မြင်ကွင်းထဲမှာ တရုတ်စာနှင့် ရေးထားသော တရုတ်ဆိုင်းဘုတ်များနှင့် ရဲရဲတောက်နေသော အနီရောင် အလံများကိုပဲ တွေ့နေရသည်။ ဘေးနားက ဖြတ်လျှောက်သွားသော မျက်လုံးမှေးမှေးနှင့် လူနှစ်ယောက်ဆီက တရုတ်လို ပြောသွားသံတွေ ကြားလိုက်ရတော့ အင်း ငါနှယ် မန္တလေးလာတာ တရုတ်ပြည်များ မှားရောက်လာပြီလားဟု သံသယ ဝင်လာမိသည်။
ဖြစ်နိုင်သည်။ ညက အင်္ဂလိပ်လို တံဆိပ်ကပ်ထားသော အိပ်စပတ်ကားကြီး သူ စီးလာခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်တွေကစ အင်္ဂလိပ်လိုတွေ ရေးထားတော့ မောင်ရာဇာ မဖတ်တတ်။ ဂိတ်ကြိုကောင်လေးက မန္တလေးရောက်မှာ အစ်ကိုဆိုပြီး ဆွဲတင်လို့သာ တက်လိုက်ခဲ့ရခြင်းပင်။ တစ်လမ်းလုံးလည်း အိပ်လိုက်လာတော့ ဘယ်ရောက်တယ်ဆိုတာ သေချာမသိ။ အစ်ကိုရောက်ပြီဟု စပယ်ယာကောင်လေး လာနှိုးမှ မန္တလေးရောက်ပြီဟု ထင်ကာ ဆင်းလာခြင်း ဖြစ်သည်။
အခုတော့ သေချာပြီ။ ကားပေါ်မှာ အိပ်လိုက်လာမိတော့ မန္တလေးကိုကျော်ကာ တရုတ်ပြည်ထိ ပါလာသည်ထင်။ ကားကလည်း အင်္ဂလိပ်လိုတွေပဲ ရေးထားလေတော့ ဒါ ရန်ကုန်-မန္တလေးကား မဖြစ်နိုင်။ တရုတ်ပြည်နှင့် ဆွဲသော ကားသာ ဖြစ်လိမ့်မည်။
တရုတ်ပြည်ကိုသာ အမှန်တကယ် ရောက်နေတာ ဆိုရင်တော့ မောင်ရာဇာ ဒုက္ခလှလှ တွေ့ချေပြီဟု တွေးမိသည်။ ဒီခရီးကို ထွက်လာသော မိမိကိုယ့်ကိုယ် အပြစ်တင်ရမလို။
အမှန်တော့ မောင်ရာဇာကား ခရီးသွားရတာ အတော်ဝါသနာ ပါသည်။ ကိုယ်မရောက်ဖူးသည့် ဒေသများ ရေမြေတောတောင် သဘာဝများကို ကြည့်ရင်း ခရီးထွက်ရင်း အပန်းဖြေရသည်ကို အတော်သဘောကျသည်။ အပန်းဖြေခရီးဆိုလို့ မင်းသား၊ မင်းသမီးတွေလို နိုင်ငံရပ်ခြား ရှော့ပင်သွားတာတို့၊ ဟန်းနီးမွန်း ထွက်တာတို့တော့ မဟုတ်။ မြန်မာပြည်တွင်းမှာပဲ လျှောက်သွားခြင်းသာ ဖြစ်သည်။
နိုင်ငံခြားတွေ ဘာတွေလည်း သွားမလည်ချင်၊ မောင်ရာဇာက နိုင်ငံချစ်စိတ် အပြည့်ရှိသည်။ မချစ်လို့ကလည်းမရ ဟိုခရိုနီ အမတ်ကြီးလို စင်ကာပူမှာ အေးဆေးသွားနှပ် နေနိုင်တယ်လို့ ပြောရအောင် သူ့လို့ ဒေါ်လာသန်းချီမှ မရှိချေပဲ။
သွားပြန်ရင်လည်း သူ့စကား ကိုယ်နားမလည် ကိုယ့်စကား သူနားမလည်နှင့် အတော်စိတ်ညစ်စရာ ပျင်းစရာ ကောင်းပေလိမ့်မည်ဟု တွေးမိတာလည်း ပါသည်။ ဒါနဲ့ပဲ ပြည်တွင်းခရီးသွား မောင်ရာဇာ တစ်ယောက် ပြင်ဦးလွင် ပန်းပွဲတော်ကို သွားလည်ဖို့ ထွက်လာခဲ့ရာ မန္တလေးသို့ ရောက်ခဲ့ခြင်းပင်။ သို့ပေမင့် အထက်က ဆိုခဲ့သလိုပင် မောင်ရာဇာ မန္တလေးကိုကျော်ကာ တရုတ်ပြည် ပါလာသည် ထင်၏။
