ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သတ်ပြီး
တကယ်မသိသေးသောလူငယ်များနှင့် တပ်မတော်ထဲရှိ
သူမအား ဝေဖန်သောသူများ၏ မေးမြန်းချက်များကို
မိမိလေ့လာမိသလောက် ဖြေကြားထားချက်များ ဖြစ်ပါသည်..။
ယခုအချိန်အတွင်း ပေါ်ပေါက်နေသော
ဒေါ်အောင်ဆန်းစုကြည်အပေါ်တိုက်ခိုက်နေမှုများကို..
ဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်စောင်းမည်စိုးသဖြင့်
ယခုအချက်အလက်များဖြင့် ပြန်ချေပဖော်ပြခြင်းဖြစ်ပါသည်။
----------------
(Kaung Myat)
ကျွန်တော်က နိုင်ငံရေးအပြောင်းအလဲတွေ ကြောင့်
နိုင်ငံရေးကို ခုမှစိတ်ဝင်စားတဲ့ သူပါ..
ဗိုလ်ချုပ်အကြောင်းကိုတော့ကောင်းကောင်းကြီး
သိရှိနားလည်းထားပါတယ်
ဒါပေမဲ့ ဒေါ်စုရဲ့အကြောင်းကိုတော့ သေချာမသိသေးပါဘူး
သူ့အကြောင်းကို သိတဲ့ သူများရှိရင် ကျွန်တော်သိချင်တဲ့
ကြောင်းလေးတွေကို ကျေးဇူးပြုပြီးဖြေပေးကြပါလား..?
(၁) ဒေါ်စု ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဘာကြောင့် ရခဲ့တာပါလဲ?
(၂) သူက ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပါသလဲ?
(၃) အစိုးရကို မကြိုက်တာနဲ့ ပြည်သူတွေကို ထိခိုက်အောင်
စီးပွားရေးပိတ်ဆို့မှုတွေ ဘာ့ကြောင့်လုပ်ခဲ့တာပါလဲ?
(၄)နိုင်ငံ့ခေါင်းဆောင်ကြီးတစ်ဦးရဲ့ သမီးအနေနဲ့ဘာ့ကြောင့်
နိုင်ငံခြားသားကို လက်ထပ်ခဲ့တာလဲ?
(၅)သူမက ဘာ့ကြောင့် နိုင်ငံ့ခေါင်း
ဆောင်ဖြစ်သင့်တာလဲ? (ဗိုလ်ချုပ်သမီးဖြစ်လို့လား?)
ကျေးဇူးပြုပြီး ကျွန်တော်သိချင်တာလေးတွေကို
ဖြေပေးကြပါလားခင်ဗျာ........
===============
( Yan Aung)
(၁)
ပထမမေးခွန်းအရ..
ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင်
နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြင့်ခဲ့ခြင်းမှာ-
နိုဘယ်ဆုကော်မတီရဲ့ကြေညာချက်ကို ဖော်ပြရရင်..။
" နော်ဝေနိုင်ငံ နိုယ်ဘယ် ကော်မတီမှ ၁၉၉၁ ခုနှစ်အတွက်
နိုဘယ် ငြိမ်းချမ်းရေး ဆုအား မြန်မာနိုင်ငံ (ဗမာ) မှ
ဒေါ်အောင်ဆန်းစုကြည် အား၊ သူ၏ အကြမ်းမဖက်နည်းဖြင့်
ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ ရရှိရန် ကြိုးပမ်းခဲ့မှုများကြောင့်
ဤဆုအား ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတ္တိများဟာ
အာရှ နိုင်ငံများမှ အထူးအံ့သြဖွယ်၊ ချီးကျူး သင့်သည့်
ဥပမာများမှ တစ်ခုဖြစ်ပါတယ်။
သူဟာ ဖိနှိပ်ချုပ်ချယ်ခြင်းမှ လွတ်မြောက်ရန်
တိုက်ပွဲဝင်နေတဲ့ အဓိက အရေးပါတဲ့ ပုံရိပ်ဖြစ်ပါတယ် ..
ယခု ၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု အား
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြင့်ရင်း၊ ကမ္ဘာတဝှမ်းတွင်
ဒီမိုကရေစီ နှင့် လူအခွင့်အရေးအများ ရကြရန် ငြိမ်းချမ်းစွာ
တိုက်ပွဲဝင်နေကြသည့် သူများအား ထောက်ခံ အားပေးရန် နှင့်
သူမ၏ အလံမချ ငြိမ်းချမ်းရေး တိုက်ပွဲဝင်မှုများကြောင့်၊
နော်ဝေနိုင်ငံ နိုဘယ် ကော်မီတီမှ ဤဆုအား ချီးမြှင့်လိုက်သည်။
( အော်စလို, အောက်တိုဘာ ၁၄၊ ၁၉၉၁)
အဓိကက မိန်းမတစ်ယောက်ဖြစ်ပြီး ..
