Twitter Bird Gadget

Wednesday, February 18, 2015

ငြိမ်းချမ်းရေးစကားသံ



( ၁ )

တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုသောစကားကိုကြားဖူးကြပါ မည်။ တောသည် မီးလောင်တတ်ကြောင်းအများသိသည်။ တောမီးလောင်သည့်အခါ တောသတ္တဝါများစွာပျက်စီးရသည်။ ယုန်လို၊ ဖွတ်လို၊ ပုတတ်(ပဒတ်)လိုတွင်းအောင်းသည့် အကောင်များသည် တွင်းထဲမှထွက်ကြရသည်။ သစ်ပင်ပေါ်နေသူမျောက်လိုအကောင်များသည်လည်းသစ်ပင်ပေါ်မှ ဆင်းပြေးရသည်။ အင်းဆက်လို့ခေါ်သည့် သတ္တဝါများစွာသေကြေပျက်စီးရသည်။ ထိုအခါ ကောက်ကျစ် စဉ်းလဲသောတောကြောင်များသည် ပျော် ရွှင်ကြလေသည်။ သူတို့အတွက် အစာရေစာများစွာရလာနိုင်သည်။ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ပါသည်။

( ၂ )

တိုင်း၊ နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင်လည်းအခက်အခဲများစွာရှိသည်။ လူအများသည် အတွေးအခေါ် အယူအဆမတူကြ ပေ။ အသားအရောင် မတူ၊ ဘာသာစကားမတူ၊ ယဉ်ကျေးမှုများကွဲပြားကြသည်။ ထိုသို့ မတူညီသောအသွင်သဏ္ဌာန်များစွာပူးတွဲကာခရီးသွားကြရသည့်အခါ ပြဿနာများစွာပေါ်လာသည်။ ထိုပြဿနာများသည် အေးချမ်းမှုကိုအနှောင့်အယှက်ပြုသည်။

အာဖရိကတိုက်ရှိသယံဇာတတွေပေါ ကြွယ်ဝသောနိုင်ငံတစ်ခုဖြစ်သည့် တောင် အာဖရိကနိုင်ငံကိုဥပမာပြမည်။ ထိုနိုင်ငံတွင် လူမည်းများအကြားလူဖြူများအခြေချနေထိုင် သည်။ ၇၅ ရာခိုင်နှုန်းသည် လူမည်းများဖြစ် ၍ ၂၅ ရာခိုင်နှုန်းသည် လူဖြူ၊ လူဖြူကပြားနှင့် အိန္ဒိယတိုင်းရင်းသားများဖြစ်သည်။ ၇၅ ရာခိုင်နှုန်းသောလူမည်းများသည် မြေကြီး ၂၀ ရာခိုင်နှုန်းကိုသာပိုင်ပြီး ၈၀ ရာခိုင်နှုန်းကိုကျန်အုပ်စုကပိုင်သည်။

၁၉၁၀ ပြည့်နှစ်မှစ၍ ၁၉၉ဝပြည့်နှစ်အထိခွဲခြားရေးဥပဒေ (Apartheid) အရ အ စိုးရအဖွဲ့တွင် လူဖြူများသာပါဝင်သည်။ ထိုခွဲခြားရေးဥပဒေအရလူမည်းများသည် ရွေးကောက်ပွဲဝင်ခွင့်မရကြပေ။ ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ တောင်အာဖရိကတစ်နိုင်ငံလုံးနိုးကြားလာကာတော်လှန်မှုများစွာဖြစ် လာလေသည်။ ပြည်တွင်းမတည်ငြိမ်မှုများဖြစ် ၍ နေရာတကာဆူပူနေကြသည်။ လစ်ရင် လစ်သလိုသတ်ဖြတ်မှုတွေဖြစ်သည်။ လက်နက်ကိုင်များကမြို့ထဲရွာထဲစောင့်ကြပ်ရသော Police State ကြီးဖြစ်လာလေတော့သည်။

၁၉၇၀ ပြည့်နှစ်များတွင် ပြဿနာပေါင်းများစွာဖြစ်လာပြီးကမ္ဘာကပါ စောင့်ကြည့်ရ သောနိုင်ငံတစ်ခုဖြစ်လာလေသည်။ ထိုစဉ် က တော်လှန်မှုများကိုဦးဆောင်သည်မှာနယ်လ်ဆင်မင်ဒဲလားဖြစ်သည်။ နိုင်ငံတော် ပုန်ကန်မှုဖြင့် သူအဖမ်းခံရကာထောင် ၂၅ နှစ် တစ်သက်တစ်ကျွန်းကျသွားသည်။

