Twitter Bird Gadget

Saturday, June 16, 2018

မြန်မာ့ပညာရေး

(ရေးသားသူ ဒေါက်တာမောင်မောင်ကြီး)
ကိုလိုနီခေတ်ကပညာရေးကို
ကျွန်ပညာရေး လို့ဘဲ ခေါ်ခေါ်
ဘာဘဲခေါ်ခေါ် ပညာရေးမှာ ကမ္ဘာ့ အဆင့်ကို ကောင်းကောင်း မီခဲ့ဖူးပါတယ်။ ကိုလိုနီခေတ်ဘွဲ့ရခဲ့သူများက လွတ်လပ်ရေးရပြီးနောက် ရန်ကုန်တက္က သိုလ်မှာ ဆရာများ ဖြစ်လာခဲ့ပြီး အဲဒီဆရာများရဲ့ သင်ကြားပေးခြင်းခံခဲ့ရတဲ့ တပည့် များကလဲ
ကမ္ဘာ့အ ဆင့်ကို မီခဲ့ကြပါတယ်။ ဦးနုအစိုးရက အင်္ဂလန်။ အမေရိကန်။ သြစတြေးလျ။ ကနေဒါ စတဲ့ နိုင်ငံများသို့ ပညာတော်သင်များ စေလွွှတ်ပြီး ၎င်းပညာတော်သင်များ၏ ၉၉% က လဲ အမိနိုင်ငံကို ပြန်လာပြီး ကျရာ တာဝန်များကို
ထမ်းရွက်ကြပါတယ်။

ပညာရေးစနစ်မှာလဲ နိုင်ငံပိုင်ကျောင်းများသာမက အလွတ်ပညာသင်ကျောင်းများ၊ ခရစ်ယာန်သာသနာ ပြု ကျောင်းများပါရှိလို့ ကိုယ်ကြိုက်ရာကျောင်းမှာ သင်ကြားနိုင်ခဲ့ကြပါတယ်။ ကျောင်းလခကလဲ ခုခေတ် လို သိန်းနဲ့ချီပေးစရာမလိုပါဘူး။ ပညာရေးအဆင့်အတန်းကလည်းမြင့်ပါတယ်။ စာမေးပွဲတွေမှာ မတတ်ပဲနဲ့ မအောင်ပါဘူး။ အထူးသဖြင့် ၁၀တန်းစာမေးပွဲလို့ခေါ်တဲ့ တန်းမြင့် ကျောင်းထွက်နှင့်တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်သူ ၁၀% တောင် မရှိခဲ့ပါဘူး။ ၁၉၅၉ ခုနှစ်က ၃.၄% ပဲရှိပါတယ်။ တရာဖြေမှလေးယောက် တောင် မအောင်ခဲ့ပါဘူး။ အဲဒီ နှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီးသြရသ အောင်ဆန်းဦးက ဂုဏ်ထူးနှစ်ခုနဲ့အောင်ခဲ့ပါတယ်။ ရန် ကုန်တက္ကသိုလ်ရဲ့ အဆင့်ကလည်း ကမ္ဘာအဆင့်မီခဲ့ပါတယ်။ အာဖရိကတိုက်က တချို့ကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်မှာလာတက်ခဲ့ရပါတယ်။
တက္ကသိုလ်ဝင်တန်း အောင်ရင် တက္ကသိုလ်မှာ ကိုယ်ကြိုက်ရာ ဝါသနာပါရာ ဘာသာရပ်ကို ရွေးချယ်ခွင့် ရှိပါတယ်။ ကိုယ်စိတ်မဝင်စားတဲ့ ဘာသာရပ်ကို အတင်းသင်ယူရခြင်းမရှိပါ။ စာတော်သူအများစုကလဲ ကိုယ်စိတ်မပါရင် ဆရာဝန်၊ အင်ဂျင်နီယာ ဘာသာရပ်များကို မသင်
ကြဘဲ Honours ခေါ် ဂုဏ်ထူးတန်း ကို ကိုယ့်စိတ်ကြိုက်ဘာသာရပ်နဲ့ တက်ရောက်သင်ကြားကြပါတယ်။ ဝိဇ္ဇာ ပညာရပ်များ သင်ကြားသူများ လဲ ဂုဏ်မငယ်ကြပါ။ ဝိဇ္ဇာ။ သိပ္ပံ။ စီးပွါးရေး။ ပညာရေး။ စိုက်ပျိုးရေး။ ဆေးပညာ။ အင်ဂျင်နီယာအတတ် တို့ မှာလဲတကယ်စိတ်ပါသူများသာတက်ရောက်ဘွဲ့ယူခဲ့ကြပြီး တကယ်တတ်သူက တတ်လိုသူကို ပညာ သင်ပေးတဲ့ ခေတ်နဲ့စနစ်ဖြစ်ခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်ရင် ဥပစာ(က) တန်းမှာ တစ်နှစ်၊ ဥပစာ(ခ)တန်းမှာနောက်တစ်နှစ်၊ စုစုပေါင်း နှစ်နှစ်တက်ရပါတယ်။ အင်္ဂလိပ်လိုကတော့ Intermediate Part (A) and Part (B) လို့ခေါ်ပါတယ်။ ဝိဇ္ဇာ သမားတွေအတွက်က Intermediate of Arts အတိုက I.A ပါ။ သိပ္ပံသမားတွေအတွက် Intermediate of Science အတိုက I.Sc. ပါ။ ဥပစာ(ခ)တန်း အောင်ပြီးမှ ရိုးရိုးဝိဇ္ဇာ ဒါမှမဟုတ် ရိုးရိုးသိပ္ပံ ဘွဲ့ရဖို့နောက် ထပ်နှစ်နှစ် ထပ်တက်ရပါတယ်။ B.A (A) & B.A (B) or B.Sc.(A) & B.Sc.(B) ပါ။ စုစုပေါင်း ၄ နှစ်ပါ။ Honours ခေါ် ဂုဏ်ထူးတန်းတက်ချင်ရင် ဥပစာ (ခ)တန်း အောင်ပြီးသတ်မှတ်ချက်နဲ့ပြည့်စုံရင် ဘွဲ့ရ ဖို့နောက်ထပ်သုံးနှစ် ထပ်တက်ရပါတယ်။ စုစုပေါင်း ၅ နှစ်ပါ။ ဥပဒေဘွဲ့ B.L နဲ့ ပညာရေးဘွဲ့ B.Ed တို့ ဟာ ဘွဲ့လွန်သင်တန်းတွေပါ။ ရိုးရိုးဝိဇ္ဇာ ဒါမှမဟုတ် ရိုးရိုး သိပ္ပံ ဘွဲ့ရပြီးမှနောက်ထပ် ၂ နှစ်ထပ်တက်ရပါ တယ်။ စုစုပေါင်း ၆ နှစ်ပေါ့။ ဒါကြောင့်လဲ လူတွေက ရတဲ့ ဘွဲ့အလိုက် ဦးဘ B.A., B.L ဒေါ်လှ B.Sc., B.Ed စသဖြင့်ရေးကြပါတယ်။ ဆေးပညာနဲ့တိမွေးကုပညာ သင်လိုသူတွေဟာ Intermediate Part (A) and Part (B) မှာ Physics, Chemistry and Biology ယူခဲ့ရပြီး ဥပစာ(ခ)တန်း အောင်ပြီးသတ်မှတ် ချက်နဲ့ပြည့်စုံရင် M.B.B.S ဘွဲ့ရဖို့နောက်ထပ် ၅ နှစ်ထပ်တက်ရပါတယ်။ စုစုပေါင်း ၇ နှစ်ပေါ့။ B.Sc. (Vet) ဘွဲ့ရဖို့နောက်ထပ် ၄ နှစ်ထပ်တက်ရပါတယ်။ စုစုပေါင်း ၆ နှစ် ပါ။ အင်ဂျင်နီယာအတတ်သင်လိုသူ တွေဟာ Intermediate Part (A) and Part (B) မှာ Physics, Chemistry and Mathematics ယူခဲ့ရပြီး ဥပစာ(ခ)တန်း အောင်ပြီးသတ်မှတ်ချက်နဲ့ပြည့်စုံရင် B.Sc.(Engg) ဘွဲ့ရဖို့နောက်ထပ် ၄ နှစ်ထပ်တက်ရ ပါတယ်။ စုစုပေါင်း ၆ နှစ်ပါ။ B.Sc.(Forestry) သစ်တောပညာ ဘွဲ့နဲ့ B.Sc.(Agri) စိုက်ပျိးရေးပညာ သင် လို သူတွေဟာ Intermediate Part (A) and Part (B) မှာ Physics, Chemistry and Mathematics ဒါမှမဟုတ် Physics, Chemistry and Biology ယူခဲ့ရပြီး ဥပစာ(ခ)တန်း အောင်ပြီးသတ်မှတ်ချက် နဲ့ပြည့်စုံရင် ဘွဲ့ရဖို့နောက်ထပ် ၃ နှစ်ထပ်တက်ရပါတယ်။ စုစုပေါင်း ၅ နှစ်ပါ။ သစ်တောပညာသင်လိုသူ တွေဟာ မိုင် ၂၀လမ်းလျှောက်ပြကြရပြီး သူ့ခေတ်သူ့အခြေ အနေအရ ကျောင်းသားတွေကိုသာ တက် ခွင့်ပြုပါတယ်။ ကျောင်းသူတွေလျှောက်ခွင့်မရှိပါ။ အဲဒီခေတ်က သွားဘက်ဆိုင်ရာဆေးပညာ မြန်မာပြည် မှာမသင်နိုင်သေးပါ။
