Twitter Bird Gadget

Monday, December 22, 2014

ကန်စွန်းရွက်သည် အမျိုးသားရေးသစ္စာဖောက်ဖြစ်၏


ကျွန်ုပ်ကဲ့သို့ စိတ်ဓာတ်ရေးရာ၌ သူမတူ အောင် မာကျောကြံ့ခိုင်ပြီး မတစ်ထောင် တစ် ကောင်ဘွား ယောက်ျားဇာနည်ဟုပင် တင် စားရလောက်သူ တစ်ဦးသည် အစားအသောက် အရာ၌ ဇီဇာကြောင်လှသည်ဟူသော အချက် ကို စာဖတ်သူတို့ သိရှိကြပါမူ လွန်စွာအံ့အား သင့်ဖွယ်ဖြစ်ပေလိမ့်မည်။ ထိုမျှမက ကျွန်ုပ် စွဲလမ်းနှစ်သက်သော အစားအစာ အမျိုးအ စားကို ထပ်မံသိရှိကြလျှင် မူကား ပြုံးစစ ဖြစ် ကြမည်မှာ မုချမချွတ် သေချာလှပေ၏။ အ ဘယ်ကြောင့် ဆိုသော် ဤဘဒ္ဒမြေပြင်တွင် ကျွန်ုပ်အစွဲလမ်းဆုံးအရာကား ကန်စွန်းရွက် ဟင်းလျာဖြစ်၍ ကန်စွန်းရွက်မပါလျှင် ထမင်း မျိုမကျသည် အထိ ဖြစ်လေ့ရှိသော ကန်စွန်း ရွက်ချစ်သူ ဖြစ်ခြင်းကြောင့်ပေတည်း။

ကျွန်ုပ်ကား ကန်စွန်းရွက်ပါဝင်သည့် မည် သည့်ဟင်းလျာကိုမဆို ကြိုက်နှစ်သက် သည် ချည်းဖြစ်ပါ၏။ ကန်စွန်းရွက်ကြော်၊ ကန်စွန်း ရွက်ချဉ်ရည်၊ ကန်စွန်းရွက် တို့စရာတို့အပြင် ယုတ်စွအဆုံး ကန်စွန်းရွက်သုပ်ပင် ပါဝင် ချေ၏။ ရေကန်စွန်း၊ ကုန်းကန်စွန်း၊ ရိုးနီကန် စွန်း၊ ရိုးပွကန်စွန်း၊ တောကန်စွန်း၊ မြို့ကန် စွန်း၊ မြန်မာ ကန်စွန်း၊ တရုတ်ကန်စွန်းသာမက ဥရောပအမေရိကန် ကန်စွန်းတိုင်အောင် ကန် စွန်းဆိုရင် လာခဲ့ဆိုသည့်အစားထဲက ဖြစ်ချေ သည်။

ပုထုဇဉ်ဟူသည် တဏှာမာနဒိဋ္ဌိတည်း ဟူသော အကြောင်းတရားတို့ကြောင့် အစွဲ တရားမကင်း ထင်ရာမြင်ရာ တပ်မက်တတ် ကြလေရာ ကန်စွန်းရွက်ကိုမှ ထူးခြားစွာ နှစ် ခြိုက်မိသည့် ကျွန်ုပ်၏ စရိုက်ကို အတူနေ တပည့်များ သိစကသော် အဘယ်ကြောင့် ထိုသို့စွဲလမ်းရကြောင်း သိလိုလွန်းလှသဖြင့် အကြိမ်ကြိမ် အထပ်ထပ် စပ်စုခဲ့သော်ငြား ကျွန်ုပ်အနေဖြင့် တစ်စုံတစ်ရာ တုံ့ပြန်ရှင်းလင်း မှုမပြုဘဲ ခပ်မဆိတ်သာနေခဲ့လေသည်။ စင် စစ်ကန်စွန်းရွက် စားသုံးခြင်း၏ ကောင်းကျိုး ကို အကျယ်တဝင့် ရှင်းပြခဲ့လျှင် အသိဉာဏ် နုံနဲ့လှသော တပည့်တို့အနေဖြင့် လက်ခံနား လည်နိုင်စရာ အကြောင်းမမြင်သောကြောင့် ဖြစ်၏။

