(၁)
ဗမာပြည်မှာရေကြည်အိုင်ခေတ်ပျက်သုဉ်းပြီးနောက်ပိုင်းမှာ အပေါဆုံးကတော့ နိုင်ငံရေးအကြံပေးတွေပါဘဲ၊ တစ်ခါတစ်လေ ကျနော်တောင်ပါသေးရဲ့။ ရဟန်းရှင်လူအတော်များများဟာ နားပေါက်ထဲမီးခြစ်ဆံရိုက်ထည့်၊ မော်တော်ဆိုင်ကယ်စီး၊ ရေစပ်စပ်အခန်းထဲပစ်ထား၊ အိပ်ပျော်စအကြိမ်များစွာမှာခေါ်ယူစစ်ဆေး၊ အပျော့အမာပုံစံနှစ်မျိုးနဲ့မေးမြန်း၊ ရေငတ်ရင်မြောင်းရေခပ်တိုက်၊ ထိပ်ကွက်ပြီးရေစက်ချ၊ နံကြားတွေထဲလက်သီးနဲ့ထိုး၊ ခေါင်းကိုရာဘာနံပါတ်ဒုတ်နဲ့အချက်များစွာရိုက်၊ ဆေးလိပ်မီးနဲ့တို့ အစရှိတဲ့ စစ်ကြောရေးရဲ့စိတ်ပိုင်းရုပ်ပိုင်းနာကျင်အောင်လုပ်တဲ့လုပ်ရပ်များကိုမခံစားရဘူးဆိုတာသိတဲ့အခါ၊ မခံစားရဖူးကြတဲ့အခါမှာ သတ္တိပိုကောင်းလာကြပါတယ်။ အဲဒီအခါမှာ အတော်များများဟာအလိုအလျောက် အော်တိုဆပ်ဂျက်ရှင်း (autosuggestion) မဟုတ်တဲ့ "အော်တိုအက်တီးဗစ် auto-activist တွေ" ဖြစ်သွားလိုက်တာမှာ
- သူရဦးတင်ဦးတောင်သူတို့လောက်ဗျတ္တိမကောင်း
- အဘဦးဝင်တင်တောင်သူတို့လောက်နိုင်ငံရေးသီလမလုံ
- (ကို) မင်းကိုနိုင်တောင်သူတို့လောက်မမာကျော
- ဒေါ်အောင်ဆန်းစုကြည်တောင်သူတို့လောက်မမျှော်မြင်တတ်
ဆိုတဲ့အနေအထားနီးပါးပါဘဲ။
(၂)
နိုင်ငံရေးဟာ နိုင်ငံသားအားလုံးနဲ့သက်ဆိုင်တာမို့ နိုင်ငံသားများ နိုင်ငံရေးမှာပါဝင်မှုဟာဝမ်းမြောက်စရာကောင်းပေမယ့် နေရာတကာမှာ "ဝင်ပါ" ခြင်းကတော့အခါခပ်သိမ်းအလုပ်ဖြစ်လိမ့်မှာမဟုတ်နိုင်ပါ။ အက်တီးဗစ်တွေဟာ မြေပြင်၊ အွန်လိုင်း နှစ်နေရာလုံးမှာပေါများပါတယ်။ ဒါပေမယ့် မိမိကျွမ်းကျင်ရာနယ်ပယ်ကို ပကတိအရှိတရားနဲ့နှိုင်းယှဉ်သုံးသပ်တင်ပြဆွေးနွေးသူကတော့ရှိတော့ရှိ သို့သော်ရှားပါတယ်။ အတော်များများက အီမိုတွေဖြစ်ကြပြီး တစ်ဘက်ကိုကပ်၊ အခြားတစ်ဘက်ကိုသတ် ဆိုတဲ့အနေအထားမျှသာဖြစ်ပါတယ်။ ရက်စက်ယုတ်မာလှတဲ့ စစ်အာဏာရှင်စံနစ်ရဲ့တစ္ဆေဟာမဝေးလှတဲ့အတိတ်ဆီလှမ်းကြည့်ရင်မြင်နိုင်သေးတာမို့ ကာဗွန်ကနေစိန်ဖြစ်သွားသလိုမျိုးတင်စားပြောဆိုလို့ရနိုင်တဲ့ ရာစုနှစ်ရှာမှရှားမိမိခေါင်းဆောင်ကို လေးစားကိုးကွယ်စိတ်ကနေ ပေါ်လာတဲ့အီမိုကိုတော့ ကာလအပိုင်းအခြားတစ်ခုထိတိုင်အောင် နားလည်လက်ခံပေးလို့ ရနိုင်ပါသေးတယ်။ ဒါလည်းရသေးတယ်ဆိုတဲ့သဘောပေါ့လေ။
(၃)
ပြဿနာကတော့ ၂၁ရာစုဗမာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နောက်လိုက်သောနိုင်ငံရေးဟာ အတိုင်းအတာတစ်ရပ်အထိသမဏိရှည်နေလိမ့်မယ်ဆိုတာကိုမသိ၊ သို့တည်းမဟုတ်လက်မခံချင်တာကြောင့် "နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်" ရဲ့ အနီးကပ်အကြံပေး၊ အဲဒီကတစ်ဆင့်တက်ပြီး ဥပစ္ဇျာယ်၊ ခေါင်းကိုင်ဖြစ်ချင်လာသူတွေ ထိုးထိုးထောင်ထောင်ပေါ်ထွက်လာခြင်းပါဘဲ။ အမြစ်ရှိသောမြေဟာအရင်းကိုစစ်ရန်အကောင်းဆုံးချက်ဖွေဘူမိဖြစ်တာနဲ့အညီ ကာယကံရှင် စဆရကတွေရဲ့ဖြတ်သန်းမှုကိုကောက်စစ်လိုက်တော့
