၂၀၁၅ ခု၊ ဇန်နဝါရီလ
၄ ရက်နေ့မှာ ၁၉၆၂ ခုနောက်ပိုင်းမှစ၍ ၅၃ နှစ်ကြာတဲ့ တိုင် မြန်မာ့မြင်ကွင်းမှ ပျောက်
ကွယ်နေခဲ့တဲ့ လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်အခမ်းအနားကို ပြန်လည်မြင်တွေ့ခွင့်ရလာခဲ့ကြတယ်။
နှစ် ပေါင်းငါးဆယ်ကျော်မျှ ဒီမိုကရေစီချုပ်ငြိမ်းခဲ့ပြီး အသွင်အမျိုးမျိုးသော စစ်အာဏာသိမ်း
အစိုးရအဆက် ဆက်အောက်မှာ မြန်မာ့ဒီမိုကရေစီအစဉ်အလာ အခမ်းအနားပွဲသဘင်တွေလည်း ဆင်ယင်ကျင်းပနိုင်ခြင်း
မရှိခဲ့ပါ။ ယခုအခါ စစ်ယူနီဖောင်းချွတ်တွေက ဒီမိုကရေစီဝတ်ရုံကို ပြောင်းလဲခြုံလာပြီးဖြစ်တဲ့အလျောက်
ထုံးတမ်းအစဉ်အလာနဲ့အညီ ဒီမိုကရေစီသဘင်တွေကို ပြန်လည်တုပဆင်ယင်ကျင်းပလာခဲ့ကြပေပြီ။ သို့တိုင်
လူ့သက် တမ်းစာတစ်ခုစာမျှ ကြာညောင်းခဲ့ပြီဖြစ်တဲ့ အလျောက် ဗိုလ်ရှုသဘင်ရဲ့ အသွင်အပြင်နဲ့
အတွင်းသဘောတို့သည်ကား များစွာကွဲပြား ခြားနားနေတော့တယ်။ ၁၉၆၂ ခုနှစ်က ရန် ကုန်မြို့၊
ပြည်လမ်းမကြီးမှာ ဆင်ယင်ကျင်း ပခဲ့တဲ့ ဗိုလ်ရှုသဘင်အခမ်းအနားမှာ ယခု အခါ ငွေ ၃ ဘီလီယံကျော်မျှ
အကုန်အကျခံ ကာ တည်ဆောက်ခဲ့တဲ့ နေပြည်တော်သစ် ကြီးဆီသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တယ်။
အဲဒီတုန်း က ဗိုလ်ရှုသဘင်ဟာ ၁၉၄၇ ခု ဖွဲ့စည်းအုပ် ချုပ်ပုံအောက်မှာ ကျင်းပခဲ့ခြင်းဖြစ်ပေမယ့်လည်း
ယခု နေပြည်တော်သစ်ကြီးမှာကျင်းပတဲ့ ဗိုလ် ရှုသဘင်အခမ်းအနားမှာမူ စစ်ဘက်လမ်းညွှန် ခံ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရိပ် အာဝါသအောက်မှာကျင်းပခဲ့ကြခြင်းဖြစ်တယ်။ ဒါ့ပြင်
ယခင်က ဗိုလ်ရှုခံသမ္မတမှာ ကွယ်လွန် သူ မန်းဝင်းမောင်ဖြစ်ပြီး ယခုဗိုလ်ရှုခံသမ္မတ မှာ
ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဖြစ်နေ ပေတော့တယ်။ အဆိုပါဗိုလ်ရှုခံအခမ်းအနား မှာ
ဗိုလ်ရှုခံသမ္မတကြီး ဦးသိန်းစိန်က -
‘ဒီမိုကရေစီ အမြစ်တွယ်စေဖို့
-
ငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်ဆင့်ကနေ
နိုင် ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ဆိုတဲ့ အချက်တွေက ကျွန်တော်တို့ကျော်လွှားရမယ့်
စိန်ခေါ်မှုများပဲဖြစ်ပါတယ်’ လို့ မိန့်ခွန်းမြွက် ကြား သတိပေးသွားခဲ့တယ်။ ဒါ့ပြင်
ဗိုလ်ရှုခံ သမ္မတကြီးက ဆက်လက်ပြီး ယင်းသို့သော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်
လူမှုအဖွဲ့ အစည်းများအကြား ဖြစ်ပေါ်နေသည့် နိုင်ငံ ရေးအခြေအနေများအပေါ် မူတည်ပြီး အခြေခံ
