ကြီးမှဝက်သက်ပေါက်ဆိုသလို အသက်ကြီးကာမှ စာရေးချင်စိတ်ကနိုးကြားလာတာရယ်၊ အခြေအနေပေးလာတာရယ်ကြောင့် စာတိုပေစလေးတွေ ရေးဖြစ်ခဲ့ပါတယ်။
တရားသူကြီးဘဝမှာ ကျင်လည်နေဆဲဖြစ်တာကြောင့် တရားရေးနဲ့ဆိုင်တဲ့စာကလေးတွေ က စရေးဖြစ်ပါတယ်။ ကိုယ်တိုင်အပြစ်မကင်း သူ ခါတော်မီသူရဲကောင်းတွေက တရားစီရင် ရေးကို မှိုချိုးမျှစ်ချိုး ဝေဖန်နေကြတဲ့ခေတ်၊ အဲဒီ စကားတွေနဲ့ သဘောခွေ့အူမြူးနေတဲ့သူ တချို့ရှိနေချိန် တရားသူကြီးတွေဇာတာစန်းလဂ် ညှိုးနွမ်းမှေးမှန်နေချိန်မှာ တရားသူကြီးက တရားစီရင်ရေးအကြောင်းရေးရင် Hyena အုပ်ထဲရောက်သွားတဲ့ ခြင်္သေ့လို ၀ိုင်းအတိုက်အခိုက် ခံရမယ်လို့လည်း ထင်ခဲ့မိပါတယ်။
ဒါပေမဲ့ ထင်သလောက်မဟုတ်မှန်းတွေ့ခဲ့ရပါတယ်။ ဂျာနယ်တိုက်ကထုံးစံအတိုင်းဆောင်းပါးတွေကို Facebook ပေါ်တင်ခဲ့အခါ ကျွန်တော့်ဆောင်းပါးကို Like လုပ်သူ ၅၀၀/၁၀၀၀ ရှိရင် ၃/၄ ဦး၊ ၄/၅ ဦးစသည်ဖြင့်သာ ဝေဖန် တိုက်ခိုက်သူတွေ ရှိတတ်ပါတယ်။ Like လုပ်သူရဲ့ ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းတောင် မရှိတာတွေ့ခဲ့ရပါတယ်။ ခါတော်မီသူရဲကောင်းတွေရဲ့ စကားကိုနားယောင်သူတွေ ထင်သလောက် မများသေးဘူးဆိုတာတွေ့ရလို့ အား တက်မိပါတယ်။
Facebook မှာ ဝေဖန်ချက်တချို့က အဆင့်မမီ၊ ရိုင်းပြလွန်းတာကြောင့် ဒေါသတကြီးနဲ့တုံ့ပြန်ချေပတဲ့ ဆောင်းပါးတစ်စောင်ရေးခဲ့မိပါသေးတယ်။ ဂျာနယ်တိုက်က ထည့်မပေးခဲ့ပါဘူး။ ဂျာနယ်တိုက်လုပ်တာ မှန်ပါတယ်။ ကျေးဇူးလည်းတင်မိပါတယ်။
ကျွန်တော် ကလေးဆန်ခဲ့မိတယ်။ မပြည့်ဝ သူတွေနဲ့ယှဉ်ပြီးသဘောထားသေးခဲ့မိတယ်။ ကျွန်တော့်လုပ်နည်းမမှန်ဘူး။ ဒေါသကိုဒေါသ နဲ့တုံ့ပြန်တဲ့နည်းက အဆုံးမရှိတဲ့နည်းပဲ။ မြတ် စွာဘုရားဟောပြတဲ့ ဒေသနာနဲ့ဆန့်ကျင်ပြီး အ ကျိုးမရှိတဲ့နည်းပဲ။ စေတနာကောင်းထားပြီး အ လုပ်နဲ့သက်သေပြခြင်းကသာ နည်းမှန်လမ်းမှန်ပဲလို့ သဘောပေါက်ခဲ့တဲ့အတွက် အဲဒီနည်းနဲ့ပဲ ရှေ့ဆက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အများအ ကျိုးရှိမယ်ထင်တာလေးတွေ တတ်စွမ်းသမျှ ဆက်လက် တင်ပြသွားပါဦးမယ်။
အရင်ဆောင်းပါးတစ်စောင်မှာရေးခဲ့သလိုပဲ တရားစီရင်ရေးမဏ္ဍိုင်ကောင်းကြောင်း ကျွန် တော်မရေးပါဘူး။ ဒီအချိန်မှာ တရားစီရင်ရေး မဏ္ဍိုင်ကောင်းပါတယ်လို့ ရေးနိုင်တဲ့အခြေအ နေ မဟုတ်သေးမှန်းသိပါတယ်။ စာဖတ်သူ တွေ ပြည့်ပြည့်စုံစုံသိနိုင်အောင် အလုပ်လုပ် ရင်းရလာတဲ့ အတွေ့အကြုံတချို့ကိုမျှဝေတင် ပြခြင်းသာဖြစ်ပါတယ်။