အကျယ်ချုပ်ကျနေတာကိုတောင် လုံးဝ စိတ်ဓာတ်မကျပဲ
အာဏာရှင်ကို အကြမ်းမဖက် ဆန့်ကျင်ခဲ့လို့ပါ။
လူတိုင်းမှာ အရှိန်အဝါဆိုတာ ရှိတယ် ညီလေးရဲ့။
အဲဒါက ဘာနဲ့မှ လဲလို့မရဘူး။
ရှေ့ကလမ်းကြောင်းနဲ့သွားပြီး လင်ခရူဇာစီးသွားလည်း
အရှိန်အဝါမရှိရင် ဆိုင်ကယ်ကတောင် ရပ်မပေးချင်ဘူး..။
ဒါတွေကိုမင်းတို့သိပါတယ်..။
--------------------
(၂)
ဒုတိယမေခွန်းကိုကြည့်ရင်..
သူမလုပ်ခွင့်ရှိတဲ့ အချိန်မှာ သူမလုပ်ခဲ့တဲ့ အလုပ်တွေကို
အခု မျက်မြင်ကိုယ်တွေ့မြင်နေရပြီလေ..။
ပြည်သူကို ဘာလုပ်ပေးခဲ့သလဲ ဆိုတာထက်
အဲဒီတုန်းက သူမဟာ "ပြည်သူကိုဘာလုပ်ခွင့်ရခဲ့ပါသလဲဆိုတာက
ပိုသင့်တော်ပါတယ်။
သူ့အသက်ရဲ့ သုံးပုံတစ်ပုံလောက်က မြန်မာပြည်မှာ..။
မြန်မာပြည်မှာရှိတဲ့ နှစ်ပေါင်း နှစ်ဆ ယ် ကျော်အတွင်းမှာ
ဆယ့်ငါးနှစ်လောက်က အိမ်ထဲက အိမ်ပြင်ထွက်ခွင့်မရှိဘူး။
ထွက်လို့ရတဲ့ အချိန်တိုအတွင်းမှာ ပြည်သူနဲ့ ထိတွေ့ပြီး
လက်ရှိခံစားနေရတဲ့ ဒုက္ခတွေကို အကန့်အသတ်ထဲကနေ
အားပေးစည်းရုံးပြီး လုံးဝ(အခုအချိန်လို အနှောင်အဖွဲ့ကင်းမဲ့တဲ့)
တွေ့ဆုံဆွေးနွေးဖို့ကို အမြဲတမ်း ကြိုးစားနေခဲ့တယ်။
ဒါတွေကို အခက်အခဲကြားထဲက လုပ်နေခဲ့တာတွေပါပဲ။
အခုအချိန် သူလုပ်ပိုင်ခွင့်ရလို့ တစ်နှစ်အတွင်းပြောင်းလဲသွားတွေကို
ပြန်ကြည့်ရင်...
- သူလွတ်ပြီး တစ်လအတွင်း မြန်မာနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း
ထိုးတက်သွားတယ်၊
- သူ့ရဲ့ဖိအားပေးမှုနဲ့ EU နဲ့ US က စီးပွားရေးပိတ်ဆို့မှုတွေ
လျော့လာတယ်၊
- မြန်မာအာဆီယံဥက္ကဌဖြစ်ဖို့ အင်ဒိုနီးရှားက သူ့ရဲ့တိုက်တွန်းချက်ကို
တောင်းရတယ်၊
- သံဃာ့အရေးအခင်းတုန်းက ဂျပန်သတင်းထောက်ပစ်သတ်ခံရလို့
နှစ်နှစ်လောက် ဒေါ်လာသန်းပေါင်းများစွာ မကူညီတဲ့ ဂျပန်က
ယခုအခါ လောပိတရေအားလျှပ်စစ်ကိုတောင် နှစ်ငါးဆယ် ထပ်ပြီး
ပြုပြင်တည်ဆောက်ဖို့ သဘောတူလိုက်တယ်။ ငွေတွေချေးတယ်၊
- အဲဒါတွေက နိုင်ငံတကာ စီးပွားရေးဆွေးနွေးပွဲတွေမှာ Skype နဲ့
မိန့်ခွန်းပြောကြားခဲ့တဲ့ အကျိုးဆက်တွေပဲ.။
- မြစ်ဆုံကိစ္စကိုလည်း ကန့်ကွက်ခဲ့တယ်။
- နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွတ်လာတယ်။
- နိုင်ငံတကာကလာတဲ့ အစိုးရအဆင့်မြင့်အရာရှိတွေ၊ အားလုံးနီးပါးက
သူနဲ့ မဆွေးနွေးပဲ ပြန်တဲ့သူသိပ်မရှိပါဘူး။
- အဲဒီတော့ အဲဒီလို ပြုပြင်ပြောင်းလဲတာတွေတာတွေက
သူလွတ်လာလို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပဲ။
- အဲဒီလို အားလုံးပြောင်းလဲကုန်ရင် ပြည်သူ့ဘဝတွေလည်း
ပိုမိုတိုးတက်လာမှာပဲ..။
(၂၀၁၁ နိုဝင်ဘာအထိအခြေအနေများဖြစ်ပါသည်)
----------------------------
(၃)
နံပါတ် (၃) မေးခွန်းကို ဖြေရရင် ..
