နိုင်ငံတော် အစိုးရပိုင်မီဒီယာက တစ်ဆင့် ရိုက်ချက်ကတော့ကမ်းကုန် ဖြစ်လာပါတယ်။ သမဂ္ဂဆိုတာ ဘာမှန်းတောင်မသိတဲ့ သူက သမဂ္ဂကို ကွန်မြူနစ် အဖွဲ့အစည်းယောင်ယောင် ကြောက်စရာ ကောင်းအောင် ဝါဒဖြန့်ပြီး လုပ်ကြံလာတာကို တွေ့ရတယ်။ သမဂ္ဂဆိုတာ ပါဠိစကားပါ “အလုံးစုံသော၊ ညီညွတ်သော၊ တပေါင်းတည်းဖြစ်သော” ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ညီညွတ်ခြင်းကို ကိုယ်စားပြုတဲ့နေရာမှာ သုံးပါတယ်။ ဘယ်သူတွေမဆို၊ ဘယ်အဖွဲ့အစည်းမဆို ညီညွတ်စွာ ပေါင်းစုဖွဲ့စည်းထားတာကို သမဂ္ဂလို့ ခေါ်ကြောင်း မှတ်သားရပါတယ်။ ဘုရားဟောမှာလည်း “သမဂ္ဂါနံ တပေါသုခေါ” (ညီညွတ်သူများ၏ အကျင့်သည် ချမ်းသာ၏) လို့ ဆိုထားပါတယ်။ တစ်နည်း ပြောရရင် ညီညွတ်သည့်အဖွဲ့သည် ချမ်းသာ၏လို့ ဘုရားရှင်က မိန့်မှာတော်မူခဲ့တာပါ။
အင်္ဂလိပ်လို Union ဆိုတာကလည်း -
1. the action or fact of joining or being joined, especially in a political context.
2. an organized association of workers formed to protect and further their rights and interests; a labor union
3. a society or association formed by people with a common interest or purpose
လို့ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
နိုင်ငံရေးနဲ့ ပတ်သက်သည်ဖြစ်စေ၊ လူမှုရေးနဲ့ ပတ်သက်သည်ဖြစ်စေ ပူးပေါင်းဆောင် ရွက်နိုင်စေရန် ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့မျိုးတွေကို သမဂ္ဂလို့ ခေါ်တာပါ။ တိုင်းပြည်ကို ပုန်ကန်ဖို့၊ သူပုန်ထဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူးဆိုတာကို သမဂ္ဂကြောက်တဲ့ အစိုးရ အနေနဲ့ ပထမဆုံးသိထားဖို့ လိုပါတယ်။
အစိုးရသတင်းစာတွေက အငှားချ စာရေးဆရာတွေနဲ့ တိုက်ကွက်ဆင်လာတဲ့ အထဲမှာ ပြည်သူတွေကို ယုန်ထင်ကြောင်ထင် ဖြစ်အောင် လိုတာလေး ကောက်လိုက်၊ ဘာသာရေး လူမျိုးရေးနဲ့ လှည့်ထောက်လိုက် တို့မီးရှို့မီး လုပ်နေတာကတော့ အောက်တန်းကျတယ်လို့ မြင်ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့ထုတ် နိုင်ငံတော်ပိုင် သတင်းစာတွေကနေ အောင်ဟိန်းဆိုသူ ရေးထားတဲ့
“ကျောင်းသားသမဂ္ဂနှင့် အစွန်းတရားနှစ်ပါး” ဆိုတဲ့ ဆောင်းပါးမှာ တစ်ချိန်က ကျောင်းသား သမဂ္ဂအတွင်း ကွန်မြူနစ်တွေ ဝင်ရောက် ကြိုးကိုင်တာကို အစဖော်ပြီး -