မင်ဒဲလားသည် ၁၉၉၀ ခုနှစ်ပတ်ဝန်းကျင် ၌ ထောင်မှလွတ်မြောက်လာသည်။ သူသည် ထောင်ကျနေစဉ်တစ်လျှောက်လုံးအပြန်ပြန် အလှန်လှန် သုံးသပ်သည်။

* တို့နိုင်ငံတွင် သယံဇာတပေါကြွယ်ဝသော် လည်းဆင်းရဲသည်။

* တစ်နိုင်ငံလုံးရှိအသားမည်းသူ၊ အသားဖြူသူများဆင်းရဲကြရသည်မှာပဋိပက္ခတွေဖြစ်နေသောကြောင့်ဖြစ်သည်။

* လူမည်းတွေစိုးရိမ်ပူပန်သလိုလူဖြူတွေလည်းစိုးရိမ်ပူပန်နေရသည်။

* နိုင်ငံ့စီးပွားရေးသည်လည်းကျဆင်းပြီးဆင်းရဲတွင်းထဲနစ်နေသည်။

အမှန်တွင် တောင်အာဖရိကနိုင်ငံသည် သယံဇာတပေါကြွယ်ဝသောနိုင်ငံဖြစ်သည်။ ရွှေထွက်သည်။ ပလက်တီနမ်ထွက်သည်။ စိန် ထွက်သည်။ စိုက်ပျိုးလုပ်ကိုင်ရန် မြေဩဇာကောင်းသောနိုင်ငံဖြစ်သည်။ သို့သော် ဆင်းရဲနေသည်။

‘တို့တစ်တွေညီညွတ်မှဖြစ်မည်’

သူထောင်မှထွက်လာလာချင်း ၁၉၉ဝပြည့် နှစ်တွင် တောင်အာဖရိကနိုင်ငံ၏ သမ္မတဖြစ် သူဒီကလာပ် (F.W.de Klerk) နှင့် ဆက်သွယ်သည်။ သူတို့နှစ်ယောက် ဆွေးနွေးကာငြိမ်းချမ်းရေးကိုထူထောင်ကြသည်။

( ၃ )

ထိုနေရာတွင် ပြဿနာများစွာပေါ်ပေါက် လာသည်။ မင်ဒဲလားကိုလူမည်းတွေကလက် မခံကြပါ။ ထို့အတူဒီကလာပ်ကိုလည်းလက် မခံကြပါ။ အုံကြွမှုကြီးဖြစ်လာပါသည်။

သို့သော် ကံအားလျော်စွာသူတို့အကြားစေ့စပ်ဆွေးနွေးသူနိုဘယ်လ်ဆုရဘုန်းတော် ကြီးဒက်စ်မွန်တူးတူးရှိသည်။ ပြည်သူများလက်ခံရန် ကြိုးပမ်းရသည်မှာခက်ခဲလှပါ သည်။ အခက်အခဲကြားမှပင် နယ်ဆင်မင်ဒဲလားသည် ဒုတိယသမ္မတဖြစ်လာသည်။ နယ် ဆင်မင်ဒဲလားနှင့် ဒီကလာပ်တို့သည်လည်းငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုဆွတ်ခူးရရှိသွားတော့သည်။ သူတို့သည် အခြေခံဥပဒေအသစ် ကိုရေးဆွဲသည်။ ခွဲခြားရေးဥပဒေ (Apartheid) ကိုဖျက်သိမ်းနိုင်ခဲ့သည်။ နောက်တစ် ကြိမ် ရွေးကောက်ပွဲတွင် နယ်ဆင်မင်ဒဲလားသမ္မတဖြစ်လာသည်။ သူသည် တောင်အာဖရိကသမ္မတအဖြစ် တစ်ကြိမ်သာတာဝန်ထမ်းဆောင်ခဲ့သည်။ သူ့ကိုအာဖရိကဖခင်ကြီးဟုခေါ်သည်။ သူ၏ကြိုးပမ်းဆောင်ရွက်မှုနှင့်အ မြော်အမြင်ကြီးမှုတွေကြောင့် ယနေ့တွင်တောင် အာဖရိကနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံမှနေလွတ် မြောက်ပြီးဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာနေလေပြီ။

( ၄ )

