Twitter Bird Gadget

Friday, April 25, 2014

*** ဘဝကောင်းတစ်ခု ရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ် ***

ဘဝကောင်းတစ်ခုရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ်လူ့ဘဝရယ်လို့ရလာပြီဆိုရင
ယေဘုယျအားဖြင့် အရေးကိစ္စ ငါးပါးနဲ့ မလွဲမသွေ ပတ်သက်ရပါမယ်။ လူ့တာဝန်အရေးငါးပါး လို့ဆိုရင်မမှားပါဘူး။ကျန်းမာရေး၊စီးပွားရေး၊အိမ်ထောင်ရေး ၊လူမှုရေးနဲ့ ပညာရေးတို့ပါပဲ။ ကျန်းမာရေးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ပါဏာတိပါတသိက္ခာပုဒ်လုံခြုံရပါတယ်။ပါဏတိပါတသမားတွေဟာ ဖြစ်လေရာဘဝ
တိုင်းအနာရောဂါများပြီးကျန်းမာရေးညံ့ဖျင်းတတ်ပါတယ်။စီးပွားရေးပြည့်စုံတဲ့သူ
တစ်ယောက်ဖြစ်ဖို့အတွက် အဒိန္နာဒါနသိက္ခာပုဒ်လုံခြုံရပါတယ်။

အဒိန္နဒါနသမားတွေဟာ ဖြစ်လေရာဘဝတိုင်းပစ္စည်းဥစ္စာချို့တဲ့ပြီးစီးပွားရေးနိမ့်ကျ

တတ်ပါတယ်။အိမ်ထောင်ရေးသာယာတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်ကာမေသုမိစ္ဆာစာရသ်ိက္ခာပုဒ်လုံခြုံရပါတယ်။ကာမေသုမိစ္ဆာစာရသမားတွေဟာ ဖြစ်လေရာဘဝတိုင်း

ပြဿနာရှုတ်ထွေးပြီး အိမ်ထောင်ရေးကံ ဆိုးတတ်ပါတယ်။

လူမှုရေးအဆင်ပြေတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်မုသာဝါဒသိက္ခာပုဒ်လုံခြုံရပါတယ်။မုသာဝါဒသမားတွေဟာ ဖြစ်လေရာဘဝတိုင်းလူအယုံအကြည်ကင်းမဲ့ပြီးလူမှုဆက်

ဆံရေးလွဲချော်တတ်ပါတယ်။ပညာရေးမြင့်မားတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်သုရာမေရယသိက္ခာပုဒ်လုံခြုံရပါတယ်။သုရာမေရယသမားတွေဟာ ဖြစ်လေရာဘဝတိုင်း အသိဉာဏ်ထုံထိုင်းပြီး ပညာရေးအောက်တန်းကျတတ်ပါတယ်။

လူ့တာဝန်အရေးငါးပါးလုံးမှာ အောက်ကျနောက်ကျမဖြစ်ပဲ အထက်တန်းကျကျ ၊ အဆင့်အတန်းမြင့်မြင့်ဖြစ်နေဖို့အတွက် ငါးပါးသီလ သိက္ခာပုဒ် ၅ ခုကို အဖြူစင်ဆုံး ၊ အသန့်ရှင်းဆုံးဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

လူရယ်လို့ဖြစ်လာတိုင်း ဘဝကောင်းတစ်ခုရပြီလို့ မဆိုနိုင်သေးပါဘူး။ ငါးပါးသီလ ဖောက်ဖျက်မှုရဲ့ အကျိုးဆက်တွေနဲ့ ထုဆစ်ထားတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ ဘဝကောင်းမဟုတ်သေးပါဘူး။ငါးပါးသီလ လုံခြုံမှုရဲ့ အကျိုးဆက်တွေနဲ့ ထုံမွှမ်းလွှမ်းခြုံနေတဲ့လူတစ်ယောက်ရဲ့ဘဝကိုသာအဖိုးတန်ဘဝကောင်းလို့ဆိုနိုင်ပါတယ်။

လူတစ်ယောက်ငါးပါးသီလတွေလုံခဲ့တယ်မလုံခဲ့ဘူးဆိုတာကိုသူ့ရဲ့အကျိုးပေးကိုကြည်

့ခြင်းအားဖြင့်သိနိုင်ပါတယ်။

ပါဏာတိပါတသိက္ခာပုဒ်မလုံခြုံတဲ့သူ၊ သူတပါးအသက်ကို သတ်ဖြတ်တဲ့သူဟာ ဖြစ်လေရာဘဝတိုင်းမျက်စိ၊နား၊နှာ၊အင်္ဂါ၊ခြေလက်ချို့ယွင်းတတ်ပါ

တယ်။ ရုပ်ဆင်းသွင်ပြင် စိုစိုပြည်ပြည် မရှိပဲ မွဲပြာခြောက်ညှိုးနေတတ်ပါတယ်။

အင်အားချို့ယွင်းပြီး အားနည်းနေတတ်ပါတယ်။လျင်မြန်ဖျတ်လတ်ခြင်းကင်းဝေးပြီး တုံ့နှေးတုံ့နှေးဖြစ်နေတတ်ပါတယ်။ဘေးရန်တစ်စုံတစ်ခုပေါ်ပေါက်လာရင်အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေတတ်ပါတယ်။