(နှစ်)
ဆေးအဘိဓာန်ကျမ်းကြီးများ၌ -
ကန်စွန်းရွက်သည် ချိုငန်သော ရသရှိ ၏။ အေး၏။ နို့နှင့် သုက်ကို ပွားစေတတ် ၏။ ဝမ်းမီးကိုလည်း ဖြောင့်စေတတ်၏။ ရူးသွပ် သောအနာ သည်းခြေနှင့် ယှဉ်သော အနာတို့ ကို နိုင်၏။ ငန်းမန်းရှိသော အနာကို ဘူးရွက် များနှင့် ရောစပ် ၍ ရေစိမ်ပြီး အနာကိုဆွတ် လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင် ၏။ ရေ ၌ဖြစ်သော ပိုးတို့ကိုပယ်တတ်၏။ နူနာရောဂါ ၌ အကျိုးပြု၏။
ကာမစိတ်ကို ထက်သန်စေ၏။ လေသ လိပ်ကို ဖြစ်စေ၏။ ကန်စွန်းရွက် မှ ညှစ် ၍ရ သော အရည်(သတ္တုရည်)သည် မီးလောင်နာ၊ ရေငတ်၊ ဆီးနှင့် ပတ်သက်သော ရောဂါတို့ကို ပျောက်ကင်းစေ၏။ ရက်ချန်ဖျား သန္နိပါတ် ဖျားတို့ ၌ပေး ရ၏။ ဘိန်းနှင့်စိန် အဆိပ်တောက် များကိုလည်း ပြေစေ၏။ သွေး ဝမ်းရောဂါ ၌ အရွက်ကို ဟင်းချက်စားသော် သွေးဝမ်းကို ရပ်တန့်စေ၏။ အလွန်ပူလောင်ခြင်းကို ပျောက် စေ၏။ ၎င်းပြင် အန်ဆေး၊ ပိုး၊ ဝမ်းဗိုက်ရောင် အဖျား၊ ဝါသင့်နာ၊ ချောင်းဆိုး အသည်းနှင့် စပ်သော ရောဂါတို့၌လည်း အကျိုးပြု ၏။ ၎င်း၏အရိုးသည် ပူပန်သော အနာကိုငြိမ်းစေ ၏။ သည်းခြေကို မပွားစေ တတ်။ လေသက် လေကျ၍ လေရ၏ဟု ဆိုထား၏။

ထို့အတူ ရသ ဓာတုကျမ်း၊ နယရာသီ ကျမ်း၊ နယဩသဓကျမ်း၊ ဥတုရသာဆေး ကျမ်း၊ ဓာတုစိန္တာဆေးကျမ်းအစရှိသည့် ဆေးကျမ်း အစောင်စောင်တို့တွင် လည်းကောင်း၊ ကန် စွန်းရွက်၏ များမြောင်လှစွာသော အကျိုး အာနိသင် ကို ဖော်ပြထားပေရာ စာလေးအံ့ ထင်၍ ဤနေရာတွင် မဖော်ပြလိုတော့ပြီ။ (အကျယ်ကိုသိလိုပါမူ ၁၉၇၁ ခုနှစ်တွင် တ ကောင်းစာအုပ်တိုက်မှ ထုတ်ဝေသော နှစ်ပေါင်း ၂၀၀ ဆေးပညာစာအုပ် ခွေးဆောင်ကုထုံး ကျမ်းတွင် ရှုလေ)။ ခွေးဆောင်ဟူသည်ကား ရွာအမည်ဖြစ်၍ မန္တလေးတိုင်း၊ တံတားဦးမြို့ နယ်တွင် တည်ရှိသည်။ ခွေးဆောင်ကုထုံးကို ၎င်းရွာဇာတိ သမားတော်ကြီး ဦးမြတ်ထွန်းက ဆင်ဖြူရှင်မင်းတရားထံ ဆက်သွင်းခဲ့ဖူးသည် (ဤကားစကားချပ်)
သို့သော် ကျွန်ုပ်အနေဖြင့် ကန်စွန်းရွက်ကို စွဲလမ်းရခြင်းအကြောင်းရင်းခံကား ထိုထိုသော ဆေးကျမ်းကြီးတို့ကို ဖတ်ရှုနားလည် ဆင် ခြင်ခဲ့မိခြင်းကြောင့်မူကား မဟုတ်ပြန်ချေ။