ထိုအကြောင်းကို ကျွန်တော် ကိုဘသစ် နှင့် ဆွေးနွေးဖူးပါသည်။

‘တောင်အာဖရိကဟာမြန်မာပြည်နဲ့ အ တော်တူတယ်။ ချမ်းသာတယ်။ စိန်တွေထွက် တယ်။ ရွှေလည်းထွက်တယ်။ ယူရေနီယမ် ထွက်တယ်။ ကျောက်မီးသွေးထွက်တယ်။ စိုက်ပျိုးလုပ်ကိုင်စားသောက်လို့ ကောင်းတယ်။ အဲဒီမှာဥရောပကလူဖြူတွေလာပြီးအခြေချ နေထိုင်ကြတယ်။ အာဖရိကလူမျိုးဘာသာစကား ၁၁ မျိုးကိုပြောတယ်။ အဲဒီစကားတွေဟာတရားဝင်ဘာသာစကားတွေဖြစ်နေတယ်။ လူတွေဟာသွေးစည်းညီညွတ်ခြင်းမရှိဘူး။ ဒါကိုလူဖြူတွေကအခွင့်အရေးယူတယ်။ ဆန့် ကျင်တဲ့ မင်ဒဲလားကိုထောင်အကြိမ်ကြိမ်ချ တယ်။ နောက်ဆုံးအကြိမ်ကတော့ အကြာဆုံးပေါ့’

‘ဒီမတိုင်ခင်ကသူဘာအလုပ်တွေလုပ်လဲ’

‘သူကရှေ့နေ၊ သူတို့ဟာမျိုးကြီးရိုးကြီး ပါ။ အင်္ဂလန်၊ လန်ဒန်တက္ကသိုလ်ကနေဘွဲ့ ရတယ်။ တက္ကသိုလ် လေးခုလောက်လည်းတက်ဖူးတယ်။ နောက်ဆုံးသူဟာလူဖြူခေါင်းဆောင် ဒီကလာပ် (F.W.de Klerk) နဲ့ အ ပေးအယူလုပ်ပြီးနိုင်ငံတွင်း Apartheid ဆိုတဲ့ လူမျိုးခွဲခြားရေးတွေပိုပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ၁၉၉၄ ခုနှစ်မှာရွေးကောက်ပွဲဝင်ပြီးသမ္မတဖြစ်လာတယ်’

‘ဒီကလာပ်ဆိုတာဘယ်လိုလူမျိုးလဲ’

‘သူကတောင်အာဖရိကမှာမွေးတဲ့ လူဖြူ။ ( ၁၉၈၉ ကနေ ၁၉၉၄ ခုနှစ်အထိ ) တောင် အာဖရိကသမ္မတအဖြစ် တာဝန်ထမ်းဆောင် ခဲ့တယ်။ သူသမ္မတဖြစ်တဲ့အချိန်မှာသူဟာနိုင်ငံရေးအကျဉ်းသားတွေကိုထောင်ကလွှတ် ပေးတယ်’

‘ကျွန်တော်တို့ဆီကနဲ့ အတော်လေးဆင်တာပါပဲ’

‘ဆင်တာပေါ့။ ဒါပေမဲ့ ထူးခြားတာကသူကအခြေခံဥပဒေကိုပြန်ပြင်ရေးဆွဲတယ်။ လူဖြူတွေဟာလူမည်းတွေထက် အခွင့်အ ရေးပိုရတဲ့ အချက်တွေအားလုံးကိုပယ်ဖျက် ခဲ့တယ်။ အဓိကကတော့ သူတို့နိုင်ငံမှာလူမည်းတွေလည်းတန်းတူရည်တူအခွင့်အရေးရစေဖို့ပါပဲ။ ဒီလိုမဲခွဲဆုံးဖြတ်တဲ့အခါ မဲထည့် သူသုံးပုံနှစ်ပုံရဲ့ထောက်ခံမှုကိုရသတဲ့’

‘ဒါဆိုရင် သမ္မတကြီးဦးသိန်းစိန်က ဒါ တွေကိုစဉ်းစားဖို့လိုတယ်’

‘ဒါကိုသာမန်အားဖြင့် အလွယ်တကူငြိမ်းချမ်းရေးရတယ်လို့ ထင်စရာရှိတယ်။ ဒီလိုတိုင်းပြည်မှာညီညွတ်ရေးတည်ဆောက်တဲ့ အခါ နောက်ကျောမလုံတဲ့သူတွေရှိတယ်’

‘ဘယ်လိုလူမျိုးလဲ’

‘ဩဇာရှိတယ်။ ပိုက်ဆံတွေလည်းရှိတဲ့ လူတွေပေါ့။ တစ်ချိန်ကသူအာဏာရှိပေမယ့် အပြောင်းအလဲမှာအာဏာလက်လွတ်ဖြစ် သွားမှာစိုးတယ်။ စည်းစိမ်တွေလည်းဆုံးရှုံးသွားမှာစိုးတယ်။ ဒီတော့ သူတို့ဟာအပြောင်းအလဲကိုမလိုလားဘူး။ ဒီတော့ သူတို့ဟာရတဲ့နည်းနဲ့ ဒီလိုအပြောင်းအလဲတွေကိုဖျက် ဖို့ကြိုးစားတော့တာပေါ့’

