တကယ်တော့ ဒီဆောင်းပါးဟာ ဗိုလ် ချုပ်ရာပြည့်အတွက် ရေးထား တဲ့ ဆောင်းပါး ပါပဲဗျာ။ ဒါပေမဲ့ ရာပြည့်ကို ‘ထောင်’ပြည့် လုပ်ပြီး သရော်တော်တော် ရေးမိတာက ဗိုလ်ချုပ်ကို မလေးစားရာ ရောက်မှာ စိုးတာနဲ့ပဲ ဗိုလ်ချုပ်ရာပြည့်ပွဲ ကြီးပြီးအောင် အောင့်ထားပြီးမှ ဒီဆောင်းပါးကို အပြီးသတ်ရတော့တာ ပေါ့။ ဗိုလ်ချုပ်မွေးနေ့ပွဲကလည်း ကြုံတောင့် ကြုံခဲ ဖြစ်တာနဲ့အညီ အံ့ဩဖွယ်ကောင်းအောင် ဝိုင်းဝန်းကြတာ မြင်ရ ပါသကောဗျာ။
ဒီလို လုပ်ကြပုံတွေကြည့်ပြီး အားရကျေနပ် စရာပေမဲ့ အဲဒီလို တက်ကြွကြ သူတွေထဲ မှာပဲ ‘ဗိုလ်ချုပ်’ အကြောင်းဆို ထောင်နှုတ် ခမ်းနင်း ပြောခဲ့ရ တဲ့ခေတ်၊ ‘ဗိုလ်ချုပ်’ မိန့်ခွန်း ကို အရင်းအတိုင်း ထည့်ရေး လို့မရတော့ လှည့် ပတ် ရေးခဲ့ရတဲ့ခေတ်၊ ‘ဗိုလ်ချုပ်’ဓာတ်ပုံကို အိမ်ပေါ်ကသိမ်းသွားပြီး ‘အစိုးရ ဆန့်ကျင်ရေး စာရွက်စာတမ်း’ အဖြစ် ရုံးတင် ထောင်ချခဲ့တဲ့ခေတ် စတဲ့ ကာလဆိုးတွေတုန်းက ဒီလိုဖိနှိပ် မှုတွေကြားမှာ 'ဗိုလ်ချုပ်' ပုံရိပ် ပျောက် မသွား ရအောင်၊ ‘ဗိုလ်ချုပ်’ရဲ့ စွန့်လွှတ် အနစ်နာခံ မှုတွေ သဲထဲရေသွန် မဖြစ်ရအောင် စွန့်စား ရပ်တည်ခဲ့သူတွေ အများကြီးပါသလို အဲဒီ ကာလတွေတုန်းက ကျည်ကွယ်မျက်ကွယ်မှာ လည်သလို ပုန်းနေရှောင်နေ ခဲ့သူတွေရော၊ စော်ကား ပုတ်ခတ်၊ လေသေနတ်တွေ ဘက်က စိတ်ပါလက်ပါ ရပ်ခဲ့သူတွေပါ အခုကျမှ ခေါင်းပေါင်းစ တစ်ထောင်ထောင်နဲ့ ရှေ့ဆုံးကနေ ‘တို့ဗိုလ်ချုပ်မှ တို့ဗိုလ်ချုပ်’ မျက်နှာပြောင်ပြောင် လုပ်နေခဲ့တာ လည်း မြင်ခဲ့ရသဗျ။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်မွေးနေ့ရာ ပြည့်မှာ အရင်ကတည်းက ဗိုလ်ချုပ်မြတ်နိုးတဲ့ သစ္စာ အမှန်တရား လမ်းပေါ်မှာ အနစ်နာခံ လှမ်းခဲ့သူတွေရော၊ ဗိုလ်ချုပ်ရွံရှာတဲ့ ကိုယ်ကျိုးရှာ လူလည်ကျသူကြီးများပါ တွဲလုပ် ရတဲ့အ ဖြစ်က စိတ်ကြည်လင်စရာ မဟုတ်တဲ့တိုင် ဒီလို ကာလ မျိုးကြီးမှာ ဗိုလ်ချုပ်ကို အသိအ မှတ်ပြု လေးစားဖော်ရပြီး ရာပြည့်ပွဲကို တက်တက်ကြွကြွ ဝိုင်းလုပ်ပေးတဲ့ လူလည်ကြီး သားသမီးတွေကိုပဲ ဒီကာလ ‘အပိုင်းတစ်ခု’ အတွက် သိုင်းခရု လိုက်ကြပါစို့ပေါ့ဗျာ။