(သုံး)
ကျွန်ုပ်ကန်စွန်းရွက် ခရေဇီဖြစ်ခဲ့ရခြင်းမှာ လွန်ခဲ့သော အနှစ်ငါးဆယ်ကျော် ကျွန်ုပ် တို့ မိသားစု ရန်ကုန်ခေါ် ရွှေဂုံမြို့ကြီးဆီသို့ စတင် ခြေချ ရောက် ရှိစ ကာလ မှ အစပြုခဲ့ခြင်းဖြစ် လေသည်။ တိတိကျကျဆိုရလျှင် ကျွန်ုပ် မွေးဖွား ချက်မြှုပ် ခဲ့ရာ မှိုက်ပင်ရွာ၊ အညာမြေ မှာ ကန်စွန်းရွက် မရှိလေ။ ရွှေဂုံမြို့ကြီး ဆီသို့ အရောက် ဖခင်ကြီးကိုယ်တိုင် စီမံချက်ပြုတ် လေသည့် ရန်ကုန်ဟင်းလျာ အမျိုးမျိုးတွင် တရုတ်ကန်စွန်းရွက် အရိုးပွပွကြီးအကြော်ကို ကျွန်ုပ် ပထမဆုံး အကြိမ် မြည်းစမ်းမိသောအ ခါ ဆွေမျိုးမေ့လုမတတ် စွဲမက်ဖွယ်အရသာ ထူးကြောင့် ကန်စွန်းရွက်ကို စတင်စုံမက်ခဲ့ ခြင်းဖြစ်ချေ၏။

ထိုမှသည် အချိန်တန် အရွယ်ရောက် လူလားမြောက်ခဲ့ပြန် ရာ ယောက်ျားကောင်း တို့ တတ်မြောက် အပ်သည့် အဋ္ဌာရဿ တစ် ဆယ့်ရှစ်ရပ် တွင် ပါဝင်သည့် ကေတုတည်းဟူ သော သံတမန် အတတ်ဖြင့် ပြည့် စုံသောကြောင့် အပေါင်းအသင်း ဝင်ဆံ့လာသောအခါတွင် လည်း ကာလူးတည်း ဟူသော ယမကာကို သောက်တတ်စားတတ်လာပြန်ရာ အဆိပ် ကို နိုင်သည့် ကန်စွန်းပလိန်းကြော်သည် မရှိမဖြစ် တွဲဖက်အပ်သော အမြည်းဘောဇနာ အဖြစ် ပါဝင်လာခဲ့ပြန်သည်။

ထို့သို့လျှင် နုပျိုစဉ်ဘဝက ညတိုင်း ရေ ချိန်များတတ်နေသော ကျွန်ုပ်သည် အသက် ဉာဏ်စောင့်ဟူသော ဆိုရိုးနှင့်အညီ ကန်စွန်း ရွက်ကို အစဉ်တစိုက် စားသုံးရာမှ မသိမသာ စွဲလမ်းလာခဲ့ရာ ယိုးဒယားပြည်၊ ဖူးခက်မြို့သို့ ရောက် ရှိခဲ့ချိန်တိုင်အောင် ဖြစ်၏။ သို့သော် ဖူးခက်မည်မှတ် ဤအရပ်ကား ကြက်ဝက် ငါး စသည်တို့ ပေါများလှသော်ငြား အသီးအရွက် ရှားပါးလှသော အရပ်ဖြစ်လေ ရာ ကန်စွန်းရွက် ကြော်သည် ဈေးနှုန်းမြင့် ဟင်းလျာစာရင်းဝင် လေသည်။ မှတ်သားဖွယ်ရာအဖြစ် ဖော်ပြရ ပါမူ၊ ဖူးခက်မြို့ရှိ ခေတ်မီဟိုတယ်တို့၌ ကန် စွန်းရွက်ကြော်တစ်ပွဲသည် ထိုင်းဘတ် ၁၅၀၊ မြန်မာငွေအားဖြင့် ကျပ်ငါးထောင်နီးပါး ကျ သင့်သည်ဟူ၏။

