သက္ကရာဇ် ၂၀၀၀ လောက်ကျတော့မှ မြန်မာပြည်မှာ လူလာဖြစ်ရတဲ့ကလေးတွေဟာ ဒီမိုကရေစီဆိုတာ တော်တော်ကြီးကို ပုံပျက်ပန်းပျက် ဖျက်ဆီးနှိမ့်ချပြီးတော့မှ မြင်ခွင့်တွေ့ခွင့်ရကြပါတယ်။ အဲ့ဒီအထဲမှာ ကိုယ့်သမီးလည်း အပါအဝင်ပေါ့။ သူတို့စိတ်ထဲမှာ ဆန္ဒပြတယ် ဆန္ဒဖော်ထုတ်တယ်ဆိုတာ အလုပ်မရှိ အကိုင်မရှိ၊ စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်နေတဲ့ တောကြိုအုံကြားက ဆင်းရဲသားလူတန်းစားတွေ ကျူးကျော်တွေကို ထမင်းကျွေးမယ် နေ့တွက်ပေးမယ်ဆိုပြီး ကားနဲ့ခေါ်တင်လာ၊ လူထူထူ လူရှုပ်ရှုပ်နေရာတွေရောက်ရင် လမ်းပိတ်ပြီး သူများအလုပ်အကိုင်ပျက်အောင် အနှောက်အယှက်ပေးနေတဲ့ အောက်တန်းစားတွေလို့ သိမြင်ခံစားနိုင်အောင် သရုပ်ဖော်ခြင်းခံနေရတယ်။ ဟုတ်လည်းဟုတ်တယ်။ အဲ့ဒီအတိုင်းဖြစ်အောင် လုပ်တဲ့သူတွေကလည်း လုပ်နေကြတာကိုး။ ဆန္ဒပြလို့ အဖမ်းမခံရ အနှိပ်စက်မခံရဘူး။ အိမ်ကမိသားစုအပေါ် အန္တရာယ်မရှိဘူးလို့ သိနေကြတော့ သပိတ်တားတဲ့သူတွေကို "ဖမ်းလိုက်စမ်းပါ ဖမ်းလိုက်စမ်းပါ" လို့ ခုန်ခုန်တိုးပြီး သူရဲကောင်းလုပ်ပြကြတာပေါ့။ တဘက်မှာ ဖုန်းနဲ့ Live လွှင့်နေမှန်း သိနေတာလည်း တကြောင်းပေါ့။ အထဲဝင်သွားလည်း ဘာအရေးလဲ။ လေဆိပ်မှာ သေနတ်ကြီးနဲ့ လက်ပူးလက်ကြပ်မိတောင် ကထိန်လေးခင်းပြီး သက်တောင့်သက်သာ သာသာယာယာနေရမှာ မဟုတ်လား။ ဟန်းဘက်တစ်ထောင် မီးဖျခေါင်ကြီးဆီက ဘက်ဆော့လပ်
အားပေးစကားတောင် ကြားရဦးမှာ။ မယုံ ပဲခူးက ဖွတ်စိမ်းမကို ကြည့်။ ရုံးထုတ်တဲ့နေ့ကျရင် ဝတ်မယ့်အဝတ်အစား ဖက်ရှင်ဆိုင်အပ်ပြီး မိတ်ကပ်အဖွေးသား ပြင်ထွက်လာလို့ရတာထောက်တော့ ထောင်ထဲ မိတ်ကပ်ဘောက် သွင်းရတာမဟုတ်ရင် မိတ်ကပ်ဆရာအထဲခေါ်ပြင်တာပဲ ဖြစ်ရမယ်။ အခုအစိုးရလက်ထက်ကျတော့မှပဲ အရမ်းအရမ်းကို အဖမ်းခံချင်လွန်းလို့ ရဲတွေရှေ့ပတ်လျှောက်ပြပြီး မဖမ်းမချင်း အတင်း လက်ထိပ်အခတ်ခိုင်းတဲ့ သူတွေလည်း တွေ့ဖူးပ။ မင်းတို့ ဒီမိုကရေစီအစိုးရလက်ထက် ရောက်ပြီလေ။ ဘယ့်နှယ်လဲ။ ငါတို့တုန်းက