စီးပွားရေးပိတ်ဆို့မှုရဲ့ အကြောင်းအရင်းက..
အာဏာရှင်တွေက ပြည်သူကိုနှိပ်စက်ရင်
များသောအားဖြင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုဆိုတာ
သူ့အလိုလို ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ပြီး
ဖြစ်သွားတတ်ကြပါတယ်။
အဲဒီလိုပိတ်ဆို့ထားမှ အစိုးရအနေနဲ့ ရပ်တည်ရခက်ခဲပြီး
ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောပေးလေ့ရှိကြလို့ပါ။
ဒေါ်စုကြောင့် စီးပွားရေးပိတ်ဆို့တယ်၊
ဒေါ်စုကစီးပွားရေး ပိတ်ဆို့ခိုင်းထားလို့
ပြန်မဖွင့်ပေးတာ ဆိုတာတွေက
အရင်က သတင်းစာထဲက စကားတွေပါ..။
နိုင်ငံတကာက စီးပွားရေးပိတ်ဆို့တာက
ပြည်တွင်းမှာရှိတဲ့ အခြေအနေတွေကို သုံးသပ်ပြီး
ဆုံးဖြတ်တဲ့အလုပ်တွေပါ။
ဒေါ်စုကပိတ်ခိုင်းတိုင်းပိတ်လို့မရသလို
ဖွင့်ခိုင်းတိုင်းလည်း ဖွင့်လို့မရပါဘူး။
အခုလို အခြေအနေမှာတောင်..
တစ်ချို့နေရာတွေမှာ..ဖြေလျာ့ပေးတာပဲရှိသေးတယ်။
လုံးဝ ဖွင့်မပေးသေးပါဘူး ..
လုံးဝပွင့်သွားအောင် ဖိအားပေးလို့မရပါဘူး။
အကြောင်း (၁) က စစ်အစိုးရပါ....
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အခုလို
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့မယ်ဆိုရင်..။
ယခုအထိ နိုင်ငံတကာက ပိတ်ထားစရာမရှိသလို
ပြည်သူတွေလည်း တိုးတက်နေမှာပါပဲ..။
အကြောင်း(၂) က တရုတ်ပါ။
ကမ္ဘာက စီးပွားရေးပိတ်ဆို့ချိန်မှာ
တရုတ်က မြန်မာကို အန္တရာယ်ကြီးပြီး
အရည်အသွေးမမီတဲ့ ပစ္စည်းတွေတင်သွင်း၊
မြန်မာပြည်က တန်ဖိုးရှိတဲ့သယံဇာတတွေ ထုတ်ယူကာ၊
မှောင်ခိုကုန်သည်လုပ်ပြီး စစ်အာဏာရှင်တွေအတွက်
အသက်ရှူပေါက်ဖွင့်ပေးခဲ့တဲ့အတွက်ယနေ့ အချိန်အထိ
သက်ဆိုးရှည်သွားခြင်းပါ။
နေပြည်တော်တောင် တရုတ်ကပေးတဲ့ US ငါးဘီလီယံနဲ့
ဆောက်ခဲ့သေးတာပဲ..။
ကမ္ဘာပေါ်မှာ တရုတ်ပြည်တွင်း စက်မှုလက်မှုတွေကထုတ်တဲ့
သွားကြားထိုးတံကနေ အိမ်စီးကားအထိ အစအဆုံး
အသုံးအပြုဆုံးနိုင်ငံက မြန်မာနိုင်ငံလေ။
တို့ပတ်ဝန်းကျင်မှာ တရုတ်ပစ္စည်းတွေချည်းပဲ..။
ထိုင်းပစ္စည်းတောင် မျိုးစုံရှိလို့လား။
အဲဒီတော့ တရုတ်သာ မှောင်ခိုကုန်သည်မလုပ်ခဲ့ရင်
အစိုးရ လိုငွေပြ အင်အားချည့်နှဲ့ပြီး ပြည်သူ့ဆန္ဒ သို့မဟုတ်..