“ယနေ့ကျောင်းသား သမဂ္ဂသမိုင်းကို တွင်တွင်ပြောနေသူများကို ကြည့်လျှင် ကွန်မြူနစ်ဟောင်းများ၊ သူတို့ မျိုးဆက်များသာ ဖြစ်သည်ကို တွေ့ရပါမည်” လို့ ဆိုထားတဲ့ စကားကတော့ သမဂ္ဂကို ထောက်ခံတဲ့သူတွေ၊ သမဂ္ဂဖြစ်ပေါ်လာရေး ဝိုင်းဝန်း ကြိုးပမ်းပေးနေသူတွေ အားလုံးကို အချွန်နဲ့မပြီး ကွန်မြူနစ်တွေလို့ စွပ်စွဲလိုက်တာနဲ့ အတူတူ ဖြစ်နေပါတယ်။ ခေတ်ပြောင်းလာတာကို အောင်ဟိန်း မေ့နေပုံရပါတယ်။ အိပ်ငိုက်နေသေးရင် အပြင်ကို လှမ်းကြည့်လိုက်စေချင်ပါတယ်။
ဆိုလိုချင်တာက ကွန်မြူနစ်ကြောက်တဲ့ ရောဂါကို အစိုးရကိုယ်တိုင် ယခုအထိ အရှိန် မသေသေးတာလား၊ ကွန်မြူနစ် သွေးလန့်တတ်တဲ့ သူကိုပဲ စာငှားချထား လို့လားတော့ မသိပါဘူး။ “တရုတ်နိုင်ငံက တက္ကသိုလ်များတွင် လွတ်လပ်သောသမဂ္ဂ ရှိသလားဟု ကြုံရင်မေးကြည့်ကြပါ” လို့တောင် ဆိုထားပါသေးတယ်။
တရုတ်ပြည်ဟာ ကွန်မြူနစ် တိုင်းပြည်ပါ။ ကွန်မြူနစ်တိုင်းပြည် ဆိုတော့ တစ်ပါတီအာဏာရှင်စနစ်က ကြီးစိုးထားပြီး ပါတီက ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း အဖွဲ့အစည်းတွေထဲကိုသာ ဝင်ရောက်လှုပ်ရှားကြရတာ သဘာဝပါ။
မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်ခေတ် လွှမ်းမိုးစဉ်က လမ်းစဉ်လူငယ်၊ ရှေ့ဆောင်လူငယ်၊ တေဇလူငယ် ဆိုပြီးတော့တောင် အဖွဲ့တွေ ဖွဲ့ပေးဖူးသေးတာပဲ။ ဒါဆိုရင် အောင်ဟိန်းရေးတဲ့ ကျောင်းတိုင်းအတန်း တိုင်းမှာ သမဂ္ဂဖွဲ့ပေးဖို့ လိုသလားဆိုတဲ့ စကားကို ဖြေဖို့တောင် လိုမယ်မထင်တော့ပါဘူး။ ဆရာ့ ဆရာကြီးများတောင် လမ်းစဉ်အတိုင်း အရွယ်မရွေး အဖွဲ့အစည်းတွေ ဖွဲ့စည်းထားရင် သမဂ္ဂဆိုတာကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းရင် ခွင့်ပြုနိုင်ရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ ကျောင်းသား သမဂ္ဂရှိတယ်ဆိုတာကိုတော့ သိမယ်ထင်ပါတယ်။
သမဂ္ဂဆိုတာ ကျောင်းသားမှ ဖွဲ့လို့ရတာမဟုတ်ဘူး။ အလုပ်သမားလည်း ဖွဲ့လို့ရတယ်။ ကျောင်းသားဟောင်းတွေလည်း စုပြီးတော့ ဖွဲ့လို့ရတယ်။ ဆိုက်ကား ဆရာတွေ၊ ကျောင်းဆရာတွေလည်း သမဂ္ဂဖွဲ့လို့ရတယ်။ သမဂ္ဂဆိုတာ ညီညွတ်အောင်ဖွဲ့တာ။ ညီညွတ်ခြင်းဖြင့် ချမ်းသာသုခ ရောက်အောင် ဘုရားဟောအတိုင်း လုပ်တာ။
ဒီခေတ်ကျောင်းသားတွေကို အောင်ဟိန်းက နားမလည်ပါးမလည်လေးတွေ ထင်ပြီး “သမဂ္ဂဟူသည် ကွန်မြူနစ် အယူအဆ မဟုတ်သည်ကို နားလည်ဖို့လိုသည်” ဆိုပြီး ဆရာလုပ်ထားပါတယ်။ နှစ်ပေါင်း ၅၀ ကျော် ကျောင်းတွေမှာ အပေါင်းအစုနဲ့ မလုပ်တတ်အောင်၊ အစုအဝေးနဲ့ မဆောင်ရွက်တတ်အောင် ချိုးနှိမ်ခဲ့လို့ မြန်မာတွေ Teamwork အားနည်းတယ်လို့ အပြောခံနေရချိန်မှာ ကလေးတွေက ခုဆိုရင် Teamwork နဲ့ လုပ်ချင်လို့ သမဂ္ဂတောင်းနေတာကို ကွန်မြူနစ် ဗီတိုနဲ့ ပယ်ချဖို့ အောင်ဟိန်းကတစ်ဆင့် ကြိုးစားရင် မရိုးသားချင်တာ ဘယ်သူဆိုတာ လယ်ပြင်ဆင်သွားသလို ထင်ရှားနေပါတော့တယ်။
No comments:
Post a Comment