|| မင်းဒင် ||
(တစ်)
အယ်ဒီတာမင်းခင်ဗျာ။
အောက်ဖော်ပြစာမူမှာ၊ဆြာဒင်၏တပည့်ကျော် ကျွန်တော်မောင်ဖေကြည်၏ လက်ရာဖြစ်ပါသည်။ယခုရက်ပိုင်းများအတွင်း
ကျွန်တော်၏ဆြာဖြစ်သူမှာ စာမူရေးသားရန်ပင် မဆိုထားဘိ။ သူစားသောက်နေကျကြောင်စာ မျှလောက်ပင်
ဟက်ဟက်ပက်ပက် စားသောက်ခြင်းမရှိ ၊တချိန်လုံး ငူငူငေါင်ငေါင်ဖြစ်ကာ၊ လဒမှိုင်မှိုင်လျက်
ရှိပါသည်။
ကျွန်တော့်အနေဖြင့်၊ရွှေပင်ရွာနှင့်ကျွန်တော့်ဆြာသမား၏လက်ရှိပကတိ
အခြေအနေများကိုစာဖတ်ပရိသတ်များသိနိုင်စေရန်ဆြာ့ကိုယ်စား ဤ စာမူကိုရေးသားပေးပို့ရခြင်းဖြစ်ပါသည်။သို့ပါ၍စာအရေးအသား
စကားလုံးရွေးချယ်မှုနှင့်တင်ပြပုံတို့ချွတ်ယွင်းလိုအပ်ချက်များရှိနေပါက၊ အပြစ်တော်မမြင်အချစ်တော်ဝင်လျက်ခွင့်လွှတ်နားလည်ပေးပါရန်
လေးစားစွာ ကြိုတင်တောင်းပန်အပ်ပါသည်။
ကျွန်တော်အနေဖြင့် ဤသို့စာမျိုး အစမ်းသဘောလေ့ကျင့်ရေးသားနိုင်ခြင်းမှာ
၊ဆြာသမားဖြစ်သူဆြာဒင်၏ရေးဟန်များကိုနည်းမှီ အတုခိုးရေးသား ခဲ့သည်ဖြစ်သောကြောင့်၊ဆြာ၏ကျေးဇူးကို
တတ်နိုင်သမျှပေးဆပ်သည့် အနေဖြင့်စာရေးသူ၏ အမည်နေရာတွင်ဆြာ့အမည်ကိုသာ ထည့်သွင်းပေး ပါမည့်အကြောင်းကိုလည်းအနူးအညွတ်တောင်းပန်အပ်ပါသည်။
လေးစားစွာဖြင့်
အာရုံ(ခေါ်)ဖေကြည် ခေတ္တ ။ ။ရွှေပင်ကျေးရွာ၊ မကွေးတိုင်း၊နတ်မောက်မြို့
(နှစ်)
ချွမ် ချွမ် ဒုန်း ဒုန်း ဟဲ့၊ငဒင်ခွေး၊နင့်ကိုနင်သူတော်ကောင်းကြီးဆို၊ပညာတတ်ကြီးဆို၊
သမာသမတ်ကျလှချည့်ရဲ့ဆို၊နင်အခုအိမ်အပြင်ထွက်လိုက်စမ်းပါ။ မုန်းခင်တဲ့၊တမုန်းခင်တည်းရှိတယ်။ရွှေပင်သူဟေ့၊တရွာလုံး
အသံမထွက်ရဲပေမဲ့၊မုန်းခင်ထွက်ရဲတယ်။ နင်ယောက်ျားစစ်စစ်ဆိုရင်အခုထွက်ခဲ့။
နံနက်အာရုံပင်မတက်သေး။အလင်းရောင်နှင့်အမှောင်ထုအားပြိုင်နေဆဲအချိန်၊
ကျွန်တော်တို့တည်းခိုရာ ရွှေပင်ရွာခံဦးကြီးတင်၏အိမ်ရှေ့ကွက်လပ်ဆီမှ၊ ဆူညံစွာထွက်ပေါ်လာသည့်အသံကြောင့်၊ကျွန်တော်၊