တိမွေးကုပညာဘွ့ဲဟာ Bachelor of Science (Veterinary) (အခုခေတ်အခေါ် B.V.S, Bachelor of Veterinary Science) မို့ ဘယ်သူကမှ ကိုယ့်နာမည်ရှေ့မှာ
"ဒေါက်တာ" မတတ်ရဲပါဘူး။ Bachelor ဘွဲ့ မက Master of Science (Veterinary) ရထားတဲ့ဆရာကြီးတွေတောင် ကိုယ့် နာမည်ရှေ့မှာ ဒေါက်တာ မတတ်ပါဘူး။ တတ်ရင်လဲ တက္ကသိုလ်
ဆီးနိတ်အဖွဲ့နဲ့တက္ကသိုလ်ကောင်စီ တို့က လက်မခံပဲ အရေးယူမှာ
သေချာပါတယ်။
နှစ်စဉ် ဂျွန်လမှာစာသင်တန်းတွေစဖွင့်ပြီး မတ်လဆန်းမှာ အတန်းတင်စာမေးပွဲတွေစစ်ပါတယ်။ ပူပြင်းလှ တဲ့မတ်လကုန်ကစပြီး မေလကုန်ထိဟာ နွေရာသီကျောင်းပိတ်ရက်တွေဖြစ်ပါတယ်။ ဂျွန်လမှာ နောက် ဆက်တွဲစာမေးပွဲလုပ်ပေးတာကြောင့် မတ်လစာမေးပွဲမှာမအောင်သူတွေအတွက် တစ်နှစ်မနာသွားစေနိုင် တဲ့အခွင့်အရေးရခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ်တို့ဟာ ပညာရေးဝန်ကြီးရဲ့အောက်မှာမရှိဘဲ ကိုယ်ပိုင် အက် ဥပဒေတွေအရ တက္ကသိုလ်ဆီးနိတ်အဖွဲ့နဲ့တက္ကသိုလ် ကောင်စီတို့ကအုပ်ချုပ်ပါတယ်။ တက္ကသိုလ် ကောင်စီမှာကျောင်းသားကိုယ်စားလှယ်နှစ်ယောက်ပါပါတယ်။ ကိုယ်စားလှယ်နှစ်ယောက်ကို ကျောင်း သားတွေကမဲပေးစံနစ်နဲ့ရွေးချယ်ရပါတယ်။ ဝန်ကြီးချုပ်ဟာ မူအရ ရန်ကုန်တက္ကသိုလ်အဓိပတိ၊
ဒု ဝန်ကြီး ချုပ်ဟာ မူအရ မန္တလေးတက္ကသိုလ်အဓိပတိဖြစ်ပေမဲ့ ပညာရေး၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်စွက်လေ့မရှိ ပါ။
ကျောင်းသားဆန္ဒပြပွဲများမကြာခဏဖြစ်ပေါ်လေ့ရှိပေမဲ့ ဘယ်အာဏာပိုင်ပုဂ္ဂိုလ်ကမှ တိုင်းပြည် နောင်ရေး ဒုက္ခပေးမဲ့ ဘုန်းဘောလအော အအောင်ပေးတဲ့စနစ်၊ ကျောင်းသားအချင်းချင်း သွေးကွဲစေမဲ့စနစ်၊ ကျောင်းသားများ မဆူပူပြီးရော အစိုးရဆန့်ကျင်ရေးလုပ်တာကလွဲပြီး ကျန်ကိစ္စများကို ကြိုက်သလိုလုပ် ထားခွင့်၊ ဥပမာ ကျောင်းဆောင်များထဲ ဖဲရိုက်။ အရက်သောက်။ မူးယစ်ဆေးဝါး သုံးစွဲတာကို လျစ်လျူပြု ထားခြင်း စတာမျိုး ခွင့်မပြုခဲ့ကြပါဘူး။
ဘုန်းဘောလအော အအောင်ပေးတာဆိုလို့ "ဟယ်ရီတန် ၇ တန်း" လို့နာမည်တွင်သွားတဲ့ ၁၉၅၆ ခုနှစ်က အစိုးရစစ် ၇ တန်း စာမေးပွဲတစ်ခုသာရှိခဲ့ဖူးပါတယ်။ စာမေးပွဲစစ်နေတုန်း မေးခွန်းပေါက်ကြားပြီး နောက် တစ်ရက်မှာမှဖြေရမယ့်ဘာသာရပ်ရဲ့မေးခွန်းဟာ
တစ်ရက်ကြိုပြီး ဗမာ့ခေတ်သတင်းစာမှာပါလာလို့ အစိုးရ က စာမေးပွဲဖျက်သိမ်းပြီး နောက်မှထပ်ကျင်းပမယ်လိုကြေညာတယ်။ ကျောင်းသားတွေကမကျေနပ်လို့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ဗမာ့ခေတ်သတင်းစာတိုက်ကိုခဲနဲ့ပေါက်ရာက အဓိကရုဏ်းဖြစ်ပြီး ရဲက သေနတ်နဲ့ပစ်လူစုခွဲရာမှာ စိန်ပေါလ်ကျောင်းသားလေး ဟယ်ရီတန် (ခေါ်) မောင်မောင်ဟာ ဗဟန်းအစိုးရ အထက်တန်းကျောင်းရှေ့မှာ သေနတ်မှန်ပြီးသေဆုံးသွားပါတယ်။ လူထုကြီးပါ ပါလာမှာစိုးရိမ်ပြီး ဝန်ကြီး ချုပ်ဦးနုက စာမေးပွဲ နောက်ထပ်မကျင်းပတော့ပဲ ဖြေသူအားလုံးကိုအအောင်ပေးလိုက်ကြောင်းနဲ့ ဟယ်ရီ တန် သေဆုံးရမှုကို စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးစစ်ဆေး အရေးယူပေးမယ်ဖြစ်ကြောင်း ကြေညာလိုက်လို့ ကျောင်းသားတွေနဲ့လူထုကြီး ကျေနပ်သွားပါတယ်။ နောက် ၆ လလောက်ကြာပြီး ရွေးကောက် ပွဲ နိုင်ပြီး ဖဆပလ အစိုးရဆက်အာဏာရလာချိန်မှာ ဝန်ကြီးချုပ်ဦးနုက ကျောင်းသား ငါးသောင်းကျော်ကို စာမေး ပွဲမစစ်ပဲ အအောင်ပေးမိတာ ရွေးကောက်ပွဲနီးနေလို့ ကြံမိကြံရာလုပ်ခဲ့ရတဲ့ ဖဆပလ အစိုးရရဲ့အမှားပါ လို့ဝန်ခံခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်က ၇ တန်း စာမေးပွဲမှာ ဘုန်းဘောလအော အအောင်ပေးမိတဲ့ ရလဒ်က တော့ ၁၉၅၈ ခုနှစ်နဲ့ ၁၉၅၉ ခုနှစ် တန်းမြင့်ကျောင်းထွက်နှင့် တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ ကျရှုံးသူများလာခြင်း ပါဘဲ။ ၁၉၅၉ ခုနှစ်က စာမေးပွဲအောင်သူ ၃.၄% ပဲရှိပါတယ်။
ဖဆပလ အစိုးရခေတ်က စစ်ရဲတပ်များဟာ အစိုးရအဖွဲ့ဝင် ဆိုရှယ်လစ်ပါတီရဲ့ ခါးပိုက်ဆောင်တပ်များ လို့ နာမည်ကြီးပါတယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲများမှာ လက်ဝဲသမားတွေလို့ ဖဆ ပလ အစိုးရကသတ်မှတ်ထားတဲ့ "တပ်ဦး" က အမြဲနိုင်ကာ ဆိုရှယ်လစ်များထောင်ပေးထားတဲ့ "ရဲခေါင်" ကို ကျောင်းသားထုကြီးကမကြိုက်ကြလို့ မဲမပေးကြပါဘူး။။ ဒါကြောင့် အောက်တိုဘာကျောင်းတစ်လ ပိတ်ရေးစတဲ့ ကျောင်းသားသပိတ်များ၊ ဆန္ဒပြပွဲများကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်ကလေး ကိုယ် တိုင် စစ်ရဲများကိုဦးစီးပြီးဖြိုခွဲကာ စစ်ရဲတပ်ဌာနချုပ်မှာ ကျောင်းသားစစ်ဆေး ညှင်းဆဲရေးစခန်း ဖွင့်လေ့ ရှိကြောင်း စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးရဲ့ဝတ္ထုတွေမှာပါတတ်ပါတယ်။