ဥပဒေကို ပြင်သင့်သည်များကိုသာ ပြင်ဆင် ကြရမည်ဖြစ်သည်။ လက်ရှိပြုပြင်ပြောင်းလဲ ရေးသည်
သိမ်မွေ့နူးညံ့မှုရှိနေပြီး အရေးကြီး ဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါ
အခြေအနေများကြောင့် နိုင်ငံတော် အခြေအနေတည်ငြိမ်မှုနှင့် ပြည်သူတို့၏ အ သက်အိုးအိမ်
စည်းစိမ်ဥစ္စာများ၊ လုံခြုံရေးအ ပါအဝင် နိုင်ငံ၏အခြေအနေ တည်ငြိမ်စွာ ဖြစ်ထွန်းရန်လိုအပ်ပြီး
ပြည်တွင်းပဋိပက္ခများ၊ စစ်ပွဲများကြောင့် အတိဒုက္ခရောက်နေသည့် အခြေအနေများကို သင်ခန်းစာယူရန်
လိုအပ် လျက်ရှိသည်။ ယင်းသို့သော အတိတ်သင်ခန်း စာများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး
နောက် ကျမှုမရှိစေရန် အစိုးရနှင့် ပြည်သူများ ပူး ပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာ
နိုင်ငံသည် နိုင်ငံရေးပဋိပက္ခများနှင့် လက်နက် ကိုင်ပဋိပက္ခများကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေ
ရသည်လို့ သမ္မတဦးသိန်းစိန်က ကောက်ချက် ချ သင်ခန်းစာထုတ်ပြသွားခဲ့ပါတယ်။
လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်လို
အ ခမ်းအနားမျိုးမှာ ပြောတဲ့မိန့်ခွန်းဖြစ်တဲ့ အ လျောက် အရေးကြီးလေးနက်လိမ့်မယ်လို့
အ များက မျှော်လင့်ထားခဲ့ကြပေမယ့် တကယ်တော့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းဟာ ဒီနေ့မြန်မာ
နိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကြက် မွေးနဲ့သပ်ပြီး အပေါ်ယံနှမ်းဖြူးပြသလို ယေ
ဘုယျကျပြီး အလွန်ရေပေါ်ဆီ ဆန်လွန်းလှ ပါတယ်။ ဒီနေ့ မြန်မာ့ဒီမိုကရေစီရေးဟာ အ မြစ်တွယ်ဖို့နေနေသာသာ
မွေးကင်းစမှာတင် မြေလှန်အမြစ်ဖြုတ် ဆွဲနုတ်ခံရမယ့် အန္တရာယ် နဲ့ ရင်ဆိုင်နေရတဲ့ အနေအထားမျိုးပါ။
၂၀၀၈ အခြေခံဥပဒေကို မပြုပြင်နိုင်သေးဘဲနဲ့ မြန်မာ ပြည်မှာ ဒီမိုကရေစီအိပ်မက် မက်လို့မရသေး
ပါဘူး။ ဒီနေ့ အခြေခံဥပဒေပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်ဆိုတာကလည်း လွှတ်တော် ထဲမှာတင်
အရူးအိပ်မက်မက်နေရသလိုပါပဲ။
လွင့်မျောသွားသော
ဖွဲ့စည်းပုံ
၂၀၀၈ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးအ
ဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စတင်လိုက် လို့ လွှတ်တော်ကိုယ်စားလှယ် ၃၅ ယောက်
ပါတဲ့ ‘ဖွဲ့စည်းပုံပြင်ဆင်ရေး လေ့လာသုံးသပ် ရေးကော်မရှင်’ တစ်ရပ်ကို လွှတ်တော်က ဖွဲ့
