ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ ကြေညာချက်ထဲမှာ ဖော်ပြထားတာက ဇူလိုင် ၂၉ ရက် ပြည်သူ့လွှတ်တော်ထဲမှာ အချိုးကျကိုယ်စား ပြုစနစ် လို့ ခေါ်တဲ့ PR စနစ်နဲ့ ပတ်သက်ပြီး မဲခွဲတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အင်န်အယ်လ်ဒီ အမတ် တွေအနေနဲ့ ပုဇွန်တောင်အမတ် ဦးအောင်ဇင်တင်တဲ့ အဆိုကို ထောက်ခံခဲ့တာမဟုတ်ဘဲ ဥက္ကဋ္ဌ သူရဦး ရွှေမန်း ရှင်းလင်းတဲ့ အဆိုကိုသာ ထောက်ခံခဲ့ တာဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။ လွှတ်တော်ထဲ မဲ ခွဲပြီးတာ တောင်ကြေညာချက် ထုတ်ပြန်ရတဲ့အထိ၊ အမတ်တွေလက်မှတ်စုပြီး လွှတ်တော်ကို ပြန် တင်ရတဲ့ အထိ ဘာတွေရှုပ်ရှုပ်ယှက်ယှက် ဖြစ်ခဲ့ပါသလဲ၊ ဒီကနေ့ ဆွေးနွေး တင်ပြပါ့မယ်။

တကယ်တော့ ပြည်သူ့လွှတ်တော်ထဲမှာ လာမယ့် ရွေးကောက်ပွဲတွေအတွက် PR စနစ် ကျင့်သုံးပေးရေး အဆို စတင်ကတည်းက ရှုပ်ခဲ့တာပါ။ အင်န်ဒီအက်ဖ် ပုဇွန်တောင်အမတ် ဦးအောင်ဇင် ကနဦး တင်တာခု လိုပါ။“မြန်မာနိုင်ငံနှင့် လိုက်လျော ညီထွေမှုရှိမည့် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲကျင်းပမည့် စနစ်တစ်ခုကို ဖော်ဆောင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း” ဆိုပြီး ဖြစ်ပါတယ်။ အဆိုကို ရှင်းလင်းတဲ့အခါမှသာ နောက် ပိုင်းရွေးကောက်ပွဲတွေလုပ်ရင် ပြည်နယ်တွေမှာလက် ရှိကျင့်သုံးနေတဲ့ စနစ်အတိုင်းပဲလုပ်၊ တိုင်းဒေသကြီးတွေမှာ PR စနစ်လုပ်၊ အဲဒီအတွက် ကော်မရှင်တစ်ရပ် ဖွဲ့ပေးဆိုပြီး ပြောပါတယ်။ ဒီလိုနဲ့ လွှတ်တော်တွင်း ငြင်းခုံပွဲကြီးစခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်တွင်း အမတ် ၁၀ ယောက်ကျော်တင်ပြပြီးလို့ အရှိန်ရစပြုလာချိန် ဇူလိုင် ၂၈ မှာ ဦးအောင်ဇင် အဆိုပြောင်းလဲသွားပြန်ပါတယ်။ အစည်းအဝေးအစီအစဉ်မှာ ခုလို ပြောင်းလဲဖော်ပြထားပါတယ်။ “ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီစနစ်ကို ပိုမိုဖော်ဆောင်နိုင် သောအချိုးကျကိုယ်စားပြုစနစ်ကို အခြေခံသည့် ရွေးကောက်ပွဲနည်းလမ်းကို ပြည်သူ့လွှတ်တော်ရွေးချယ် တင်မြှောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ပေးရး”ပါ။ အဆိုမှာ PR ဆိုတာကို အပီအပြင် ထည့်သွင်းလိုက်ပါ တယ်။ ဒီလို အဆိုပြောင်းသွားတဲ့ကိစ္စ ဦးအောင်ဇင်ကလည်း ဘာမှမပြောသလို၊ အင်မတန် တိကျပါးနပ်ပါ တယ်ဆိုတဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ဘာမှမဟပါဘူး။ ဒါပေမဲ့ အင်န်အယ်လ်ဒီအမတ် ဒေါ်ခင်ဌေး ကြွယ်၊ ဒေါ်ခင်စန်းလှိုင်တို့က ထိထိရောက်ရောက် တားမြစ်ကန့်ကွက် စောဒကတက်ပါတယ်။