ဖဆပလ အစိုးရ ခေတ်က ဆိုးတယ်၊ ရက်စက်တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ဲ့ဲ့တဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်ကလေးတောင်မှ နောက်တက်လာတဲ့ စစ် အစိုးရအဆက်ဆက် ကျောင်းသားတွေအပေါ် လုပ်ရက်တာတွေကြည့်ပြီး "ရက်စက်လှချည်လားဟရို့" လို့အော်ရပါလိမ့်မယ်။ ၁၉၅၉ အိမ်စောင့်အစိုးရ ခေတ်ကတည်းက ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းပြီး ကိုကိုးကျွန်းပို့ကာအစွယ်ပြခဲ့ပါပြီ။ ဂျွန်လမှာ နောက်ဆက်တွဲစာမေးပွဲလုပ်ပေးတဲ့စနစ်ကိုလဲ ဖျက်သိမ်းလိုက်ပါတယ်။ ကိုယ်တိုင်ဘွဲ့မရခဲ့သူ ဗိုလ်နေဝင်း ကအိမ်စောင့်အစိုးရခေတ်ဝန်ကြီးချုပ်ဘဝနဲ့ ရန်ကုန်တက္ကသိုလ်အဓိပတိတက်လုပ်ခဲ့တာဟာလဲ ပြောစမှတ်ကြီးဖြစ်ကျန်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ်မတ်လနှစ်ရက်နေ့ကစပြီး စစ်အာဏာရှင်စနစ်ပေါ်ပေါက်လာတယ်။ "ဝန်ကြီး"ဆိုတဲ့အခေါ်ဟာ ဗျူရိုကရက်ဆန်တယ်ဆိုပြီး "ဝန်ကြီး"လို့မခေါ်ပဲ "ဌာနတာဝန်ခံ" ဆိုတဲ့ဝေါဟာရသစ်တစ်ခုကို ထွင်ပါ တယ်။ အင်္ဂလိပ်လိုသုံးရာမှာတော့ Ministry, Minister စတဲ့ဝေါဟာရတွေကိုပဲသုံးပါတယ်။("ဌာနတာဝန် ခံ" ဆိုတဲ့ဝေါဟာရဟာ ၆ နှစ်လောက်သာခံပြီး နောက်တော့ဝန်ကြီးလို့ပဲပြန်သုံးပါတယ်)။ မိန်းမပွေတယ်၊ မိန်းမကိစ္စရှုပ်တယ်လို့နာမည်ကြီးခဲ့တဲ့ အာဏာရှင် ဗိုလ်နေဝင်းက ၁၉၆၂ ခုနှစ် မေလဆန်းမှာ ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသာလှ သမိုင်းအုတ်စက်ကမိန်းမရွယ်တစ်ယောက်နဲ့ သတင်းကြီးနေ တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာသာလှကို ခေါ်တွေ့ကာ "ခေါင်ကမိုးမလုံရင် ဘယ်နေရာမှ မိုးမလုံဘူး" လို့ပြောတော့ မဟုတ်မခံသမား ဒေါက်တာသာလှကလဲ "ကိုရှုမောင်၊ ကျုပ်ကိုလာဆုံးမနေရအောင် ခင်ဗျားကရော ဘာထူးလို့လဲ။ ဘိန်းစားချင်းအတူတူ ပြောင်းတစ်လုံးပိုမရှူချင်ပါနဲ့" လို့ ဘုတောတာနဲ့ စကားပြောအဆင်မပြေဖြစ်ကြပြီး ဒေါက်တာသာလှ ရာထူးကနှုတ်ထွက်သွားပါတယ်။ နောက်နှစ်ရက် လောက်အကြာမှာ "ဦးကာအား ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်အပ်လိုက်သည်" ပုံ။ ဗိုလ်မှူး ချုပ်သန်းဖေ၊ ဌာနတာဝန်ခံ၊ ပညာရေးဝန်ကြီးဌာန။ ဆိုတဲ့အမိန့်ထွက်လာပါတယ်။ အရင်က ပါမောက္ခချုပ် လို့မခေါ်ခဲ့ပဲ "ဒုတိယအဓိပတိ" လို့သာခေါ်ခဲ့တဲ့ မန္တလေးတက္ကသိုလ်မှာလဲ "ဒေါက်တာကိုကိုလေးအား မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်အပ်လိုက်သည်" ပုံ။ ဗိုလ်မှူးချုပ်သန်းဖေ၊ ဌာနတာဝန်ခံ၊ ပညာရေးဝန်ကြီးဌာန။ ဆိုတဲ့အမိန့်ထွက်လာပါတယ်။ ဒီနည်းနဲ့ရန်ကုန်တက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ် တို့ဟာ ပညာရေးဝန်ကြီး ရဲ့အောက်ကိုရောက်သွားပါ တော့တယ်။ နောက်သုံးရက်လောက်အကြာမှာ "ရန်ကုန်တက္ကသိုလ်မြန်မာစာပေဌာနပါမောက္ခ ဦးဧမောင်အား အငြိမ်းစားယူခွင့်ပြုလိုက်သည်။ ရန်ကုန် တက္ကသိုလ်မြန်မာဘာသာဌာနပါမောက္ခ ဦးဝန်အား ၎င်း၏မူလရာထူးဖြစ်သော ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊ ဌာနကြီးမှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်သည်။ မြန်မာစာပေ ဌာနနှင့်မြန်မာဘာသာဌာနတို့ကို ပြန်လည်ပူးပေါင်းစေလိုက်ပြီး ယခင်ကအတိုင်း မြန်မာစာဌာနဟုသာ ခေါ်တွင်စေရမည်။ မြန်မာစာပေဌာနကထိကဦးမောင်မောင်ကြီးအား မြန်မာစာဌာနပါမောက္ခအဖြစ်ခန့် အပ်လိုက်သည်"။ ပုံ။ ဗိုလ်မှူးချုပ်သန်းဖေ၊ "ဌာနတာဝန်ခံ"၊ ပညာရေးဝန်ကြီးဌာန။ ဆိုတဲ့အမိန့်ထွက်လာ ပါတယ်။
ပါမောက္ခဦးဧမောင်နဲ့ ဗိုလ်မှူးချုပ်သန်းဖေတို့ဟာ ကျောင်းနေဘက်သူငယ်ချင်းတွေမို့ အလွန်ခင်ကြတယ်။ဗိုလ်မှူးချုပ်သန်းဖေဟာ မလုပ်ချင်ပဲ "အထက်အမိန့်"ကြောင့်လုပ်ရတယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။ နောက်ဆယ်ရက် လောက်အကြာမှာ တော်လှန်ရေးကောင်စီဝင်နဲ့ဒုစစ်ဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ်သန်းဖေ၊ "ဌာနတာဝန်ခံ"၊ ပညာရေးဝန်ကြီးဌာနဟာနှလုံးရောဂါနဲ့ ကွယ်လွန်တဲ့အကြောင်းသတင်းနဲ့ တော်လှန်ရေး ကောင်စီဝင် နဲ့ ကျန်းမာရေးဝန်ကြီးဌာန "ဌာနတာဝန်ခံ" ဗိုလ်မှူးကြီးလှဟန်ကို ပညာရေးဝန်ကြီးဌာန အတွက်ပါ "ဌာန တာဝန်ခံ" အဖြစ်ခန့်အပ်ကြောင်း၊ တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်နေဝင်းရဲ့
အမိန့်လဲ ထွက်လာပါ တယ်။
၁၉၆၂နှစ် ဇူလိုင်လ ၇ ရက်မှာ ကျောင်းသားများ ဆန္ဒပြပွဲကို ဂျီသရီး မောင်းပြန်သေနတ်များ အသုံးပြု ကာ ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပါတယ်။ နောက်တစ်နေ့မနက်အစောကြီးမှာ ကျောင်းသားသမဂ္ဂ အ ဆောက်အဦကို မိုင်းဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီးရုံနဲ့ အားမရသေးဘဲ ညပိုင်းမှာ အာဏာရှင် ဗိုလ်နေဝင်း က “ဒါဟာရှိတဲ့အား တစ်စိတ်တစ်ပိုင်း ထုတ်သုံး ပြီးနှိမ်နင်းတာဘဲရှိသေးတယ်။ ဒီ့ထက်လွန်လာရင် ဓါးကို ဓါးချင်း။ လှံကို လှံချင်း ရင်ဆိုင်ရန် အသင့်ရှိ တယ်” လို့မြန်မာ့အသံကအသံလွှင့်ပြီး “ကျွန်းပြန် လူမိုက် ဓါးကြိမ်း ကြိမ်း”သလို ပြည်သူလူထုကြီးကို ခြိမ်းခြောက်ပြခဲ့ပါတယ်။ စစ်အစိုးရကနောင်ကျောင်းသားတွေ ဆူပူမှုလုပ်ရင် တက္ကသိုလ်တွေကိုပိတ်ပစ်ပြီး မြန်မာပြည်မှာ တက္ကသိုလ်တွေ မထားတော့ဘူးလို့လဲပြောပါ တယ်။ အဲဒီအချိန်ကတည်းက စစ်အစိုးရဟာ တိုင်းပြည်နောင်ရေး ဘာမှမစဉ်းစားတော့ပဲ မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်ထက် သူတို့အာဏာတည်မြဲရေးသာ စဉ်းစားခဲ့တယ်ဆိုတာ လက်တွေ့ပြနေပါတယ်။