စည်းပေးခဲ့ပါတယ်။ ဒီလို ကော်မရှင်ဖွဲ့ပေးရ တာကလည်း NLD နဲ့ ငြိမ်း/ပွင့်အဖွဲ့တို့ရဲ့
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုထောက်ခံလက် မှတ် ၅ သန်းခန့် ကောက်ခံရရှိလိုက်ခြင်းရဲ့ ဂယက်ရိုက်ခတ်မှုကြောင့်ပဲဖြစ်ပါတယ်။
ဒါပေမဲ့ လွှတ်တော်ကော်မတီထဲမှာလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် သဘောထားညှိနှိုင်းဆုံး
ဖြတ်လို့မရတဲ့အတွက် ပိုမိုကျယ်ပြန့်အောင် ဆိုပြီး လူတစ်ရာကျော်ပါဝင်တဲ့ ကော်မတီသစ်တစ်ရပ်
ထပ်မံဖွဲ့စည်းပေးလိုက်ပြန်ပါတယ်။ ဒီကော်မတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာမှာ
မတူကွဲပြားတဲ့ သဘောထား အချက်အလက်ပေါင်း ၂၁၀ အထိ ပါဝင်နေပါ တယ်။ ဒီကော်မတီဝင် ၁၄၀ ကျော်တို့ရဲ့
မတူ တဲ့သဘောထားတွေကို ပြည်ထာင်စုလွှတ် တော် ၁၂ ကြိမ်မြောက်အစည်းအဝေးမှာ ဆွေး နွေးဆုံးဖြတ်ကြပါလိမ့်မယ်။
ဒီအစီရင်ခံစာထဲ မှာ NLD က ပြင်ဆင်လိုတဲ့ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉ - စ တို့ကို တပ်မတော်သား
ကိုယ် စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။ ဒီ ပုဒ်မတွေ မပြင်ဆင်နိုင်ခဲ့ရင် တပ်မတော်ကို
သဘောမတူတဲ့ အခြေခံဥပဒေရဲ့ ဘယ်ပုဒ်မကို မှ လွှတ်တော်က ပြင်ဆင်လို့ရမှာ မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်လည်း
သမ္မတအဖြစ် ရွေးချယ်ခံပိုင်ခွင့်ရှိမှာမဟုတ်ပါဘူး။ ဒါ့အပြင် တပ်မတော်သားကိုယ်စားလှယ်တွေတင်ပြတဲ့
ပုဒ်မ ၂၃၂(က)မှာ ပုဒ်မခွဲ ၅ ခု ထပ်မံထည့် သွင်းရေးကို လွှတ်တော်က အတည်ပြုလိုက် ရင်
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ အဖြစ်သာမက ပြည်ထောင်စုဝန်ကြီးဖြစ်ဖို့ တောင် အရည်အချင်းပြည့်မီသူဖြစ်နိုင်ခြေ
မ ရှိတော့ပါဘူး။ ဒါ့ထက် ပိုဆိုးတာကတော့ တပ်မတော်က အဆိုပြုတဲ့ ပြဋ္ဌာန်းချက်အသစ် တွေထဲမှာ
ကာလုံအဖွဲ့အနေနဲ့ အရေးပေါ်အ ခြေအနေ အာဏာသိမ်းခွင့်တွေသာမက လွှတ် တော်ဖျက်သိမ်းခွင့်အထိပါ
ရယူဖို့ တောင်းဆို မှုတွေ ပါဝင်နေပါတယ်။ ဒီပြဋ္ဌာန်းချက်တွေ အသက်ဝင်လာရင် တပ်မတော်ကိုယ်စား
လှယ်အများစုပါဝင်တဲ့ ကာလုံရဲ့အခွင့်အာဏာ ဟာ လွှတ်တော်ထက် ပိုမိုမြင့်မားကြီးထွားပြီး
လွှတ်တော်ဖျက်သိမ်းခွင့်အာဏာကို ရရှိသွား ပါလိမ့်မယ်။ ခြုံကြည့်လိုက်ရင် တပ်မတော် ဟာ
၂၀၀၈ ဖွဲ့စည်းပုံကာကွယ်ရပ်ခံရေးသာမက ဒီမိုကရေစီရေးထက် အာဏာရှင်စနစ် ပိုမို အားကောင်းစေမယ့်
ဖွဲ့စည်းပုံဖြစ်ရေးကို ဦး တည်ကြိုးပမ်းလာတာ တွေ့ရပါတယ်။ တပ် မတော်ရဲ့ ဒီသဘောထားနဲ့