ဒီမိုကရေစီဖော်ဆောင်ဖို့ကို အရင်ကတည်းက ပြောင်းလဲလိုက်မှာပါ..။
အခုတော့ နှစ်တွေအများကြီး ကြာသွားခဲ့တာပေါ့။
အဲဒီတော့ အစိုးရကိုမကြိုက်လို့ စီးပွားရေးကို
အကြာကြီးပိတ်ခိုင်းတာမဟုတ်ပါ။
အပေါ်က အချက်တွေက အဓိကပါ..။
--------------------
(၄)
စတုတ္တမေးခွန်းကိုကြည့်မယ်ဆိုရင်
နိုင်ငံခေါင်းဆောင်ကြီး တစ်ဦးရဲ့ သမီးအနေနဲ့
ဘာဖြစ်လို့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တာလဲဆိုရင်
အဓိကအကြောင်းအရင်းက....
ပြည်ပမှာ ဘာ့ကြောင့် ရှိနေတဲ့အကြောင်းအရင်းကို
အရင်ထုတ်ရှင်းရပါမယ်.။
ဒေါ်စု မိခင် ဒေါ်ခင်ကြည်ဟာ ၁၉၆၀ မှာ
အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
အဲဒီတော့ အိန္ဒိယကို ပြောင်းရပါတယ်။
ဦးနေဝင်းရဲ့ မှေးမှိန်စေမှုတစ်ခုပေါ့...
အဲဒီအချိန်မှာ ဒေါ်စု အသက်ဆယ့်ငါးနှစ်ရှိပါပြီ။
ဆယ်ခုနှစ်နှစ်အရွယ် ၁၉၆၂ ခုနှစ် ဒေလီတက္ကသိုလ်မှာ
နိုင်ငံရေးသိပ္ပံဘာသာနာ သင်ယူနေတုန်း မြန်မာပြည်မှာ
ကျောင်းသားသမဂ္ဂ ဗုံးခွဲခံရပြီး အထဲကကျောင်းသားအားလုံး
သေဆုံးကုန်ပါတယ်။။
အဲဒီရဲ့ အကျိုးဆက်က..ကျောင်းသားတွေနဲ့ပြည်သူကိုချစ်တဲ့..
အမေစုအတွက် မြန်မာပြည်တွင်းမှာ
ပြန်လည်နေထိုင်ဖို့ မဖြစ်နိုင်တဲ့
တွန်းအားတစ်ခုဖြစ်သွားပါတယ်.။
ဗိုလ်ချုပ်ရဲ့သမီးဖြစ်ပြီး နိုင်ငံရေးသိပ္ပံနဲ့
မြန်မာပြည်ပြန်သွားရင် ဘာဖြစ်သွားမလဲ
တွေးကြည့်ကြပေါ့ဗျာ.။
ဘွဲ့ရပြီးတော့ ဒေါ်ခင်ကြည့်မိတ်တွေ
မြန်မာပြည်မှာနေခဲ့တဲ့ အင်္ဂလန်သံအမတ် အကူအညီနဲ့
အင်္ဂလန်အောက်စဖို့တက္ကသိုလ်မှာ မှာ
ကျောင်းသွားတက်တယ်။
အောက်စဖို့ဒ် မှာ ဘွဲ့ရတယ်။
ရတဲ့ဘွဲ့က (Philosophy, Political Science, Eco)
ဂုဏ်ထူးနဲ့ ၀ိဇ္ဖာဘွဲ့။
နောက် နယူးယောက်က ကုလသမဂ္ဂ ရုံးမှာ
အလုပ်ဝင်တယ်၊ အဲဒီမှာ ဦးနေဝင်းရဲ့ သိုးတွေနဲ့
နိုင်ငံကူးလက်မှတ်ပြဿနာဖြစ်တယ်။
ဒေါ်စုကို နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့
နှစ်ပေါင်းများစွာ ဆိုင်းငံ့ခဲ့တယ်။
ကုလအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ သမီးတစ်ယောက်လို
ဖြစ်နေလို့သာ မြန်မာနိုင်ငံသားအဖြစ် မပျက်ပြယ်တာပါ။
၁၉၇၀ မှာ မိုက်ကယ်အဲရစ်နဲ့တွေ့တယ်။
ဒီနေရာမှာ မိုက်ကယ်အဲရစ်အကြောင်း တစ်ခုပြောချင်တယ်။
မိုက်ကယ်အဲရစ်က ဗုဒ္ဒဘာသာ၊ တက္ကသိုလ်မှာ အရှေ့တိုင်း
ပါဠိဘာသာ သုတေသနပညာရှင်ပါမောက္ခ၊
ဒေါ်စုက ပါဠိဘာသာ နဲ့ အရှေ့တိုင်းယဉ်ကျေးမှု အတွက်
လေ့လာရင်းနဲ့ အိမ်ထောင်ကျတာ၊
အိမ်ထောင်ကျပြီး နီပေါနားက ဘူတန်မှာသွားနေကြတယ်။
သူတို့အိမ်ထောင်ရေးက သဘောတူညီမှုတစ်ခု
လုပ်ထားခဲ့ပြီးသားပါ..
