Twitter Bird Gadget

Friday, April 17, 2015

တိုင်းပြည်ကို တစ်ကိုယ်စာ တတ်နိုင်သမျှ တည်ဆောက်တဲ့ လက်တစ်စုံ





|| Opinion ||

ကျနော်ဟာ ကျောင်းသားသပိတ်ကို စကတည်းက အလုံးစုံ သဘောတူခဲ့တဲ့ သူမဟုတ်ပါ။ သူတို့တောင်းတဲ့ အချက် (၁၁) ချက်ကိုလည်း အလုံးစုံ ဘဝင်ကျခဲ့သူ မဟုတ်ပါ။

ဒါပေမဲ့ သူတို့ရဲ့ ဆန္ဒပြခြင်းအပေါ်မှာတော့ မကောင်းမြင်စိတ် မရှိခဲ့ ပါဘူး။ မြန်မာပြည်မှာ ဒီလိုတောင်းဆိုဖို့အတွက် ဒီကလေးတွေအနေနဲ့ ဆန္ဒမပြရင် ဘာလုပ်ရမလဲဆိုတာလည်း အဖြေရခက် တဲ့ မေးခွန်းဖြစ်နေခဲ့ပါတယ်။ ခြင့်ခြင့်ချိန်ချိန်နဲ့ စဉ်းစားလုပ်ကိုင်ပြီး အမှောင့် ပယောဂဘေးကနေ ကင်းပါစေကြောင်းသာ စိတ်ထဲဆုတောင်းနေခဲ့ပါတယ်။ ရန်ကုန်ဝင်မယ်ဆိုတာကိုလည်း မဝင်စေချင် ခဲ့ပါ။ ဘေးဖြစ်မှာ စိုးလို့ဖြစ်ပါတယ်။ သူတို့အနေ နဲ့ လုပ်စရာတွေ အများကြီးရှိနေသေးလို့ဖြစ် ပါတယ်။ သူတို့ သွေးမြေကျ အစတေးခံဖို့ ထက် ရေရှည်မှာ တိုက်ပွဲဝင်နိုင် ဖို့ဟာ ပိုပြီးဓမ္မဓိဌာန်ကျတယ်လို့ယူဆမိပါတယ်။

သူတို့ကို ရေရှည်သက်လုံကောင်းစေချင်ပါတယ်။ အခုတော့ အဖြစ် အပျက်တွေ ဟာ စိတ်ဆင်းရဲ စရာကောင်းလောက်အောင် ဖြစ်ပျက် သွားပြီးပါပြီ။ အစိုးရကိုရော ကျောင်းသားများကိုပါ ဘယ်သူ့ကိုမှ မဝေဖန် လိုပါ။ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာကိုသာ စဉ်းစားနေမိပါတယ်။

တကယ်တော့ အစိုးရဆိုတာ တိုင်းပြည်ကိုဦးဆောင်ဦးရွက်ပြုနေရသူတွေ နဲ့ စုဖွဲ့ထားတာပါ။ ခေါင်းဆောင်ပီသဖို့က မရှိမဖြစ် လိုပါတယ်။ တော်တည့် မှန်ကန်တဲ့လမ်းကို ရွေးခြယ်နိုင်စွမ်းရှိပြီး ဒါကို ပြည်သူအများ လိုက်နာအောင် ဆောင်ရွက်နိုင်မှသာ ခေါင်းဆောင်ကောင်းဖြစ်ပါတယ်။

ဘယ်အခြေအနေမှာမဆို နားဝင်အောင်ရှင်းပြနိုင်အောင် လမ်းစဉ် ဟာကောင်းနေရပါမယ်။ လိုအပ်ချက်တွေရှိနေမယ်ဆိုရင်တောင် ဒါတွေကို ရှင်းပြဖို့က အစိုးရတာဝန်ဖြစ်ပါတယ်။ ရှင်းပြလို့မရတော့တောင် အကြမ်းဖက် ဖို့မဖြစ်နိုင်ပါဘူး။ ခေါင်းဆောင်ဖြစ်နေလို့ပါပဲ။ ငါ နဲ့ မတူ ငါ့ရန်သူဆိုတာ ခေါင်းဆောင်ရဲ့စိတ်ဓါတ်မဟုတ်ပဲ အာဏာရှင် စိတ်ဓါတ်ဖြစ်နေလို့ပါပဲ။