နှစ်လလောက်အကြာမှာ ကျောင်းတွေပြန်ဖွင့်တော့လဲ ကျောင်းသားတိုင်း ပုဆိုးနဲ့တိုက်ပုံအင်္ကျီ ဝတ်ရ မယ်။ ဘောင်းဘီဝတ်ရင် "နက်တိုင်" တပ်ရမယ်။ ကျောင်းသူတွေလဲ အင်္ကျီလက်ရှည်ထူထူဝတ်ရမယ်။ အင်္ကျီပါးပါးနဲ့အင်္ကျီလက်ပြတ်မဝတ်ရ။ ဆရာတွေ၊ ဆရာမတွေကကြည့်ထိန်းရမယ်။ စည်းကမ်းအတိုင်း ဝတ်မလာသူတွေကို စာသင်ခန်းထဲဝင်ခွင့်မပြုရ။ စတဲ့အမိန့်တွေထုတ်ပါတယ်။
၁၉၆၂လောက်က အဆိုတော်ကိုမင်းနောင်ဆိုခဲ့ဲ့တဲ့ "တက္ကသိုလ်ကျောင်းသူတစ်ဦး"ဆိုတဲ့သီချင်းမှာ "တက္က သိုလ်ကျောင်းသူတစ်ဦး၊ လှပုံထူးသမျှ၊ တွေ့ရဖူးသည်မှာ၊ တစ်ပတ်လိျှုဆံထုံးကျော့မှာ၊ တစ်ပွင့်ပန်းပန် ကာ၊ လက်ရှည်ထူထူကလေးဝတ်ကာ ------" လို့ပါပါတယ်။ အဲဒီသီချင်းနဲ့ရှုမဝရုပ်ရှင်က မောင်ယဉ်ထွေး နဲ့ စမ်းစမ်းအေးတို့ရဲ့ပထမဆုံးကား "ရွှေရင်သိမ်းသစ်" ဇာတ်သိမ်းပိုင်းလောက်မှာ စမ်းစမ်းအေး ဝတ်စား ပုံကို ကြည့်ရင်တော့ "အားလုံးကောင်းပါသည်ခင်ဗျား" ပေါ့။ ဒါပေမဲ့တကဲ့လက်တွေ့မှာတော့ ဆင်းရဲတဲ့ ကျောင်းသားတွေမှာ တိုက်ပုံ အင်္ကျီအများဆုံးနှစ်ထည်လောက်ပဲတတ်နိုင်တော့ မိုးတွင်းနှစ်ရက်လောက် ဆက်ပြီးမိုးမိလိုက်ရင် လဲစရာတိုက်ပုံအင်္ကျီမရှိ၊ ကျောင်းရောက်ပြန်ရင်လဲ တိုက်ပုံအင်္ကျီဝတ်မထားတော့ ဆရာတွေက စာသင်ခန်းထဲ ဝင်ခွင့်မပြုနဲ့ ဒုက္ခရောက်ကြရရှာတယ်။ ပူအိုက်တဲ့နေ့တွေမှလဲ "နက်တိုင်" တို့၊ တိုက်ပုံအင်္ကျီတို၊့ လက်ရှည်ထူထူကလေးတို၊့ ဝတ်ထားရတော့ ချွေးတစ်လုံးလုံး၊ ချွေးနံ့တစ်ထောင်း ထောင်းနဲ့ပေါ့။ အတန်းတင်စာမေးပွဲတွေကလဲနွေရာသီမတ်လမှာဆိုတော့ အပူဒါဏ်မှာအဝတ်အစားက "ဗူးလေးရာဖရုံဆင့်" ဖြစ်ပြီး ကျက်မှတ်ထားတာမေ့ကာ စာမေးပွဲကျခဲ့ရသူတွေလဲရှိခဲ့ပါတယ်။
ကျောင်းသားလှုပ်ရားမှုကတော့ ရပ်တန့်မသွားပဲ ၁၉၆၃ခု နိုဝင်ဘာလမှာ အပြင်းထန်ဆုံး အဆင့်ကို ရောက်ရှိလာလို့ စစ်အာဏာပိုင်တို့က ရန်ကုန် တက္ကသိုလ် လက်အောက်ခံ ဝိဇ္ဇာ မဟာဌာန၊ သိပ္ပံ မဟာ ဌာနနဲ့ လူမှုရေး သိပ္ပံမဟာဌာန (နောင် စီးပွါးရေးတက္ကသိုလ်) တို့ကို ရက်အကန့်အသတ်မရှိ ပိတ်ပစ် လိုက်ပြီး ဆေးပညာမဟာဌာန၊ အင်ဂျင်နီယာ မဟာဌာနနဲ့ ပညာရေး မဟာဌာနတို့ကိုတော့ ဆက်ဖွင့် ထားခဲ့ပါတယ်။ ကျောင်းသားများကို သွေးခွဲ အုပ်ချုပ်လိုက်ခြင်း (Divided and Rule) ရဲ့အစ ပထမပါ။ ဒါပေမဲ့ ကျောင်းသား ဆန္ဒပြမှုများဟာ မန္တလေးတက္ကသိုလ်၊ နယ်ကောလိပ်များနဲ့ ဂျီတီအိုင်ခေါ် အစိုးရ စက်မှုလက်မှု သိပ္ပံအထိ ကူးစက်သွားလို့ မန္တလေးတက္ကသိုလ် လက်အောက်ခံ ဆေးပညာမဟာဌာနနဲ့ စိုက်ပျိုးရေး မဟာဌာနကလွဲပြီး ကျန်ဌာနအားလုံးကို တစ်နှစ်နီးပါး ပိတ်ထားခဲ့ပါတယ်။
၁၉၆၃ခု နိုဝင်ဘာလမှာ ဖဆပလ(တည်မြဲ) ခေါင်းဆောင်ဦးဗဆွေက "ဗိုလ်ချုပ်နေဝင်းဟာ ပါးစပ်ကသာ ရှေ့သို့လို့ အာပေါက်အောင် အော်နေပေမဲ့၊ လက်တွေ့လုပ်နေတာက နောက်သို့တွေချည်းဖြစ်နေတယ်။ ဒါကြောင့် တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ သာသနာနဲ့ တပ်မတော်ရဲ့ရှေ့ရေး၊ ကောင်းကြိုး စတာတွေကို တကယ်တွေးရင်၊ တကယ်စေတနာရှိရင် ရာထူးကအမြန်ဆုံးနှုတ်ထွက်ပါ၊ တော်လှန်ရေးကောင်စီကို ဖျက်သိမ်းပြီး ပါတီစုံရွေးကောက်ပွဲလုပ်ပါ"လို့ပြောလိုက်ပါတယ်။ ဘာရမလဲ၊ ကျားကြီးဗဆွေရဲ့ "နောက် သို့" ဆိုတဲ့ မိန့်ခွန်းဟောကြားပြီး ရက်အနည်းငယ်အကြာမှာ အာဏာရူးကြီး ဗိုလ်ချုပ်နေဝင်းက အာဏာ သိမ်းတဲ့အချိန်က မဖမ်းသေးပဲထားခဲ့တဲ့ တည်မြဲဖဆပလခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗမာ့ တပ်မတော်မှာဒုတိယစစ်သေနာပတိနဲ့မြန်မာပြည်လွတ်လပ်ရေးရချိန်မှာ ဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ် ရေးဝန်ကြီးဖြစ်ခဲ့တဲ့ဗိုလ်လက်ျာ၊ စာရေးဆရာမကြီးဂျာနယ်ကျော်မမလေး အစရှိတဲ့ နိုင်ငံရေးအခြေခံရှိသူ ရာနဲ့ချီပြီး ဖမ်းတဲ့အပြင် မြန်မာတစ်ပြည်လုံးမှာ မဆလကလွဲပြီး ကျန်ပါတီအားလုံးကို ဖျက်သိမ်းခိုင်းလိုက် ပြီး တစ်ပါတီအာဏာရှင်စံနစ်နဲ့ အုပ်ချုပ်တော့တာပေါ့။ တကယ်တော့ဗိုလ်လက်ျာဟာ ၁၉၄၇ ခု ဒီဇင်ဘာ လအကုန်ပိုင်း လွတ်လပ်ရေးမရခင်ရက်ပိုင်းအလိုမှာ ဗိုလ်နေဝင်းကို ဒုတိယဗိုလ်မှူးကြီးအဆင့်က ဗိုလ်မှူး ချုပ်အဆင့်ကို ရာထူးတစ်ဆင့်ကျော်တင်ပေးခဲ့တဲ့အပြင် ၁၉၄၈ ခု လွတ်လပ်ရေးရပြီးတော့လဲ ဗိုလ်ချုပ် အဆင့်ကို ရာထူးတင်ပေးကာ ဒုတိယစစ်သေနာပတိ ခန့်ပေးခဲ့သူပါ။ တည်မြဲဖဆပလခေါင်းဆောင် ဦးဗ ဆွေနဲ့ဦးကျော်ငြိမ်းတို့ဟာလဲ ၁၉၄၉ ခု မှာ ကရင်လူမျိုး ဒုတိယဗိုလ်ချုပ်ကြီးစမစ်ဒွန်းကို စစ်သေနာပတိ အဖြစ်က အတင်းပင်စင်ပေးပစ်ပြီး ဗိုလ်နေဝင်းကို စစ်သေနာပတိဖြစ်လာစေတဲ့အပြင် နောက်ပိုင်း ဗိုလ် နေဝင်းက လင်ရှိမယားဒေါ်ခင်မေသန်းကိုယူလို့ ဝန်ကြီးချုပ်ဦးနုက ဗိုလ်နေဝင်းကို စစ်သေနာပတိအဖြစ် က ဖြုတ်ဖို့လုပ်ထားတုန်းကလဲ အတင်းဝင်ကယ်ခဲ့ဖူးတဲ့ ကျေးဇူးရှင်တွေပါ။
