Twitter Bird Gadget

Saturday, May 23, 2015

မြောက်ကိုရီးယားမှ အံ့သြဖွယ်ရာများ










...
(၁) ရာမ ခေါ် စိတ်ကြွရူးသွပ်ဆေးပြားများကို မြောက်ကိုရီးယားနိုင်ငံအနှံ တရားဝင်နီးပါး အသုံးပြုကြပါတယ်။ အမောခံနိုင်ဖို့၊ အလုပ်ထဲမှာ စိတ်ကြည်ဖို့၊ အအေးဒဏ်ခံနိုင်ဖို့ နဲ့ အစာရေစာရှားပါးနေချိန်တွေမှာ အဆာခံနိုင်ဖို့ မြောက်ကိုရီးယားတွေဟာ ရာမကို ရေနွေးကြမ်းထဲမှာ ထည့်သောက်ကြပါတယ်။

(၂) မြောက်ကိုရီးယားမှာ ဆံပင်ပုံစံကို မိမိစိတ်ကြိုက်ထားလို့ မရပါဘူး။ အမျိုးသားတွေရော အမျိုးသမီးတွေပါ အစိုးရကသတ်မှတ်ပေးထားတဲ့ ဆံပင်ပုံစံ(၂၈)မျိုးထဲက မိမိနှစ်သက်ရာတစ်မျိုးကို ရွေးထားရပါတယ်။ ဆံပင်ပုံစံတွေကို comment မှာဖေါ်ပြထားပါတယ်။

(၃) မြောက်ကိုရီးယားသတင်းစာတွေမှာတော့ မြောက်ကိုရီးယားဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံးနိုင်ငံဖြစ်ကြောင်း အမြဲတစေဖေါ်ပြပါတယ်။

(၄) မြောက်ကိုရီးယားမှာ နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခုရှိပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကြယ်တစ်ပွင့်သာ ရရှိပါတယ်။

(၅) မြောက်ကိုရီးယားအစိုးရဟာ ယင်းတို့ရိုးရာစားသောက်ဆိုင်တွေကို ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ဖွင့်လှစ်ခဲ့ပြီး အစိုးရအတွက်ဝင်ငွေရှာနေရပါတယ်။

(၆) ဆွေသုံးဆက်မျိုးသုံးဆက်အပြစ်ပေးခြင်း (Three Generations of Punishment) ဆိုတဲ့ပြစ်ဒဏ်ဟာ မြောက်ကိုရီးယားဥပဒေမှာရှိနေပြီး အဆိုပါအပြစ်ဒဏ်ချမှတ်ခံရသူဟာ ကိုယ်တိုင်သာမက သူ့ရဲ့မိသားစု(မြေးအထိ) ထောင်ထဲမှာ အသက်ဆုံးသည်အထိ နေထိုင်သွားရမှာဖြစ်ပါတယ်။

(၇) မြောက်ကိုရီးယားပြည်သူတွေဟာ တပါတ်မှာခြောက်ရက် အလုပ်လုပ်ကြရပြီး ကျန်တဲ့တစ်ရက်ကတော့ ပြည်သူ့တာဝန် (အမှိုက်ကောက်ခြင်း၊ မြောင်းတူးခြင်း၊ စစ်ရေးပြကျင့်ခြင်း စသဖြင့်) ထမ်းဆောင်ရမှာဖြစ်လို့ အားလပ်ရက်ဆိုတာ မရှိပါဘူး။

(၈) ဆေးခြောက်ကို တရားဝင်အသုံးပြုကြပြီး အစိုးရကိုယ်တိုင်က ကျန်းမာရေးအတွက်သင့်တော်သော ဆေးလိပ်အစားထိုးပစ္စည်းအဖြစ် အသုံးပြုပါတယ်။ နိုင်ငံအနှံ့မှာလည်း ဆေးခြောက်ပင်တွေကို လမ်းဘေးမှာတင် တွေ့နိုင်ပါတယ်။

(၉) ကင်ဂျုံအီရှိစဉ်က မြောက်ကိုရီးယားသတင်းစာတွေမှာ ကင်ဂျုံအီအကြောင်းကို နတ်ဘုရားတစ်ပါးလို ဖေါ်ပြခဲ့ပြီး သူဟာ အသက်သုံးပါတ်မှာ လမ်းလျှောက်ကြောင်း၊ အသက်ရှစ်ပါတ်မှာ စကား စပြောကြောင်း၊ တက္ကသိုလ်တက်နေစဉ် သုံးနှစ်တာကာလအတွင်း ကမ္ဘာ့အဖိုးတန်ဆုံးစာအုပ် (၁၅၀၀)အုပ်ရေးသားခဲ့ကြောင်း၊ ကင်ဂျုံအီရေးသားတဲ့ပြဇာတ်တွေဟာ ကမ္ဘာ့အကောင်းဆုံးပြဇာတ်တွေဖြစ်ခဲ့ကြောင်း၊ ကင်ဂျုံအီဟာ (၁၉၉၄)က နိုင်ငံအတွင်းရှိ တစ်ခုတည်းသော ဂေါက်ကွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဂေါက်သီးကစားခဲ့ကြောင်း၊ အဆိုပါဂေါက်သီးကစားစဉ် (၁၁)ကြိမ်တိတိ တချက်တည်းနှင့် ကျင်းဝင်ခဲ့ကြောင်း၊ ဒါ့ကြောင့် (ဂေါက်သီးရိုက်တာဟာ သူ့အတွက် လွယ်လွန်းနေတာကြောင့်) နောက်ထပ်မကစားတော့ကြောင်း စသဖြင့် နေ့စဉ်ဖေါ်ပြနေခဲ့ပါတယ်။