ကားပေါ်က ဆင်းတည်းက လမ်းဘေးဝဲယာ ကြည့်ရင်း လမ်းလျှောက်လာတာ မြန်မာဟု ထင်ရသူ တစ်ယောက်မှ မတွေ့ချေသေး။ မျက်ပေါက်မှေးမှေး ဖြူစပ်စပ် လူတွေနှင့် လမ်းဘေးဆိုင်တွေ ဆိုင်းဘုတ်တွေက စလို့ တရုတ်လိုတွေပဲ တွေ့နေရသည် မဟုတ်ပါလား။ ဒါနှင့် လမ်းလျှောက်ရင်း ရှားရှားပါးပါး မြန်မာနှင့်တူသော လူတစ်ယောက်ကို တွေလို့ အစ်ကို ဒါမန္တလေး ဟုတ်ရဲ့လားလို့ သွားမေးကြည့်မိရာ ထိုလူက မောင်ရာဇာအား ဒီလူစိတ်မှ မှန်သေးရဲ့လား ဆိုသော အကြည့်နှင့်သာ ကြည့်ကာ ဟာ... ဟုတ်ပါတယ်ဗျ။ ခင်ဗျားရောက်နေတာ မန္တလေးမြို့ပါဟု ဆိုသည်။
သူပြောတာကို မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ပိုသေချာစေရန် မန္တလေးအစစ်ဆို နန်းတော်နဲ့ ကျုံးတွေတော့ ရှိရမယ်။ ဒါတွေရှိရင်တော့ ကိုယ်ရောက်နေတာ တရုတ်ပြည် မဖြစ်နိုင်လို့တွေးကာ နန်းတော် ကျုံးဘေးဆီသို့ မောင်ရာဇာ သွားကြည့်သည်။
လားလားသေချာပါပြီ။ ဒီတရုတ်တွေက သူတို့ တိုင်းပြည်ထဲမှာ မန္တလေးပုံစံတူ မြို့တစ်ခု တည်ထားကြတာပါလား။ သေချာပါပြီ။ နံနက်ခင်း နှင်းတို့အောက်တွင် ကျုံးဘေးတစ်လျှောက် လမ်းလျှောက် အပြေးကျင့် ကာယလုပ်နေကြသူတွေကို တစ်ယောက်ချင်း လိုက်ကြည့်တာ မြန်မာတစ်ယောက်မှမပါ။ အကုန်လုံးကား ပေါက်ဖော်စစ်စစ် ပါးစုံအစ်အစ်တို့ချည်း ဖြစ်နေပေသည်။ တရုတ်အဘိုးကြီးတွေက လမ်းလျှောက်နေကြသည်။ တရုတ်ပေါက်စတွေက ကာယလေ့ကျင့်ခန်း လုပ်နေကြသည်။ သူတို့အချင်းချင်းလည်း တရုတ်လို ကွစိကွစိတွေ ပြောနေကြသည်။
အော် ဒီတရုတ်တွေ တတ်လည်းတတ်နိုင်ပါ့။ မန္တလေးမြို့ကို သူတို့ အတော်သဘောကျကြတယ် ထင်ပါရဲ့။ တရုတ်ပြည်တွင်းမှာတောင် နန်းတော်တွေနဲ့ ကျုံးတွေနဲ့ မန္တလေးပုံစံတူ မြို့တည်လို့ နေကြသည်။
မောင်ရာဇာကတော့ တရုတ်ပြည်ထဲက မန္တလေးကို မှားရောက်လာကာ သူ့စကား ကိုယ်နားမလည် ကိုယ့်စကား သူနားမလည်နှင့် ဒုက္ခအတိ ရောက်ချေတော့မည်လို့ တွေးလို့မဆုံးချိန် ခရီးဆောင်အိတ်ထဲမှ တရုတ်လုပ် ဟွာဟွေးဟန်းဖုန်းလေးက ထမြည်လာတာကြောင့် ဝမ်းသာအားရ ထုတ်ကိုင်လိုက်တော့-