သူတစ်ပါးရဲ့ အသတ်အဖြတ်ခံရတတ်သလို ကိုယ့်ဘာသာကိုယ် အဆိပ်သောက် ၊ သေကြောင်းကြံစည်ပြီးလည်း သေရတတ်ပါတယ်။ အနာရောဂါ များတတ်ပါတယ်၊ အခြွေအရံပျက်စီးတတ်ပါတယ်။ အသက်တိုတတ်ပါတယ်။

အဒိန္နဒါနသိက္ခာပုဒ်မလုံခြုံတဲ့သူ၊ပိုင်ရှင်မပေးပဲသူတစ်ပါးပစ္စည်းကိုမတရားယူတဲ့သူဟာ ဖြစ်လေရာ ဘဝတိုင်း ပစ္စည်း ဥစ္စာမွဲတတ်ပါတယ်။ လူဆင်းရဲဖြစ်တတ်ပါတယ်။အငတ်ငတ် အပြတ်ပြတ် နေရတတ်ပါတယ်။ အလိုရှိတာမရပဲ ဖြစ်တတ်ပါတယ်။

လုပ်ငန်းမကျွမ်းကျင်ခြင်း ၊ သူတစ်ပါးလိမ်လည်ခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် စီးပွားဥစ္စာပျက်စီးတတ်ပါတယ်။ ရေ၊ မီး၊ သူခိုး ၊ အမွေခံသားသမီးဆိုး၊ မင်းဆိုးဆိုတဲ့ ရန်သူမျိုး ၅ပါးရဲ့ နှောက်ယှက်ဖျက်ဆီးမှုကြောင့် ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေ လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။

ကာမေသုမိစ္ဆာစာရပုဒ်မလုံခြုံတဲ့သူ၊မိမိကာမပိုင်မဟုတ်သူနဲ့ ဖောက်ပြန်ကျုးလွန်သူဟာ ဖြစ်လေရာဘဝတိုင်းမှာမလိုမုန်းထားသူပေါများတတ်ပါတယ်။ရန်သူလဲများတတ်ပါတယ်။လာဘ်လာဘရှားပါ တိတ်ဆိတ်တတ်ပါတယ်။ ချမ်းသာမှု ကင်းဆိတ်တတ်ပါတယ်။

မိန်းမဖြစ်ရတတ်ပါတယ်။မိန်းမမဟုတ် ၊ ယောကျင်္ားမဟုတ် ပဏ္ဍုပ် ( မိန်းမလျာ ၊ ယောကျ်ားလျာ) ဖြစ်ရတတ်ပါတယ်။ ယောကျင်္ားဖြစ်ပြန်ရင်လဲတည်ငြိမ်ရင့်ကျက်

မြင့်မြတ်တဲ့ ယောကျာင်္းကောင်းတစ်ယောက်မဖြစ်နိုင်ပါပဲ၊မိန်းမတစ်ယောက်လိုဟိုစပ်

စပ်ဒီစပ်စပ်နဲ့သူတစ်ပါးအပေါ်မကောင်းမြင် ပြစ်တင်ဝေဖန်တတ်လွန်းတဲ့ အထင်ကြီးစရာလုံးဝမကောင်းတဲ့ယုတ်ညံ့တဲ့အမျိုးသားတစ်ယောက်ပဲ ဖြစ်ရတတ်ပါ

တယ်။မျက်နှာပျက်ပြီးတော့အရှက်ကွဲရတတ်ပါတယ်။ရုပ်ဆင်းအင်္ဂါ လက္ခဏာ တို့ချို့ယွင်းသေးသိမ်တတ်ပါတယ်။စိုးရိမ်ကြောင့်ကြမှုအားကြီးတတ်ပါတယ်။ကိုယ်

ချစ်တဲ့သူတွေနဲ့ ခွဲခွါကွေကွင်းရတတ်ပါတယ်။

မုသာဝါဒသိက္ခာပုဒ်မလုံခြုံတဲ့သူ၊မဟုတ်မမှန်တဲ့စကားကိုလိမ်ညာလှည့်ပတ် ပြော

ဆိုတတ်တဲ့သူဟာ ဖြစ်လေရာဘဝတိုင်းစကားပီပီသသမပြောတတ်တဲ့သူဖြစ်ရပါတယ်။သွားတွေမညီမညွတ်ရှိတတ်ပါတယ်။ခံတွင်း ပါးစပ်ပုတ်ညှီတတ်ပါတယ်။

