ယခုရက်ပိုင်းအတွင်း ပြန်ကြားရေးနှင့် ကျန်းမာရေး ပြည်ထောင်စုဝန်ကြီးတို့ နှစ်ဦး ဆန္ဒအရ နုတ်ထွက်ခွင့်ပြုလိုက်သည်ဆိုသည့် သမ္မတရုံးက ထုတ်ပြန်ကြေညာလိုက်ရာ အစိုးရအဖွဲ့ဝင်များထဲမှ နောက်ဆုံး အနားပေးခဲ့သည့် ပြည်ထောင်စုဝန်ကြီး နှစ်ဦးဖြစ်ပြီး အစိုးရသက်တမ်း သုံးနှစ်ကျော်ကာလအတွင်း အနားယူသူ၊ နုတ်ထွက်ခွင့်ပြုသူ၊ တာဝန်မှ ရပ်စဲသူ ပြည်ထောင်စုဝန်ကြီး စုစုပေါင်း ရှစ်ဦးရှိသွားပြီဖြစ်သည်။
ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် မလိုက်နိုင်သည့် သူများကို ထားခဲ့မည့်အကြောင်းကိုလည်း တစ်ခုသော မိန့်ခွန်းတွင် ပြောခဲ့ဖူးသည်။ သို့ဆိုလျှင် အထက်က အနားယူ နုတ်ထွက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများသည် ပြုပြင်ပြောင်းလဲရေးကို မလိုက်နိုင်သူများပေလော။ သို့တည်းမဟုတ်အခြားသောမူဝါဒရေးရာ၊ နိုင်ငံရေးအကြောင်းကိစ္စများပေလော မည်သည့်အကြောင်းကြောင့်ဆိုသည်မှာ သဲသဲကွဲကွဲမရှိသည်ကို အစဉ်တွေ့မြင်နေကြရသည်။
အကယ်၍သာ ပြုပြင်ပြောင်းလဲရေး မလိုက်လိုသူများ မလိုက်နိုင်သူများကိုသာ တာဝန်မှ အနားပေးစတမ်းဆိုလျှင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအရေအတွက် အတော်များများပါဝင်မည်ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပြုပြင်ပြောင်းလဲရေး သွက်လက်စွာ လျှောက်လှမ်းနိုင်အောင် ပံ့ပိုးခြင်း ထောက်ပံ့ခြင်းမပြုသည့် ဝန်ကြီးဌာနများစွာ ရှိနေခြင်းကြောင့်ပင်ဖြစ်ပေသည်။
ဥပမာအားဖြင့် အသွင်ကူးပြောင်းနေသည့်ကာလတွင် လွတ်လပ်၍မျှတသည့် တရားစီရင်ရေးစနစ်သည် အလွန် အရေးကြီးပေသည်။ အလားတူ တရားဥပဒေစိုးမိုးရေးသည်လည်း အသက်တမျှ အရေးကြီးပေသည်။ သို့သော် ယင်းကိစ္စနှစ်ရပ်ကို ဖော်ဆောင်ရမည့် ပြည်ထဲရေးဝန်ကြီးဌာနသည် ထိရောက်သည့် လုပ်ဆောင်မှုများ မတွေ့ရပေ။ ခေတ်စနစ်နှင့် မကိုက်ညီသည့် ကိုလိုနီခေတ်ဥပဒေအချို့ကို ပယ်ဖျက်ပြင်ဆင်ဖို့ရာ လွှတ်တော်တွင် မေးမြန်းရာတွင် ယင်းဥပဒေများဘက်မှ ကာကွယ်ပြောကြားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ယခင် စနစ်ဟောင်း ဥပဒေလုပ်ထုံးလုပ်နည်းများဖြင့် သွားနေသည်မှာ ထင်ရှားပေသည်။ ယင်းသို့သော မပြောင်းလဲခြင်းကြောင့်၂၀၁၂ ခုနှစ် နောက်ပိုင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိရောက်မှုမရှိဘဲ အစိုးရအဖွဲ့ပေါ် လူထု၏ ယုံကြည်ကိုးစားမှုကို ဆုံးရှုံးခဲ့ရသည်ကို တွေ့ခဲ့ရသည်။
ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ကိုင်တွယ်ဆောင်ရွက်မှု နှောင့်နှေးခြင်းများ၊ မျှတမှုမရှိသည့် စီရင်မှုများက လူမှုအသိုက်အဝန်းများအကြား၊ အစိုးရနှင့် သတင်းမီဒီယာများအကြား မယုံကြည်မှုများ သံသယများ ထွက်ပေါ်လာစေခဲ့ပေသည်။ ဤသည်မှာ ပြောင်းလဲမှုနောက် ပါမလာသေးသည့် ဝန်ကြီးဋ္ဌာနအချို့နမူနာ အဖြစ်အပျက်များ ဖြစ်ပေသည်။
ထို့ကြောင့် အစိုးရသည် ပြည်ထောင်စုဝန်ကြီးအဆင့် နုတ်ထွက်ခြင်း၊ အနားယူစေခြင်းတို့သည် မည်သို့သော အကြောင်းကြောင့်ဖြစ်သည်ကို တာဝန်ခံမှုရှိစွာ ပြည်သူအများကို အသိပေးသင့်ပေသည်။ အစိုးရအဖွဲ့နှင့် ဝန်ကြီးအကြား မူဝါဒအားဖြင့် သဘောမတူကွဲပြားမှုကြောင့်ဖြစ်စေ၊ အခြားသော အကျိုးခံစားခွင့် အလွဲသုံးမှု၊ အာဏာအလွဲသုံးမှုကြောင့်ဖြစ်စေ အကြောင်းရင်းကိုမူ ပြည်သူလူထုက သိရှိသင့်ပေသည်။ ယင်းသို့ အသိပေးခြင်းကြောင့် တာဝန်ခံမှုရှိသည့် အစိုးရအပေါ် လူထု၏ ပူးပေါင်းပါဝင်မှုကို ရလာမည်ဖြစ်ပေသည်။
ယခင်ဆယ်စုနှစ် လေး၊ ငါးခုကြာအုပ်ချုပ်ခဲ့သည့် အစိုးရအဆက်ဆက် တာဝန်ခံမှုမရှိခြင်းကြောင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို ဆုံးရှုံးခဲ့ကြရသည်။ ဦးသိန်းစိန်အစိုးရသည် သက်တမ်းအစောပိုင်းက ဆက်သွယ်ရေးဝန်ကြီး၏ အနားယူစေသည့် ကိစ္စတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည်ဟုသာ ကြားသိရပြီးနောက်ပိုင်း မည်သို့ ဆက်လက် ဆောင်ရွက်သည်ကို မသိရတော့ဘဲ အဆုံးသတ်သွားသည့်အဖြစ်က အစိုးရအဖွဲ့ဝင်များအကြား မှားယွင်းသည့် သတင်းစကားကိုသာ ပေးနိုင်တော့သည့်သဘော သက်ရောက်ခဲ့ပေသည်။
ယခုလတ်တလောဖြစ်ရပ်များကို အထက်က ဆက်သွယ်ရေးဝန်ကြီး၏ ဖြစ်ရပ်နှင့် ခိုင်းနှိုင်းလိုခြင်း မဟုတ်ပေ။ သို့သော် ပြည်ထောင်စုအဆင့်ဝန်ကြီးများ နုတ်ထွက်ခြင်း၊ အနားယူစေခြင်း တာဝန်မှရပ်စဲခြင်းများကိုမူ မည်သည့်အကြောင်းကြောင့်ဆိုသည့် အချက်ကိုတော့ ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ပြည်သူကို အသိပေးသင့်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
No comments:
Post a Comment