ကပ္ပလီနှင့်လေမင်းသားတို့အလန့်တကြားအိပ်ယာမှနိုးထာချိန်တွင်၊ ကျွန်တော်တို့ထက်အအိပ်ဆတ်ဟန်
တူသောဆြာသမားတစ်ယောက်နိုးနေရုံမက၊အိမ်ထရံကိုအသာဖြဲလျက် အပြင်ဖက်သို့ချောင်းကြည့် နေသည်ကိုတွေ့လိုက်ရ၏။
ထို့ကြောင့်ကျွန်တော်တို့တပည့်တသိုက်သည်လည်းဆြာ့ကျောနောက်မှကပ်လျက်
၊ချောင်းကြည့်လိုက်သည့်အခါတွင်ကား၊ အံ့သြဖွယ်မြင်ကွင်းကိုမြင်တွေ့လိုက်ကြလေရာ၊ ကျွန်တော်သည်ကိုယ့်ရင်ဘတ်ကိုယ်ယောင်ယမ်း၍ဖိလိုက်မိချေသည်။
အသက်ရှစ်ဆယ်ကျော်အရိုးပေါ်အရည်တင်ပိန်ချိချိအဖွားအိုတစ်ဦးသည် ထမီကိုဒေါင့်တန်းစွဲတိုတိုဝတ်ရင်း၊ဓားမတိုတစ်ချောင်းကိုကိုင်ကာ၊
ကျွန်တော်တို့၏ဆြာသမားအမည်ကိုတပ်လျက်စိန်ခေါ်နေခြင်ပေ တည်း။အဆိုပါအဖွားအို၏အမည်မှာကြီးမုန်းခင်ဖြစ်ကြောင်း၊
ကျွန်တော်ကောင်းစွာမှတ်မိနေ၏။
ကြီးမုန်းခင်သည်လက်ထဲက ဓားမတိုကို၊အိမ်ထရံဆီသို့ပစ်လိုက်၊ပြန်ကောက်လိုက်၊နောက်တကြိမ်ပြန်
ပစ်လိုက်၊အကြိမ်ပေါင်းများစွာပစ်လိုက်ကောက်လိုက်လုပ်ရင်း၊ ဆြာသမားအားခပ်ကြမ်းကြမ်းစိန်ခေါ်နေ
လေရာ၊ ကျွန်တော့်ဆြာဖြစ်သူမည်သို့တုန့်ပြန်လေမည်နည်းဟူသော စူးစမ်းလိုစိတ်ဖြင့်၊ဆြာ့မျက်နှာကို
မသိမသာအကဲခတ်လိုက်မိလေသည်။
ဆြာဒင်ကားကြက်ကြီးကိုလည်လိမ်ထားသလိုငေါင်ငေါင်ကြီးတွေဝေလျက်ရှိ၏။
ကြီးမုန်းခင်၏စိန်ခေါ်ကြိမ်းဝါးသံကားအဆက်မပြတ် ထွက်ပေါ်လာနေဆဲဖြစ်လေသည်။
ဟဲ့၊ငဒင်ကော၊ငတင်ပါထွက်ခဲ့ကြလေ။သူကြီးစုတ်၊သူကြီးနာ၊ ဘယ်နေရာသွားသေနေတုန်း။ဒီလောက်ရာထူးမက်တဲ့မသာတွေ။
နင်တို့ပါဝါအာဏာတွေကိုသေရွာအထိယူသွားကြ။ နင်တို့သေရင်လည်းအေးမယ်မထင်နဲ့။လူယုတ်မာတွေဟာ
သူတော်ကောင်းကိုနိုင်ပေမဲ့အကုသိုလ်ကိုတော့မနိုင်ဘူးဟဲ့ ။သေချင်းဆိုးမဲ့သေချင်းဆိုးတွေရဲ့။
(သုံး)
အထက်ပါဖြစ်ရပ်မဖြစ်ပေါ်မီ၊လွန်ခဲ့သောတလခန့်က ကျွန်တော်တို့ဆြာ
တပည့်တသိုက်ရွှေပင်ရွာသို့ အရေးပေါ် ကိစ္စတခုဖြင့်ရောက် ခဲ့ကြခြင်းဖြစ်ပါ၏။