အဲလို စောဒကတက်မှုတွေဖြစ်လာတဲ့အခါ ဥက္ကဋ္ဌ သူရဦးရွှေမန်းတွင်တွင်ကြီးပြောတဲ့ စကားတစ်ခွန်းက တော့“အသံဖိုင်ပြန်ဖွင့်ပြပါ”ဆိုတဲ့စကားပါ။ အစည်းအဝေးအစီအစဉ်မှာ ဘယ်လိုပဲရေးထားထား အဆိုတင် တဲ့နေ့က ဦးအောင်ဇင်တင်ခဲ့တာကို အတည်ယူမယ်ဆိုတဲ့သဘောပါ။ သူရဦးရွှေမန်း အားလုံးကို မှတ်မိသိ ရှိနေပုံပေါ်ပါတယ်။ အသံဖိုင်ပြန်ဖွင့်တော့ ဦးအောင်ဇင်က အငြင်းပွားတဲ့အဆိုနှစ်ခုစလုံးကို သူ့ စကားထဲ ထည့်ပြောသွားတာ တွေ့ကြရပါ တယ်။ ဒီအတွက် သူရဦးရွှေမန်းက ဒုတိယအဆို အတည်ဖြစ်တယ် ဆုံး ဖြတ်လိုက်ပါတယ်။ ပြောရရင် လာမယ့်ရွေးကောက်ပွဲမှာ PR စနစ် ကျင့်သုံးဖို့ တင်ပြတဲ့အဆိုပါ။ အဲဒီလိုနဲ့ ဆက်ပြီး ငြင်းကြခုံကြပြန်ပါတယ်။ အဆိုက PR ဖြစ်တဲ့အတွက် PR နဲ့ပတ်သက်ပြီး ကျင့်သုံးသင့် မသင့် အပြင်းအထန် အကြီးအကျယ် တင်ပြကြတာပါ။
နောက်ဆုံး အဆုံးအဖြတ်ပေးမယ့် အချိန်ရောက်လာပါတယ်။ သူရဦးရွှေမန်း က အလွန့်အလွန်ရှည်လျား ယ တိပြတ် နားလည်ရခက်တဲ့ စကားတွေ ပြောပါတယ်။ သူပြောတာတွေထဲမှာ ဦးအောင်ဇင်တင်တဲ့ အဆို လည်းပါသလို၊ အဲသလို မဟုတ်ဘူး၊ လာမယ့် ရွေးကောက်ပွဲမှာ ဘာစနစ် ကျင့်သုံးမယ် မဆုံးဖြတ်သေးဘဲ တတ်သိနားလည်တဲ့ ပညာရှင်တွေပါတဲ့ ကော်မရှင်တစ်ရပ်ဖွဲ့၊ အဲဒီကော်မရှင်က တင်ပြတာကို လွှတ်တော် က ဆုံးဖြတ်စသဖြင့် ရောထွေးပြောဆိုပြီး မဲခွဲဖို့လုပ်ပါတယ်။ ပထမတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န် အယ်လ်ဒီအမတ်တွေ ကြောင်နေကြပါတယ်။ နောက်တော့ထပြီး မတ်တပ်ရပ် ကန့်ကွက်ပါတယ်။ ဒါပေမဲ့ မရှင်းတာကြောင့် ဒေါ်စုက မိုက်တောင်းပြီး ဦးရွှေမန်းကို မေးရပါတယ်။ ဘာကိုဆန္ဒမဲပေးရမလဲ၊ဦးအောင် ဇင်အဆိုလား၊ ဥက္ကဋ္ဌကြီး ပြောတဲ့ လေ့လာရေးကော်မရှင်ဖွဲ့ဖို့လား။
သူရဦးရွှေမန်းက နောက်တစ်ကြိမ် ရှည်လျားထွေပြားစွာ ရှင်းပြပြန်ပါတယ်။ ဒီတစ်ကြိမ် ခုလို စကားလုံး တောင်ပါလာပါတယ်။“PR စနစ်ကို အခြေခံ ပြီးတော့ ရွေးကောက်ပွဲ စနစ်ကို အခြေခံပြီးတော့ တိုင်းဒေသ ကြီးပြည်နယ်တွေမှာ ဆောင်ရွက်ပါဆိုတဲ့အဆိုဆိုရင် ကျွန်တော် လက်မခံနိုင် ပါဘူး”လို့တောင် ပြောပါတယ်။ ဒီလို နဲ့ သူရဦးရွှေမန်းဟာ နောက်ဆုံးတကာ့ နောက်ဆုံးစကားပြောပါတယ်။ အတိအကျ ကတော့“ဦး အောင်ဇင်ရဲ့ အဆိုနဲ့ပတ် သက်ပြီး မြန်မာနိုင်ငံနဲ့ သင့်လျော်တဲ့ရွေးကောက်ပွဲစနစ် ဆောင်ရွက်ဖို့အတွက် ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ဖို့ကို (လွှတ်တော်က သဘောတူပါသလား- သဘောတူ ပါတယ်။) (လွှတ် တော်က သဘောတူပါသလား- သဘောတူပါတယ်။) (လွှတ်တော်က သဘောတူပါသလား- သဘောတူပါ တယ်။) ဦးအောင်ဇင်ရဲ့အဆို အတည် ဖြစ်ကြောင်း ကြေညာပါတယ်”ဆိုပြီး ဖြစ်ပါတယ်။