တရားစီရင်ရေးကဏ္ဍမှာ ဖြည့်ဆည်းရဦးမယ့် လိုအပ်ချက်တွေ အများကြီးရှိနေသေးပါ တယ်။ ပြုပြင်မွမ်းမံရဦးမယ့်အချက်တွေ အများကြီးရှိပါသေးတယ်။ အတ်္တများတဲ့သူ၊ လောဘများတဲ့သူ၊ ဆင်ခြင်တုံတရားနည်းပါးသူ၊ တရားဌာနရဲ့ နာမည်ဂုဏ်သိက်္ခာ ပျက်ယွင်းနိမ့်ကျ အောင် လုပ်မယ့်သူ တချို့တရားဌာနထဲမှာရှိ နေတာ ကျွန်တော်တို့ကိုယ်တိုင်လည်း တော် တော်စိတ်ပျက်မိကြပါတယ်။ ဒီလိုလူတွေရှိနေ လို့ တို့ဒီလိုအပြောခံရနေတာလို့ သဘောပိုက်ပြီး မကျေမနပ်ဖြစ်မိပါတယ်။ ဒါပေမဲ့ လူတိုင်းတော့ ဖြင့်မဟုတ်ပါဘူး။ နေရာတိုင်းမှာ အဲဒီလိုလူမျိုး ချည်းရှိနေတာတော့ မဟုတ်ပါဘူး။
ကျွန်တော်တင်ပြချင်တာ အဲဒီအချက်ဖြစ်ပါတယ်။ ခါတော်မှီသူရဲကောင်းတွေရဲ့ ဝေဖန်မှုတွေကို ပြည်သူအများစုက နားယောင်ကြမယ်ဆိုရင် တိုင်းပြည်မှာအန္တရာယ်ရှိနိုင်ပါတယ်။
သူတို့ရဲ့ဝေဖန်ချက်တွေအရဆိုရင် တရားရုံးတွေဟာ ရစရာမရှိအောင် ယိုယွင်းပျက်ပြား အကျင့်ဖောက်ပြားမှုတွေနဲ့ပြည့်နေတဲ့ ဒုစရိုက် အသိုက်အဝန်းလို့ မြင်စရာဖြစ်နေပါ လိမ့်မယ်။ Taken ဇာတ်ကားထဲမှာလို အလွန်အမင်း ကြောက်စရာကောင်းတဲ့ အားကောင်း မောင်း သန်ဒုစရိုက်သမားများ လွှမ်းမိုးရာနေရာမျိုးဖြစ် နေပါလိမ့်မယ်။ တရားရုံးဝင်းထဲဝင်သွားရင်ပဲ ကုပ်ချိုးအသတ်ခံရတော့မယောင်၊ ဓားနဲ့ထောက် ပြီး ငွေတောင်းခံရတော့မယောင်၊ တရားသူကြီး ဆိုတာအမွေးစုတ်ဖွား၊ လျှာတန်းလန်း၊ အစွယ် ကြီးပြူးပြီးပါးစောင်က သွေးတွေစီးကျနေတဲ့ သူတွေချည်းပဲဖြစ်တော့သယောင်၊ ဝေဖန်ကြ တာဖြစ်ပါတယ်။ အမှုသည်တွေက အလှည့် ကျယစ်ပူဇော်ခံကြဖို့ တရားရုံးကိုသွားနေကြသလို ဝေဖန်ကြတာဖြစ်ပါတယ်။
တရားရုံးများအပေါ် လွန်ကဲစွာသိက်္ခာချတဲ့ ဒီစကားတွေကို ပြည်သူအများစုက နားယောင် မိကြရင် တရားရုံးတွေအပေါ် ယုံကြည်လေးစား အားကိုးမှုတွေ လျော့နည်းရုံမက လုံးဝကင်းမဲ့သွားတဲ့ အခြေအနေထိ ရောက်သွားနိုင်ပါတယ်။ တရားရုံးများကောင်းတယ်လို့မပြောပါ။ ပြောလို့လည်းမရသေးပါ။ ဒါပေမဲ့ ကောင်းဖို့ကြိုးစားနေကြပါတယ်။ (အပြစ်မြင်သူက ကိုယ်ကောင်း စားဖို့လားလို့ ပြန်မေးနိုင်ပါတယ်။) တရားရုံးများအပေါ် မယုံကြည်ထိုက်သည့်အခြေအနေ တကယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တရားရုံး များအပေါ် အများပြည်သူ ယုံကြည်လေးစားမှုမရှိခြင်းဟာ တိုင်းပြည်အတွက် မကောင်းသောသက်ရောက်မှု သာ ဖြစ်နိုင်ပါတယ်။