တက္ကသိုလ်တွေတစ်နှစ်နီးပါးပိတ်ထားတုန်းကျောင်းသားများ ငြိမ်ဝပ်ပိပြားရေးအတွက် ဗိုလ်နေဝင်းက ဘူမိဗေဒပါမောက္ခဘဝက ပညာရေးဌာနအတွင်းဝန်ဖြစ်လာတဲ့ (နောင်ဝန်ကြီး ဖြစ်လာမည့်) ဒေါက်တာ ညီညီကို တာဝန်ပေးလိုက်တယ်။ ဒေါက်တာညီညီနဲ့ အပေါင်းပါများကလဲ "စနစ်သစ် ပညာရေး" ဆိုတာ ကြီးကို အကောင်အထည် ဖော်လိုက်ကြပါတော့တယ်။ နီးရာဓားကြောက်ရလို့ "ဗောင်းတော်ငြိမ့် စိတ် တော်သိ"လိုက်ရတာလား။ "တိုင်းပြည်နောင်ရေးဘာဖြစ်ဖြစ် မိမိတို့လူစု စစ်အာဏာရှင်လက်ကျန် အရိုး အရင်း စားရနည်းလား"။ "ဘယ်သူ သေသေငတေမာပြီးရော"ဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်နဲ့ လုပ်ခဲ့ကြ တာလား။ ဆိုတာကိုတော့ ကာယကံရှင်တွေသာအသိဆုံးဖြစ်ပါလိမ့်မယ်။
စာသင်နှစ်ကိုလဲ ဂျွန်လမှာမစတော့ပဲနိုဝင်ဘာလလာက်မှစပြီး စက်တင်ဘာလမှာ အတန်းတင်စာမေးပွဲ တွေစစ်ပါတယ်။ ကျောင်းပိတ်ရက်တွေက အောက်တိုဘာနဲ့ဧပြီလတွေဖြစ်သွားတော့ ပူပြင်းလှတဲ့မတ်လ နဲ့မေလမှာစာသင်ရလု့ိ ဆရာ၊ ဆရာမတွေရော ကျောင်းသူကျောင်းသားတွေပါ ပင်ပန်းကြပါတယ်။ မူလတန်းကတက္ကသိုလ်ဝင်တန်းအထိကတော့အရင်အတိုင်း နှစ်စဉ် ဂျွန်လမှာစာသင်တန်းတွေစဖွင့်ပြီး မတ်လဆန်းမှာ အတန်းတင်စာမေးပွဲတွေစစ်လို့ ဆယ်တန်းအောင်ကာစ ကလေးတွေဟာ နှစ်စဉ် ၆ လ လောက် အချိန်အလကားကုန်ခဲ့ရပါတယ်။
ဒေါက်တာညီညီရဲ့ စနစ်သစ်ပညာရေးကြီးမှာ -
(၁) ယခင် မဟာဌာနများကို Institute ခေါ် ပညာရပ်တစ်ခုတည်းကို သင်ပေးတဲ့ တက္ကသိုလ်ကလေးများ အဖြစ် ပြောင်းလဲဖွင့်လှစ်ရန်။ (ကျောင်းများကွဲသွားလို့ ကျောင်းသားများ သွေးကွဲစေရန် ရည်ရွယ်ချက်)။
(၂) တက္ကသိုလ်ဝင်တန်းအောင်ရင်အမှတ်အများဆုံးရသူများကို ဆေးပညာမဟာဌာန တစ်ဖြစ်လဲ ဆေး တက္ကသိုလ်များသို့ဝင်ခွင့်ပြုရန်။ ဒုတိယ အဆင့်ရှိသူများကို အင်ဂျင်နီယာ မဟာဌာန တစ်ဖြစ်လဲ စက်မှု တက္ကသိုလ်မှာ တက်ခွင့်ပြုရန်။ (ဒီနည်းနဲ့ ကျောင်းသားတွေ တစ်ဦးကို တစ်ဦးငုံ့ကြည့်ကြည့်ကြပြီး သွေး ကွဲသွားစေရန်ရည်ရွယ်ချက်)။
ဒီနည်းက နောင်အခါမှာ ထိရောက်သင့်သလောက် ထိရောက်သွားပါတယ်။ ဆေးတက္ကသိုလ်ကျောင်း သားများက ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်ကို "အမှိုက်ပုံး"လို့ နောက်ပြောင်ခေါ်ကြပါတော့တယ်။ တစ်ခါက သမိုင်းရှိ တက္ကသိုလ်များ အားကစားကွင်းမှာ ပညာရေး တက္ကသိုလ် အမျိုးသမီး ဘောလီဘောအသင်းနဲ့ ဝိဇ္ဇာနှင့် သိပ္ပံ အမျိုးသမီး အသင်း ယှဉ်ပြိုင်ကြရာမှာ ဝိဇ္ဖာနှင့် သိပ္ပံ ကျောင်းသားများက "ဆရာမတွေ လင် လိုချင် သမိုင်းကွင်းကိုဝင်" ဆိုပြီး စကြရာ ဆရာမလောင်းများက "RASU ကျောင်းသား မစဉ်းစား။ ပျာတာ ခိုင်းဖို့ထား" လို့ ပြန်နှိမ်ကြပါတယ်။
(၃) ကျောင်းသားများ တက္ကသိုလ်တွင် ကြာရှည် မနေနိုင်စေရန် စာမေးပွဲတွင် လူတိုင်းလောက်နီးနီး အအောင်ပေးရန်။
ဒီနည်းကြောင့် တက္ကသိုလ်များဟာ ဘွဲ့လက်မှတ်ထုတ်ပေးတဲ့ စက်ရုံကြီးများသဖွယ် ဖြစ်သွားပြီးဘွဲ့ရများ ဆရာ ဖြစ်လာတဲ့အခါ "မတတ်သူက မသိသူကိုသင်ပေး" သလိုဖြစ်သွားလို့ ပညာရည် အဆင့်အတန်း အလွန်နိမ့်ကျသွားပါတော့တယ်။
အထက်ပါကိစ္စနဲ့ပတ်သက်ပြီး စာရေးသူက ၁၉၇၀ ခုနှစ်များမှာ တစ်ချိန်ကကိုယ့်ဆရာဖြစ်ခဲ့ဖူးတဲ့ ပါမော က္ခကြီး တစ်ဦးကို တင်ပြခဲ့ဖူးပါတယ်။ "ဆရာရယ် ကျွန်တော်တို့ခေတ်က ဆရာစစ်တာ ကြမ်းလွန်းလို့ "F" ထိပြီးကျောင်းကထွက်သွားရရှာတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ ခုခေတ်ကျောင်းသားတွေ ထက် အများကြီးသာပါတယ်" လို့ ပြောလိုက်မိတော့၊ ပါမောက္ခကြီးက "ဒါတော့ ငါလဲ ဘာတတ်နိုင်မလဲ ကွ။ မင်းတို့ခေတ်ကပညာရေးပေါ်လစီက တတ်မှအအောင်ပေးရမယ်ဆိုတော့ စာမေးပွဲတွကလဲခက်ပြီး ကျသူများတာပေါ့။ ခုခေတ် ပေါ်လစီက ဒီလိုဖြစ်နေတာကိုး" လို့ ပြန်ဖြေပါတယ်။ ကျွန်တော်ကထပ်ပြီး "ဆရာတို့ ဒီကိစ္စကို ဆွေးနွေးကြဖို့ တော်ပြီထင်တယ်။ အခုဆို တိုင်းပြည်ရဲ့ ပညာရေးဟာ ပျက်စီးခြင်း လမ်းပေါ်ရောက်နေပြီ။ နောင်ဆိုရင် အဖတ်ဆယ်မရ ဖြစ်တော့မယ်" ဟု ပြောလိုက်ရာ ဆရာကြီးက "ဟေ့ ကောင်။ ငါ့ကို ပင်စင်ပါပြုတ်ပြီး အိုကြီးအိုမရောက်မှ ထောင်ထဲသွားပြီး အနှိပ်စက်ခံရအောင် မင်းက ချောက်တွန်းနေတာလား" လို့သာ ပြန်ပြောရှာပါတော့တယ်။
(၄) ကျောင်းသားတွေ ဆန္ဒမပြလျှင် ပြီးရော။ ကျောင်းတက်တက် မတက်တက်။ ဖဲရိုက်ရိုက်။ အရက် သောက်သောက်။ ဆေးခြောက်ရှူရှူ။။ ဖာခေါ်ချချ။ နံပတ်ဖိုး ထိုးနေကြလဲ မမြင်ဟန်ဆောင်နေရန်။ ဒီအချက်ကြောင့် HIV Positive ဖြစ်သူ များပြားလာခြင်း။
(၅) ဒေါက်တာ ညီညီက "ဆိုရှယ်လစ် နိုင်ငံတည်ဆောက်နေပြီ ဖြစ်လို့ အမြတ်ကြီးစားစနစ်ဦးစားပေးတဲ့ ဘဲဥတစ်ဒါဇင်ကို တစ်ကျပ်ဖြင့်ဝယ်ပြီး တစ်လုံးကို ၁၀ပြားဖြင့် ပြန်ရောင်းသော် မည်မျှ မြတ်မည်နည်း ဆို တဲ့ ဂဏန်းသချၤာမျိုး။ လောကသာရပျို့ပါ ကြွက်သေတစ်ခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သူဌေးထုံးကို၊ နှလုံးမူလျှက်၊ ကြံစည်လျှက်ဖြင့်၊ သူ့ထက်ကဲလွန်၊ ကြွယ်စေမင်း။ ဆိုတဲ့ လင်္ကာမျိုးကို မသင်စေတော့ဖို့ ညွှန်ကြားထားပါတယ် လို့ အခမ်းအနားတခုမှာ မိန့်ခွန်းချွေလိုက်ပါတယ်။