“ဟယ်လို ရာဇာ မန္တလေး ရောက်နေပြီလား ငါလာကြိုမလို့”
“ဟာသယ်ရင်း ပြုံးချိုရေ၊ ငါမန္တလေးတော့ မန္တလေး ရောက်နေတာ။ ဒါပေမဲ့ အခုငါရောက်နေတာ တရုတ်ပြည်ထဲက မန္တလေးကို ရောက်နေတယ် ထင်တယ်ကွ။ ဒီတရုတ်တွေ သူတို့ပြည်ထဲမှာ မန္တလေးပုံတူ လုပ်ထားတာ မောင်ရေ။ ငါက အခု အဲဒီကို မှားရောက်နေတာ”
“ . . . ဟေ”
ဟုတ်တယ် မောင်ပြုံးချိုရ၊ ငါတကယ် တရုတ်ပြည်ထဲက မန္တလေးကို ရောက်နေတာ။ မြို့ကတော့ တကယ်မန္တလေးအတိုင်း ချွတ်စွပ်ပဲဟေ့ ဒီတရုတ်တွေ မြို့အတု ဆောက်ထားတာတော့ ပိုင်မှပိုင်ပဲ”
“အမ်... ဟေ့ကောင် မောင်ရာဇာ ထင်ရာလျှောက်ပြောမနေနဲ့ မင်းထင်သလို တရုတ်တွေရဲ့ မန္တလေးမြို့ အတုမဟုတ်ဘူးဟ။ မန္တလေးအစစ်ထဲကို တရုတ်တွေချည်း ရောက်နေတာ။ တရုတ်တွေက မြို့အတုဆောက်တာ ပိုင်တာမဟုတ်ဘူး နင့်အဘတွေကို ပိုင်လို့ မန္တလေးကို အပိုင်သိမ်းထားတာဟ လခွီး”
“ကဲပြော မင်းအခု ဘယ်နေရာရောက်နေတုန်း ငါလာခေါ်မယ်”
“သြော် အေး ငါအခု ကျုံးဘေးမှာ ရောက်နေတယ်”
ဖုန်းချပြီး ခဏ မောင်ရာဇာ ဇဝေဇဝါဖြစ်လို့ နေပေသည်။ ကျုံးဘေးမှာ ကြောင်တောင်တောင် ရပ်နေရင်း လမ်းလျှောက်နေကြသော တရုတ်ကြီးငယ် အရွယ်မျိုးစုံကို ကြည့်လို့ ဒါမန္တလေးမြို့ အစစ်ကြီး ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေးနေမိသည်။
ခဏအကြာတွင်တော့ မောင်ရာဇာ သူငယ်ချင်း ဖိုးပြုံးချိုတစ်ယောက် ဆိုင်ကယ်နှင့် ရောက်ချလာပါလေတော့သည်။
“သြော် မင်းပါ တရုတ်ပြည်ထဲက မန္တလေးကို ပြောင်းနေ နေတာကိုး”
“ဟာ ဒီကောင်တော့ နင်ဘကြီး ငါက တရုတ်ပြည် ပြောင်းနေရမှာလားဟ”
“မြို့ထဲက မြေစျေးကောင်းလို့ တရုတ်ကို ရောင်းပြီး မြို့သစ်ပြောင်းနေတာ”
“လာလာ မင်းဒီလောက် မယုံသင်္ကာ ဖြစ်နေတာ မင်းကို မြို့ထဲ လိုက်ပြမယ်။ ဆိုင်ကယ်ပေါ်တက်”
မောင်ပြုံးချိုက ဆိုင်ကယ်ဖြင့် ပတ်ပြ၍ မြို့ထဲလိုက်ကြည့်သည်။ သူကသာ မန္တလေးအစစ်ပါဟု ပြောနေတာ မောင်ရာဖြင့် သိပ်မယုံချင်။ မယုံမယ်ဆိုလည်း မယုံချင်စရာ ကောင်းလှသည်။ လမ်းဘေးဝဲယာ ဘယ်နေရာကြည့်ကြည့် တရုတ်နာမည်နဲ့ တရုတ်ဆိုင်တွေ လမ်းညွှန်ဆိုင်းဘုတ်တွေတောင် တရုတ်လို ရေးထားသည်။
ကြည့်ပါဦး။ ဘယ်နားလမ်းလျှောက်လျှောက် ပခုံးချင်းတိုက်မိလို့ ကြည့်လိုက် တရုတ်ပဲ ဖြစ်နေသည့် မြို့။ ဒီမြို့က မြန်မာပြည်ထဲက မန္တလေး ဖြစ်နိုင်ပါ့မည်လားဟု နဝေတိမ်တောင်ဖြစ်ကာ ဆိုင်ကယ်နောက်မှ ခပ်မဆိတ် ထိုင်လိုက်လာသည်။