(၁၀) မြောက်ကိုရီးယားမှာ ကျောင်းဆရာ၊ ဆရာမတွေဟာ အကော်ဒယံတီးခတ်တတ်ရမှာဖြစ်ပြီး အကော်ဒယံမတီးတတ်ရင် (ဘယ်တက္ကသိုလ်ကပဲ ဘာဘွဲ့ရရ) ကျောင်းဆရာလက်မှတ် ထုတ်မပေးပါဘူး။

(၁၁) နယ်စပ်မှာတော့ တောင်ကိုရီးယားဘက်က အထင်ကြီးအောင် တည်ဆောက်ထားတဲ့ မြို့အတုကြီးတစ်ခုရှိနေပြီး တစ်နိုင်ငံလုံး လျှပ်စစ်မီးမရပေမယ့် အဆိုပါမြို့အတုကြီးကိုတော့ မီးတွေထိန်နေအောင်ထွန်းထားပါတယ်။ အလုပ်သမားတွေနဲ့ နေ့စဉ်နဲ့အမျှ သန့်ရှင်းရေးလုပ်နေပြီး တဖက်နယ်စပ်ကကြည့်ရင် မြောက်ကိုရီးယားတွေ အရမ်းချမ်းသာနေပြီလို့ ထင်အောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း အားကောင်းတဲ့ အဝေးကြည့်မှန်ပြောင်းတွေ ပေါ်လာချိန်မှာတော့ အိမ်တွေမှာ လူမရှိတာတွေ၊ ပြတင်းပေါက်တွေက အသေတွေဖြစ်နေတာတွေနဲ့ အချို့အိမ်တွေဟာ အခန်းမရှိပဲ ကွန်ကရစ်တုံးကြီးကို အမိုးမိုးထားတာတွေကို တောင်ကိုရီးယားတွေ သိသွားကြပါတယ်။

(၁၂) မြောက်ကိုရီးယားရဲ့အိမ်တိုင်း၊ ဆိုင်တိုင်း၊ ရုံးခန်းတိုင်းမှာ ခေါင်းဆောင်ကြီးတွေပုံ မချိတ်မနေရချိတ်ဆွဲရပြီး အစိုးရကထုတ်လွှင့်တဲ့ရေဒီယိုအစီအစဉ်ကို မဖွင့်မနေရ ဖွင့်ထားရပါတယ်။ အဆိုပါရေဒီယိုအစီအစဉ်ကို ပိတ်လိုက်လို့မရပါဘူး။ အသံတိုးလို့သာရပါတယ်။

(၁၃) အိမ်မီးလောင်ရင် ခေါင်းဆောင်ကြီးတွေပုံကို ဦးစားပေး(၁) သယ်ထုတ်ရမှာဖြစ်ပါတယ်။

(၁၄) အခုနှစ်ဟာ မြောက်ကိုရီးယားအတွက် (၂၀၁၅)ခုနှစ် မဟုတ်ပါဘူး။ ကင်အီဆွန်း မွေးဖွားတဲ့အချိန်ကစပြီး မြောက်ကိုရီးယားအမျိုးသားပြက္ခဒိန်ကို စတင်ခဲ့တာဖြစ်လို့ အခုနှစ်ဟာ မြောက်ကိုရီးယားသက္ကရာဇ်(၁၀၄)ခုနှစ် ဖြစ်ပါတယ်။

(၁၅) ကင်အီဆွန်း လို့ ရေးသားနိုင်သူတိုင်းကို စာတတ်သူအဖြစ် သတ်မှတ်ပါတယ်။
(၁၆) မြောက်ကိုရီးယားဥပဒေမှာ မော်တာဗုံးသီးနှင့် ပစ်ခတ်သေဒဏ်ပေးရန် (Execution by Mortar Shell) ဆိုတဲ့ အပြစ်ဒဏ်လည်း ရှိပါတယ်။

(၁၇) မြောက်ကိုရီးယားအခြေခံဥပဒေမှာတော့ နိုင်ငံသားတိုင်း လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်၊ စုဝေးခွင့်၊ ဆန္ဒပြခွင့်၊ တောင်းဆိုခွင့် ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

(၁၈) အခြေခံဥပဒေအရ မြောက်ကိုရီးယား မြို့တိုင်းမှာ (၅)နှစ်တစ်ကြိမ် ရွေးကောက်ပွဲပြုလုပ်ပါတယ်။ အရွေးခံမယ့် ကိုယ်စားလှယ်ကတော့ တစ်ဦးတည်းသာဖြစ်ပါတယ်။

(၁၉) တနိုင်ငံလုံးမှာ အင်တာနက်အသုံးပြုသူ (၆၀၅)ဦးသာ ရှိပါတယ်။ Window နဲ့ Apple Operation System တွေကို အသုုံးပြုခွင့်မရှိပဲ မြောက်ကိုရီးယားတွေတီထွင်ထားတဲ့ Red Star OS ကိုသာ သုံးရပါတယ်။

(၂၀) ရုရှားပြည်ရဲ့ အန္တရာယ်များပြားတဲ့ သစ်ထုတ်လုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ မြောက်ကိုရီးယားအလုပ်သမားတွေကို မြောက်ကိုရီးယားအစိုးရကိုယ်တိုင်က အခကြေးငွေနဲ့ ရောင်းချပါတယ်။

(၂၁) အစိုးရရုံးတွေမှာ နိုင်ငံအနှံ့က စုစည်းထားတဲ့ အလှမယ်လေးများရှိပြီး ယင်းတို့ဟာ ခေါင်းဆောင်ပိုင်းတွေကို လိင်ပိုင်းဆိုင်ရာ ပြုစုရပါတယ်။

No comments:

Post a Comment