ရပ်ခံနေမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်လမ်းကြောင်း အတိုင်း ပြုပြင်ပြောင်းလဲရေးဟာ
မလွှဲမရှောင် သာစွာ နိုင်ငံရေးအကျပ်အတည်းတစ်ရပ်ဆီ ဦးတည်လျက်ရှိနေပါတယ်။ ဒီလိုနိုင်ငံရေးအ
ကျပ်အတည်းရဲ့ အရှိန်အဟုန်မြင့်မား ကြီး ထွားမလာစေရေးအတွက် ပြည်ထောင်စုလွှတ် တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းက ၂၀၁၅ ခုနှစ် အတွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းကို လွှတ်တော်တွင်းမှာ
ဆွေးနွေးဆုံးဖြတ်ပြီး ၂၀၁၆ ခုမှာ အသစ်ပေါ်ပေါက်လာမယ့် လွှတ်တော် က ဆက်လက်အကောင်အထည်ဖော်သွားစေ
လို့ စီရင်ချက်ချလိုက်ခြင်းဖြင့် နိုင်ငံရေးအကျပ် အတည်းကို အချိန်ရွှေ့ဆိုင်းလိုက်ခြင်းသာဖြစ်
ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၅ ခုနှစ်အ တွင်းမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်
ဆင်ရေး လှုပ်ရှားမှုတွေဟာ အကောင်အထည် ပေါ်လာစရာ အကြောင်းမရှိတော့ပါဘူး။ ၂၀၁၆ ခုနှစ်ဆီကို
တိမ်တွေလို လွင့်မျောသွားခဲ့ပါပြီ။
မှုန်ဝါးနေသော ငြိမ်းချမ်းရေး
တစ်ချိန်တည်းမှာ
ညီညွတ်သော တိုင်းရင်း သားများ ဖက်ဒရယ်ကောင်စီကလည်း “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
မပြင်ဆင်လျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုး ရတို့အကြား ဖော်ဆောင်ဖို့ကြိုးစားနေကြတဲ့
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့လမ်း မမြင်ပါဘူး“ လို ရှင်းလင်းစွာ သဘောထား
ထုတ်ပြန်လိုက်ပါတယ်။ တကယ်တော့ UNFC အဖွဲ့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်း ပြီး
ဖက်ဒရယ်ဖွဲ့စည်းပုံအသစ် ရေးဆွဲချင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးစေ့စပ်ဆွေး
နွေးပွဲတွေ ကျင်းပပြီး ပြဿနာတွေကို နိုင်ငံ ရေးအရ ဆွေးနွေးဖြေရှင်းလိုတဲ့ဆန္ဒကြောင့်
၂၀၀၈ ဖွဲ့စည်းပုံပြုပြင်ရေး ဦးတည်ချက်နဲ့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွေထဲမှာ ပါဝင်ခဲ့တာဖြစ်
ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်အကောင်အထည်ဖော်ဖို့ လမ်းမရှိတော့ ရင်
ငြိမ်းချမ်းရေးအောင်မြင်ဖို့လည်း လမ်းမ မြင်ဘူးလို့ ကောက်ချက်ချလိုက်တာပါပဲ။ ဒါ ဟာလည်း
ဖွဲ့စည်းပုံပြင်ဆင်အကောင်အထည် ဖော်ဖို့ လွှတ်တော်အနေနဲ့ အချိန်ရွှေ့လိုက်တဲ့ အတွက်
ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲနိုင် ငံရေးအကျပ်အတည်းကြီး တစ်ခုပါပဲ။