တကယ်တော့ ကျွန်တော်တို့ကသာ ရာ ပြည့်တယ်ဆိုတာ၊ သူ့ခမြာက လူ့ဘဝကို ဆယ်စုနှစ်သုံးခုကျော် ရုံပဲ နေသွားရရှာတဲ့ ဗိုလ်ချုပ်နှင့် ပတ်သက်ပြီး လွန်ခဲ့သောနှစ်သုံး ဆယ်လောက်အတွင်း ဗိုလ်ချုပ်သွေးနဲ့ အရင်း တည်ပြီး လွတ်လပ်ရေး အုတ်မြစ်ချထားတဲ့ ကျွန်တော်တို့နိုင်ငံမှာ ခံစားကြုံတွေ့ခဲ့ သမျှ ကို ပြန်တွေးဆမိသဗျ။
တခြားနိုင်ငံတွေကိုမီဖို့ ‘ပြဲနေအောင်လုပ် နိုင်မှ တန်ကာကျမယ်’၊(အခု လူကြီး တချို့က ဖြင့် ပြဲနေအောင် စားမှ တန်ကာကျမယ်လို့များ နားကြားလွဲလား မသိဘူးနော်) ‘သူများက တစ်လှမ်းဆို ကိုယ် က လေးငါးဆယ်လှမ်း လှမ်း နိုင်မှ အမီလိုက်နိုင်မယ်’ စသဖြင့် ဗိုလ်ချုပ် လမ်းညွှန်ဆုံးမခဲ့ တဲ့ နိုင်ငံကြီး ဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကစပြီး ‘အာရှထိပ်ဆုံးဖျား’ ဘဝ ကနေ ‘ကမ္ဘာ့ဘိတ်ဆုံးနား’ ဘဝအထိ ထိုးကျ သွားတယ်လေ။
ဒီတော့ မတန်တဆ ငွေ ဖောင်းပွနေတာကို ဆေးမြီးတိုနဲ့ ကုဖို့ ‘နေ့စဉ် သုံး ငွေစက္ကူတွေကို တရားမဝင်ကြေညာပြီး လူထုဆီကနေ တရားမဝင် ဓားပြတိုက်ခဲ့တာ ကိုး။ အဲဒီကစတဲ့မီးပွားဟာ အထွေထွေ မကျေ နပ်မှု မီးတောက်ဖြစ်ပြီး အစိုးရနဲ့ ကျောင်းသား၊ ဝန်ထမ်း၊ ပြည်သူတွေ ထိပ် တိုက်တွေ့တဲ့ ၈၈ အရေးတော်ပုံကြီး ဖြစ်ခဲ့ရတာပါပဲ။ ပြည်သူ များက အဲဒီ ဆန္ဒပြပွဲမှာ သူတို့ချစ်တဲ့ ‘ဗိုလ်ချုပ်’ ဓာတ်ပုံကို လွတ်မြောက်မှုရဲ့ပြယုဂ်၊ အမှန်တရား သစ္စာရဲ့ သင်္ကေတအဖြစ် ကိုင်စွဲ ဆန္ဒပြ ခဲ့ကြတာပါပဲ။ ဆိုရှယ်လစ် အမည်ခံ စစ်အာ ဏာရှင်အစိုးရက ကြီးကြီးငယ်ငယ် ရင့်ရင့် နုနု ဒီလို ဆန့်ကျင်မှု မှန်သမျှ ရက်ရက်စက်စက်ရှင်းပစ်ခဲ့တာများ အလယ်တန်းကျောင်းသူ မဝင်းမော်ဦး ဆို ဗိုလ်ချုပ်ပုံကိုင်ပြီး ကျဆုံးခဲ့ရရှာတာကိုး။