‘တောင်အာဖရိကမှာဒီလိုဖြစ်လား’

‘ဖြစ်တယ်လေ။ ချမ်းသာတဲ့ လူဖြူတွေ က လူမည်းလူသတ်သမားတွေကိုငှားပြီးလူဖြူတွေကိုသတ်ခိုင်းတယ်။ ပြီးတော့ လူဖြူလူသတ်သမားကိုလည်းပိုက်ဆံပေးပြီးလူမည်းတွေကိုသတ်ခိုင်းတယ်။ ဒါ့အပြင် အ မုန်းတရားနဲ့ သက်သက်မဲ့လိုက်ပြီးသတ်သူတွေလည်းရှိလာတယ်’

‘အချင်းချင်းယုံကြည်မှုတည်ဆောက်လို့ မရအောင်ပေါ့ ဟုတ်လား’

‘မှန်တယ်။ လူမည်းတွေကလည်းလူဖြူတွေသတ်တာပေါ့။ လူဖြူတွေကလည်းလူမည်းတွေကသတ်တယ်ဆိုပြီးညီညွတ်ရေးတွေပျက်ကုန်တော့မလိုဖြစ်ခဲ့တယ်။ နောက် ဆုံးဒီလိုလူတွေကိုဖမ်းမိပြီးထောင်ချနိုင်ခဲ့ ပါတယ်’

‘ကံကောင်းပေလို့ပေါ့’

‘ဟုတ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်များဆီကဆိုရင် ခု ၂၅ နှစ်ရှိပြီဆိုတော့ ဒီလိုလူတွေထောင်ထဲကထွက်လာတဲ့ အကြောင်းရေးထားတာကိုသတင်းတွေထဲမှာတွေ့ရတယ်’

‘ကျွန်တော်တို့ မြန်မာပြည်ကောဒီလိုမျိုးဖြစ်နိုင်တာပဲမဟုတ်လား’

‘ဖြစ်နိုင်ပါတယ်။ ဂဠုံဦးစောကိုလုပ်ကြံတာမျိုးပေါ့။ ဒီလုပ်ကြံမှုဟာအထမမြောက် ဘူး။ ဒါပေမဲ့ ဒီလိုလုပ်ကြံတာဟာဗိုလ်ချုပ် အောင်ဆန်းလုပ်ကြံတယ်ဆိုပြီးဦးစောကဗိုလ်ချုပ်အောင်ဆန်းကိုအငြိုးထားခဲ့တယ်။ အခွင့်အခါသင့်တဲ့အခါ ဗိုလ်ချုပ်နဲ့တကွ အ စိုးရအဖွဲ့ဝင် အာဇာနည်တွေကိုလုပ်ကြံတယ် လို့ ကြားဖူးတယ်’

‘ဒါဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်နေဆဲမှာကချင်လုပ်အားပေးဆရာမနှစ် ဦးကိုမုဒိမ်းကျင့်သတ်တယ်ဆိုတာကကော၊ သဘောရိုးနဲ့ဟုတ်ပါ့မလား’

‘တတိယအဖွဲ့အစည်းတစ်ခုကငြိမ်းချမ်းရေးပျက်ပြားအောင် လုပ်တာမျိုးလည်းဖြစ် နိုင်ပါတယ်။ ဒါကြောင့် ဒီလိုဆွေးနွေးပွဲတွေအောင်မြင်ဖို့ ခက်ခဲတယ်’

‘ဟုတ်တယ်ဗျာ။ ကျွန်တော့်ဆရာဘုန်းတော်ကြီးဦးဇဝနဆိုငြိမ်းချမ်းရေးရတော့ မ လား၊ ဘယ်တော့ရမလဲပဲမေးနေတယ်။ ဒါ တွေကိုညှိနှိုင်းဖို့ဆိုတာအတော်ခက်ပါတယ်’

‘ခက်ခဲတာကိုလုပ်နိုင်သူသာအာဇာနည် ဖြစ်တာပေါ့။ ဒီတစ်ခါ ငြိမ်းချမ်းရေးညှိနှိုင်းဆောင်ရွက်နိုင်သူအာဇာနည်ပဲပေါ်မလားတောကြောင်ပဲလက်ခမောင်းခတ်သွားမလား’

‘စောင့်ကြည့်ရမှာပေါ့ဗျာ’

Credit@The Lady

No comments:

Post a Comment