ကျွန်ုပ်ကား ယင်းအခက်အခဲ ကို ဖြေရှင်း ရန် တလစွတ်၊ တလနပ်စသော ဈေး တကာ တွင် ကန်စွန်းရွက်ကို ကိုယ်တိုင်ဝယ်ကာ အိမ် တွင် ကိုယ်တိုင်ချက်ပြုတ် သည့်နည်းဖြင့် ကျော် လွှားခဲ့ရာ အတူနေတပည့်တို့မှာ ကန်စွန်းရွက် ဟေ့ ဆိုလျှင် လေသံပင်မကြားချင် လောက် အောင်ရှိချေပြီ။ ဆြာသမားမို့သာ မလှန်ရဲ သည်ထင့်။ ရှေ့တွင်ရော ကွယ်ရာတွင်ပါ မကြားတကြား၊ မကျေ မချမ်း လေသံပစ်ကြ သည်ကား၊ နေနှင့်ဦးပေါ့ဗျာ။ ဒီလောက် ကန် စွန်းရွက် တန်းတန်းစွဲတဲ့ဘိုးတော်ကြီး ဗမာပြည် ပြန်ရောက်မှ ကန်စွန်းရွက်တွေချည်း အန် ထွက်အောင် ကြွေးလိုက်ဦးမယ်” ဟူချေသည် တစ်မုံ့။

(လေး)
လွန်ခဲ့သောရက်ပိုင်းကမူ ကျွန်ုပ်တို့ ဆြာ တပည့်တစ်သိုက်သည် ရန်ကုန်မြို့နေ အလွန် တရာ ခင်မင်ရင်းနှီးလှသော မိတ်ဆွေရင်းချာ တစ်ဦး၏ စရိတ်စိုက်ထုတ် ပင့်ဖိတ်မှုကြောင့် ကိုယ့်အရပ်ကိုယ့်ဌာနီ လွမ်းဆွတ်သတိရ နေ ကြသူများ ပီပီ ရွှေဂုံသို့အလည်အပတ် ရောက် ခဲ့ကြပါ၏။ လူကုံထံမိတ်ဆွေကား သူ၏ခမ်း နားကြီးကျယ်လှသော ကိုယ်ပိုင်တိုက်ကြီးတွင် တည်းခိုစေ လျက် ကောင်းပေ့ညွှန့်ပေ ဆိုသည့် အစားအသောက်မျိုးစုံနှင့် နေ့ညဉ့်မလပ် ဧည့်ခံ ပြုစုသော်ငြား၊ ကန်စွန်းရွက်ဟင်းလျာ မပါ သည်ဖြစ်၍ ကျွန်ုပ်မတင်းတိမ်လေ။

ကျွန်ုပ် - ကြံကြစမ်းပါဦး တပည့်တို့။ ဟင်း အမယ်တွေ စုံလှပေမင့်၊ ကန်စွန်းရွက် မပါလေ တော့ အာသာမပြေဘူးထင်မိတယ်။

ကပ္ပလီ - ဟာ၊ ဟုတ်သားပဲဆြာ။ တပည့် တို့လည်း ဆြာ့အကြိုက် ကို မေ့နေ ပါပကော။

လေမင်းသား - အပြင်စားသောက်ဆိုင် တစ်ဆိုင်ဆိုင် သွားကြစို့ဆြာ။ ဆြာ အန်ထွက် အောင် အဲ ... စိတ်တိုင်းကျ ကြိတ်နိုင် အောင် တပည့်တို့ဒကာ ခံပါ့မယ်။

ဖေကြည် - သုံးပွဲသာ တစ်ပြိုင်တည်းစား ပါဆြာ။ ဆြာရင်း တပည့်ရင်းတွေ ဘာမှ အား နာပါးနာ လုပ်နေစရာမလိုဘူးနော်။