ပြည်သူများက တရားရုံးများအပေါ်ယုံကြည်ကိုးစားမှု ကင်းမဲ့ခြင်းကြောင့် မိမိတို့ချင်းဖြစ်တဲ့ ပြဿနာတွေကို တရားရုံးမှာ ဖြေရှင်းရမယ့်အစား အပြင်မှာကိုယ့်နည်းကိုယ့်ဟန်နဲ့ တရားလက်လွတ်ဖြေရှင်းကြရင် ရပ်ရွာ တည်ငြိမ်အေးချမ်း ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ကုန်မှာ ဖြစ်ပါတယ်။ ပြည်သူတွေက တရာရုံးများရဲ့အ မိန့်များကို နာခံမှုမရှိတော့ဘဲ မထီမဲ့မြင် ပြုကြတော့မှာမို့ ဥပဒေနဲ့အညီ နည်းလမ်းတကျဆောင်ရွက်ကြမယ့် ရိုးသားအေးဆေးသော ပြည်သူတွေမှာ အကာအကွယ်၊ အကူအညီမဲ့၊ အားကိုးရာမဲ့ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် တရားရုံးများရဲ့ အပြစ်များနဲ့ ပြုပြင်စရာရှိတာများကို ထောက်ပြပြီး လုပ်ဆောင်သင့်တဲ့နည်းလမ်းများ နှင့်တကွ သမာသမတ်ကျကျ ဝေဖန်ခြင်းဟာ လိုလားတောင့်တအပ်ပေမယ့် တရားစီရင်ရေး စနစ်နဲ့ တရားသူကြီးများကို ပြင်ဆင်ပြောင်းလဲနိုင်ခြင်းမရှိသေးဘဲ လက်ရှိအာဏာအပ်နှင်း တာဝန်ပေးထားဆဲဖြစ်တဲ့ တရားရုံးများနဲ့ တ ရားသူကြီးများအပေါ် အလွန်အမင်း ဂုဏ်သိက်္ခာ ကျဆင်းအောင် ဝေဖန်ပုတ်ခတ်တာမျိုးက တော့ နိုင်ငံနဲ့ အများပြည်သူအတွက် အကျိုးယုတ်ဖြစ်စေနိုင်လို့ မလိုလားအပ်ပါဘူး။
တရားသူကြီးများအားလုံးကောင်းပါတယ်လို့ တင်းတင်းမပြောနိုင်ပေမယ့် ကျင့်ဝတ်သိက္ခာ နဲ့ ရိုးသားဖြောင့်မတ် မှန်ကန်စွာလုပ်ငန်းဆောင်ရွက်နေကြတဲ့ တရားသူကြီး(တရားရေးဝန်ထမ်း) များလည်း မနည်းမနောရှိနေကြ သေးတာ အသေအချာဖြစ်တဲ့အတွက် တရားသူကြီးအားလုံး ဘီလူး၊ သဘက်များ၊ ဒုစရိုက်သမားများ ဖြစ်နေသယောင် စော်ကားမော်ကားဝေဖန် ပုတ်ခတ်ခြင်းများဟာ အဲဒီတရားရေးဝန်ထမ်းကောင်းများကို အမှန်ပဲစိတ်မချမ်းမြေ့မှုဖြစ်ရပါတယ်။ စိတ်ပျက်အားလျော့မှုတွေ ဖြစ်ရပါတယ်။