အတိုင်းပဲ မဟုတ်လား။ ယူလေကွာ။ မင်းတို့ လိုချင်တဲ့ ဒီမိုကရေစီ။ အဲ့သလိုမျိုး ပြောချင်လွန်းလို့ မနည်း အကွက်ဆင်ထားရတာ ထင်ပါရဲ့။ ဟုတ်တယ်လေ။ အဲ့ဒါ တို့လိုချင်တဲ့ ဒီမိုကရေစီပဲ။ ဟိုတုန်းကဆိုရင် အဲ့လိုဟာမျိုးလုပ်ရင် ဘာတွေ ဖြစ်တတ်သလဲ လို့ မကြုံဖူးလိုက်တဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် သိအောင် ပြန်ရှင်းပြရဦးမယ်။
အခုခေတ်မှာ ဒီလူတွေ ဒီလိုအရှုပ်ထုပ်မျိုး ရှုပ်နိုင်အောင် အရင်တုန်းကတော့ အသက်တွေ အများကြီး ရင်းခဲ့ရတယ်။ ဘဝတွေအများကြီး စတေးခဲ့ရတယ်။ "ဒီမိုကရေစီ ရရှိရေး" ဆိုတဲ့ စကားလေးတစ်ခွန်း အော်မိတာကြောင့် ဘာမှန်းညာမှန်းမသိ အသက်ပျောက်သွားတဲ့သူတွေ တပုံကြီးပဲ။ တခါတလေ အော်လို့သေရတာတောင် မဟုတ်ဘူး။ အသံကြားတဲ့ဆီ ရမ်းသမ်းပစ်ထည့်လိုက်လို့ ဘုမသိဘမသိ အချောင်သေတဲ့သူတွေ ရှိတယ်။ ဒီမိုကရေစီ စာလုံးပါတဲ့ စာရွက်တစ်ရွက် လက်ဝယ်ရှိရင် အိမ်မှာရှာတွေ့ရင် ဖမ်းဆီးနှိပ်စက်ဖို့ ထောင်ချဖို့ ခိုင်လုံတဲ့ အထောက်အထားတစ်ခုတောင် ဖြစ်ရတယ်။ အခုလိုမျိုး လမ်းလည်ခေါင် ဆန္ဒပြတဲ့လူဆိုတာ ရဲတွေ စစ်သားတွေ လုံ/ထိမ်းတွေက တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းပဲ စိတ်တိုင်းကျ စီရင်နှိမ်နှင်းခွင့်ပြုထားပြီးသားဆိုတာ ကိုယ်တွေလို လေးငါးဆယ်တန်း လူလတ်ပိုင်း မျိုးဆက်လောက်ကသာ နဖူးတွေ့ဒူးတွေ့ သိမြင် ခံစားဖူးခဲ့တာကိုး။ အခုခေတ်ကလေးတွေ အတွက်တော့ မယုံရင် ပုံပြင်မှတ်ပဲ။ အေးလေ။ သူတို့လည်း မကြုံဖူး မကြားဖူးခဲ့တဲ့ အဖြစ်တွေမို့လို့ပေါ့။ ကိုယ်တွေကလည်း အနာဟောင်းပြန်ပြန်မဆွချင်လို့ သူတို့ကို မပြောမိဘူး။ အဲ့ဒါကြောင့် မသိဘူးတဲ့။ ကောင်းရော။
ကိုယ့်ထက်စောတဲ့ ဦးသန့်အရေးအခင်းကို သိမီလိုက်တဲ့ တက္ကသိုလ်ကျောင်းသား သက်ကြီးတန်းတွေကတော့ အခုချိန်မှာ ပင်စင်ယူတဲ့အရွယ်တောင် ရောက်နေပြီ။ သူတို့ဆီမှာလည်း ခါးသည်းတဲ့ ဒီမိုကရေစီ အိပ်မက်ဆိုးတွေ ရှိကြမှာ။ ဒါတွေကို ဘယ်သူကမှ ပြန်မပြောချင်တော့ဘူး။ ကိုယ်လည်း ထိုနည်းလည်းကောင်းပဲ။ သမိုင်းမကောင်းရင် တော် တန် တိတ် နဲ့ စကားအစပ်မခံပဲ ပြည်ဖုံးကားချပစ်လိုက်တော့ နောက်လူတွေ သင်ခန်းစာမယူဖြစ်ပဲ မှားပြီးသားအမှားကို အဖန်တလဲလဲ ထပ်မှားကြတယ်။ တကယ်တော့ စာပေလွတ်လပ်ခွင့်တွေ အထိုက်အလျောက် ရလာတဲ့ အခုခေတ်မှာ အဲ့ဒါတွေကို ရေးကြဖွဲ့ကြတဲ့ စာအုပ်ပေါင်း မြောက်များစွာ ရှိပါတယ်။ ဒါပေမယ့်လည်း အခုခေတ်ကလေးတွေက စာအုပ်ဖတ်တဲ့ မျိုးဆက် မဟုတ်ပဲ ဖုန်းပွတ်တဲ့ ဂိမ်းဆော့တဲ့ မျိုးဆက်ဖြစ်နေတာကြောင့် "ငါ စာတွေရေးထားတယ်။ နင် ဖတ်မှ မဖတ်ကြည့်ပဲ။" လို့ ဖြစ်ရတယ်။ အဲ့ဒါကြောင့် ကိုယ်လည်း ပေထက်အက္ခရာမတင်ပဲ ဖုန်းထက်စတေးတပ်စ်တင်လိုက်ရပါတယ်။
ကိုယ့်အသက်အရွယ်နဲ့ ကျကျနန ထိထိမိမိကြီး ကြုံတွေ့ခဲ့ရတာကတော့ ၈၈ အရေးအခင်းကြီးပါ။ ကိုယ်ဖြတ်သန်းခဲ့ရသမျှကို "ငွေရတုနောက်ကြောင်းပြန်" ကနေ အခန်းဆက် စုံစုံစေ့စေ့ ရေးခဲ့ပြီးပါပြီ။ ဒါပေမယ့် အရေးအခင်းအကြောင်းဆို စိတ်မဝင်စားလို့ မဖတ်တဲ့သမီးက အဲ့ဒါတွေကို မသိဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့် သူ့ကို သပ်သပ်နားလည်အောင် ရှင်းပြဖြစ်တဲ့အကြောင်းတွေကို သူ့လိုပဲ စာမဖတ်ပေမဖတ် လူငယ်လေးတွေအတွက် ထပ်ရှင်းပြရဦးမယ်။ ၈၈ ကာလတုန်းက ကျောင်းသားလူငယ်တွေဟာ ထောင်ထဲမှာ တောထဲမှာ နယ်စပ်နဲ့ တဘက်နိုင်ငံတွေမှာ အင်မတန်မှ ပင်ပန်းဆင်းရဲစွာ ဒုက္ခဆင်းရဲခံရပြီး အိမ်မှာကျန်ခဲ့တဲ့ သူတို့မိသားစုတွေပါ သားသမီးကို စွန့်မလား။ မိသားစု ဘဝရပ်တည်မှုကို စွန့်မလား လို့ အတင်းအကြပ် ရွေးခြယ်ခိုင်းတဲ့အထိ ဘဝတွေ ပျက်ကြတယ်။ အဲ့ဒါ အနည်းအကျဉ်း မဟုတ်ဘူး။ လက်ညှိုးထိုးမလွဲသလောက် ရှိတယ်။ သည်လိုမိသားစုလေးတွေကို ပျက်မသွားအောင် အားတင်းတောင့်ခံထားရတဲ့သူတိုင်းဟာ ဦးသန်းရွှေ၊ ဦးခင်ညွန့်၊ ဦးရွှေမန်းကစလို့ ဦးသိန်းစိန်၊ ဦးအောင်သောင်း၊ မင်းအောင်လှိုင်ခေတ် ရောက်တဲ့အထိ တပ်မတော်ကြီးကို ရင်ထဲအသည်းထဲက ချစ်ပါတယ် လို့ ပြောရင် ညာတာမဟုတ်ရင် ရူးနေလို့ပဲ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တတိုင်းတပြည်လုံး ရဲရဲတောက်ခဲ့တာဟာ အနီချစ်တဲ့မဲထက် အစိမ်းမုန်းတဲ့မဲကတောင် သာချင်သာဦးမှာ။