တကယ်တော့ အဓွန့်ရှည်တည်တံ့မယ့်
ငြိမ်းချမ်းရေးရရှိဖို့အတွက် ရေရှည် နိုင်ငံရေး စေ့စပ်ဆွေးနွေးပွဲတွေ ကျင်းပသွားဖို့လိုအပ်
ပေမယ့် ၂၀၁၄ ခုနှစ်မှာ အနိမ့်ဆုံးအားဖြင့် တစ် ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်
လက်မှတ်ရေးထိုးနိုင်စရာ အခြေအနေ ကောင်းတွေ အမှန်ပဲရှိခဲ့ပါတယ်။ ၂၀၁၄ ခု စက်တင်ဘာလက
မြစ်ကြီးနားဆွေးနွေးပွဲမှာ နှစ်ဦးနှစ်ဖက်အကြား ညှိနှိုင်းနေကြရတဲ့ အ ချက်အလက် ၁၂၀ ရှိတဲ့အနက်
အများပိုင်းကို ညှိနှိုင်းသဘောတူညီပြီးခဲ့ကြပါပြီ။ ဒါကြောင့် UPWC ဒုဥက္ကဋ္ဌဦးအောင်မင်းကိုယ်
တိုင်၂၀၁၄ ခုနှစ်မကုန်ဆုံးမီ တစ်ပြည်လုံးအပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးနိုင်လိမ့်မယ်
လို့ ယုံကြည်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲပြီး နောက် ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ
မှာ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ် မတော် ထူထောင်ရေးပြဿနာတွေ ဆွေးနွေး ညှိနှိုင်းကြလိမ့်မယ်လို့တောင်
ထုတ်ဖော်ပြော ဆိုခဲ့ပါသေးတယ်။
ဒါပေမဲ့ ဒီအတောအတွင်း
ကာချုပ်က UNFC အဖွဲ့ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ စွပ်စွဲအပြစ်တင်မှုတချို့ ပြောဆိုသတိပေးပြီး
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ မူ ၆ ချက်ဆိုတာကို ချမှတ်ပြီး
နောက် ဆွေးနွေးပွဲတွေမှာ တပ်မတော်ကိုယ် စားလှယ်တွေရဲ့ လေသံနဲ့ သဘောထားတွေ ထင်ရှားသိသာစွာ
ပြောင်းလဲလာခဲ့ပါတယ်။ အောက်တိုဘာလ တွေ့ဆုံပွဲမှာ တပ်မတော် သား ကိုယ်စားလှယ်တွေက ဖက်ဒရယ်ပြည်
ထောင်စု၊ ဖက်ဒရယ်တပ်မတော်ပြဿနာတွေ မဆွေးနွေးနိုင်ဘူးဆိုတဲ့ သဘောထားဖော်ပြ ပြီးနောက်မှာတော့
ဘာသဘောတူညီချက်မှ မရဘဲ ဆွေးနွေးပွဲ ပျက်သွားခဲ့ရပါတယ်။ ဒီဆွေးနွေးပွဲ ပျက်ပြားပြီးနောက်ပိုင်း
တစ်ဆက် တည်းဆိုသလို ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည် နယ်တစ်လျှောက်မှာ သေနတ်သံတွေပြန်လည်
ဆူညံစွာထွက်ပေါ်လာခဲ့ပြန်ပါတယ်။ နိုဝင်ဘာလနှောင်းပိုင်းမှာ တပ်မတော်ရဲ့ လက်နက် ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်
KIဗ ဗိုလ် သင်တန်းကျောင်းက ဗိုလ်လောင်း ၂၃ ဦးကျ ဆုံးပြီးနောက်မှာတော့ အလုံးစုံသော ယုံကြည်
မှုတွေ ပြိုကွဲသွားခဲ့ရပါပြီ။ ဒီအချိန်ကစပြီး တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်