လျှို့ဝှက်တတ်လွန်းသောဆြာသမားအနေဖြင့် ကျွန်တော်တို့ တပည့်တသိုက်အား
၊ထိုသို့လာရောက်ခြင်း ကိစ္စကို ဖွင့်ဟမပြောသော်ငြား၊ အကင်းပါးသော ကျွန်တော်တို့အနေဖြင့်၊ကောင်းစွာရိပ်မိသိရှိနေခဲ့ပါသည်။
မကြာမီကျင်းပလတ္တံ့သောရွှေပင်ရွာရွေးကောက်ပွဲ အသစ် အတွက်ရွှေပင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်
၊ဆြာဒင်၏ ဦးရီးတော်စပ်သူ ဦးကြီးတင်အနေဖြင့်ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် လိုအပ်သောအကြံဉာဏ်တို့ကိုတောင်းခံနိုင်ရန်
၊ဆြာဒင်အား အပူတပြင်း ဖိတ်ကြားခဲ့ခြင်းဖြစ်ပါ၏။
ယင်းကိစ္စရပ်အတွက်ကျွန်တော်တို့အနေဖြင့်တပည့်ကောင်းပီသစွာ၊ ဆြာဒင့်အား
သတိပေးစကားဆိုခဲ့ကြဖူးပါ၏။
ဆြာရယ်။ဒီမိုကရေစီခေတ်ရောက်နေပြီဆို။ရွေးကော်ဥက္ကဋ္ဌက ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်သတဲ့
လား။ အသက်တွေလည်းကြီးလှ ပါပြီ။ရွှေပင်တရွာလုံးလည်းဖွတ်ကျောပြာစုရုံမက၊ ရွာလုံးကျွတ်ပြည်ပ
ထွက်ပြီးကျွန်ခံနေကြရပါပြီ။ မတော်မတရားတွေ ရပ်တန်းက ရပ်ပါတော့ဆြာ
အေးပါကွ။လာမဲ့ရွှွေပင်ရွေးကောက်ပွဲဟာလွတ်လပ်ပြီး တရားမျှတ တဲ့ရွေးကောက်ပွဲဖြစ်ရပါစေ့မယ်။ရွှေပင်တရွာလုံးမဲတေပြာကျ
သွားခဲ့တာ ကတော့၊ကံတရားကြောင့်ပါကွ။ ကျုပ်ဘကြီးနဲ့ဆွေမျိုးတသိုက် ဟာရွှေပင်ကောင်းစားမယ်ထင်လို့၊
ကိုယ့်ထမင်းကိုယ်စားပြီးလုပ်ခဲ့ကြပါကွာ
ဆြာသမားကားကျွန်တော်တို့အားသူတော်ကောင်းကြီးဟန်ပန် အပြည့်ဖြင့်လေပြေထိုးသော်ငြား၊ဆြာ့မျက်ရိပ်မျက်နှာကဲကို
အကဲခတ်ခြင်းဖြင့်၊ဆြာသမားမုသားစကားဆိုနေခြင်းဖြစ်ကြောင်း၊ တပည့်ရင်းများပီပီ၊ကျွန်တော်တို့ကောင်းစွာရိပ်မိသိရှိနေခဲ့ပါ၏။
ထိုရက်များအတွင်း၊ဆြာဒင်သည်ရွှေပင်ရွေးကော်ဥက္ကဋ္ဌနှင့်ခေါင်းချင်းရိုက်၍
တီးတိုး တီးတိုးသဖန်းပိုးအကြိမ်ပေါင်းများစွာလုပ်ရုံမျှမက၊ လက်ရှိ အာဏာရရွှေပင်သူကြီးမင်းအိမ်သို့လည်းချောင်းပေါက်မတတ်