အဲဒီလိုအချိန်မှာ မိခင်ကြီး မကျန်းမာလို့ ပြုစုဖို့ မြန်မာပြည် ပြန်ရောက်နေတဲ့ ဗိုလ်ချုပ် သမီး ဒေါ်အောင်ဆန်းစုကြည်က အစိုးရ နှင့် ကျောင်းသားများကြား ပဋိပက္ခကို ကြားဝင် စေ့စပ်ပေးပြီး သွေးမြေကျ ရက်စက်နေမှုတို့ကို ရပ်တန့်ဖို့ ကြိုးစားရာကနေ အများပြည်သူ မီခို အားထားတဲ့ လူထုခေါင်းဆောင် အဖြစ် ကို ရောက်သွားခဲ့ပါတယ်။ ဒီနောက်တော့ တိုင်း ပြည်ကြီး ကို ချောက်ထဲကျဖို့ လက်နှစ်လုံးပဲ လိုတော့ဟန် ဖန်တီးလုပ်ပြပြီး ဇွတ်ကြီးဝင် ကယ်တင်တဲ့ အစိုးရကြီး က လူလည်လုပ်ပြီး အပိုင်လုပ်ပေးတဲ့ ရွေးကောက်ပွဲမှာ (ခံခဲ့ရတာ တွေများလို့ သူတို့ထက်ပိုလည် တဲ့ ပြည်သူ တွေက) ဗိုလ်ချုပ် သမီးရဲ့ပါတီကို ယုံမှတ်ပုံ အပ်ပြလိုက်ပုံများ ရွေးကောက်ပွဲကို အပြတ် အသတ်ကြီး နိုင်ခဲ့တာပဲ မဟုတ်လား။
အစိုးရက ပထမတော့ ဒေါ်စုကို ဗိုလ်ချုပ် သမီးမို့သာ လူတွေက ချစ်ကြတာလို့ ထင်ပြီး ဗိုလ်ချုပ်နဲ့ဒေါ်စုကို ခွဲထုတ်ဖို့ ကြိုးစားခဲ့ပါ တယ်။ ‘ဒေါ်အောင်ဆန်းစုကြည်’ ဆိုတဲ့ နာ မည်ကိုတောင် ဗိုလ်ချုပ်နာမည် ချန်လှပ်ပြီး ‘ဒေါ်စုကြည်’ လို့ တောက်လျှောက် ခေါ်ဝေါ် သုံးစွဲခဲ့သေးတာပဲ။ ဒါပေမဲ့ ဒီလိုခွဲထုတ်ဖို့ ကြိုးစားတာ မအောင်မြင်တော့ ဒေါ်စုပုံရိပ် ကျဆင်းရေး အတွက် သူတို့ရာထူးတွေ အာဏာတွေ ရဖို့ သွေးနဲ့ရင်းခဲ့ရရှာတဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်ကိုပါ ကျေးဇူးကန်းပြီး ဗိုလ်ချုပ်ပုံရိပ် ကိုပါ မှေးမှိန်အော င်၊ နောက်မျိုး ဆက်သစ် တွေက ဗိုလ်ချုပ် ကို မေ့ပျောက်သွားအောင် အရှက်မဲ့စွာ လုပ်ခဲ့ ပါတယ်။
တပ်ထဲမှာဆို ဗိုလ်ချုပ်ကို အပုတ်ချသော မိန့်ခွန်းတွေကို တောင် အရာရှိကြီး များကိုယ်တိုင် နယ်တကာ လှည့်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြော ခဲ့တာတွေ ရှိပါတယ်။ ဥပမာဆို ‘သူ့အဖေတုန်းကလည်း ဂျပန်ကိုခေါ်လာလို့ တစ်ပြည်လုံး ပါးရိုက်ခံရ၊ ဂျပန်မယားဖြစ်ကြရ၊ ဂျပန့်ကျွန်ဖြစ်ကြရနဲ့ လုပ် ခဲ့ပြီးပြီ၊ အခု သူ့သမီးက တို့တိုင်းပြည်ကို ကျွန်ဖြစ်အောင်ထပ် လုပ်နေပြန်ပြီ’ ဆိုတာ မျိုးပေါ့ဗျာ။