အဲဒါက..
"ကျွန်မ ပြည်သူတွေအတွက်
ကျွန်မတာဝန်ထမ်းဆာင်မယ်ဆိုရင် ခွင့်ပြုဖို့ " ဆိုတဲ့
သဘောတူညီချက်ပါပဲ။
မိုက်ကယ်အဲရစ် မြန်မာပြည်ကို တစ်ခါလာတုန်းက
မင်းကွန်းဆရာတော်ကြီးကို သွားဖူးတော့ နှစ်ဦးစလုံး
ပါဠိလိုတွေ ပြောနေကြလို့ ထောက်လမ်းရေးတွေတောင်
ငုတ်တုတ်မေ့ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။
သူပြုစုခဲ့တဲ့ နီပေါ ဘူတန် ယဉ်ကျေးမှုဆိုင်ရာ
နဲ့ ကိုးကွယ်မှုဆိုင်ရာစာအုပ် စာတမ်းတွေ အများကြီးပဲ။
အဲဒီတော့ ဒေါ်စု ဟိုမှာ မိုက်ကယ်အဲရစ်နဲ့
လက်ထပ်တဲ့ အကြောင်းအရင်းနဲ့ မိုက်ကယ်အဲရစ်ဆိုတာ
ဘယ်လိုလူစားလဲဆိုတာ သိသင့်ပြီထင်ပါတယ်။
မိခင်ဒေါ်ခင်ကြည်ရဲ့ထိန်းကွပ်ဦးဆောင်မှုနဲ့...
နဗန်းဆံကိုတောင် အိမ်ထောင်ကျတဲ့အထိ ထားတုန်း၊
အိမ်မှာနေရင် မြန်မာစကားကလွဲပြီး အင်္ဂလိပ်လို
မသုံးနှုန်းတာတွေ၊
နှစ်ပေါင်းများစွာ ကိုယ့်လုံခြည်ကို ယက်ကန်း ယက်လုပ်ပြီး
ဝတ်ခဲ့တာတွေ ..
အိန္ဒိယမှာရှိတဲ့အချိန် အသက် ဆယ့်ခုနှစ်နှစ် ကတည်းက
ဒေလီမြို့စွန်က ဟိန္ဒူတွေစွန့်ပစ်ထားတဲ့ ဗုဒ္ဓဘာသာကျောင်းကို
ကျောင်းအားရက်မှာ မိခင်နဲ့အတူ ပြုပြင်ခဲ့တာတွေကိုကြည့်ရင်..
ဒေါ်စု ဘယ်လိုလူစားလဲ ဆိုတာကို သိနိုင်ပါတယ်။
အဲဒီလိုလူမျိုးကရွေးချယ်တဲ့ ခင်ပွန်းဟာလည်း
နိုင်ငံခြားသားပင်ဖြစ်စေကာမူ ဘယ်လိုမျိုးလဲဆိုတာကို
သဘောပေါက်သင့်ပါတယ်။
အခု လက်ရှိဘူတန်ဘုရင်ဟာ ဒေါက်တာ မိုက်ကယ်အဲရစ်ရဲ့
တပည့်ပါ။ မင်းဆရာပေါ့ဗျာ..၊
သူ့ကို စာသင်ပေးတုန်းက ဆယ့်ခုနှစ်နှစ်ပဲ ရှိပါသေးတယ်။
အဲဒီဘုရင်အမျှော်အမြင်ရှိရှိနဲ့ အုပ်ချုပ်တဲ့အတွက်..