ယခင် နယကအစိုးရခေတ်ကစပြီး တရားသူကြီးတွေကို လွှမ်းမိုးခြယ်လှယ်မှုတွေ၊ ချိုးနှိမ် ပုတ်ခတ်စော်ကားမှု တွေ၊ မထီမဲ့မြင်ပြုမှုတွေရှိလာခဲ့လို့ တရားသူကြီးလုပ်ရတာ ပူပင်ကြောင့်ကြသောကဖြစ်စရာတွေများလွန်းလို့ တရားသူ ကြီးမလုပ်ပါရစေနဲ့၊ တခြားတာဝန်ပဲ ထမ်းဆောင်ပါရစေလို့တင်ပြတဲ့ တရားရေးဝန်ထမ်းတွေ ရှိ ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၂ ကြိမ်၊ ၃ ကြိမ် တင်ပြဖူးပါတယ်။ အဲဒီအချိန်က ညွှန်ကြားရေးမှူးချုပ် တွေ လုပ်ခဲ့ကြတဲ့ ဆရာဦးသက်ထွန်း (တရားရုံးချုပ်တရားသူကြီး-ငြိမ်း)နဲ့ ဆရာဦးမြသိန်း (ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာရုံး ဥက္ကဋ္ဌ)တို့ သိပါတယ်။ ပြောချင်တာက တရားသူကြီးတိုင်း ငွေမက်မောတဲ့လောဘ၊ လာဘ် စားလိုက်မဟဲ့ဆိုတဲ့ ရည်မှန်းချက်နဲ့ တရားသူကြီးလုပ်ကြတာ မဟုတ်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။
အလွန်အကျူးအကန့်အသတ်မဲ့ ပုတ်ခတ် စော်ကားခြင်းဟာ ကောင်းမွန်စွာတာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေရဲ့စိတ်ဓာတ်ကို ထိခိုက်ပျက်ပြားစေပါတယ်။ ဝန်ထမ်းကောင်း များ စိတ်ဓာတ်ယိုယွင်းပျက်ပြား ခြင်းဟာ နိုင်ငံတော်အတွက် မလိုလားအပ်တဲ့အခြေအနေဖြစ်တာကြောင့် ဆင်ခြင်သင့်တယ်လို့မြင်ပါတယ်။
နိုင်တဲ့အမှုသည်က ကျေးဇူးတင်လို့ပေးတာကို တစ်ကြိမ်တစ်ခါမျှ မယူဖူးပါလို့ ကျွန်တော်မငြင်းပါဘူး။ ဒါပေမဲ့ ဘယ်တော့မှ(ဘယ်တော့မှ) လုံးဝ(လုံးဝ)မတောင်းဘူး။ ဟုတ်၊ မဟုတ် ကျွန်တော်အမိန့်ချခဲ့တဲ့ ထောင်ချီသော အမှုများက အမှုသည်တွေထံမှာ စစ်တမ်းကောက်ကြည့်နိုင်တယ်။ ကျွန်တော်ဘယ်သူ၊ ဘယ်မှာဆိုတာ စုံစမ်းဖို့မခဲယဉ်းလောက်ပါဘူး။ သိတဲ့အခါလာခဲ့ပါ၊ ကျွန်တော်ချခဲ့တဲ့ အမိန့်တွေအားလုံး ဖိုင်တွဲထားတာ ပေးလိုက်ပါမယ်။ အမှုစစ်ဆေးဆဲ အမှုသည်နဲ့ တရားခွင်မှာမှအပ ထိတွေ့ဆက်ဆံပတ်သက်မှု လုံးဝမရှိအောင်နေတယ်။ အမှုသည်တွေကတော့ ဆီလိုအပေါက်ရှာပြီးချဉ်းကပ် ဖို့ကြိုးစားတတ်ကြပါတယ်။ လက်မခံပါဘူး။ ငွေကြေးနဲ့ဖြစ်စေ၊ အာဏာနဲ့ဖြစ်စေ၊ ခင်မင်မှု၊ ဆက်စပ်မှုနဲ့ဖြစ်စေ ဖြားယောင်းသွေးဆောင်မှု တွေ ရှိပေမယ့် ကျွန်တော်မမှန်ဘူးထင်တာကို ဘက်လိုက်ပြီး မဆုံးဖြတ်ခဲ့ဘူး။ ဒါကျွန်တော့်ရပ်တည်ချက်ပါ။
ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော်တဲ့၊ ကိုယ့်အကြောင်းကိုယ်အမွှမ်းတင်တာမကောင်းပါဘူး။ အများကလက်မခံပါ ဘူး။ ဒါကြောင့်မပြောချင်ပေမယ့် တရားသူကြီးအားလုံး မကောင်းတာတော့မဟုတ်ဘူးဆိုတာ တင်ပြလိုတဲ့အ တွက် သိမ်းကျုံးအပြောခံနေရတဲ့ခံယူချက်တူ၊ ဘဝတူ တရားသူကြီးများကို စိတ်သက်သာမှုပေး လိုတဲ့အတွက် တင်ပြရခြင်းဖြစ်ပါတယ်။