ဝင်ထွက်နေ ခဲ့၏။
ထို့ပြင်ရွှေပင်ကာလသားခေါင်းပေါ်အေးနှင့်သူ့နောက်လိုက် လက်မရွံ့အဖွဲ့ကိုလည်း၊
ထန်း ရည်ချောင်းစီးအောင်အလှူကြီးပေးခဲ့လေ၏။ သင်းတို့အတွက် အထူးစပါယ်ရှယ်ချီးမြှင့်မှုကား
လက်ပတ်နီ အဝတ်စ တခုစီဖြစ်ကာ ၊ပေါ်အေးတို့လူသိုက်၊လက်ပတ်နီတကားကားဖြင့် ၊ရွှေပင် တရွာလုံး
မျက်စိ နောက်အောင်လမ်းသလားကြသည်မှာ၊ သင်းတို့အားမြင် သည်နှင့်ခွေးတို့ပင်တပြိုင်နက်တည်းထိုးဟောင်ကြသောဟူ၏။
ထို့သို့လျှင်ဆြာဒင်၊ရွေးကော်ဥက္ကဋ္ဌဦးကြီးတင်၊ရွှေပင်သူကြီးဘိုဆန်း၊
လက်ပတ်နီခေါင်းဆောင်ပေါ်အေးနှင့်အဖွဲ့အကြိတ်အနယ် တိုင်ပင် လျက်နေ့မအားညမနားအားထုတ်ကြိုးပမ်းပြီးသည်မှ
မကြာမီ ရက်ပိုင်းတွင် ရွှေပင်ရွေးကော်မှပြုစုထုတ်ပြန်သောရွှေပင်ရွာမဲစာရင်း ထွက်ပေါ်လာခဲ့လေသည်။ရွှေပင်မဲစာရင်းကို
ရွှေပင်သူကြီးအိမ်ရှေ့တွင်ကပ်ထားသော်ငြား၊ရွှေပင်သားတယောက်တလေမှစိတ်ဝင်စားကြဟန်မရှိချေ။
ကြည့်ရုံသာကြည့်သူတစ်ဦးတလေရှိသော်ငြား ၊စာတစ်ကြောင်း ဆုံးအောင်မည်သို့မျှမဖတ်ကြလေ။
သို့ သော် ရွှေပင်ရွာသူဒေါ်မုန်းခင်ကား၊ ထူးခြားသူ စာရင်းတွင်၊ ထိပ်တန်းမှဝင်သူဟုဆိုရပေမည်။တောင်ဝှေး
တချောင်းကို အဖော်ပြုရင်း၊ မဲစာရင်းကပ်ထားရာသို့ တုံချိချိခြေလှမ်းများဖြင့်ရောက်ရှိလာလျက်
မဲစာရင်းကိုဖတ်အပြီးတွင် ကား၊ကြီးမုန်းခင်ခုနစ်သံချီအော်ဟစ်လိုက်သော အသံသည်ရွှေပင်
တရွာလုံးကို ဖုံးလွှမ်း သွားခဲ့လေတော့သည်။
(လေး)
အမလေး။ဟဲ့လေး၊ လွန်ခဲ့တဲ့ဆယ်နှစ်က ဆုံးသွားတဲ့ င့ါယောက်ျား အသက်ပြန်ရှင်လာပေါ့လား။ဟဲ့။
အကြံပေးဆိုတဲ့ငဒင် ၊ရွေးကော်လူကြီး ဆိုတဲ့ငတင်၊ နင်တို့လိမ်စရာနည်းလမ်းဒီလောက်တောင်ရှားသ
လားဟဲ့။ မျက်နှာပြောင်တိုက်လှချည့်လားအာဏာရူးတွေရဲ့။ ဒါဟာ ငဒင်၊ငတင်၊သူကြီးဘိုဆန်းနဲ့ငမူးပေါ်အေးတို့တကျိတ်တည်း