ဒီစကားတွေကို ၁၉၉၀ ရွေးကောက်ပွဲ အကြိုကာလမှာ လှည့်ပြောခဲ့ကြ တာဖြစ်ပြီး ဒီလိုပြောတဲ့ ဟာတွေက အလကားဖြစ်တာပဲ လို့တော့ မထင်နဲ့ ခင်ဗျ။ ဒီလိုလုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုအဖြစ် ၉၀ ရွေးကောက်ပွဲမှာ တပ်မတော် နယ်မြေတွေဖြစ်တဲ့ မှော် ဘီ၊ မင်္ဂလာဒုံ၊ မိထ္တီလာ၊ ဒဂုံမြို့နယ် ထဲက တပ်မတော် အရာရှိကြီးတွေ အများစုနေထိုင် ရာ ရပ်ကွက်နဲ့ ကိုကိုးကျွန်း လို တပ်နဲ့ရဲက လွဲပြီး အရပ်သား မရှိတဲ့ မြို့နယ်တွေ မှာတောင် ဒေါ်စုပါတီက အစိုးရ ကျောထောက်နောက်ခံ နဲ့ ပါတီကို အပြတ်အသတ် အနိုင်ရခဲ့သကိုး။ (အင်း၊ ဒီမိန့်ခွန်းမျိုး ပြောသူတွေကပဲ ဗိုလ်ချုပ် ချစ်သူတွေမို့ ဒီလိုဖြစ်အောင် တမင်လုပ် ခဲ့တာ လား စဉ်းစား စရာပဲနော်)။
ဗိုလ်ချုပ်အသက်နဲ့ရင်းနှီးပြီး လွတ်လပ်ခဲ့ ရတဲ့နိုင်ငံကို သူကွယ်လွန်စဉ် က နှစ်နှစ်သမီး ဖြင့် ဖတဆိုးဖြစ် ကျန်ခဲ့ရတဲ့ သမီးဒေါ်အောင် ဆန်းစုကြည်က ကျွန်ဖြစ်အောင် လုပ်လိမ့်မယ် ဆိုတဲ့စကားကို အဲဒီတုန်း က နိုင်ငံပိုင်သတင်း စာတွေမှာ ဆောင်းပါးတွေ တရားဝင်ရေးပြီး အရှက်မဲ့ပြောခဲ့ရဲကြသလို အခုတောင် ပါး စပ်ငှားပြီး လှည့်ပတ်ပြောနေဆဲပါပဲ။ ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဆိုတာက ဒီမိုကရေစီ လိုလားတဲ့ ပြည်သူအများစုကြီးအတွက် အာဏာရှင်စနစ် ညနက်ကြီးထဲက အရုဏ်ကြည်မြ ရောင်နီ တစ်စ လို့ ခံစား ယုံကြည် ကြသူတွေကတော့ ဘယ်လိုပဲ ဖိနှိပ်ခြိမ်းခြောက် စေ၊ ဗိုလ်ချုပ်သမီး ဘက်က ရဲရဲဝံ့ဝံ့ ရပ်ခဲ့ကြ တာပါပဲ။ ဒီလိုရပ်တည်ရကောင်းလားလို့ အာ ဏာရှင်တွေ ဒေါသသင့်ပြီး အဲဒီလို မှန်သမျှကို ထောင်ထဲထည့်ထားခဲ့သည်မှာ ဖျောက်ဖျက် မရန်ိုင်တဲ့ သမိုင်းအမည်းစက်ပါပဲဗျာ။
ဒါ ကြောင့်လည်း ဗိုလ်ချုပ်ရာပြည့် မရောက် မီ မြန်မာတစ်နိုင်ငံလုံး ထောင်ပြည့်ဖြစ်ခဲ့တယ် လို့ ဆိုလိုက်မိခြင်းပါပဲ။
ဒီလို ထောင်ပြည့်ဖြစ်တယ်လို့ပြောတော့ ဒါကတော့ ပိုလွန်းပြီလို့ ထင်စရာ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲ အပြီး မှာ ပြည်သူ လိုလားမဲထည့်ခဲ့တဲ့ ဗိုလ်ချုပ် သမီးရဲ့ ပါတီဝင်များနဲ့ ဝိုင်းရံထောက်ခံခဲ့တဲ့ အင်အားစုတွေကို ထောင်ထဲထည့်ခဲ့ရာမှာ ထောင်ထဲ နေစရာအိပ်စရာ မရှိဖြစ်ခဲ့သည်မှာ ကိုယ်တွေ့ပါပဲ။ အဲဒီကာလက ထောင်ထဲမှာ ဆရာဝန် ကဗျာဆရာမှိုင်း (ဆေး၂)၊ လှုပ်ရှား တက်ကြွတဲ့ ကျောင်းသား (ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုငွေထွန်း၊ ကိုစည်သူနှင့် ကိုဗညား၊ အရပ်သား တစ်ဦးဖြစ်တဲ့ ကိုမြတ်စိုး၊ မိမိဇာတိ မြို့က နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ကိုမိုးပွင့်နဲ့ အားလုံး လူကိုးယောက်လောက် အခန်းကျဉ်း ကလေးထဲ ကျဉ်းကျဉ်းကြပ်ကြပ်အတူ နေခဲ့ အိပ်ခဲ့ရတာများ ညအိပ်ခ်ျိန်ဆိုရင် အားလုံး ဘေးတိုက်ထိုင်၊ တန်းစီပြီး တစ်ပြိုင်နက် လှဲ ချနေရာယူမှ အိပ်စရာနေရာ ရတာခင်ဗျ။
အဲ ဒီကာလက ကိုယ်နဲ့ သုံးလေးခန်းအကျော်မှာ ရန်ကုန်မြို့ပေါ်က လူအများကြည်ညိုတဲ့ ရွာမ ပရိယတ္တိ၊ မဟာဗောဓိ၊ ပါဠိ ကာရီ၊ ရွှေဘုန်းပွင့်၊ မေဒိနီစသော ကျောင်းတိုက်တွေက ဆရာ တော်ကြီးတွေ နဲ့ ဦးပဥ္စင်းတွေလည်း တစ်ခန်း တည်း ကျဉ်းကျဉ်းကြပ်ကြပ် သီတင်းသုံးခဲ့ကြ ရှာတာပါပဲ။ (အစိုးရမင်းတို့ အမျိုးသာသာနာ စောင့်ရှောက်ပုံများ ဆရာတော်ကြီးတွေ ကို ထောင်ထဲ အထိပို့ပြီး သာသနာပြုခိုင်း ပုံပေါ်သ ဗျ)။ ဒါပေမဲ့ သည်တစ်ချိန်တည်း သာ ထောင် ပြည့်တာ မဟုတ်ဘဲ ၁၉၉၈ မှာ ဒုတိယ အကြိမ် ထောင်ထဲ သို့ ရောက်ပြန်တော့လည်း ထောင် က ပြည့်မြဲလျှံမြဲ ကျဉ်းမြဲကြပ်မြဲပဲခင်ဗျ။
၁၉၈၈ နောက်ပိုင်းမှာ ကျန်ဝန်ထမ်းတွေ နဲ့ခွဲခြားပြီး တပ်မတော် အရာရှိတွေ ကို သီးခြား ရာထူးတိုး၊ လစာတိုးပေးရင်း ‘ဗိုလ်ချုပ်’တွေ များလာခဲ့တာများ ရာပြည့်လုနီးတောင် ရှိထင့် ပါ့ဗျာ။ ဆယ်စုနှစ်သုံးစု နီးနီးအတွင်း ပေါ်ခဲ့တဲ့ ဗိုလ်ချုပ်များစွာတွေ ရာပြည့်ရုံမက ထောင်ပြည့် လုပဲရှိရှိ ကျွန်တော် တို့ရင်ထဲက တစ်ဦးတည်း သော ‘ဗိုလ်ချုပ်’ကိုဖြင့် ဘယ်သူကမှ အစားထိုး နေရာမယူနိုင်၊ မတုပနိုင်ကြတာ သေချာ ပါတယ်ဗျာ။ ကျွန်တော် တို့ ဗိုလ်ချုပ်က အ တော်ငယ်စဉ်မှာ အင်္ဂလိပ်စာသင်ရ တဲ့ ရေနံ ချောင်း မှာ ကျောင်းသွားနေချင်တာကို ငယ် သေးလို့ မိဘတွေက ကျောင်းပြောင်း မပေး သည့်အခါ ထမင်းမစားဘဲ ဆန္ဒပြပြီး သူဖြစ် ချင်တာကို အရတောင်းယူနိုင် ခဲ့တဲ့ ဗိုလ်ချုပ်၊ ငယ်ကတည်းက အမေ အတိုးနဲ့ ငွေချေးတာ ကို ဆန့်ကျင်ပြီး စာချုပ်ဆုတ်ဖြဲခဲ့တဲ့ ဗိုလ်ချုပ်၊ ကွယ်လွန်ချိန်မှာ မိသားစု အတွက် ရွှေငွေစည်း စိမ်ရတနာ ဘာတစ်ခုမှ ရှာဖွေပေးမထားခဲ့တဲ့ ဗိုလ်ချုပ်ဆိုတာ အားလုံးအသိပါပဲ။