- သမိုင်းဗလာ
- သီလနတ္ထိ
- ခံယူချက်ပန်းပြားပင်
- အရင်းအနှီးမရှိ ဆိုတာတွေသာရှာဖွေတွေ့ရှိရတော့တာပါဘဲ။
(၄)
အချို့ကတော့ အိမ်ထဲထည့်ပိတ်ခံထားရတဲ့အမျိုးသမီးကြီးဟာ တိုင်းပြည်အတွက်ဘာများလုပ်နိုင်ခဲ့လို့လည်းရယ်လို့ အငေါ်တူးကြပါသေးတယ်။ ဘားမားလို့ပြောလိုက်ရုံနဲ့လူမသိဘဲ "အောင်ဆန်းစုကြည်ရဲ့တိုင်းပြည်" လို့ညွှန်းလိုက်ပြီဆိုတာနဲ့ ကျနော်တို့တိုင်းပြည်ကို လူ့အခွင့်အရေးသူရဲကောင်းရှိရာ၊ ငြိမ်းချမ်းရေးမြတ်နိုးသူနိုဗယ်လ်ဆုရှင်ရှိရာမြေအဖြစ်ချက်ခြင်းမြင်သွားကြတဲ့ပုံရိပ်မျိုးကို ဗမာပြည်မှာဘယ်တုန်းကမှ ဘယ်သူကမှမလုပ်နိုင်ခဲ့ဘဲ သူသာလျင်စွမ်းနိုင်ခဲ့တာကိုနားလည်သဘောပေါက်ကြဖို့လိုပါတယ်။ သူ့အဖေဗိုလ်အောင်ဆန်းတောင် ဒီလိုမျိုးမစွမ်းနိုင်ခဲ့တဲ့ "လွတ်လပ်ရေးဗိသုကာရဲ့အတိဇာတသမီး" ဆိုတဲ့အချက်ကိုကြောင်တောင်ကန်းများ၊ ဟောက်ပက်ကန်းများ၊ မွေးရာပါကန်းများ၊ ဉာဏ်ရည်ကန်းများ မြင်အောင်ကြည့်ဖို့ အားထုတ်ကြိုးပမ်းသင့်ကြပါတယ်။
(၅)
ဒီချုပ်အစိုးရလို့ပြောနေတာထက် အောင်ဆန်းစုကြည်အစိုးရလို့ခေါ်ရင်လည်းရတဲ့တည်ဆဲအစိုးရဟာ ပြည်သူ့မန်းဒိတ်နဲ့တက်လာတာအမှန်ဖြစ်ပါတယ်။ စွမ်းဆောင်ရည်လို့သာပြောကြစတမ်းဆို သူတို့လည်းကြိုးစားဆဲဖြစ်ပြီး ကြိုးစားဆဲဖြစ်ကြောင်းလည်း ဘွင်းဘွင်းဝန်ခံထားကြပါတယ်။ ရာစုဝက်ကျော်ရိုက်နှက်မုဒိမ်းအကျင့်ခံထားရတဲ့တိုင်းပြည်ဟာ ရက်ပိုင်းအတွင်းသက်သာနိုင်တဲ့အနာမျိုးရှိသလို အချိန်ယူကုသရမယ့်ရောဂါများလည်းစွဲကပ်နေတာအထင်အရှားပါ။ ဒီလိုအနေအထားမျိုးမှာ ဝိုင်းကြဝန်းကြခြင်းသည်သာတိုးတက်ရာကိုရှေးရှုမှာဖြစ်သလို၊ အကြောင်းအမျိုးမျိုးနဲ့မဝန်းရံနိုင်သည့်တိုင် ပျက်စီးရာပျက်စီးကြောင်းကို လုပ်ကိုင်ပြောဆိုခြင်းမပြုမိဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါဟာတိုင်းပြည်အပေါ်ထားသင့်တဲ့သစ္စာပါ။
နိဂုံးချုပ်အနေနဲ့
မိမိကိုယ်ကိုစွမ်းတယ်လို့တွက်သူများ၊ အောင်ဆန်းစုကြည်လောက်တော့ငါကောင်းကောင်းယှဉ်လို့ရပါတယ်လို့သွေးနားထင်ရောက်သူများအနေနဲ့ ပါတီထောင်ပြီး ဒီချုပ်ကိုယှဉ်ဖို့အတိအလင်းတိုက်တွန်းပါရစေ။ ပြည်သူ့နှလုံးမသိမ်းကျုံးနိုင်ရင်တော့ ဓားသွားလည်းကြွေလှံလည်းခွေလိမ့်မယ်ဆိုတာကိုတော့ မမေ့ကြနဲ့ပေါ့ဗျာ။
သန့်ရှင်းစွာယှဉ်ပြိုင်ပြီး တိုင်းပြည်ဂုဏ်ကိုမြှင့်နိုင်ကြပါစေကြောင်း။ ။
ကိုထင်
သြဂုတ် (၁၆)၊ ၂၀၁၆ SGST ၀၃၂၅ နာရီ
No comments:
Post a Comment