တဉာဏ်တည်း အကွက်ချတဲ့ အလုပ်ဆိုတာငါလိုသက်ကြားအိုတောင်သိသဟဲ့။ အမယ်၊အမယ်၊ ထူးချက်တော်ရေ့။
မဲစာရင်းမှာရေးထားတဲ့မွေးသက္ကရာဇ်တွေ က အကုန်အတူတူ ချည်းပါကလား။
ငတို့ရွှေပင်တရွာလုံးတနေ့တည်းတရက်တည်းမှာမွေးကြတာကိုး။ မှန်းစမ်း၊
ငါဘယ်နေ့ မွေးတာပါလိမ့်။ဟောတော့။ငါမွေးတဲ့နှစ်က (၁၉၉၀) ဆိုတော့၊ အခုမှအပျိုအရွယ်လေးပေါ့။ကျေးဇူးကြီး
ချက်ငဒင်တို့ငတင်တို့ရယ်
ထို့နောက်တွင်ကားရွှေပင်သားတို့သည်မဲဆန္ဒရှင်စာရင်းကပ်ထားရာသို့
ဝိုင်းအုံရောက်ရှိကြလျက်၊ကမ္ဘာ့ အထူးဆန်းဆုံးစာရင်းများကို စိတ်ဝင် တစားကြည့်ရှုကြလျက်၊
အင်း၊ဟုတ်ပါရဲ့။ဆုံးသွားတဲ့ တို့ဘကြီး လည်းစာရင်းထဲ ပါနေတော့ မဲပေး
မဲ့နေ့မှာသချိုင်္င်းကုန်းကနေများထလာမလား။
အေးဟဲ့။ ဘယ်လို စာရင်းကြီးပါလိမ့်နော်၊ တခုခုတော့တခုခုပဲ
အစရှိသည်ဖြင့်တီးတိုးရေရွတ်သံကိုယ်စီပြု ကြသော်ငြား၊ ဆြာဒင်၊ဦးကြီးတင်နှင့်သူကြီးတို့၏ပါဝါအာဏာကိုကြောက်ရွံ့ဟန်ရှိကြသည်ထင့်။
အတိအလင်းထောက်ပြကန့်ကွက်သူ မပေါ်ခဲ့ချေ။ဆြာဒင့် မျက်နှာတွင်အောင်ပွဲရ စစ်သူကြီးအသွင်
ထင်ဟပ်နေခဲ့သည် မှာ ၊ကြီးမုန်းခင်ပွဲ မကြမ်းခင် အချိန်ကာလအထိသာဖြစ်ပါ၏။
ကြီးမုန်းခင်၏ ဇွဲသတ္တိကား၊နောင်ရေးထိုးအံ့သောမြန်မာ့သမိုင်းရာဇဝင်
အစောင်စောင်တို့တွင်ထိပ်တန်းမှ ပါဝင်လောက်ပါပေ၏။ နံနက်လင်းအားကြီး ငါးနာရီခန့်တွင်။
ဓားမတိုတချောင်းကို ထမီကြားတွင်ထိုးလျက် စိန်ခေါ်သည်မှာ ဆွမ်းခံဝင်ချိန်တိုင်အောင်ဖြစ်၏။
ကြိမ်းမောင်းဆဲဆိုရင်းမောရင် ၊ခေတ္တနား၍ဆဲ၏။ကြိမ်းမောင်းစိန်ခေါ်၏။
ထို့နောက်နေ့လည်စာအလို့ငှာအိမ်သို့ပြန်၍ခေတ္တအနားယူချက်နေညိုချိန်
ညနေခြောက်နာရီခန့်တွင် ထပ်မံရောက်ရှိလာပြန်သည်မှာ အလင်းရောင် လုံးလုံးပျောက်၍မိုးကြီးစုပ်စုတ်ချုပ်သည့်
တိုင်အောင်ဖြစ်လေသည်။
နင်တို့ပြောတော့ဒီမိုကရေစီဆိုပြောင်းနေပြီဆို ။ခွေးပါးစပ်ကနတ်စကားထွက်တယ်
