Twitter Bird Gadget

Sunday, March 15, 2020

စိတ်ထားကောင်းသူတို့ရဲ့ တာ၀န်



ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ နိယာမဟာ ရှည်လျားတဲ့ ဘ၀သံသရာအတွက်သာ မှန်လိမ့်မယ်။ တစ်ဘ၀ တခဏတာအတွက်တော့ အဲဒီ့နိယာမဟာ အကျုံးမ၀င်လောက်ဘူး။ ထို့အတူ သူတော်ကောင်း နတ်ကောင်းမတယ် ဆိုတာကလည်း ရှည်လျားတဲ့ ဘ၀သံသရာအတွက်သာ ဟုတ်လိမ့်မယ်။ တစ်ဘ၀ တခဏအတွက်တော့ မှန်ချင်မှ မှန်လိမ့်မယ်။ တရားကို နတ်စောင့်တယ် ဆိုတာလည်း ထို့အတူပဲ ရှည်လျားတဲ့ ဘ၀သံသရာနဲ့သာ သက်ဆိုင်လိမ့်မယ်၊ တစ်ဘ၀ တခဏအတွက်တော့ သက်ဆိုင်လိမ့်မယ် မထင်ဘူး။

စိတ်နေစိတ်ထားမြင့်မြတ်ခြင်းနဲ့ ရာထူး အာဏာ ရှိခြင်းတို့အကြားမှာ တရားနည်းလမ်းကျတဲ့ ဆက်သွယ်ချက် မရှိဘူး။ စိတ်ထား ယုတ်ညံ့ပေမယ့် ရာထူး အာဏာ ရှိသူဖြစ်နိုင်တယ်။ စိတ်ထား သေးသိမ်ပေမယ့် ပညာတတ်ကြီး ဖြစ်နိုင်တယ်။ စိတ်ထား ယုတ်နိမ့်ပေမယ့် ကြွယ်၀ချမ်းသာသူကြီး ဖြစ်နိုင်တယ်။ ထို့အတူပဲ စိတ်ထားမြင့်မြတ်တဲ့ သူတော်ကောင်းဟာလည်း ဆင်းရဲ နွမ်းပါးသူ၊ သြဇာအာဏာ မဲ့သူ၊ ဘွဲ့ထူးဂုဏ်ထူး ကင်းသူ၊ ရာထူး မရှိသူလည်း ဖြစ်နိုင်တယ်။ 


ပိုပြီး ဆိုးတာက၊ စိတ်ထားမြင့်မြတ်တဲ့ တိုင်းသူပြည်သားတွေဟာ စိတ်ထား သေးသိမ် ယုတ်ညံ့တဲ့ အုပ်စိုးသူတွေရဲ့ လက်အောက် ကျရောက်သွားနိုင်ခြင်းပဲ။ လူယုတ်မာ၊ လူညံ့လူဖျင်း လူ့အောက်တန်းစားတွေလက်ထဲ နိုင်ငံတော့်အာဏာ (အထူးသဖြင့် စစ်ရေးအာဏာ) ကျရောက်သွားခြင်းဟာ တစ်တိုင်းပြည်လုံးအတွက်၊ တိုင်းသူပြည်သားအားလုံး အတွက် အကြီးမားဆုံး ဆုံးရှုံးမှုတွေထဲက တန်ဖိုးအကြီးဆုံး ဆုံးရှုံးမှုကြီးတစ်ရပ်ပဲ။ တိုင်းသူပြည်သားအားလုံး နှစ်ပေါင်းများစွာ ဒုက္ခခံကြရမယ့် ကံဆိုးမိုးမှောင် ကျရောက်သွားခြင်းပဲ။ နိုင်ငံရေးနဲ့ စစ်ရေးအာဏာ ဆုံးရှုံးသွားရင် ပြန်လည်ရယူနိုင်ဖို့ အင်မတန် ခက်ခဲတယ်။ နှစ်ပေါင်းများစွာ၊ အသက်ပေါင်း၊ သွေးပေါင်းများစွာ၊ ဘဝပေါင်းများစွာ အဆုံးရှုံးခံပြီး ပြန်လည်ရယူဖို့ ကြိုးစားပေမယ့် အောင်မြင်ဖို့ အလွယ်ကူဘူး။

ဒါကြောင့် လူယုတ်မာ၊ လူညံ့လူဖျင်း၊ လူ့အောက်တန်းစားတွေလက်ထဲ တိုင်းပြည်ရဲ့ အချုပ်အခြာနဲ့ “စစ်ရေး”အာဏာ မကျရောက် သွားရအောင် အစွမ်းကုန် ကာကွယ် စောင့်ရှောက်ကြရမယ်။ ဒါ့အပြင် စိတ်ကောင်းရှိသူ၊ စိတ်ထားမြင့်မြတ်သူ၊ ရိုးသားဖြူစင်သူတွေဟာ နိုင်ငံရေး (အထူးသဖြင့် စစ်ရေး) အာဏာရရှိအောင် ကြိုးစားကြရမယ်။ 