သယံဇာတမပေါများတဲ့ဘူတန်နိုင်ငံဟာ..
အခုအချိန်မှာ စည်းကမ်းရှိပြီး သဘာဝပတ်ဝန်းကျင်ကို
ထိမ်းသိမ်းတဲ့ နိုင်ငံတွေရဲ့စာရင်းမှာပါဝင်နေပါပြီ..၊
အရင်စစ်အစိုးရဟာ မိုက်ကယ်အဲရစ်နဲ့ ဒေါ်စုကို
နေရာပေးပြီး ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင်
မဇ္ဇိမဒေသကနေ မြန်မာနိုင်ငံအထိ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့
ယဉ်ကျေးမှု ပြောင်းလဲခြင်းဖြစ်စဉ်သမိုင်းအတွက်
တကယ် အထောက်အကူဖြစ်နိုင်ပါတယ်ဗျာ။
ဘာဖြစ်လို့လဲဆိုတော့ မိုက်ကယ်အဲရစ်က..
အဲဒါတွေနဲ့ပတ်ကက်ရင် ကိုယ့်စားရိတ်ကိုယ်စားပြီး
သုတေသနလုပ်နေတဲ့သူပါ။
-----------------------------------
(၅)
နံပါတ်ငါးမေးခွန်း..
ဒေါ်အောင်ဆန်းစုကြည်ဟာ
နိုင်ငံ့ခေါင်းဆောင်ဖြစ်ထိုက်သလား .?
ဆိုတဲ့မေးခွန်းကို.. ပြန်ဖြေရရင်..
သူမရဲ့ အရည်အချင်းကို ဖော်ပြချင်ပါတယ်.။
ဖြစ်ထိုက်မဖြစ်ထိုက်ဆိုတာကတော့
အောက်ကအချက်တွေကိုသုံးသပ်ပေးကြပါ..။
ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကလည်း
အခြေအနေအများကြီးအပေါ်မှာ မူတည်ပါသေးတယ်.။
တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတွေက..
ခေါင်းဆောင်အများစုရဲ့ အရည်အချင်းကို ကြည့်ပါ..
ပညာတတ်အများစုနဲ့ နိုင်ငံရေး၊ စီးပွားရေးအတွေးအခေါ်..
ပညာရှင်များက အများစုဖြစ်ပါတယ်..။
ပညာတတ်ဆိုတဲ့နေရာမှာ..
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးသိပ္ပံ၊
ဒဿနိက၊ စီးပွားရေး အထူးပြုသုံးခုနဲ့
ဘွဲ့ရထားခဲ့ပါတယ်..။
နောက်ပြီးတော့ အရင်တုန်းက နိုင်ငံတကာအဆင့်
စာတမ်းပြုစုရေးသားသူ တစ်ယောက်လည်း ဖြစ်ခဲ့တယ်..။
ယခုချိန်အထိ မြန်မာပြည်မှာ ဘယ်သူ့မှမလုပ်ခဲ့ဖူးသေးတဲ့
ဖခင် ဗိုလ်ချပ်အောင်ဆန်းရဲ့ အတ္ထုပတ္တိအပါအဝင်
Asian Studies ကို ပြုစုခဲ့တယ်..။
နောက်ပြီး တိုကျိုတက္ကသိုလ်မှလည်း ဖခင်ဗိုလ်ချုပ်ရဲ့
ဂျပန်ပြည်တွင်းလုပ်ဆောင်ချက်တွေကို
စာတမ်းတစောင် တင်ခဲ့တယ်..။
(ဂျပန်က အဲဒီကတည်းက လေးစားခဲ့ပါတယ်) ..
နောက်ပိုင်းမှာ ဟီမာလေးယား (နိပေါ..တိဗက်/ဘူတန်)
လူမျိုးတွေရဲ့ သမိုင်းလေ့လာမှုတွေကို..
စာအုပ်တွေထုတ်ဝေခဲ့တယ်..။
ဒေါ်စုနဲ့ မိုက်ကယ်အဲရစ်တို့ ထုတ်ဝေခဲ့တဲ့
စာအုပ်စာတမ်းတွေ အများကြီးပါပဲ..။
ဒါဟာ သူ့ရဲ့ သမိုင်းတစ်ခုကိုပဲ ပြနေတာပါ။
နောက်ဆုံးတစ်ခုက သူမဟာ.ကုလသမဂ္ဂရုံးမှာ
ဘဏ္ဍာရေးဆိုင်ရာ အရာရှိအဖြစ် အလုပ်ဝင်နေစဉ်မှာ..
အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ အနားမှာနေပြီး..
နိုင်ငံတကာအစိုးရတွေရဲ့ နိုင်ငံရေး၊ Diplomacy နဲ့
ပေါ်လစီပိုင်းတွေကို အနီးကပ် လေ့လာခွင့်ရခဲ့တဲ့
တစ်ဦးတည်းသော မြန်မာလူငယ်အမျိုးသမီးဖြစ်ခဲ့ပါတယ်။
အခုပြောတဲ့အချက်တွေလောက်နဲ့ဆိုရင်
ဗိုလ်ချုပ်သမီးကြောင့် ပုဂ္ဂိုလ်စွဲ လေးစားနေကြတာဆိုတဲ့
အယူအဆတွ ပျောက်လောက်ပြီလို့ ထင်ပါတယ်..
-------------------------------
(၆)
နောက်ပြီးနိုင်ငံခေါင်းဆောင်ကောင်းတစ်ယောက်
ဖြစ်ထိုက်တဲ့သူတွေမှာရှိသင့်တဲ့ အရည်အချင်းတွေကို
ဒေါ်စု ရဲ့လက်ရှိအခြေအနေနဲ့နဲ့ နှိုင်းယှဉ်ပြပါ့မယ်..။
(1) ရိုးသားဖြောင့်မတ်မှု၊
ရိုးသားလား မရိုးသားသလားဆိုတာ...
အကျယ်ချုပ် ပြန်လွတ်လွတ်ခြင်း လူထုနဲ့တွေတော့
ဖုန်းတွေနဲ့ တဖြတ်ဖြတ်ရိုက်နေတဲ့ ကင်မရာတွေကို
တအံ့တသြ ကြည့်ပြီး ဒါမျိုးလေးတွေနဲ့
ဒီလိုတဖြတ်ဖြတ်ရိုက်နေတာကို သူ့အနေနဲ့ အံ့သြမိကြောင်း
မမြင်ဖူးကြောင်း ပြည်သူတွေကို အံ့သြတကြီးပြောကြားခဲ့ဖူပါတယ်.။
ဒီစကားကိုအံ့ကြိတ်ပြီး နားထောင်ခဲ့ရဖူပါတယ်..။
သူရဲ့ရိုးသားပွင့်လင်းတဲ့စကားကြောင့်
တစ်စုံတရာကို ဒေါသထွက်ခဲ့တာတော့အမှန်ပါပဲ..။
ဒီလောက်တောင်မှ......သူမကို
နားပိတ်မျက်စိပိတ် ထားရသလားလို့ပါ..။
(2) ရဲရင့်တည်ကြည်မှု၊
မည်သည့်စည်းရုံးရေးကိစ္စပင်ဖြစ်စေ၊
ပြည်သူကြားထဲမှာ တည်တည်ကြည်ကြည်
ရဲရဲဝံ့ဝံ့ ရပ်တည်ပြီး ဗုံးမကြောက်၊
သေနတ်မကြောက်ပဲ မှန်ရာကို ပြတ်ပြတ်သားသား
ဝေဖန်စကားပြောလေ့ရှိသူပါ။
(3) ဗဟုသုတကြွယ်ဝမှု၊
ဗဟုသုတကြွယ်ဝမှုကတော့ အထူးပြောစရာမလိုပါဘူး..
အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာ
ဗာဂျီးနီးယားတက္ကသိုလ်နဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ်ကို
online ကတစ်ဆင့် မိန့်ခွန်းပြောကြား၊
ဆွေးနွေးမှုတွေ၊ နိုင်ငံတကာ အသံလွှင့်ဌာနတွေမှာ
ပြည်တွင်း ပြည်ပက လူငယ်တွေမေးသမျှကို
အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ...