နောက်ဆုံးအကြိမ်အထိ သူရဦးရွှေမန်းဟာ ဦးအောင်ဇင်တင်တဲ့ PR ကိစ္စလက်မခံဘူးလည်း တစ်ဖက်က ပြောပါတယ်။ အခြား တစ်ဖက်မှာတော့ ဦးအောင်ဇင်ရဲ့ အဆို အတည် ဖြစ်ကြောင်းလည်း ကြေညာ တယ်ဆို တော့ ဒေါ်အောင်ဆန်းစုကြည် အင်န်အယ်လ်ဒီနဲ့ ပြည်သူတွေ မရှင်းမရှင်း ဖြစ်ကြတာလည်း မဆန်းပါဘူး။ ဒါကြောင့် ကြေညာချက် ပြန်ထုတ်ရတာပါ။
အလားတူ နောက်တစ်နေ့ သတင်းစာ တွေမှာလည်း ဒီသတင်း တစ်စောင်တစ်မျိုး ဖော်ပြကြပါတယ်။ အင်န် အယ်လ်ဒီက ပြောသလိုပါပဲ။ သူတို့ဟာ ဦးအောင်ဇင်ရဲ့ PR အဆိုကို လက်မခံဘူး၊ ကန့်ကွက်တယ်၊ သူရဦး ရွှေမန်းပြောတဲ့ ကော်မရှင်ဖွဲ့မယ်ဆိုတာကို ထောက်ခံတယ်ဆိုတော့ အဆိုအသစ် တစ်ခုကို ထောက်ခံ လိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။ အဲဒီအဆိုသစ်ဘယ်က ရောက်လာတာပါလဲ။ မိုးပေါ်ကကျလာ တာတော့ မဟုတ်ပါဘူး။ ဦးအောင်ဇင်ရဲ့ အဆိုလည်း မဟုတ်ပါဘူး။ ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တီထွင်ဖန်တီးယူလိုက်တဲ့ အဆိုလို့ နားလည်ရပါတယ်။
တကယ်ဆို ဦးအောင်ဇင် အဆိုတင်တယ်ဆို အဲဒီအဆိုကို ဆွေးနွေးဆုံးဖြတ်လိုက်ရုံပါပဲ။ ဒါပေမဲ့ နဂိုက တည်းကမှ တိုင်းရင်းသားတွေ အပြင်းအထန် ကန့်ကွက်ထားတာ ရှိလေတော့ အင်န်အယ်လ်ဒီပါ ဆက်ပြီး ကန့်ကွက်မယ်၊ ဒါကိုလည်း လွှတ်တော်က အတည်ပြုလိုက်မယ်ဆိုရင် ဒီကိစ္စအရုပ်ဆိုး အကျည်းတန်မှုတစ်ခု ဖြစ်သွား နိုင်တယ်လို့ သူရဦးရွှေမန်းက ယူဆလိုက်ဟန်တူပါတယ်။ ဒီလို ရှေ့တိုးနောက်ဆုတ် ခက်နေတဲ့ အနေအထားမှာ သူ့ဘာသာသူ စကားလုံးတွေနဲ့ ကစားပြီး အဆိုသစ်တစ်ခုတင် အင်န်အယ်လ်ဒီအပါအဝင် လွှတ်တော်ရဲ့ ထောက်ခံမှုရယူလိုက်တဲ့ သဘောလို့ မှတ်ယူနိုင်ပါတယ်။ လွှတ်တော်မှာ ဥက္ကဋ္ဌတစ်ယောက် က အဲလိုအဆိုကို ကိုယ့်သဘောနဲ့ကိုယ် အပြောင်းအလဲလုပ်ပိုင်ခွင့် ရှိ မရှိ သူရဦးရွှေမန်း သိမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်ကလွှတ်တော်ထဲ ရေပန်းစားခဲ့တဲ့ သူရဦးရွှေမန်းရဲ့ စကားတစ်ခွန်းကိုပဲ ပြန်ပြောပါ ရစေ “ဥက္ကဋ္ဌကြီး အသံဖိုင် ပြန်ဖွင့်ပြပါ”။
>>>>>>>>>>>>>>>>>>>>>>>>>>>
No comments:
Post a Comment