လက်မှတ်ရေးထိုးရေးဟာ ၂၀၁၅ ခုနှစ်ထဲကို ပြောင်းရွှေ့သွားခဲ့ရပါပြီ။ ၂၀၁၅ ဖေဖော်ဝါရီလ
၁၂ ရက်နေ့မှာ စာချုပ်လက်မှတ်ရေးထိုးဖို့ မျှော်မှန်းထားခဲ့ကြပေမယ့် ဘာမှ သေချာရေရာ
မှုမရှိလှပါဘူး။ တပ်မတော်ဘက်က သဘော ထား ပျော့ပျောင်းစွာ ပြောင်းလဲလာမှုမရှိသမျှ ငြိမ်းချမ်းရေး
အလားအလာဟာ ဆက်လက် မှုန်ဝါးမှေးမှိန်နေဦးမှာပါ။ ဒါကြောင့် ငြိမ်းချမ်း ရေးပြဿနာဟာ ၂၀၁၅
ခုနှစ်မှာ သမ္မတဦး သိန်းစိန်အတွက် ကြီးမားတဲ့နိုင်ငံရေးအကျပ် အတည်းတစ်ရပ်အဖြစ် ဆက်ရှိနေဦးမှာပါ။
စိုးရိမ်ရေမှတ်
သမ္မတဦးသိန်းစိန်က
၂၀၁၅ ခုနှစ်ဟာ ပြုပြင်ပြောင်းလဲရေးအတွက် သိမ်မွေ့နူးညံ့ပြီး အရေးကြီးဆုံးအခြေအနေကို
ရောက်ရှိနေပြီ လို့ပြောလာရတာ အထက်မှာပြောခဲ့တဲ့ အ ထွေထွေအကျပ်အတည်းတွေကြောင့် ဖြစ်ပါ
တယ်။ ဒီအကျပ်အတည်းတွေကြောင့်လည်း ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ရှေ့မ တိုး
နောက်မဆုတ်သာဘဲ တန့်အီနေတာဖြစ် ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲရေးတွေ တန့် အီနေတာနဲ့အမျှ
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုစီးပွားရေးတင်းမာမှုတွေ အရှိန်မြင့်တက် လာနေတဲ့အတွက်
သမ္မတဦးသိန်းစိန်က သိမ် မွေ့နူးညံ့ပြီး အရေးကြီးတဲ့အခြေအနေလို့ သုံး သပ်ပုံရပါတယ်။
အခုအချိန်မှာ ဆန္ဒဖော်ထုတ် မှုနဲ့ သပိတ်မှောက်မှုတွေနဲ့အတူ လူမှုရေးမ တည်ငြိမ်မှုတွေက
ငယ်ထိပ်အထိ တက်နေ ကြပါပြီ။ လယ်ယာသိမ်းခံရတဲ့ လယ်သမားတွေ ရဲ့ ဆန္ဒပြပွဲတွေဟာ ရေရှည်ဖြစ်လာခဲ့သလို
ဖမ်းဆီးထောင်ချခံရတဲ့ လယ်သမားကလည်း ရာနဲ့ချီရှိနေကြပါပြီ။ မြို့ပြရှိ အိမ်ခြေယာမဲ့
ကျူးကျော်လိုသူတွေလည်း အာဏာပိုင်နဲ့ပူး ပေါင်းဖိနှိပ်နေတဲ့ ငွေရှင်မြေရှင်တွေလက်ချက်
နဲ့ ဘဝပျက်နေကြရပါပြီ။ အလုပ်သမားတွေ ရဲ့ လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြပွဲတွေက လည်း
အနှံ့အပြားဖြစ်လာနေပါပြီ။ ကျောင်း သားတွေကလည်း သူတို့ဆန္ဒမပါဘဲ ရေးဆွဲ ထားတဲ့ အမျိုးသားပညာရေးဥပဒေကို
အ ထက်တန်းကျောင်းကနေ တက္ကသိုလ်ကောလိပ် တွေအထိကန့်ကွက်ဆန္ဒပြနေကြပြီ။ နောက်ဆုံး လက်ပံတောင်းတောင်
အရေးအခင်းကို အာ ဏာပိုင်တွေ အင်အားသုံးဖြေရှင်းမှုကြောင့် သေနတ်ထိမှန်ကျဆုံးခဲ့ရတဲ့
ဒေါ်ခင်ဝင်းဈာပ နသည်ပင်လျှင် အမျိုးသားရေးနာကျင်မှုတစ် ရပ်အဖြစ် တစ်ပြည်လုံးက ရှုတ်ချကန့်ကွက်နေ
ကြချိန်ဖြစ်ပါတယ်။ ဒီအခြေအနေကြားမှာ ဘာသာရေးနဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာရင်