မြန်မာ့ရှေးရိုးစဉ်လာဆိုစကားကတော့ "ဂဏန်းမသင်၊ လာဘ်မမြင်၊ ကူးလျှင်ရှုံးမည်မှတ်" လို့ အတိအကျ ဆိုထားပါတယ်။
၁၉၈၇ ခုနှစ်မှာ ဒေဝါလီခံကာ LDC (ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ စာရင်းဝင်) အဖြစ် လျှောက်ထားခဲ့ရပြီး ၁၉၈၈ ခုနှစ်မှာ လူထု အုံကြွမှုကြီး ဖြစ်ပေါ်လာတာ မဆန်းတော့ပါ။
(၆) တက္ကသိုလ်တွေမှာ အရင်က အင်္ဂလိပ်ဘာသာနဲ့ သင်နေရာက မြန်မာဘာသာနဲ့ ပြောင်းလဲ သင်ယူ စေရာ စာအုပ်စာတမ်းမရှိလို့ လအနည်းငယ်အတွင်းမှာ အတင်း ဘာသာပြန်ခိုင်းလိုက်တော့ တချို့ ဝေါ ဟာရများကို မြန်မာလို ဘယ်လို ခေါ်တယ်ဆိုတာ ဘာသာပြန်ဆိုသူ ဆရာများကိုယ်တိုင် အသေအချာ မတွေးနိုင်တော့ဘဲ သင့်သလို ဘာသာပြန်လိုက်ရာမှာ မြန်မာစကားကို မြန်မာတို့ နားမလည်နိုင်တဲ့ ဝေါ ဟာရသစ်များ ထွက်ပေါ်လာပါတယ်။
ကွယ်လွန်သူ မြန်မာစာပါမောက္ခဟောင်း ဦးဝန်ခေါ် ဆရာကြီး မင်းသုဝဏ်က အကျယ် ရေးခဲ့ပြီးလို့ ဥပမာ ၂ ခု သာတင်ပြပါမယ်။
ပထမတစ်ခု။ New born baby ကို ဆရာဝန်မကြီးတဦးက တိုက်ရိုက် "ဖွားသစ်စကလေး" လို့ ဘာသာ ပြန် လိုက်ပါတယ်။ မြန်မာ့ရိုးရာမှာ "မွေးကင်းစကလေး" ဆိုတဲ့စကားလုံး၊ "ကလေးပေါက်စ"၊ "မွေးခါစ ကလေး" စတဲ့ဝေဟာရတွေ ရှိပြီးဖြစ်ပါတယ်။ တောအရပ်ကမိရိုးဖလာ လက်သည်အဒေါ်ကြီးများ ကြား ရင်တော့ "တွေ့ဘူးပေါင်။ ကြုံဘူးပေါင်။ ကြားဘူးပေါင်တော်။ ဖွားသစ်စက ကလေးရယ်လို့။ မွေးကင်းစ ကလေးတို့ ကလေးပေါက်စတို့ မွေးခါစကလေးတို့ဘဲ ကြားဘူးပါရဲ့" လို့ ပြောကြမှာ သေချာပါတယ်။
ဒုတိယ ဥပမာ။ သိပ္ပံနဲ့ အင်ဂျင်နီယာအတတ်တို့မှာ သုံးတဲ့ Adsorption ဆိုတဲ့ စကားလုံးကို မြန်မာလို တိုက်ရိုက် "ကပ်တင်ခြင်း" လို့ ဘာသာပြန်လိုက်ကြပါတယ်။ ၁၉၇၀ ခုနှစ်များက ဘာသာပြန်ခဲ့သူ ဆရာ ကြီး သူ့ ကားနဲ့ ကျွန်တော့်ကိုတင်သွားတုန်း မိုးတွင်းမိုးရွာပြီး ကားရှေ့မှန်မှာ ရေငွေ့များ ရိုက်နေပြီး ရှေ့ကို မမြင်ရတော့ပါ။ အဲဒီအခါ မှာ ပါမောက္ခကြီးက "ဟေ့ကောင်။ ရှေ့မှန် ရေငွေ့ရိုက်နေပြီ။ ဘာမှ မမြင် ရတော့ဘူး။ အဝတ်နဲ့သုတ်ပါဦးကွ။ တော်တော် ကြာ ကားတိုက်ပြီး မင်းရော ငါပါ ကြွသွားလိမ့်မယ်" လို့ ပြောပါတယ်။ ကျွန်တော်က အဝတ်နဲ့ ရေငွေ့များကို သုတ်ရင်း "ဆရာ ဒါ အင်္ဂလိပ်လို Adsorption ဖြစ်တာမဟုတ်လားလို့ မေးလိုက်တော့၊ ဆရာကြီးက "ဒါပေါ့ကွ၊ မင်းဒီလောက်မှမသိရင် နိုင်ငံခြားကရ လာတဲ့ဘွဲ့ရော မြန်မာပြည်ကဘွဲ့ပါပြန်သိမ်းရမယ်ထင်တယ်" လို့နောက်လိုက်လို့ "ကျွန်တော့်ဘွဲ့ပြန်မသိမ်း ခင် တစ်ခုရှင်းပြပါအုန်း။ ဒါကို ဆရာဘာကြောင့် ရေငွေ့တွေ ကပ်တင်နေတာလို့ မပြောတာလဲ။ စာအုပ် တွေထဲမှာတော့ ကပ်တင်ခြင်းလို့ ဘာသာပြန်ထားတယ် မဟုတ်လား" လို့ မေးလိုက်တော့မှ ဆရာကြီး က "ဦးရှံစားလိုပေါ့ကွာ။ မှားတဲ့အခါလည်း မှားပေမပေါ့" လို့သာ ဆိုရှာပါတော့တယ်။
နောက်ဆုံး ၁၉၈၀ ခုနှစ်ကျော်ကာလများက ဗိုလ်နေဝင်း၏ အချစ်တော် သမီး ခင်စန္ဒာဝင်း စင်္ကာပူတွင် စာမေးပွဲ သွားဖြေရာမှာ အင်္ဂလိပ်စာ ညံ့ဖျင်းမှုကြောင့် စာမေးပွဲကျလေတော့မှ အာဏာရှင်ကြီးရဲ့ တစ် ချက်လွှတ်အမိန့်နဲ့ တက္ကသိုလ်များမှာ အင်္ဂလိပ်ဘာသာနဲ့သင်ရပြန်တော့တယ်။ ဒါပေမဲ့ ဆရာရှားပါးမှုနဲ့ ကြုံရပါတော့တယ်။ အမှတ် (၇)မှာ ရှင်းပြပါမယ်။
(၇) စစ်အစိုးရနဲ့ မဆလခေါ် "မြန်မာ့ဆင်းရဲမွဲတေမှု လမ်းစဉ်"တို့ကြောင့် ပညာတတ်အများစုဟာ ၁၉၆၇ ခုလောက်ကစပြီး မြန်မာနိုင်ငံကို စွန့်ခွါကာ "ရေကြည်ရာ မြက်နုရာ"ကို ရှာကြရပါတော့တယ်။။ ဗိုလ်နေ ဝင်း စေလွှတ်ထားတဲ့ ပညာတော်သင်များထဲကလဲ ၂၅ ရာခိုင်နှုန်းလောက်ဟာ မြန်မာပြည်ကို ပြန်မလာ ကြတော့ပါဘူး။ ပြန်လာသူ ၇၅ ရာခိုင်နှုန်း လောက်ထဲမှာလဲ တစ်ဝက်လောက်ဟာ အုပ်ချုပ်သူ စစ်ဗိုလ် များက အရပ်သားများကို "ကျွန်နှင့် သခင်ပမာ" ဆက်ဆံနေမှုကို မခံနိုင်တော့ပဲ နိုင်ငံခြားကိုပြန်ထွက်ကြ ပါတယ်။ ဒီလိုနဲ့ မြန်မာပြည်မှာ ဆရာကောင်းရှားပါးကုန်ပါတော့တယ်။
(၈) ကွယ်လွန်သူ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက သမိုင်းဘာသာရပ်ဟာ နိုင်ငံတိုင်းအတွက် အရေးကြီးတဲ့ ဘာသာရပ်ဖြစ်လို့ "မအအောင်။ မတုံးအောင်။ သမိုင်းသင်ရတယ်" လို့ အဆိုအမိန့် ရှိခဲ့ဖူး ပါတယ်။ ဒါပေမဲ့ ဒေါက်တာ ညီညီရဲ့ စနစ်သစ်ပညာရေးအရ အမှတ်နည်းတဲ့ လူတွေကို သမိုင်းအဓိက သင်ရန်ပို့ လိုက်တော့ အလွန်ဝါသနာပါပြီး စားကြိုးစားသူတစ်ယောက်တစ်လေကလွဲလို့ သမိုင်းသုတေသီ လူချွန်လူကောင်းများ ထွက်လာရန် မလွယ်ပါ။ မြန်မာစာ အဓိက ဘာသာရပ်မှာလည်း "ထိုနည်း၎င်း" ဖြစ် သွားပါတော့တယ်။