ကျွန်တော်ပြောတာလက်မခံနိုင်ရင် ကျွန်တော်လုပ်သမျှကိုင်သမျှ လှုပ်ရှားသမျှ သိရအောင် CCTV လို ခေတ်မီနည်းပညာတွေနဲ့ လုပ်ထားနိုင်ပါတယ်။ အဲဒါဆိုရင် ကျွန်တော် မမှန်မကန်လုပ်တာနဲ့ ချက်ချင်းအရေးယူနိုင်ပါ လိမ့်မယ်။ ထောက်လှမ်းရေးကွန်ရက်တွေနဲ့ လည်း စောင့်ကြည့်နိုင်ပါတယ်။ ရဲကလုပ်သလို အသွင်ယူပြီး ဒလန်နဲ့ထောင်ဖမ်းလို့လည်းရပါ တယ်။ လုပ်ကြည့်စေချင်ပါတယ်။ တစ်ခုတော့ ရှိတယ်။ အဲဒီဒလန်က ကျွန်တော့်ဆီလာဘ်ထိုး ဖို့ကြိုးစားတာ၊ ကမ်းလှမ်းတာလုပ်တဲ့အခါ အဲဒီ ဒလန်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ နဲ့တရား မစွဲဘူးလို့တော့ ကျွန်တော်အာမ မခံ ပါဘူး။ သူ့အပြစ်နဲ့သူပဲ ဖြစ်ပါလိမ့်မယ်။
တရားသူကြီးတွေအပေါ် ဝေဖန်သူအတော် များများဟာ အပြစ်ကင်းသူတွေမဟုတ်နိုင်ကြ ပါဘူး။ နိုင်ငံတော်ကပေးတဲ့ မြေတစ်ကွက်ထက် မက မိသားစုအတွက် လိုအပ်တာထက်ပိုယူထားသူတွေ ပါနိုင်ပါတယ်။ နိုင်ငံတော်ကပေး တဲ့အခွင့်အရေးကို ကိုယ်ရသင့်တာထက် ရာထူးအရှိန်အဝါကိုသုံးပြီး ပိုယူထားသူတွေပါနိုင် ပါတယ်။ ကိုယ့်ရဲ့ကြွယ်ဝချမ်းသာမှု၊ ကိုယ့်ဝင်ငွေတွေကို ဖုံးကွယ်ထားပြီး ထိုက်သင့်တဲ့အခွန်မပေးဘဲ ရှောင်တိမ်းနေသူတွေ ပါဝင်နိုင်ပါတယ်။ အမှန်တကယ် တတ်ကျွမ်းနားလည်မှုမရှိဘဲ တတ်ကျွမ်းနားလည် တစ်ဖက်ကမ်းခတ် သယောင်ပြောနေသူတွေပါ နိုင်ပါတယ်။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်သူတွေပါပါတယ်။ အများ ကောင်းဖို့ထက် မိမိရဲ့အခန်းကဏ္ဍ မြှင့်တင်ဖို့ လုပ်သူတွေ ပါနိုင်ပါတယ်။ ဘာကိုမှနားမလည်ဘဲ ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲနဲ့ ဆွမ်းကြီးဝင်လောင်းသူ တွေ ပါနိုင်ပါတယ်။ တရားရုံးတွေကိုစွပ်စွဲပုတ် ခတ်ဝေဖန်ခြင်းဟာ နိုင်ငံရေးအလုပ်လို့ ထင်သူတွေပါနိုင်ပါတယ်။
အဲဒီလိုလူတွေရဲ့ဝါးလုံးချေးသုတ်ရမ်းနေမှုကြောင့် ဂုဏ်သိက္ခာရှိတဲ့တရားသူကြီး၊ အလုပ်ကို ရိုးရိုးသားသား လုပ်ရင်းကိုင်ရင်း၊ နေ ရင်းထိုင်ရင်းသိက္ခာကျ၊ အရှက်ရ၊ စိတ်မချမ်းမသာ ဝမ်းနည်းကြေကွဲနေကြရတဲ့ရောင်းရင်း တရားရေးဝန်ထမ်း(ကောင်းသောဝန်ထမ်းများ) အတွက် ခံစားတင်ပြရခြင်းဖြစ်ပါတယ်။
ဖိုးသုဉာဏ်
The Ladies News Journal

No comments:
Post a Comment