တပည့်တို့ကား ဆြာသမားအား အရွဲ့တိုက် လက်စားချေလိုဟန်ရှိသော်လည်း ကျွန်ုပ်မှာ မူ ဖိုးကျိုင်းတုပ်ဖြစ်လျက် အူမြူးရ၏။

ထိုသို့ဖြင့် ကျွန်ုပ်တို့ ဆြာတပည့်သုံးယောက် သား ရန်ကင်းမြို့နယ်ရှိ ကိုခိုင်ကြီး စားသောက် ဆိုင်ဆီသို့ ချီတက်ကြပြီးသကာလ ချစ်လှ စွာသော တပည့်များ သည် ကျွန်ုပ်တစ်ဦးတည်း အတွက် ကန်စွန်းပလိန်းကြော် သုံးပွဲကို စေ တနာ ဗလပွဖြင့် တစ်ချီတည်း မှာယူလေ၏။ သင်းတို့ ကိုယ်တိုင်အတွက်မူ အယ်လ်ပိုင်း သောက်ရေသန့် တစ်ဘူးစီဖြင့် ကိစ္စငြိမ်းကြ သည်။ ဆယ်မိနစ် ခန့် စောင့်ဆိုင်းပြီး ကျွန်ုပ်တို့ ရှိရာ စားပွဲဆီသို့ ကန်စွန်းပလိန်းကြော် သုံးပွဲ ရောက် လာချိန်တွင်မူ လေးဦးသား တအံ့တဩ မျက်လုံးမျက်ဆန်ပြူးလျက် ဟိုက်ခနဲ အာ မေဋိတ်သံ တစ်ပြိုင်တည်း ထွက်မိကြသည်။

ကန်းစွန်းရွက်ကြော်တစ်ပွဲတွင် ပါဝင်သည့် ကန်စွန်းရွက် ပမာဏမှာ နှစ်ညွှန့်စာ ထက် မပို ချေ။ ဈေးနှုန်းကား ကြီးမြင့်လှသည်။ ဤပုံ မျိုးဖြင့်သာ ကျွန်ုပ် ကန်စွန်း ပလိန်းကြော် အဝ ကြိတ်ရလျှင် တပည့်ကျော်တို့ ဖူးခက်မြို့တွင် နှစ်ရှည် ကျွန်ခံ ရပေလိမ့်မည်။ အတန်ကြွယ်ဝ သော လူကုံထံစာရင်းဝင် ကျွန်ုပ်ပင်လျှင် စည်း စိမ်ပြုတ်လောက်ချေ၏။

နံကြားမျှ မကပ်လေသော ကန်စွန်းရွက် ကြော်သုံးပွဲကို အမြန်လက်စသိမ်း ၍ ကောင်တာတွင် ငွေရှင်းရင်း ဆိုင်ပိုင်ရှင်ဖြစ်ဟန်တူ သည့် ကိုမင်းဝေ အမည်ရှိ လူငယ်အား အ ကျိုးအကြောင်း မသိမသာ တီးခေါက်ကြည့်မိ ရာ ]ဆရာတို့ကြည့်ရတာ ဗမာပြည်မှာ နေကြ တာမဟုတ်ဘူးထင်ပါရဲ့။ ရန်ကုန်မှာ ကန်စွန်း ရွက်ဈေးတွေ ခေါင်ခိုက်နေပြီခင်ဗျ။ ဝယ်သူ နည်းမှာစိုးလို့ ဈေးတက်ပြီး မရောင်းပေမယ့် ပမာဏတော့ နည်းနည်း လျှော့ထည့်ရတယ်။ ဒါမှ ကိုက်တာလေ” ဟု အားတုံ့အားနာလေ သံဖြင့် ယဉ်ကျေးစွာ ရှင်းပြရှာသည်။
ဆြာတပည့်လေးဦးသား အသံတိတ် အ မြီးကုပ်လျက် ဆိုင်အတွင်းမှ ပြန်ထွက် လာကြ ချိန်တွင် ဗမာပြည်ကြီးနှင့် ရန်ကုန်မြို့ကြီး၏ အခြေအနေအရပ်ရပ်ကို စနည်းနာရန်အလို့ ငှာ လမ်းတွင်တွေ့မိသမျှ သူတို့အား တီး ခေါက် စုံစမ်းမေးမြန်း ရလေတော့သည်။