(၉) မြန်မာစာအတွက် ပိုကံဆိုး တာကတော့ အာဏာရှင် ဗိုလ်နေဝင်း မြန်မာစာကော်မရှင်မှာ နာယက တက်လုပ်ပြီး သတ်ပုံ၊ သဒ္ဒါတို့ကို သူ့စိတ်တိုင်းကျရေးဆွဲ ပြင်ဆင်ခိုင်းလိုက်ခြင်းပင်ဖြစ်ပါတယ်။ ဆရာ ကြီးဦးဝန်လိုပုဂ္ဂိုလ်ကိုတောင် "မကျက်တကျက်ဖုတ်ထားတဲ့ပေါင်မုန့်လို မနူးမနပ် မတတ်တတတ်လူ" လို့ ဗိုလ်နေဝင်းက သရော်တော်တော်ပြောခဲ့ပါတယ်။ အကျယ်ကိုဆရာကြီး ကြေးမုံ ဦးသောင်း ရေးခဲ့ပြီးဖြစ်ပါ တယ်။ တစ်လောကမိုးမခမှာပါသွားတဲ့ ဦးခင်မောင်စော (ဘာလင်)ရဲ့ မြန်မာစာနဲ့ပတ်သက်တဲ့ဆောင်းပါး တစ်ခုမှာလဲ အလားတူ ထောက်ပြထားပါတယ်။ ဒါကြောင့် အသေးစိတ်ထပ်မရေးလိုတာ့ပါ။ မြန်မာပြည် ထဲက လူများမှာတော့ ဓားဂုတ် ပေါ်ဝဲပြီး သုံးခိုင်းနေလို့ "မချစ်သော်လည်းအောင့်ကာ နမ်း" ဆိုသလို ကြိတ်မှိတ်ပြီး ဒီသတ်ပုံကျမ်းသုံးနေရတာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်ပရောက် စစ်အစိုးရကို ဆန့်ကျင်နေသူများထုတ်တဲ့ သတင်းစာ၊ ဂျာနယ် စတာတွေကလဲ ဒီသတ်ပုံကျမ်းအတိုင်း လိုက်နာ ရေး နေကြတာကတော့ ဝမ်းနည်းစရာပါ။ "အများညီ ဤကိုကျွဲဖတ်ကြ"ဆိုသလိုဖြစ်နေပါတယ်။ အများ မိုးခါး ရေသောက်နေကြတော့လဲ ကျွန်တော်အပါအဝင်လူအများစုဟာ "ရောယိမ်းလိုက်၊ ဘသား ယိမ်းလိုက်" လုပ်မိသွားကြပါတယ်။ ဆရာကြီးကြေးမုံ ဦးသောင်းကတော့ ကွယ်လွန်တဲ့အထိ စစ်အစိုးရရဲ့သတ်ပုံ ကျမ်းကို သပိတ်မှောက်ပြီး ကဝိ လက္ခဏာ သတ်ပုံ သတ်ညွှန်းအတိုင်းသာ ရေးသားခဲ့ပါတယ်။
ဒီနေရာမှာ ပြည်ပရောက် မြန်မာများဟာ "Oversea Chinese" ကို စံနမူယူသင့်တယ်လို့ထင်ပါတယ်။
တရုတ်ပြည်မကြီးမှာ နာမည်များကို Latin အက္ခရာနဲ့ ရေးရာမှာ ၁၉၇၈ လောက်မှစပြီး တြိဝဏ္ဏ (Tri Syllabic) ဖြင့် ရေးနေရာက ဒွိဝဏ္ဏ (Di Syllabic) ကိုပြောင်းလိုက်ပါတယ်။ ဥပမာ Teng Shiao Peng က Deng Shiaobeng ပြောင်းရေးသလိုပါ။ စာရေးရာမှာလဲရှေးရိုးတရုတ်ထုံးစံ ညာဘက်ဆုံးကစပြီး အပေါ် ကအောက်ကိုဆင်းကာ ဘယ်ဘက်ကိုသွားတဲ့စနစ်ကိုမသုံးတော့ပဲ ဘယ်ဘက်ဆုံးကစပြီး ညာဘက်ကို သွားတဲ့ရေးနည်းပြင်လိုက်ပါတယ်။ ဒါပေမဲ့ တိုင်ဝမ်။ ဟောင်ကောင်။ စင်္ကာပူနဲ့ အခြားနေရာများရှိ တရုတ် များကတော့ ရှေးရိုးစဉ်လာ တြိဝဏ္ဏကိုသာ ဆက်သုံးနေကြပါတယ်။ ဥပမာ စင်္ကာပူ တရုတ်နာမည်များ (Lee Ong Pin စသည်ဖြင့်)။ စာရေးရာမှာလဲရှေးရိုးတရုတ်ထုံးစံတိုင်းသာဆက်လက်ရေးကြပါတယ်။
ပြည်ပရောက် မြန်မာများအားလုံးဟာလဲ ဗိုလ်နေဝင်း ထင်ရာစိုင်းထားတဲ့သတ်ပုံကျမ်းကို သပိတ်မှောက် သင့်တယ်လို့ ထင်မိပါတယ်။ ခုချိန်မှာ ပြည်တွင်းကမြန်မာတွေကလဲ ဒီဗိုလ်နေဝင်း ရဲ့သတ်ပုံကျမ်းကို လက်မခံလိုတဲ့လေသံတွေထွက်လာနေပြီး ဒီသတ်ပုံကျမ်းအတိုင်းလိုက်မရေးသူတွေများလာပါပြီ။ ပြည်ပ ရောက် မြန်မာများအားလုံးကစပြီး ညီညီညာညာလုပ်ကြရင် ပြည်တွင်းက မြန်မာများအားလုံးကပါ လိုက် လုပ်ကြပါလိမ့်မယ်။
(၁၀) ၁၉၆၅ မှာ ကျောင်းတွေကိုပြည်သူပိုင်သိမ်းရာကစပြီး အခြေခံပညာအဆင့်အတန်းလဲ နိမ့်ကျသွား ပါတယ်။ ၅ နှစ်လောက်ကြာပြီးတဲ့အခါမှာ ကျူရှင်မယူရသူမရှိသလောက်ဖြစ်သွားပါတော့တယ်။ ဆရာ တွေဟာ ကုန်ဈေးနှုန်းတွေကကြီး၊ လခတွေကမလောက်တော့ အပိုဝင်ငွေရအောင် ကျူရှင်ပေးလာကြ ပါတယ်။ ကျောင်းတွေမှာ ဆရာတွေဟာ သူတို့ဆီကကျူရှင်မယူတဲ့ တပည့်တွေကို ဒုက္ခပေးတတ်တယ် ဆိုတဲ့သတင်းတွေထွက်လာတော့ အစိုးရက "ဆရာတွေကျူရှင်မပေးရ"လို့ အမိန့်ထုတ်ပါတယ်။ ဒီတော့ ဆရာတွေဆရာမတွေလဲ မုန့်ပဲသွားရည်စာတို့၊ စာအုပ်၊ ခဲတန်စတာတို့ရောင်းပြီး အပိုဝင်ငွေရအောင် ရှာ ကြပြန်တယ်။ မြန်မာနိုင်ငံပညာရေး ပျက်စီးခြင်းငါးပါးဆိုက်လာပါတယ်။
(၁၁) ၁၉၇၄ မှာ ဒေါက်တာညီညီ သတ္တုတွင်းဝန်ကြီးဖြစ်သွားပြီး ဒေါက်တာခင်မောင်ဝင်း ပညာရေးဝန် ကြီးသစ်ဖြစ်လာပါတယ်။ ဒေသကောလိပ်တွေဖွင့်ပြီး တက္ကသိုလ်ဝင်တန်းအောင်ရင် ဒေသကောလိပ် တွေမှာ ၂ နှစ်တက်ပြီးမှ သက်ဆိုင်ရာဘာသာရပ်သင်တဲ့တက္ကသိုလ်တွေမှာ ဆက်တက်ရပါတယ်။ အများ အမြင်မှာတော့ အင်္ဂလိပ်ခေတ်နဲ့ဦးနုခေတ်ကရှိခဲ့တဲ့ ဥပစာ(က)တန်းမှာတစ်နှစ်၊ ဥပစာ(ခ) တန်းမှာ နောက် တစ်နှစ်၊ စုစုပေါင်း နှစ်နှစ်ကိုနာမည်သစ်နဲ့လုပ်တယ်လို့ထင်ပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေ ကတော့ ဥပစာကောလိပ်နဲ့လဲမတူ အမေရိကန်က Community Colleges တွေနဲ့လဲအသွင်ကွဲတယ် လို့ပြောပေမဲ့ တရားဝင်အတိအကျရှင်းပြချက်ကတော့ ထွက်မလာပါဘူး။ ဒေသကောလိပ်စနစ်ဟာလဲ လေးနှစ် လောက်သာခံပြီး အရင် ဒေါက်တာညီညီလုပ်ခဲ့တဲ့အတိုင်း တက္ကသိုလ်ဝင်တန်းအောင်ရင် အမှတ် အများ ဆုံးရသူများကို ဆေးပညာမဟာဌာန တစ်ဖြစ်လဲ ဆေးတက္ကသိုလ်များသို့ဝင်ခွင့်ပြုရန်။ ဒုတိယ အဆင့် ရှိသူများကို အင်ဂျင်နီယာ မဟာဌာန တစ်ဖြစ်လဲ စက်မှုတက္ကသိုလ်မှာ တက်ခွင့်ပြုရန်ဆိုတဲ့ "ဘူတာဟောင်းမှာရထားပြန်ဆိုက်"သွားပါတယ်။ စာသင်သားတွေအတွက်ကတော့ "စနစ်တစ်မျိုးပြီး တစ်မျိုး အစမ်းခံ၊ အချိန်တန်ဘွဲ့ရ"ဘာမှမထူးပါ။