ဒီတော့ လင်ခရုဇာ ထည်လဲစီးပြီး တရား မဝင် စမောကလေးများနဲ့ ပျော်ပါး၊ လယ်သ မားတွေပိုင် လယ်မြေ ကို ဩဇာသုံးပြီး သေနတ် နှင့်ချိန် ဓားပြတိုက် တဲ့ ‘ဗိုလ်ချုပ်’ မျိုးနဲ့ ဘယ် လိုမှ မနှိုင်းအပ်ပါဘူး။ ဒီလိုပဲ အထက်က ခိုင်းသမျှကို မှားမှားမှန်မှန် မျက်စိမှိတ်လုပ်ပြီး အောက်လက် ငယ်သားနှင့် ပြည်သူ အများ ကို တစ်ပြားဖိုးမှ ထည့်မစဉ်းစားရဲတဲ့ အာဏာရှင်စနစ်ဆိုး ယန္တရားကြီး၏ ပင်နယံဖြစ်ရှာတဲ့ ‘ဗိုလ်ချုပ်’ မျိုးများနဲ့လည်း သံတူကြောင်းကွဲ အလွဲကြီး လွဲနေမှာပါပဲ။ ဒီလိုပဲ တပ်ထဲကလည်းမ ထွက်၊ ဝန်ကြီး ရာထူးလည်းဖက်၊ ဦးပိုင်အခွင့် ထူးများလည်း ယူဖို့မရှက်ဆိုတဲ့ ‘ဗိုလ်ချုပ်’မျိုးများနဲ့လည်း ‘အီဗနင်းအင် ပဲရစ်စ်’ နဲ့ ‘ဒညင်းသီးအီး’ လောက် ကွာနေမှာပေါ့ခင်ဗျား။
ဒါကြောင့် ကျွန်တော်တို့တစ်တွေမှာ သူ လိုလူ ထပ်မတွေ့နိုင်ကြဘူးဆိုတာ တစ်ခုနဲ့ ကို ဗိုလ်ချုပ်ကို လွမ်းမပြီးနိုင်အောင် လွမ်းရင်း နဲ့ မကြာမီကတော့ ကြုံတောင့်ကြုံခဲ ဗိုလ်ချုပ် ရာပြည့် မွေးနေ့ပွဲကို ဝိုင်းဂုဏ်ပြုခွင့် ရခဲ့ကြပါ ပြီ။ ဗိုလ်ချုပ်ကို ချစ်သလို ဗိုလ်ချုပ်သမီးကို ဝိုင်းချစ်ကြတာ မှန်ပေမယ့် ‘ဗိုလ်ချုပ်၏သွေး သား’မို့ ဆိုသည်တစ်ချက်တည်းနဲ့ ချစ်ခဲ့ကြတာ မဟုတ် တာတော့ ရာပြည့်မွေးနေ့အလွန် မှာ အမှတ်တရ ပြောလိုက်ချင်ပါသေး သဗျာ။
ဗိုလ်ချုပ်သွေးသား ရင်းပေမယ့် ပြည်သူဘက်ကမရပ်၊ ပြည်သူ့ကို ဖိနှိပ်သူ ဘက်ကရပ်ရင် ကျွန်တော်တို့ ဒီလူမျိုးကို ရင်ထဲမှာ ဗိုလ်ချုပ်နှင့်အတူ သိမ်း ထားဖို့ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ ဗိုလ်ချုပ်သွေးသားပီပီ ဘယ် အခြေအနေမှာ မဆို အမှန်တရားဘက်က မဖောက်မပြန် ရပ်တည်၊ ဖိနှိပ်သူတို့ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တာမို့ ဗိုလ်ချုပ်မျိုးဆက်အဖြစ် ဂုဏ်ယူဖို့ ထိုက်တန်သူမျိုး ကို ပဲ ပြည်သူတွေက ဗိုလ်ချုပ်နှင့်ထပ်တူ ချစ်ကြ၊ မြတ်နိုးကြ၊ တန်ဖိုးထားနိုင်ကြ မှာပါ။