အမျိုးသားရေးပေါက်ကွဲမှု ကြီးအထိ ဖြစ်လာနိုင်ပါတယ်။
ဒီလိုနိုင်ငံရေးတင်းမာမှုနဲ့
လူမှုရေးပဋိပက္ခ တွေ တိုးပွားလာချိန်မှာ ဦးသိန်းစိန်ရဲ့ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ
မအောင်မြင်ဖြစ်လာတဲ့အခါ ဘဝပေါင်းစုံ အကျပ်အ တည်းနဲ့ ကြုံနေရပါတယ်။ ဒီအကျပ်အတည်း ကို
သမ္မတဦးသိန်းစိန်က လူမှုရေးမတည် ငြိမ်မှုတွေ ဖြစ်လာရင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရေးဟာ
မသေချာနိုင်ဘူးလို့ ခြိမ်းခြောက် သတိပေးလာတဲ့အခါ မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေးဟာ
မရေရာမသေချာမှုတွေ ပိုမိုတိုး ပွားလာခဲ့တယ်။ ဒီထဲမှာ ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌကလည်း
မဆီမဆိုင် နိုင်ငံရေး၊ လူမှုရေးပဋိပက္ခတွေများပြားပြီး လူမှုရေး မတည် ငြိမ်မှုတွေ တိုးပွားလာရင်
စစ်တပ်က အာဏာ သိမ်းနိုင်တယ်လို့ နှပ်ကြောင်းပေး၊ ခြိမ်းခြောက် လာပြန်တဲ့အခါ နိုင်ငံရေးအင်အားစုတွေနဲ့
ပြည် သူလူထုရဲ့ သံသယတွေက ကြီးထွားလာခဲ့ ပြန်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မြန်မာ နိုင်ငံ
နိုင်ငံရေးနဲ့ လူမှုရေးစီးပွားရေး ရေသေ အိုင်ကြီးဟာ စိုးရိမ်ရေမှတ်ရောက်နေပါပြီ။ အ
ချိန်မရွေး ပြိုကွဲလျှံကျသွားနိုင်ပါတယ်။
မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့
ပြဿနာတွေ နဲ့ပတ်သက်ပြီး ပြည်ပကရော ပြည်တွင်းက ပညာရှင်တွေက ထောက်ပြပြောဆိုကြရာမှာ ‘စိန်ခေါ်မှု’
ဆိုတဲ့ စကားလုံးကို ရေလဲသုံးတတ်ကြပါတယ်။ ‘စိန်ခေါ်မှု’ ဆိုတာ ရင်ဆိုင် ဖြေရှင်းကြရမယ့်
ပြဿနာတွေကို ရိုးရိုးလေး ထောက်ပြပြောဆိုကြတာပါ။ ဒီနေ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့
ပြဿနာတွေက သာမန်ကာ လျှံကာ ကျော်လွှားဖြေရှင်းနိုင်မယ့် ‘စိန်ခေါ်မှု’ တွေမဟုတ်တော့ပါဘူး။
‘စိန်ခေါ်မှု’ ဆိုတဲ့ အဆင့်ကို ကျော်လွန်ပြီး အကျပ်အတည်း (Crisis) တွေဆီ ဦးတည်နေပါပြီ။
‘အကျပ်အတည်း’ ဆိုတာက ဖြေရှင်းဖို့မလွယ်အောင် ခက်ခဲနက်နဲတဲ့ သေရေးရှင်ရေး အနေအထားပြဿနာပါ။
အကျပ်အတည်းတစ်ရပ်က လွန်မြောက်ကျော်လွှားဖို့ ကြီးကြီးမားမားအလှည့် ပြောင်းလုပ်ရတာချည်းပါ။
အဲဒီအလှည့်အ ပြောင်းဟာ ‘ဒီမိုကရေစီ’ ကို ဦးတည်သွားနိုင်သလို ‘အာဏာရှင်’ စနစ်ကို ဦးလှည့်သွားတာမျိုးလည်း
ဖြစ်နိုင်ပါတယ်။
The Ladies News
Journal
No comments:
Post a Comment