ဒေါက်တာညီညီဟာ သတ္တုတွင်းဝန်ကြီးဖြစ်သွားပြီး ၂ နှစ်လောက်ကြာတော့မှ (ဝန်ကြီးလုပ်လာတာ ရှစ်နှစ်လောက်ရှိမှ) သူ့အဖေဟာမြန်မာနိုင်ငံသားမဟုတ်လို့ ဆိုပြီး ဝန်ကြီးရာထူးကအဖြုတ်ခံရကာ ဩစတြေးလျကိုသံအမတ်အဖြစ်နဲ့ အပို့ ခံလိုက်ရပါတယ်။ သံအမတ် သက်တမ်းကုန်တော့မြန်မာပြည် မပြန်တော့ပဲ ကုလသမဂ္ဂရာထူးကြီးကြီးတစ်ခုယူပြီးနိုင်ငံခြားမှာနေပါတယ်။ ကုလသမဂ္ဂရာထူးက ပင်စင် ယူတော့လဲ အမေရိကန်မှာအခြေချပါတယ်။ သူပညာရေး ဝန်ကြီးတို့ သတ္တုတွင်းဝန်ကြီးတို့ဖြစ်ခဲ့စဉ်က တော့ မြန်မာပြည်ကို ပြန်မလာတဲ့ပညာတော်သင်များ နဲ့ မြန်မာနိုင်ငံကို စွန့်ခွါကာ "ရေကြည်ရာ မြက်နု ရာ" ကို ရှာကြရတဲ့သူများကို ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့သူပါ။
(၁၂) မဆလခေတ်ကစပြီး"ငါးပါးမှောက်"လာတဲ့ပညာရေးဟာ ၈၈ ခု နောက်ပိုင်း ကိုယ့်ကိုယ်ကို ကိုယ် တိုင် အာဏာအပ်နှင်းခဲ့တဲ့ ဗာလာနံ စစ်ကဲများလက်ထက်မှာတော့ "သင်္ဃာစင်"ပါမှောက်ပါတော့တယ်။အကြောင်းကတော့ နဝတ၊ နအဖ ခေတ်စစ်ဗိုလ်တွေဟာ တော်လှန်ရေးကောင်စီခေတ်နဲ့ မဆလခေတ် ကစစ်ဗိုလ်တွေလောက်အရည်အချင်းမရှိပေမဲ့ ပိုရက်စက်ပြီးပိုခြစားကြလို့ပါပဲ။ တော်လှန်ရေးကောင်စီ ခေတ်ကစစ်ဗိုလ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဗမာ့တပ်မတော်မှာပါဝင်ခဲ့သူတချို့ ပါပါတယ်။ သူတို့က စစ်အာဏာရှင်စနစ်ကိုမကြိုက်ကြပါဘူး။ ဒါကြောင့်လဲ ဗိုလ်မှူးကြီးကြည်မောင်၊ ဗိုလ်မှူးကြီးခင်ညို၊ ဗိုလ်မှူး ကြီးစောမြင့်၊ ဗိုလ်မှူးချုပ်တီကလစ်၊ စတဲ့ တော်လှန်ရေးကောင်စီဝင်တွေဟာ အဖြုတ်ခံရသူခံရ၊ အဖြုတ်ခံ ရပြီး ထောင်ထဲရာက်သူရောက်၊ အလုပ်ထွက်ပြီးနိုင်ငံခြားသွားသူသွားဖြစ်ကုန်ကြတာပါ။
နဝတ၊ နအဖ စစ်အုပ်ချုပ်ရေးနဲ့စစ်ခုံရုံးတွေကထောင်နှစ်ရှည်အချခံလိုက်ရတဲ့ကျောင်းသားတွေ၊ ဆရာ တွေ၊ ပညာတတ် တွေအများအပြားရှိသလိုစစ်ဗိုလ်စစ်သားများက အရပ်သားများကို "ကျွန်နှင့်သခင်ပမာ" ဆက်ဆံနေမှုကလဲ ဆိုးသထက်ပိုပိုဆိုးလာလို့ မခံနိုင်တော့ပဲ နိုင်ငံခြားကိုထွက်ကြတဲ့ပညာတတ်တွေဟာ မဆလခေတ်မှာထက်ပိုများပါတယ်။ ဒီလိုနဲ့ မြန်မာပြည်မှာ "အနူတောလူချော" လုပ်နေတဲ့သူတွေရဲ့ သင်ပြမှုအောက်မှာ ပညာရည်အဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျသထက် နိမ့်ကျလာပါတော့တယ်။
(၁၃) ကျောင်းသားတွေ မြို့ထဲမှာဆန္ဒမပြနိုင်အောင် တက္ကသိုလ်တွေကိုမြို့ပြင်ထုတ်ပစ်လိုက်ပါတယ်။ ၊ အသွားအပြန်ကားတိုးစီးရတဲ့အချိန်ကုန်လူပန်းကြောင့် ကျောင်းသားတွေငြိမ်သွားမယ်လို့ထင်ထားခဲ့တဲ့ စစ်အစိုးရရဲ့တွက်ကိန်းမှားပြီး ကျောင်းသားတွေထပ်ဆန္ဒပြလို့ ကျောင်းတွေခဏခဏပိတ်နေရတာနဲ့ စုစုပေါင်းစာသင်ချိန် ၂ နှစ်တောင်မရှိပဲဘွဲ့ရကုန်ကြတယ်။
(၁၄) "အနူတောလူချော" လုပ်နေတဲ့သူတွရဲ့ သင်ပြမှုအောက်မှာ ပါရဂူဘွဲ့ကို ပါပေးစေပါတော့တယ်။ ဒီလိုဆရာတွေနဲ့ဘွဲ့ပေးစနစ်ကြောင့်လဲ မကွေးတက္ကသိုလ် "ပါမောက္ခချုပ်ဖြစ်နေ သူ" က မြန်မာပြည်မှာ ရှိဖူးခဲ့တဲ့ ပညာရေးစနစ်ဟောင်း (စနစ်ကောင်း?) အကြောင်း ဂဃ နဏ မကွဲပြား၊ နားမလည်ပဲ၊ ဟိုခေတ် က ဥပဒေဘွဲ့ B.Lဟာ ဘွဲ့လွန်သင်တန်း၊ ရိုးရိုးဝိဇ္ဇာ ဒါမှမဟုတ် ရိုးရိုး သိပ္ပံ ဘွဲ့ရပြီး မှနောက်ထပ် ၂ နှစ်ထပ် တက်ရတာ၊ စုစုပေါင်း ၆ နှစ်ဆိုတာကိုမသိပဲ" ဗိုလ်ချုပ်အောင်ဆန်းဘွဲ့မရခဲ့ဘူး" လို့ ရမ်းတုတ်လိုက်တာ ပါဘဲ။
(၁၅) မဆလခေတ်ကစပြီးကုန်ဈေးနှုန်းတွေကကြီး၊ လခတွေကမလောက်တော့ ဆရာတွေဟာ အပို ဝင်ငွေရအောင် ကျူရှင်ပေးလာတာဟာ နဝတတို့၊ နအဖတို့ခေတ်လဲရောက်ရော သူငယ်တန်းကအစ ပါရဂူတန်းအဆုံး သင်တဲ့ဆရာဆီမှာ ကျူရှင်ယူရတဲ့ခေတ်နဲ့စနစ်ပေါ်လာပါတယ်။ ဆရာတွေကလဲ သူတို့ ကျူရှင်မှာသင်ထားတာကိုပဲ စာစစ်ပွဲမေးခွန်းတွေမှာမေးတော့ တကယ်တတ်တာ မတတ်တာ အပထား ဂုဏ်ထူးရသူတွေရှိတာမဆန်းပါဘူး။
(၁၆) နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ ပါမောက္ခလုပ်နေသူမြန်မာတစ်ဦး မကြာသေးမီက မြန်မာပြည်ကို အလည်သွားပြီး ပြန်ရောက်လာတဲ့အခါ မြန်မာပြည်က တက္ကသိုလ်များအကြောင်း မှတ်ချက်ပေးလိုက်ပုံ က "မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူ ပါရဂူ၊ ငါ့လူငါဘွဲ့ပေး ရေးချင်တာရေး၊ ဆရာလေးဘွဲ့က"မဟာ"၊ နိုင်ငံခြားကရလာတာ၊ ဒေါက်တာဘွဲ့ရမှာက ငါ့တပည့်ကြီး၊ သူ့ဆရာငါ့မှာ ဒီဘွဲ့မရှိ၊ ဒါလည်း"အထက်က" အသိ၊ ဒီတော့ကိစ္စမရှိ၊ ဟီဟိ။" တဲ့ခင်ဗျ။
နိဂုံးချုပ်အနေနဲ့ကတော့ မြန်မာ့ပညာရေးနဲ့ မြန်မာစာ အဆင့်အတန်း လုံးဝကျဆင်းသွားရခြင်းဟာ
(က) "ရွှေသမင် ဘယ်ကထွက်။ မင်းကြီးတာကထွက်" လို့သာ ဆိုရပါမယ်။ ၆၂ ခုကစပြီး "မင်းကြီး" လုပ်လာကာ "ဝမရှိဘဲ ဝိလုပ်ချင်" ဆိုသလို မတတ်ပဲ ဆရာတက်လုပ်ချင်တဲ့ ဗိုလ်နေဝင်းနဲ့ နောက်လိုက်နောက်ပါများ။
(ခ) "စေတနာနဲ့လုပ်ခဲ့ပါတယ်"လို့ အာပေါက်အောင်ပြောပေမဲ့ "မပြေးသော် ကန်ရာရှိ" နေပြီဖြစ်လို့ သူတို့စကား ယုံသူမရှိသလောက်ဖြစ်သွားတဲ့ ဒေါက်တာညီညီနဲ့ အပေါင်းအပါများ။
(ဂ) ၈၈ ခု နောက်ပိုင်း ကိုယ့်ကိုယ်ကို ကိုယ်တိုင် အာဏာအပ်နှင်းခဲ့တဲ့ ဗာလာနံ စစ်ကဲများနဲ့ နောက် လိုက်နောက်ပါများ။
တို့ရဲ့ "မဟာကျေးဇူးတော်ကြီးများကြောင့်"သာဖြစ်လို့ သူတို့ကို တရားခံအဖြစ် လက်ညှိုးထိုးပြရင်မှားမယ်၊ လွန်မယ် မထင်ပါဘူး။
(ဒေါက်တာမောင်မောင်ကြီး)
Credit မောက္ခမဂ္ဂဇင်း
Via Myat Htut

No comments:

Post a Comment