ကလေးကို ရိုက်တာ ကြိမ်သေးသေး နဲ့ တင်ပါးကို ခပ်သာသာပါ။ ရာဘာ ဒုတ်နဲ့ ခေါင်းကိုမဟုတ်ပါဘူး။ ကျနော်တို့ပြည်သူများဟာ အာဏာရှင်စံနစ်ကို ဘယ်လောက်တောင် စက်ဆုပ်နေကြတယ်ဆိုတာ တလောကလုံး သိပါတယ်။ ဦးသိန်းစိန်အစိုးရအနေ နဲ့ ဘယ်လိုနည်း နဲ့ တက်လာသည်ဖြစ်စေ ဒီအချက်ကို နှလုံးသွင်းရမှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ စံနစ်တကျ ဖျက်ဆီးခံခဲ့ရတဲ့ ပညာရေးစံနစ်အောက်မှာ ကျနော်တို့ပြည်သူအများစုဟာ အားလုံးယိုယွင်းနွမ်းချိလို့နေပါပြီ။ ဒီလိုအနေအထားမှာ အစိုးရအနေ နဲ့ တကယ်သာ စိတ်ရင်းမှန်မယ်ဆို သဘောထားကြီး ရပါမယ်။

ခေါင်းဆောင်ဖြစ်နေတဲ့ အတွက် ပိုပြီးယဉ်ကျေးသိမ်မွေ့ရပါမယ်။ ပညာရှိ ရပါမယ်။ သတိရှိရပါမယ်။ ယုတ်စွအဆုံး ပြည်သူဟာ ဘီလူးသဘက်လို ဆိုးရွားနေပါစေ အစိုးရဟာ သီလ သမာဓိ ပညာ နဲ့ သာ အနိုင်ယူအောင်မြင် ရပါမယ်။ လက်ရှိအခြေအနေမှာတော့ အားလုံးမြင်ကြ ကြားကြတဲ့ အတိုင်း ပါပဲ။

ဆေးမြီးတို နဲ့ ကုခဲ့လို့ အမြစ်မပြတ်ခဲ့တဲ့ ပြည်တွင်းစစ်အနာဟာ အပုပ်နံ့ တဟောင်ဟောင်နဲ့ ပြန်ထလာပါတယ်။ အနာဟာ ပြည်လိုက်ပြီး အရိုးတောင် ထိနေပါပြီ။ အစိုးရနဲ့ ပုန်ကန်သူများကို မဝေဖန်လိုပါ။ သမိုင်းကြောင်းဟာ ရှည်လျားပြီး ရှုပ်ထွေးလှပါတယ်။

သို့သော် အဖြစ်အပျက်ကတော့ လူမိုက်တွေ ဓါးပြတွေ စားခွက်လု မိုက်ကြေးခွဲနေ သလို နှစ်ဘက်လုံးက ပြုမူနေကြပါတယ်။

စစ်ထွက် အမျိုးသားလွှတ်တော်အမတ်တစ်ယောက်က လွှတ်တော်ထဲကနေ "ကျန်တဲ့အဖွဲ့တွေ နမူနာ ယူကြ" လို့ ကြိမ်းပါတယ်။ ကျန်တဲ့ ဝန်ကြီး ဆိုသူများကရော ဘာထူးပါသလဲ။ ငါ့စကားနွားရ ပြောပြီး ဖာဟယ် ဖုံးဟယ်နဲ့ တမျိုး၊ ကြိမ်းဟယ်မောင်းဟယ်နဲ့တသွယ်ပါပဲ။ ကြားထဲကနေ ငထွား ခါးနာရတာက ပြည်သူ ပါပဲ။ ပြည်တွင်းစစ်ခင်းလို့ ဟင်္သာကိုးသောင်း ဇာတ်ခင်း ရတာ ဘက်နှစ်ဘက်က ခေါင်းဆာင်တွေ မဟုတ်ပါဘူး။ စစ်တိုက်ဖို့ ကုသိုလ်ပါလာတဲ့ ကျနော်တို့ နဲ့ ဘဝတူနင်းပြားတွေပါ။ အတိုက်အခံ ဆိုတာ ကလည်း တဖက်သားမကောင်းပြောရုံ နဲ့ စခန်းသိမ်းတော့မလိုပါပဲ။