လက်တမ်းဖြေပေးနေတာတွေကို
လေ့လာကြည့်ပါ..။
(4) စွန် ့လွတ်အနစ်နာခံမှု
အကျယ်ချုပ်ဆယ့်ငါးနှစ်ကျော်က သက်သေပါပဲ..။
နောက်ပြီး ရသမျှဆုငွေတွေ လှူဒါန်းငွေတွေ
အားလုံးနီးပါးကိုလည်း NLD အတွက်တောင်
ရည်ရွယ်သုံးစွဲခြင်းမရှိဘဲ တစ်ခါတည်း လှူဒါန်းလေ့ရှိပါတယ်..။
အဲဒါတွေကိုစုထားရင် သားနှစ်ယောက်လုံး
မီလျံနာဖြစ်နေတာ ကြာပြီပေါ့..။
အခု သူ့သားနှစ်ယောက်က အင်္ဂလန်မှာ
သာမန်လူတန်းစား အဆင့်ပါပဲ..။
ဒီမေးခွန်းက စစ်သားများ ခဏခဏ မေးလေ့ရှိတဲ့မေးခွန်းပါ..။
၂၀၀၈ ခုနှစ်က သူ့အိမ်ကို ပြင်တဲ့ စစ်သားလေးတွေကို
ဒန်ပေါက်ဝယ်ကျွေးတုန်းက ရဲဘော်လေးတွေ
မလောက်မှာစိုးလို့ သူကိုယ်တိုင်က ဒန်ပေါက်အလွတ်နဲ
့ ငါးပိကြော်စားခဲ့တာက သာဓကပါ..။
ယူနက်စကိုက ချီးမြှင့်ခဲ့ဖူးတဲ့ ဒေါ်လာတစ်သိန်းကို
ချက်ချင်းလှူလိုက်တာကလည်း အတုယူစရာပါပဲ..။
(5) ခေါင်းဆောင်ကောင်းပီသမှု
ခေါင်းဆောင်ကောင်းပီသတယ်ဆိုတာကိုတော့
မညွှန်းချင်ေတော့ပါဘူး။
NLD ထဲကလူတွေ အသိဆုံးဖြစ်မှာပါ။
အရာရာတိုင်းကို ငါသိတယ်.. ငါတတ်တယ်ဆိုပြီး
ဘယ်တော့မှ အာဏာရှင်ဆန်စွာ မဆုုံးဖြတ်ပဲ
ဒီမိုကရေစီဆန်စွာ အများသဘောဆန္ဒနဲ့ပဲ
ညှိနှိုင်းဆုုံးဖြတ်ခဲ့တယ်ဆိုတာကလည်း
ခေါင်းဆောင်ကောင်းပီသမှုထဲက တစ်ခုပါပဲ..။
ဗိုလ်ချုပ်ပြောထားတဲ့ ..စကားတစ်ခွန်းကတော့ရှိပါတယ်..။
"လူတွေကတင်မြှောက်ပြီး
လူတွေရဲ့အကျိုးကို လုပ်တဲ့
လူတွေရဲ့ အစိုးရသာလျှင်
ဒီမိုကရေစီ ဖြစ်နိုင်မယ်"
( ဗိုလ်ချုပ်အောင်ဆန်း ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )
=========================
ကိုးကား .. အောင်ဆန်းစုကြည် (သို့) သဇင်နီ ၊
EMG, The Voice,
(Shwe Aim Si အံ့ဖွယ် မြန်မာ့ ဂုဏ််ဆောင် စံပြအမျိုးသမီး)
သတင်းစာမှတ်တမ်းများ..။
ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ..။
-----------------------------
၂၀၁၁ နိုဝင်ဘာလတုန်းက..
ကို @Yan Aung (ငရဲသား) နဲ့ ..ကို Kaung Myat တို့တွေ
ဒေါ်စုနဲ့ပတ်သက်ပြီး..
မေးခွန်းအဖြေလေးတွေလုပ်တာကို
ကျွန်တော်က ပြန်ပြုစုပြီး ကျွန်တော့ရဲ့
ပထမဆုံး Pa Yit အကောင့်မှာ..
Note တစ်ခုအနေနဲ့တင်လိုက်တယ်၊
အဲဒီ Note ကြောင့် ကျွန်တော့ကို ပထမဆုံး..
လူသိများလာတယ် လို့လဲပြောလို့ရပါတယ်၊
အဲဒီ Note ကို Blog တော်တော်များများမှာ
ဖေါ်ပြခဲ့ကြပါတယ်၊
အဲဒီ Note ကို မတူညီတဲ့ ခေါင်းစဉ်တွေနဲ့လဲ
ဖေါ်ပြခဲ့ကြပါတယ်၊
အခု...
ကျွန်တော့ရဲ့ ပထမဆုံး Pa Yit
အကောင့်ပျက်သွားခဲ့တာကြာပါပြီ
ဒါပေမဲ့ Blog တွေထဲမှာ ဘယ်အချိန်ရှာရှာ
ရှာလို့တွေ့နေရတဲ့...
အဲဒီ Note လေးကို..
သူငယ်ချင်းတွေသိအောင်..
ပြန်တင်ပေးလိုက်ပါတယ်၊

No comments:
Post a Comment