ဆိုတာဒါမျိုးပေ့ါ။ နင်တို့ရဲ့ လိမ်တတ်တဲ့ အကျင့်ကအရိုးစွဲနေပြီကိုး။ အရှက်နဲ့ လူလုပ်ရတယ်ဟဲ့။
လူလွန်မသားတွေနင်တို ့ဘယ်လောက်ယုတ်မာယုတ်မာ၊ လာမဲ့ရွေးကောက်ပွဲမှာ နင်တို့ ဘယ်နည်းနဲ့မှမနိုင်စေရဘူးဟေ့
၊ရွှေပင်သားတွေက ထမင်းစားပြီးကြီးတာဟဲ့။အေး။ ကမ်းကုန်အောင် ယုတ်မာတဲ့ နည်းတွေနဲ့နင်တို့ရွေးကောက်ပွဲနိုင်ခဲ့ရင်လည်းငါကိုယ်တိုင်
ဓားမတိုကိုင်ပြီးသူပုန်မကြီးလုပ်မဟဲ့။
မုန်းခင်တဲ့ဟေ့
ဇွဲနပဲကြီးလှသောကြီးမုန်းခင်တစ်ယောက်၊ အထက်ပါအတိုင်းစိန်ခေါ်နေခဲ့
သည်မှာ ရက်သတ္တတစ်ပတ် တိုင်ခဲ့ပြီဖြစ်ပါသည်။ ထိုသို့ကြီးမုန်းခင်စိန်ခေါ်လေတိုင်းရွှေပင်တရွာလုံးမှ
လူငယ် လူလတ် လူကြီးပါမကျန် ၊ကြီးမုန်းခင်အား၊ရွာလုံးကျွတ် ဝိုင်းဝန်းစောင့်ရှောက် အားပေးထောက်ခံကြလျက်ရှိပါ၏။
ထိုရက်များအတွင်းကျွန်တော်တို့ဆြာ၊ဆြာဒင်၊ရွေးကော်ဥက္ကဋ္ဌဦးကြီးတင်၊
ကာလသားခေါင်းပေါ်အေးတို့ လူသိုက်ကား၊ကိုယ်ပျောက်အတတ်ကို ကျင့်လျက်လူမြင်ကွင်းသို့မထွက်ရဲပဲအိမ်တွင်းပုန်းနေကြလေပြီ။
(ငါး)
ဤစာကိုကျွန်တော်အဆုံးသတ်နေချိန်သည် နံနက် သုံးနာရီဝန်းကျင်ခန့်
ရှိပြီဖြစ်ပါသည်။ တညလုံး တမှေးမှ အိပ်စက်နိုင်ဟန်မရှိသော ကျွန်တော့် ဆရာသည်၊ ကျွန်တော်တို့အား၊
အဝတ်အစားအိတ်တို့ကို ထုတ်ပိုး ပြင်ဆင် ရန်ခြေဟန်လက်ဟန်ဖြင့် အမိန့်ပေးနေပါသည် ။ရွှေပင်ရွာမှ
လူမသိ သူမသိ ထွက်ခွာရန်အလို့ငှာ ဖြစ်ပါ၏။
အမှန်စစ်စစ်ကျွန်တော့်ဆြာသည်အာဂလူဖြစ်ပါသည်။ ထိပ်သီး စာရင်းဝင်သည့်ထိပ်ထိပ်ကြဲလူမိုက်တို့ဆြာ့အားမော်၍ပင်
မကြည့်ကြ ရုံမျှဆြာ့က ဟိတ်ဆိုလျှင် အမြီးကုပ်ကြရသူဖြစ်ပါသည်။ ဆိုးပေ့မိုက်ပေ့ဆို သည့်
လူမိုက်တို့ကို အချိန်မရွေးလက်ရုံးရည်ဖြင့်၊ ယနေ့တိုင် စိန်ခေါ်ရဲ သူလည်းဖြစ်ပါသည်။
အရပ်အမောင်း ဥပဓိရုပ်အသံသြဇာနှင့်ပြည့်စုံသူဖြစ်၍ရွှေပင်တွင်မက