(ငါး)
ကျွန်ုပ်တို့ စုံစမ်းသိရှိရသမျှ ရန်ကုန်မြို့ တွင် ကန်စွန်းခင်းများ ဖျက်သိမ်းနေသော ကြောင့် ကန်စွန်းရွက်ဈေး ခုန်တက်ရခြင်းဖြစ် သည်ဟု ဆိုပါသည်။ စီမံကိန်းအချို့ကြောင့် ကန်စွန်းခင်းအချို့ကို ဖျက်သိမ်းနေပြီး ထပ်မံ ၍လည်း ဖျက်သိမ်းရန်ရှိသောကြောင့် ကန်စွန်း ခင်းရှားပါးလာကာ ကန်စွန်း ရွက် ဈေးနှုန်း မြင့်တက်လာကြောင်း သိရ၏။

ကန်စွန်းခင်းပိုင်ရှင်ဟောင်း ဦးမြင့်ရွှေ က မူ သုံးလအတွင်း ကန်စွန်းခင်း ဧကနှစ်ရာခန့် ဖျက်သိမ်းပေးခဲ့ရကြောင်း၊ မြောက်ဥက္ကလာပ တွင် ကန်စွန်းခင်း မရှိသလောက်ဖြစ်နေပြီး ကိုယ်ပိုင်မြေ မဟုတ်သည့်အတွက် ကိုယ့်ကန် စွန်းတွေ ကို ဖျက်ဆီးသွားခြင်းကို လက်ပိုက် ကြည့်နေခဲ့ရကြောင်း နာကြည်းကြေကွဲ စွာ ရင်ဖွင့်ရှာ၏။

ကန်စွန်းခင်းများ ရှားပါးလာသောကြောင့် ကန်စွန်းဈေးမှာလည်း ယခု သုံးလ အတွင်း သုံးဆခန့် မြင့်တက်လာခဲ့သည်။ ဈေးအချို့ တွင် သုံးစည်းလျှင် ကျပ် တစ်ထောင်နှုန်းရှိနေ ပြီး ယခင်က ဈေးငယ်များ၌ တစ်စည်းတစ်ရာ သာ ပေး ရသော်လည်း တဖြည်းဖြည်းဈေးတက် လာကာ ယခုအခါ တစ်စီးသုံးရာခန့်ဖြင့် ဝယ် ယူရသည်ဟု ရွှေပြည်သာနေ ဒေါ်အေးအေး ပွင့်ဆိုသူ အိမ်ရှင်မတစ်ဦးက ညည်းညူမြည် တမ်းသည်။

အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းရှိ ကန် စွန်းခင်းများကို ဖယ်ရှားရန် စီမံချက် ရှိသည့် အကြောင်း အရှေ့ပိုင်းခရိုင်လမ်းနှင့် တံတား အဖွဲ့မှ အင်ဂျင်နီယာ ဒေါ်ချိုချိုသန်းက ပြော သည်။

]ကန်စွန်းရွက် ဈေးကြီးလာတယ်ဆိုပေ မယ့် မတတ်နိုင်ဘူးလေ။ ကိုယ်လည်း ကန် စွန်းကြိုက်တာပဲ” ဟု ဒေါ်ချိုချိုသန်းက အား တင်းသံဖြင့် ဆိုသည်။
မြောက်ဥက္ကလာပနေ ဒေါ်ပူစူးမ၏ ကန် စွန်းရွက်အပေါ် သဘောထားမှာ မချိတင်ကဲ လေသံစွက်လျက်ရှိ၏။

]ကန်စွန်းရွက်က အခုသူဌေး စာဖြစ်နေ ပြီ။ တစ်စည်းတည်းနဲ့လည်း ဟင်းမဖြစ်ဘူး။ တစ်မိသားစုလုံးအတွက်ဆို သုံးစည်းလောက် မှ လောက်တာ။ ကန်စွန်းရွက်ဆိုတာ အခြေခံ အကျဆုံး အစားအစာလေ။ ကန်စွန်းရွက်မှ ဈေးတက်နေရင် ဘာသွားစားရမလဲ။ အသား၊ ငါးတွေကလည်း ဈေးတက်နေတာ”