ဗိုလ်ချုပ်လို့ ကျွန်တော်တ်ို့ မြတ်မြတ်နိုးနိုးခေါ်တဲ့ ဗိုလ်မှန်သမျှ၏အချုပ်၊ ကျွန်တော် တို့ ခေါင်းဆောင်၊ ကျွန်တော်တို့ ဖခင်၊ ကျွန်တော် တို့ရဲ့ စံပြုထိုက် တဲ့ ရှေ့ဆောင်လမ်းပြသူရဲ့ ရာပြည့်မွေးနေ့၊ ‘ဗိုလ်ချုပ်မွေးနေ့’ ကတော့ မင်္ဂလာ ရှိစွာ ကျင်းပခွင့်ရရှိခဲ့ပြီးပါပြီ။ ဗိုလ်ချုပ် အသက်နှင့် ရင်း တည်ဆောက် ခဲ့တဲ့နိုင်ငံ မှာ ဗိုလ်ချုပ်ချမှတ်သော လမ်းစဉ်ကိုလိုက်မိသူ၊ အမှန်တရား ဘက်တော်သားတွေကို ဖိနှိပ်ရှင်း လင်းသော စနစ်ဆိုးများ ရှင်သန်ဖွံ့ဖြိုးနေရင်း ဗိုလ်ချုပ်ရာပြည့် မရောက်မီ နိုင်ငံ က ထောင်ပြည့်ထောင်လျှံ ဖြစ်နေတာတစ်ခုကဖြင့် ဝမ်းနည်း စရာကြီး ဖြစ်နေ ပါတယ်။
ဗိုလ်ချုပ်လမ်းပြခဲ့တဲ့ အမှန်တရားနဲ့ လွတ်လပ်မှုတွေ တောင်းဆိုခဲ့မိလို့ ပုဒ်မ ၁၈ ဖြင့် ထောင်ချခံနေရ သူတွေ၊ ကိုယ့်လယ်မြေကို မတရား အသိမ်းခံရလို့ တောင်းဆိုတိုက်ပွဲဝင်ရာက အကျဉ်းချခံရသူများ၊ ကိုယ့်ဘိုးဘွား အစဉ်အဆက် နေလာ တဲ့နေရာ က မောင်း ထုတ်ခံရလို့ ဆန့်ကျင်ကန့်ကွက် ရာက ထောင်ထဲရောက် ရသူတွေ စတဲ့သူတွေနဲ့ ပြည့်လျှံနေခဲ့တဲ့ ထောင်ပြည့် မြန် မာနိုင်ငံကြီးကဖြင့် ရှက်စရာကြေကွဲစရာအတိ ဖြစ်နေသေးတာပါပဲလား။ (ဒီအထဲမှာ သမ္မတ ကြီးစကား နားမထောင်မှုတို့၊ ကာကွယ်ရေး စက်ရုံကို ငန်ပြာရည်စက်ရုံလို့ မပြောခဲ့မှုတို့ စသည်များလည်း ပါနိုင်တာပေါ့လေ)။
ဒါကြောင့် ဗိုလ်ချုပ်ရာပြည့်အလွန် ကာလများမှာတော့ ကျွန်တော်တို့ ရဲ့ ထောင်ပြည့် နိုင်ငံတော်ကြီးလည်း အများစုကြီး ဆန္ဒ အတိုင်း ကောင်းမြတ် တဲ့ အမှန်တရား သစ္စာလမ်းပေါ် ပြောင်းလဲ လွတ်မြောက်နိုင် ပါစေ၊ ထောင်ပြည့် တဲ့နိုင်ငံအစား ‘ထောင်မတ်ပြည့်ဝ တဲ့’ ခေတ်လွန်နိုင်ငံကြီး (ခေတ်မီနိုင်ငံကြီး ဖြစ်တာက ကြာပြီမို့လေ) ဖြစ်နိုင်ပါစေလို့ပဲ ဝိုင်းဆုတောင်းကြပါစို့လားဗျာ။
ရီနေနိုင်
The Ladies News Journal ပါ သရော်စာ ဆောင်းပါး
No comments:
Post a Comment