ဖူးခက်တွင်ပါ၊ လူအများယုံကြည်အားကိုးရသူ၊ ဖြစ်ကာ ၊ပွဲတိုင်းကျော် ဘိသိက်ဆရာဖြစ်ပါသည်။
သို့သော် ကျွန်တော့်ဆြာမဟာ ပညာကျော်၊ ရဲရဲတောက်သတ္တိခဲစာရင်း ဝင်သူကြီးသည်ရွှေပင်သူကြီးမုန်းခင်ကိုမူ
ရင်ဆိုင်ရန်အင်အားရှိပုံမရချေ။
ဤလောက၌ရဲရင့်ခြင်းသည်အမှန်တရားအပေါ်တွင် မူတည်သည်နေလေ သည် တကား။
ယခုကဲ့သို့၊ အရှက်သည်းစွာရနေသည့် ကျွန်တော့်ဆြာအား ကျွန်တော်လွန်စွာသနားစိတ်ဖြစ်ပေါ်မိသည်ကိုရိုးသားစွာဝန်ခံလိုပါသည်။
ဆြာ့အားလေးစားရင်းကြည်ညိုရင်းစွဲမပျောက်သည်မှာ လည်းမှန် သော သစ္စာဖြစ်ပါ
၏။မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော့်ဆြာ အတွက် ကျွန်တော်ဂုဏ်ယူမိသော အကြောင်းခြင်းရာ
တစ်ရပ်ရှိနေပါ သေးသည်။ ထိုသည်ကား ကျွန်တော့်ဆြာသည် သူမဟုတ်မမှန်လုပ်မိခြင်းအပေါ် ရှက်တတ်သူဖြစ်
သော ကြောင့်ပင်တည်း။
ကျွန်တော်ဆြာကဲ့သို့ ရှက်ရကောင်းမှန်း မသိရုံမက၊ မဟုတ်မမှန်၊ မတော်မတရားမှုများကို
မျက်ပြောင်တိုက်လျက်၊ ရင်ကော့ ဂုဏ်ယူ လုပ်ကိုင်ဆဲဖြစ်သောရွှေပင်သူကြီး၊ရွှေပင်ရွေးကော်ဥက္ကဋ္ဌနှင့်ရွှေပင်လူမိုက်
တသိုက်တို့နှင့် တကွ၊ ထိုသူတို့နည်းတူမတရားမှုကို ဖက်တွယ်ထားကြဆဲ၊ ပုဂ္ဂိုလ်များရွှေပင်နယ်တရိုးတွင်ရိုက်သတ်၍
မကုန်အောင်ရှိနေဆဲဖြစ်ကြောင်း ကျွန်တော်ကောင်းကောင်းကြီးသိနေ၍ဖြစ်ပါသည်။
တရွာလုံးအိပ်မောကျနေဆဲအမှောင်ထုကြီးသိပ်သည်းစွာလွှမ်းမိုးနေဆဲအချိန်တွင်၊
ကျွန်တော်တို့ဆြာတပည့်တသိုက်ရွှေပင်ရွာမှထွက်ခွာခဲ့ကြပါ၏။
ကျွန်တော်တို့ကိုတင်ဆောင်လာသောနွားလှည်းမှလှည်းဝင်ရိုးသံတအီအီ
ထွက်ပေါ်နေချိန်တွင်၊ကျွန်တော့်နားတွင်မူ၊မတရားမှုကိုဓားမတိုတစ်ချောင်းနှင့် ဖက်ပြိုင်စိန်ခေါ်နေသောကြီးမုန်းခင်၏ရုပ်သွင်နှင့်
အသံကိုသာမြင်ယောင်ကြားယောင်လျက်ရှိလေသည်တကား။ ။
မင်းဒင်
The Ladies News Journal ပါ သရော်စာဆောင်းပါး

No comments:
Post a Comment