(ခြောက်)

တို့တိုင်းဌာနီမြန်မာပြည်သည် အဘယ် စနစ်ကြီးဖြင့် ရှေ့ခရီး ဆက်နေကြ ပါသနည်း။ ကန်စွန်းရွက်သော်မျှ ဝဝလင်လင် မစားနိုင် လေ သည့် ခေတ် သစ်ကြီးဆီသို့ ရောက်နေ လေပြီတကား။ ကျွန်ုပ်၏ဘဝတွင် ကန်စွန်းရွက် ကိုဆက်၍ ယုံကြည်အားကိုးရန် မဖြစ်နိုင်တော့ ချေ။ ကန်စွန်းရွက်အပေါ် ထားရှိခဲ့သော သ ဘောထားကို ပြန်လည်ဆန်းစစ်ရန် လိုအပ် လာချေပြီ။ ကန်စွန်းရွက်ကား အခြေခံလူတန်း စားနှင့် ကင်းကွာခဲ့လေပြီဖြစ် ၍ နွယ် တစ်မျှင် မြက်တစ်ပင်လို သံယောဇဉ်ကိုဖြတ်မှသာ တော်ချေရော့မည်။

ကျွန်ုပ်တို့ ဆြာတပည့် တစ်သိုက်သည် မရောက်သည်မှာ အတော်ကြာပြီဖြစ်သော ရန်ကုန်မြို့ကြီးကို ဟိုဟိုဒီဒီ လျှောက်ကြည့် လမ်းသလားကြ ရင်း အပြန်ခရီးတွင် ငယ်ဘဝ အောက်မေ့ဖွယ်အဖြစ် ရန်ကုန်ဘူတာကြီးမှ သည် တည်းခိုသည့်အိမ်ရှိရာ ကမာရွတ် ဘူ တာဆီသို့ မြို့ပတ်ရထားစီးကာ ပြန်ခဲ့ကြ၏။ တစ်ဘူတာပြီး တစ်ဘူတာ ကျော်ဖြတ် လာပြီး နောက် လှည်းတန်းဘူတာကို လွန်မြောက် လေသော် ဟိုခေတ် ဟိုအခါကဆီက ကန်စွန်း ခင်းများဖြင့် ဖုံးလွှမ်းလျက်ရှိသည့် ဆင်မလိုက် သင်္ဘောကျင်းနှင့်မီးရထားလမ်းအကြား ဧရာမ မြေကွက်ကြီး တွင် ခေတ်မီ အိမ်ရာတို့ အစား ထိုး နေရာယူလျက်ရှိလေသည်။
ထိုကန်စွန်းခင်း နေရာဟောင်းကြီး ကို ငေး မျှော်ကြည့်ရှုနေမိသော ကျွန်ုပ်သည် တွေးရင်း တွေးရင်း ဝမ်းနည်းစိတ်ဝင်လာ၏။ ကန်စွန်းရွက် သာအမိ၊ ကန်စွန်းရွက်သာ အဖဟူ၍ ထင် မှတ်မှားခဲ့သော ကျွန်ုပ်၏ ဘဝအဖြစ် ကို တွေး တောရင်း နာကြည်း ကြေကွဲမိသည့်နည်းတူ၊ အမိမြန်မာပြည်ကြီး အတွက် ယူကျုံးမရဖြစ်ရ လျက် တဂျုံးဂျုံး ခုတ်မောင်းနေသော မြို့ ပတ် ရထား ပေါ်မှာပင် အိန္ဒြေမဆည်နိုင်ဘဲ ကြူ ကြူပါအောင် ရှိုက်ကြီးတငင် ငိုကြွေးမိလေ တော့၏။

ကန်စွန်းရွက်သည် အမျိုးသားရေးကိုသစ္စာ ဖောက်ခဲ့လေပြီတကား။

No comments:

Post a Comment