ..
သိပြီ..
ဗိုလ်ချုပ်သမီးရဲ့အဖွဲ့ဆိုတာ လာသွားတယ်ကွယ့်
သူတို့ သားအမိရဲ့ဖောင်ဒေးရှင်းကတင်ပဲ တန်ဖိုး သိန်း ၁၅၀ လောက်ရှိတဲ့ ဆန်အိတ်တွေရယ်၊ ကျပ်သိန်း ၃၅၀ တန်ဖိုးရှိတဲ့ ပစ္စည်းတွေရယ် လာလှူကြသကွယ့်

သူတို့အဖွဲ့တွေနဲ့ အတူတူ သူ့ကိုအားပေးကြတဲ့သူတွေအဖွဲ့လို့ပြောတယ်ကွယ့်
သူတို့တွေလည်း လာလှူကြ၊ ကယ်ကြနဲ့ အလုပ်တွေရှုပ်နေကြတာ တွေ့မိသကွယ့်

အလကား ဒုက္ခရှာလို့ကွယ်
သူတို့မို့ ကျူးကျူးကျော်ကျော် လာကူညီနေကြတယ်
အိုးကမပူ စလောင်းကပူနေကြတာပါကွယ်

ငါ့တူကြီးတို့ တာဝန်ရှိသူတွေတောင် မလိုအပ်သေးလို့ လာမလှူကြတာကို သူတို့မို့လို့ လာလှူနေကြသေးတယ်

အမှန်ဆို ငါ့တူကြီးတို့လို အေးအေးဆေးဆေးထိုင်ကြည့်နေလည်း ရတာပဲ
ငွေလည်း တပြားမှ ကုန်စရာမလိုတော့ဘူးလေ
သူတို့က အ တာနေမှာပါကွယ်

ငါတူကြီးတို့ အခုလို ဘကြီးတို့ အခက်အခဲဖြစ်နေတဲ့အချိန် ပြစ်ထားမှ ပြည်သူတွေရဲ့ အစွမ်းအစတွေ ထွက်လာမှာမို့လားကွယ့်

မဟုတ်ရင် ငါ့တူကြီးတို့အဆိုးရအဖွဲ့ပဲ အားကိုးနေကြလိမ့်မယ်

အခုဆို ဘယ်သူမှ အားမကိုးကြတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားရုန်းကန်နေကြတော့ လူတိုင်းလူတိုင်း အစွမ်းရှိတယ်ဆိုတာ သိကြရပြီလေ

ငါ့တူကြီးတို့ရဲ့ အမြော်အမြင်ကြီးစွာ ထိုင်ကြည့်နေကြတဲ့ အကျိုးပေါ့ကွယ်

ဒုက္ခရောက်ကြတယ် ဆိုပေမယ့်
ပြည်သူတွေအချင်းချင်းက ရိုင်းပင်းကူညီကြတယ်ဆိုတော့ အဆင်ပြေပါတယ်ကွယ်
ငါ့တူကြီးတို့ မလိုအပ်သေးပါဘူး

ငါတူကြီးတို့ အဆိုးရမင်းများအဖွဲ့ကို ရှိတယ်လို့တောင် မထင်ကြဘူးကွယ့်
ဒါလည်း ငါ့ တူကြီးတို့က ပြည်သူဆိုတာကို မိဘလို သဘောထားကြတာဆိုတော့လည်း မိဘဆိုတဲ့ ဘကြီးတို့က သားသမီးဖြစ်တဲ့ ငါ့တူကြီးတို့ဆီက လက်ဖြန့်တောင်းဖို့ ရှက်မိသကွယ့်

ဘာပဲဖြစ်ဖြစ် ငါ့တူကြီးတို့အဆိုးရအဖွဲ့ကတော့ လိုတာရှိလာခဲ့ပါကွယ်
မဲလိုရင် မဲ၊ ခဲလိုရင် ခဲ ရရပါစေ့မယ်ကွယ်
ဘကြီးတို့က မိဘတွေဆိုတော့ ဖြည့်ဆည်းပေးရမယ့် ဝတ္တရားရှိသကိုးကွယ့်

ဒါနဲ့ ငါ့တူကြီးက တို့နိုင်ငံက သစ်တွေခိုးထုတ်တဲ့ တရုတ်လူမျိုးတွေကို ထောင်ဒဏ်တသက်တကျွန်းချပြီးမှ ၈ ရက်ထဲနဲ့ ပြန်လွှတ်လိုက်တယ်ဆိုကွယ့်

ကောင်းပါတယ်ကွယ်
ကိုယ့်နိုင်ငံအကျဉ်းထောင်မှာ ကိုယ့်လူမျိုးတွေပဲ ရှိသင့်တာမို့လား

အခုဒီကောင်တွေက ရာရာစစ ထောင်ထဲပါ လိုက်နယ်ချဲ့နေတာမြင်ရတော့ ဘကြီးစိတ်မချမ်းသာလှဘူးကွယ်

အခုငါ့တူကြီးက ထောင်ကလွှတ်ပေးရုံမကဘူး၊ နယ်စပ်ထိပါ ကားနဲ့လိုက်ပို့ပေးလိုက်တယ်ဆိုတော့ အတော့်ကို အားရသကွယ့်

ဒါကို ကိုယ့်နိုင်ငံကို ချစ်ရကောင်းမှန်းမသိ၊ ထောင်ထဲထိနယ်ချဲ့နေတာကို စိတ်ပူရကောင်းမှန်းမသိတဲ့ လူတွေက ငါ့တူကြီးကို အောက်လုံးတွေနဲ့ ဆဲနေပြောနေကြတာ အတော်ကို စိတ်ပျက်စရာပါကလား

ဒါပဲငါ့တူကြီးရေ..
ဟိုမှာ ဘကြီးအိမ်လေး ရေမြုပ်တော့မှာမို့ ပစ္စည်းတွေသယ်ပြီး ရေလွတ်တဲ့ ဒီတောင်ကုန်းပေါ် သယ်ရွှေ့ထားရအုံးမယ်ကွယ့်

ငါ့တူကြီးလည်း ကျမ္မာရေးဂရုစိုက်နော်
ရေဘေးသင့်နေတဲ့နေရာတွေ သိပ်မသွားနဲ့
သွားလည်း ပန်ကာအကြီးကြီးပါတဲ့ လေယာဉ်လေးနဲ့သွား
သဲအိတ်တွေ အခင်းခိုင်း၊ မိုးကာတွေအခင်းခိုင်းပြီး ပန်းစည်းတွေနဲ့ လာကြိုမှ သွားကွယ့်

မဟုတ်လို့ ရေကြီးတဲ့ဆီသွားရင် နှလုံးခုန်စက်ထဲ ရေဝင်ပြီး ရပ်သွားအုံးမယ်

ဒါပဲဒါပဲနော်
ပြောရင်းဆိုရင်း အိမ်နောက်ဖေးက စပါးကျီကြီး မျောသွားပြီကွယ့်
ဘကြီးလိုက်ဆွဲကြည့်လိုက်အုံးမယ်

ရေဘေးကြုံလို့ ကံမကုန်ရင် ပြန်ဆုံမယ်

ငါ့တူကြီးရဲ့ ဘကြီး

တောက...
Yae TayZa

No comments:

Post a Comment