စိတ်အင်အား နဲ့ သည်းခံနိုင်စွမ်းမှာ အသက်ဘေး နဲ့ ရင်းပြီး နယ်လှည့် မိုက်ကြေးခွဲခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်ကလေးများကို ယှဉ်နိုင်သလား ဆိုတာ တွေးကြည့်ကြဖို့ကောင်းပါပြီ။ ပြည်သူလူထုကရော။ တခြားဟာ မပြောပါ နဲ့ ။ ခောတ်အဆက်ဆက်က အစိုးရ အဆက်ဆက်သုံးလာတဲ့ နည်းတဲ့ ဘာသာရေး မှိုင်းတိုက်တာတောင် သိသိကြီး နဲ့ ခံကြပါတယ်။

ဒါ့အပြင် အဆက်ဆက်နှိပ်စက်ခဲ့စစ်တပ်ကို ဘေးဖြစ်တာတွေ့တာ နဲ့ သနား ဂရုဏာပြု ပါသေးတယ်။ အဲဒီလို အခြေအနေမျိုးတွေ နဲ့ နောက်ခံကားမှာ အခုဆို ကျောင်းသားတွေ သွေးမြေကျပြန်ပါပြီ။

ဒီလူငယ်တွေဟာ နိုင်ငံကိုတည်ဆောက်မဲ့လက်တွေ နိုင်ငံကို ဦးဆောင် မယ့် ခေါင်းဆောင်တွေဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရ ကတော့ ခေါင်းပေါ် ရင်ခေါင်းရိုက် လက်ပေါ်ရင်လက်ရိုက်လို့ သူ့လက်ပါးစေတွေ ကို အမိန့်ပေး ခဲ့ပါတယ်။

စိတ်ပညာမှာ “မှားတဲ့ကလေးမရှိဘူး မှားတဲ့လူကြီးပဲရှိတယ်” လို့ ဆိုပါတယ်။ ဒီမိုကရေစီအမည်ခံ အစိုးရသစ်ဟာ အကြိမ်ပေါင်း များစွာ ပြည်သူ နဲ့ပြန်လည်သင့်မြတ်နိုင်မဲ့ အခွင့်အရေးတွေကို မယုံနိုင်လောက်အောင် မိုက်မဲ စွာ နဲ့ လွှင့်ပစ်ခဲ့ပါတယ်။ မြန်မာတစ်ယောက်အနေနဲ့ ဒီအချိန်မှာခြံစည်းရိုး ခွထိုင်နေလို့ မဖြစ်နိုင်ပါဘူး။ ကျနော့်သဘောထားကို အထက်မှာပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်ရပ်မှာက အားနည်းတဲ့ ဘက်၊ အဖိနှိပ်ခံဘက်ကပါပဲ။ ကျနော်ဟာ သွေးမြေကျရတဲ့ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို ခါးခါးသီးသီးဆန့်ကျင်ပါတယ်။

တရားသောစစ်ဆိုတဲ့ စကားကိုလည်း နိုင်ငံရေး အရဖြေရှင်းနိုင်စွမ်း မရှိတဲ့ ခေါင်းဆောင်တွေ တီထွင်ခဲ့ တယ်လို့ပဲ ရိုးရိုးသားသား မှတ်ယူပါတယ်။ ကျနော်ဟာ ညနေခင်းက စာမေးပွဲပြီးလို့ပျော်နေတဲ့ သမီးကလေးကိုခေါ်ပြီး ဆန္ဒပြကျောင်းသားတွေအပေါ် အစိုးရကနှိမ်နင်းနေပုံတွေကိုပြပြီး အခြေအနေကို ဘက်မျှအောင် သူနားလည်အောင် ကြိုးစားရှင်းပြခဲ့ပါတယ်။

သူဟာ ဘယ်ဘက်မှာ ရပ်တည်ရမယ်ဆိုတာထက် လူသားတစ်ယောက်ဟာ ဘယ်ဘက်ကနေ ရပ်တည်သ င့်ကြောင်း အသက် (၁၁) နှစ်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို ကျနော့် ဉာဏ်ရည်မှီသလောက် ရှင်းပြခဲ့ပါတယ်။ သမီးကလေးကို အငြိုးအာဃာတတွေ ကင်းစေချင်ပါတယ်။

ကျနော်ဟာ အစိုးကို ပုန်ကန်သူထက် တိုင်းပြည်ကို ကိ်ုယ်တတ်နိုင် သလောက် တည်ဆောက်တဲ့ လက်တစ်စုံကို ပိုင်ဆိုင်သူဖြစ်ဖို့ပဲကြိုးစား ပါတယ်။


၁၀၊ မတ်၊ ၂၀၁၅ ည ၉:၃၂

No comments:

Post a Comment