စိတ်ကောင်းရှိပေမယ့်၊ စိတ်ထား မြင့်မြတ်ပေမယ့်၊ အကျင့်သီလနဲ့ ပြည်စုံပေမယ့်၊ အာဏာ မလိုချင်ခြင်း၊ နိုင်ငံရေးနဲ့စစ်ရေး အာဏာရရှိဖို့ စိတ်မ၀င်စားခြင်း မတပ်မက်ခြင်း (ဆိုတဲ့ ကောင်းမွန်တဲ့ စိတ်သဘောထားနဲ့) နိုင်ငံရေးနဲ့ စစ်ရေးအာဏာကို ရဖို့ မကြိုးစားခြင်း၊ အားမထုတ်ခြင်းဟာ လူယုတ်မာတွေ၊ ကိုယ်ကျိုးရှာ တကိုယ်ကောင်းသမားတွေကို အခွင့်အရေးပေးတဲ့ သဘောဖြစ်စေပြီး တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေကို မငဲ့ညှာ မထောက်ထားခြင်း သဘောလည်း သက်ရောက်တယ်။

တိုင်းပြည်နဲ့ လူမျိုးကို ဘယ်လောက် ချစ်မြတ်နိုးပေမယ့်၊ ဘယ်လောက် အလုပ်အကျွေးပြု ကာကွယ် တည်ဆောက်ပေးချင်ပေမယ့်၊ နိုင်ငံရေးအာဏာ (အထူးသဖြင့် စစ်ရေးအာဏာ)မရှိသူဟာ တိုင်းပြည်အတွက် သိပ်အသုံးမ၀င်တဲ့သူ၊ တိုင်းပြည်နဲ့လူမျိုးကို မကာကွယ် မစောင့်ရှောက်နိုင်သူပဲ။ အဲဒီ့လို မျိုးချစ်သူရဲကောင်းမျိုးကို “လက်နက်မဲ့ တမန်တော်” (unarmed prophet)လို့ မာခီယာဗဲလီ (Machiavelli)က ခေါ်တယ်။ 

နိုင်ငံရေး၊ စစ်ရေးအာဏာရမှ တိုင်းပြည်ရဲ့ အကျိုး၊ တိုင်းရင်းသားအားလုံး၊ တိုင်းသူပြည်သားအားလုံးရဲ့ အကျိုးနဲ့၊ ဘာသာ သာသနာရဲ့ အကျိုးကို ဆောင်ရွက်နိုင်မှာ ဖြစ်တာမို့ အာဏာရအောင် ကြိုးစားနေသူတွေကို အထင်မလွဲရဘူး၊ အထင်မသေးရဘူး၊ မလှောင်ရဘူး၊ မထားဆီး၊ မပိတ်ပင်ရဘူး။ အဲဒီ့လို တားဆီး ပိတ်ပင်ခြင်းဟာ ပညာမဲ့ရာရောက်တယ်။ အမြှော်အမြင် နည်းရာရောက်တယ်။ တိုင်းပြည်နဲ့ လူမျိုးကို သစ္စာဖောက်ရာ ရောက်တယ်။

ဒါ့အပြင် နိုင်ငံကို ချစ်သူတိုင်း၊ တိုင်းပြည်ကို ချစ်သူတိုင်း၊ ပြည်သူလူထုကို ချစ်သူတိုင်း၊ ဘာသာသာသနာကို ချစ်မြတ်နိုးသူတိုင်းဟာ ပထမအဆင့်အနေနဲ့ ကိုယ်ကိုယ်တိုင် စိတ်ကောင်း နှလုံးကောင်းရှိအောင်၊ စိတ်ထား မြင့်မြတ်အောင် ကြိုးစားကြရမယ်။ ထို့နောက် ဒုတိယအဆင့်အနေနဲ့ နိုင်ငံတော်နဲ့ စစ်ရေး အာဏာရအောင် အစွမ်းကုန်ကြိုးစား အားထုတ်ကြရမယ်။ 

ဒါ့အပြင် အခြား စိတ်ကောင်း နှလုံးကောင်း ရှိသူတွေ၊ စိတ်ထားမြင့်မြတ်ပြီး အကျင့်သီလ ဖြူစင်သူတွေကိုလည်း နိုင်ငံရေးနဲ့ စစ်ရေး အာဏာကို လိုချင်လာအောင်နဲ့ တကယ်လည်း နိုင်ငံတော် နဲ့ စစ်ရေးအာဏာရလာကြအောင်၊ လှုံ့ဆော် စည်းရုံးကြရမယ်၊ ကူညီပံ့ပိုးကြရမယ်။ ဒီလိုလုပ်ခြင်း၊ ကြိုးစားခြင်း၊ အားထုတ်ခြင်းဟာ တိုင်းပြည်ကို မှန်ကန်စွာ ချစ်ခြင်းပဲ၊ တိုင်းသူပြည်သားတွေကို မှန်ကန်စွာ ချစ်ခြင်းပဲ၊ ဘာသာသာသနာကို မှန်ကန်စွာ ချစ်မြတ်နိုးခြင်းပဲ။

မျိုးနိုင် 
(လွန်ခဲ့တဲ့ ၃ နှစ်၊ မတ်လ ၈ ရက်၊ ၂၀၁၇၊ ဗုဒ္ဓဟူးနေ့၊ ညက ရေးဖြစ်တဲ့စာ)

No comments:

Post a Comment