အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ်အကြီးကျယ် ဆုံး ပျံ့နှံ့နေသောကြောင့် ယင်းရောဂါပိုး နိုင်ငံတကာသို့ ပျံ့နှံလာနိုင်သည် ဆိုသော စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ အီဘိုလာဗိုင်းရပ်စ်ကို ကာကွယ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နှင့် အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC)တို့၏ လမ်းညွှန်ချက်များကို ဖော်ပြပေးလိုက်သည်။

ရောဂါလက္ခဏာများကို စောင့်ကြည့်ပါ
အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသည့် ရောဂါလက္ခဏာများတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်၊ ကြွက်သားများ ကိုက်ခဲနာကျင်ခြင်း၊ အားနည်းခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန် ခြင်း၊ ဗိုက်နာခြင်း၊ အစာစားချင် စိတ်မရှိခြင်းနှင့် တစ်ခါတစ်ရံတွင် သွေးထွက်ခြင်းတို့ ပါဝင်သည်။
ရောဂါကူးစက်ခံထားရသူ၏ ကိုယ်ခန္ဓာမှထွက်သော အရည်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်းကြောင့်(သို့မဟုတ်) ရောဂါကူးစက်ခံရသူအတွက် အသုံးပြုထားသည့် ဆေးထိုးအပ်များကဲ့သို့သော ပစ္စည်းများနှင့် ထိတွေ့မိခြင်းတို့ကြောင့် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရနိုင်သည်ဟု CDC ဒုတိယညွှန်ကြားရေးမှူး စတီဖန်မွန်ရိုးက ပြောသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရပြီး ရောဂါလက္ခဏာ မပြမီ အခြားသူတစ်ဦးထံ ရောဂါကူးစက်ခြင်း မရှိကြောင်း သိရသည်။

ကိုယ်ခန္ဓာမှ ထွက်သော အရည်များ
အီဘိုလာဗိုင်းရပ်စ်ပိုးသည် ချွဲ၊ သလိပ်၊ နှပ်၊ နှာရည်၊ သုက်၊ တွံတွေး၊ သွားရည်၊ ချွေး၊ အန်ဖတ်၊ မစင် (သို့မဟုတ်) သွေးမှတစ်ဆင့် ကူးစက်နိုင်သည်။
အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူ အများစုမှာ ရောဂါ ကူးစက်ခံထားရသည့် ရောဂါလက္ခဏာပြနေသူများကို ပြုစုပေးသူ၊ ၎င်းတို့နှင့်အတူ နေထိုင်သူများဖြစ်ကြောင်း မွန်ရိုးကပြောသည်။
ရောဂါပြန်ကောင်းလာသူများထံမှ ၎င်းတို့၏ သုက်ပိုးမှတစ်ဆင့် ပြန်ကောင်းပြီး သီတင်းခုနစ်ပတ်အထိ အခြားလူတစ်ဦးသို့ ကူးစက်နိုင်သေးကြောင်း WHO က သတိပေးထားသည်။
အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူများ၏ အလောင်းကို မထိမိပါစေနှင့်။
ယင်းရောဂါဖြင့် သေဆုံးသူများ၏ အသုဘအတွက် ပြင်ဆင်ပေးစဉ် (သို့မဟုတ်) မြှုပ်နှံစဉ်တွင် ရောဂါပိုးကူးစက်နိုင်သည်။
အီဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူများကို သေချာစွာ လုံခြုံစွာမြှုပ်နှံသင့်ကြောင်း WHO က အကြံပေးထားသည်။
ကျန်းမာရေးလုပ်သားများ လိုက်နာရန်
အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့နေသည့် ဒေသမှ လူနာများနှင့် ရောဂါ လက္ခဏာပြနေသူများကို လူအများနှင့် သီးခြားထားသင့်သည်ဟု CDC က ပြောသည်။
ကျန်းမာရေးလုပ်သားများအနေဖြင့် ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်ထားသင့်သည်။
မျက်နှာဖုံး၊ လက်အိတ်၊လက်ရှည် ဝတ်စုံတို့ ဝတ်ထားပြီးမှ လူနာများကို ကုသပေးသင့်သည်။
အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသည့်အချိန်မှ ရောဂါလက္ခဏာပြသည့် အချိန်အထိ အချိန် ၂၁ ရက်ကြာကြောင်း သိရသည်။
အသားစိမ်းများ ရှောင်ပါ
အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် တိရစ္ဆာန်များ၏ သွေး၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ (သို့မဟုတ်) ၎င်းတို့၏ ခန္ဓာကိုယ်မှထွက်သော အရည်များနှင့်အနီးကပ်ထိတွေ့ပြီးနောက် လူများရောဂါ ကူးစက်ခံရသည်။
အသီးစားလင်းနို့များမှာ အီဘိုလာဗိုင်းရပ်စ် သဘာဝ လက်ခံကောင်များ ဖြစ်သည်။
ဝက် (သို့မဟုတ်) မျောက်များသို့ အီဘိုလာဗိုင်းရပ်စ် ကူးစက်နေ သည်ဟု သံသယရှိပါက ယင်းနေရာကို ချက်ချင်းပိတ်ထားပြီး ရောဂါ ကူးစက်ခံထားရသည့် တိရစ္ဆာန်များကို သတ်ပစ်ပါ။ အသေကောင်ကို မြေမြှုပ်ရန် (သို့မဟုတ်) မီးရှို့ရန် သေချာစွာလုပ်ဆောင်ပါ။
လူ (သို့မဟုတ်) တိရစ္ဆာန်များအတွက် အီဘိုလာဗိုင်းရပ်စ် ကာကွယ်ဆေးမရှိပါ။


No comments:
Post a Comment