“ရွှီ ရွှီ ရွှီး”
“ဟာ ဘဲဥတွေ ဖမ်းနေကြသဟ”
“ကတောက်”
ဖိုးပြုံးချို့ တစ်ချက် မြည်တွန်တောက်တီးကာ လမ်းပေါ်တွင် တားနေသော ဖွေးဖွေးဖြူဖြူ လူအနီး ဆိုင်ကယ် ထိုးရပ်လိုက်သည်။
အနှီ ဆိုင်ကယ်တားသူက ဆိုင်ကယ်သော့လေးကို ဆွဲဖြုတ်ရင်း-
“အစ်ကို လိုင်စင်လေး တစ်ချက်ပြပါ”
“သြော် အဟုတ် အစ်ကို့လိုင်စင်က အိမ်မှာ မေ့ကျန်ခဲ့လို့ပါ။ အဲဒါအဆင်ပြေအောင်လေး . . . ”
မောင်ရာဇာကတော့ ဆိုင်ကယ်ပေါ်က မဆင်း အသာရပ်ကြည့်နေမိသည်။ ခဏကြာတော့ ဘယ်လို အဆင်ပြောလာတယ်မသိ။ ဖိုးပြုံးချို ဆိုင်ကယ်သော့ ရလာသည်။ ဆိုင်ကယ်ကို မောင်းထွက်ရင်း
“တောက် မင်းကို မန္တလေးအစစ်မှန်း သိအောင် လိုက်ပြရတာ စောစောစီးစီး ငွေသုံးထောင် ထွက်သွားပြီ” ဟု သူပြောလိုက်တော့မှ မန္တလေး ရောက်တည်းက မယုံသင်္ကာနှင့် ဇဝေဇဝါ ဖြစ်နေသော မောင်ရာဇာတစ်ယောက် ဟက်ဟက်ပက်ပက်ကြီး ပြုံးကာ
“ဟေ ဟုတ်လား။ ငါတစ်မနက်လုံး မန္တလေးရောက်တည်းက ဒါမန္တလေးအစစ် မဟုတ်ဘူးလို့ ထင်နေတာ။ မင်းအခု သုံးထောင်ကုန်သွားတော့မှပဲ ဒါမန္တလေးအစစ် ဆိုတာ သေချာပေါက် ယုံကြည်သွားတာ” ဟု ရယ်မောကာ ပြန်ပြောလိုက်မိတော့သည်။
“အစ်ကို ပြင်ဦးလွင် ရောက်ပြီဗျ”
ကားသမား နိုးလို့ မောင်ရာဇာ အိပ်မှုံစုံမွားနှင့် ထကာ ကားပေါ်က ဆင်းလာခဲ့သည်။
မနက်ခင်းက တရုတ်တွေ သိမ်းထားတဲ့ မန္တလေးမှာ ကြာကြာမနေလို ပြင်ဦးလွင်ကိုပဲ တန်းတက်မည်ဟုဆိုကာ ဖိုးပြုံးချိုကို ကားဂိတ် တန်းပို့ခိုင်းခဲ့သည်။ ကားစီးရင် အိပ်ချင်တတ်သော အကျင့်ကြောင့် ကားပေါ်ရောက်တည်းက အိပ်လိုက်လာခဲ့သော မောင်ရာဇာ ပြင်ဦးလွင်ရောက်မှပဲ နိုးတော့သည်။
အိပ်ရေးမဝသေးသော မျက်လုံးအစုံကို ပွတ်ကာ သဘာဝနံ့သင်းသော တောင်ပေါ်လေကို မျက်လုံးစုံမှိတ်ကာ တစ်ဝရှိုက်သွင်းလိုက်ပြီး ကန်တော်ကြီးဥယျာဉ် ပန်းပွဲတော်ကို ချီတက်ရန် ဘေးဘီဝဲယာကို တစ်ချက်စောင်းငဲ့ ကြည်လိုက်မိချိန်တွင်တော့ . . .
. . . ဟာ သွားချေပြန်ပြီ။ ဒီတစ်ခါတော့ နီးနီးနားနား တရုတ်ပြည်မဟုတ်။ လေယာဉ်မစီး၊ သင်္ဘောမစီးနှင့် မောင်ရာဇာ ဆော်ဒီအာရေဗျသို့ မှားကာ ရောက်နေပြန်ပါကော။
No comments:
Post a Comment