ကိုယ်အသားအရေ စိုစိုဖတ်ဖတ်မရှိပဲ ခြောက်ကပ်ပူရှိန်နေတတ်ပါတယ်။ပုံဟန်သွင်ပြင် မလှပပဲဆိုးဝါးဖောက်ပြန်ချို့ယွင်းနေတတ်ပါတယ်။သူတစ်ပါးအပေါ်သြဇာမရောက်၊အာဏာမတည်ဖြစ်တတ်ပါတယ်။နှုတ်ခမ်းထော်၊လျှာကြမ်းပြီးအပြောအဆိုသရမ်းတတ်ပါတယ်။စိတ်တည်ငြိမ်မှုလုံးဝမရှိပဲလျှပ်ပေါ်လော်လီပြီးအထင်ကြီးစရာကောင်းနိုင်တဲ့လူတစ်ယောက်ဘယ်တော့မှ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။

သုရာမေရယသိက္ခာပုဒ်မလုံခြုံတဲ ့သူ ၊သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘဝတိုင်းအရေးအခွင့်သင့်

မသင့်ကိုနားမလည်တတ်၊မသိတတ်ပါဘူး။ပျင်းရိတတ်ပါတယ်။အရူးအနှမ်းဖြစ်တတ်ပါတယ်။သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကိုမသိတတ်၊မဆပ်တတ်တော့ပါဘူး။ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်းတတ်ပါတယ်။ ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။

ငါးပါးသီလနဲ့ပတ်သက်တဲ့ ဆောင်ပုဒ်ကလေးငါးခုကိုနှုတ်တက်အလွတ်ရအောင်ကျက်ထားနိုင်ကြရင် အလွန်ကောင်းပါတယ်။

ပါဏာတိပါတ် ၊သူ့သက်သတ်က

ချို့တတ်အင်္ဂါ ၊ မွဲပြာရုပ်သွင်

အားအင်ချို့ယွင်း ၊လျင်ခြင်းလဲဝေး

ဘေးကိုကြောက်တတ် ၊ အသတ်ခံရာ

အနာများလျှက် ၊ခြွေရံပျက်၍

အသက်တိုလျ ၊ ပြစ်များစွာ့သည်

ရှောင်က အပြန်အကျိုးတည်း။

အဒိန္နဒါ ၊ ခိုးမိပါမူ

ဥစ္စာနည်းမွဲ ၊ ဆင်းရဲငတ်ဘိ

လိုရှိမရ ၊ ဘောဂပျက်စီး

ရေမီးသူခိုး ၊ မွေခံဆိုးနှင့်

မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့်

ပျက်ပြားဥစ္စာ ၊ ပြစ်များစွာသည်

ရှောင်ခါ အပြန်အကျိုးတည်း။

မိစ္ဆာစာရ ၊ ကျူးလွန်ကလည်း

မုန်းကြသူများ ၊ရန်သူပွား၍

ရှားပါးလာဘ်တိတ် ၊ ချမ်းသာဆိတ်၏

ဣတ္ထိပဏ္ဍုက် ၊မျိုးရုပ်ခါခါ

မျက်နှာမလှ ၊ အရှက်ရလျှက်

လက္ခဏဣန္ဒြေ ၊ယွင်းသွေချို့သိမ်

စိုးရိမ်များစွာ ၊ ချစ်သူကွာသည်

ရှောင်ခါ အပြန်အကျိုးတည်း။

မုသားစကား ၊ ပြောဆိုငြားမူ

စကားမပီ ၊ သွားမညီတည်း

ပုတ်ညှီပါးစပ် ၊ ခြောက်ကပ်ကိုယ်ရေ

ဣန္ဒြေနောက် ၊ ပုံယွင်းဖောက်၏

မရောက်သြဇာ ၊ နှုတ်လျှာကြမ်းထော်

လျှပ်ပေါ်လော်လီ ၊ စိတ်မတည်သည်

ရှောင်ပြီအပြန်အကျိုးတည်း။

သေရည်သောက်လင့် ၊သင့်မသင့်၌

ရေးခွင့်မသိ ၊ ပျင်းရိမေ့ရူး

ကျေးဇူးမဆပ် ၊ဟိရောတ္တပ်ကင်း

ခမင်းများထို ၊ အကုသိုလ်ကို

မငြိုလွယ်ရာ ၊ပြုကျင့်ရာသည်

ရှောင်ခါအပြန်အကျိုးတည်း။

ငါးပါးသီလနဲ့ပါတ်သက်တဲ့ဒီဆောင်ပုဒ်ငါးခုကိုနှုတ်တက်အလွတ်ရအောင်ကျက်ထားပါ။ဆောင်ပုဒ်မှာပါတဲ့ အကျိုးအပြစ်တွေကို တစ်ခုချင်း စဉ်းစားဆင်ခြင်ပါ။ငါးပါးသီလ မလုံခြုံခြင်းရဲ့အကျိုးဆက်တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့လူတစ်ယောက်ရဲ့ဘဝဟာ လူဖြစ်ရကျိုးမနပ်တဲ့ဘဝမျိုးဖြစ်လို့ အဲဒီလိုလူ့ဘဝမျိုး မရောက်ရလေအောင် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံအောင် ထိန်းသိမ်းစောင့် ရှောက်နိုင်ကြပါစေ။

အရှင်ဆန္ဒာဓိက ( လောက၌အကောင်းဆုံးသောအရာ)
                                            @@@@@@@@@@@@@@@

No comments:

Post a Comment