၈၈ အရေးအခင်းရဲ့အစဟာ ဖုန်းမော်သေတာရဲ့ နောက်ဆက်တွဲပဲ။ ဖုန်းမော်သေတာလည်း စန္ဒာဝင်းလက်ဘက်ရည်ဆိုင်မှာ သီချင်းခွေ လုဖွင့်ရင်း ရန်ဖြစ်လို့ မဟုတ်ဘူး။ RIT ကျောင်းဝင်းထဲကို လုံ/ထိမ်းတွေက သူပုန်စခန်းတက်သိမ်းသလို အုတ်တံတိုင်းက ခုန်ကျော်ဝင်၊ မျက်ရည်ယိုဗုံးနဲ့ပစ်၊ ဘက်နက်နဲ့ထိုး၊ သေနတ်နဲ့ ပစ်လို့ သေတာ။ ရန်ဖြစ်တဲ့အထဲ ဖုန်းမော်လည်း မပါဘူး။ စိုးနိုင်လည်း မပါဘူး။ မသေလို့ကျန်ရစ်တဲ့ မြင့်ဦးလည်း မပါဘူး။ သူတို့ဘာသူတို့ ကျောင်းဝင်းထဲနေရင်း အပစ်ခံရတာ။ ဘာဖြစ်လို့ ပစ်သလဲဆိုတော့ "ဒီမိုကရေစီ" အော် လို့တဲ့။ အော်တဲ့ထဲ သူတို့ပါမပါတောင် သေချာတာ မဟုတ်။ ပစ်ခိုင်းတဲ့သူက ပြောပြီးတော့ကို ပစ်ခိုင်းသွားတာ။ စစ်တပ်ဆိုတာ မိုးပေါ်ထောင်ပစ်တဲ့အစား မဟုတ်ဘူးတဲ့။ (သိပါတယ်။ မိုးပေါ်ထောင်မပစ်မှန်း၊ မိုင်းနဲ့ခွဲမှန်း၊ သမဂ္ဂအဆောက်အဦကြီး မရှိတော့ကတည်းက သိတယ်။) အရင်တုန်းကတော့ ဒီမိုကရေစီဆိုတဲ့စကားတစ်ခွန်းဟာ တက္ကသိုလ်နယ်မြေကို ရန်သူ့စစ်မျက်နှာ ဖြစ်သွားတဲ့အထိ အမြစ်ကအလှန်ခံရတဲ့အကြောင်းကို မသိသေးတဲ့ကလေးတွေ သိစေချင်တာပါ။ နောက်ပိုင်းမှာ တက္ကသိုလ်တွေမှန်သမျှ သုဿန်တစပြင် ပဉ္စန္တရာဇ်ကိုရောက်သွားတဲ့ အကြောင်းရော၊ အဆောင်ကျောင်းသား လက်မခံတော့တာရောဟာ သူတို့ရဲ့ ဒီမိုကရေစီဖိုးဘီးယား ရောဂါကြောင့်ချည့်ပဲ။
ကျောင်းသားတွေဆီက ဒီမိုကရေစီရောဂါကို နှိမ်နှင်းဖို့ (အမှန်တော့ သူတို့ဖိုးဘီးယားရောဂါ သက်သာဖို့) သူတို့ဘက်က အဖွဲ့အစည်းနှစ်ခုနဲ့ တိုက်စစ်ဆင်တယ်။ တစ်ဖွဲ့က လုံ/ထိမ်း လို့ခေါ်တဲ့ စစ်သားတွေကို လည်စည်းရောင်စုံတွေဝတ် ရဲတပ်ဖွဲ့အောက်မှာထားတဲ့ အဖွဲ့။ သူတို့ကတော့ တုတ်တွေ ဒိုင်းတွေ ကိုင်တယ်။ ရိုက်တယ်။ ဖမ်းတယ်။ ထိုးတာကြိတ်တာ ကန်တာကြောက်တာကတော့ ချစ်လို့ပေးတဲ့ ဘောက်ဆူးလေးတွေပေါ့။ မိန်းကလေးတွေဆိုရင်တော့ လက်သရမ်းတာ ရင်ဘတ်ကဆွဲကြိုး ဆောင့်ဆွဲပြီး ဖြုတ်တာပါတယ်။ တံတားဖြူမှာ ကိုယ်တိုင် ထောင်ထဲရောက်သွားတဲ့ သူငယ်ချင်းတွေဟာ သူတို့ရှေ့တင် အတန်းထဲက မိန်းကလေး သူငယ်ချင်းတွေကို လုံ/ထိမ်းတွေ ဝိုင်းသမနေလို့ ခံထိုးရင်း ထွက်မပြေးနိုင်ပဲ ထောင်နန်းစံသွားတာ။ မဟုတ်ပါဘူး။ မလုပ်ပါဘူး။ မင်းထင်သလို မယုတ်မာဘူး လာမပြောနဲ့။ ကိုယ်တွေ့မျက်မြင်။ ပါးစပ်ကထွက်တဲ့ အယုတ္တအနတ္တ ဘာသာစကားတွေတော့ စာမဖွဲ့တော့ပါဘူး။ အမြည်းလောက်ပဲ ကျွေးလိုက်မယ်။ "ဒါလားကွ ဒီမိုကရေစီ။ ရော့ မင်းတို့လိုချင်တဲ့ ဒီမိုကရေစီ။ အင့်ဟာ။ ကိုင်းဟာ။ ဒီမိုကရေစီ။" တဲ့။ ဆိုလိုတာက ဒီမိုကရေစီဆိုတဲ့စကားကို နှုတ်ပါးစပ်က ထုတ်ဖော်ပြောကြားတဲ့သူမှန်သမျှ မအေနှမ ကိုင်တုပ်ဖို့သာထိုက်တန်တယ်။ အာကာနဘံ သောသောညံအောင် ဆော်ပလော်တီးသင့်တယ်။ သေရင်လည်းအေးတာပဲ လို့ ယူနီဖောင်းဝတ်တွေကို အရေးကုန်လွှဲအပ်တော် မူတယ် လို့ ပြောချင်တာ။
နောက်တစ်ဖွဲ့ကတော့ ထောက်လှမ်းရေးတွေပါ။ အဲ့ဒီအချိန်တုန်းကတော့ "Military Intelligence" လို့ ခေါ်တယ်။ အတိုကောက်ခေါ်တော့ MI ပေါ့။ ကျောင်းသားတွေကတော့ မိုင် လို့ ခေါ်ကြတယ်။ ဘယ်အိမ်မဆို အချိန်မတော် တံခါးလာခေါက်ပြီး ဘာအကြောင်းပြချက်မှမပေးပဲ အချိန်အကန့်အသတ်မရှိ ခေါ်ယူဖမ်းဆီးစစ်ဆေး အပြစ်ပေးထောင်ချခွင့်ရှိတယ်။ သေမှ အသုဘချဖို့ အိမ်က တစ်ယောက်နှစ်ယောက်လိုက်ခဲ့ လို့ လာခေါ်တာလည်း ရှိတယ်။ အဲ့ဒီခေတ်ကတော့ ကျောင်းသားတွေ မိုင်လက်ထဲ ဓါတ်ပုံပါသွားရင် သတင်းမှတ်တမ်းဝင်သွားရင် ဘားလမ်း၊ အင်းစိန်၊ စစ်ကြောရေး၊ ရေကြည်အိုင်၊ ပျော်သလောက်နေ မသေမချင်းလည်း ဖြစ်ချင်ဖြစ်မယ်။ အနည်းဆုံးကတော့ ကျောင်းထုတ်ခံရတယ်။ ပြစ်မှုကတော့ ဒီမိုကရေစီရရှိရေးပဲပေါ့။ ခေါင်းစဉ်ကတော့ တော်သလိုတပ်ပေးမှာပါ။ လက်သည်ဖော်မရတဲ့ အမှုတွေကို သတင်းစာရှင်းလင်းပွဲလေးလုပ်ပြီး စာနယ်ဇင်းမိတ်ဆက်ပေးလိမ့်မယ်။ ထောင်ထဲမှာ နိုင်/ ကျဉ်း အရေအတွက် ဘယ်လောက်များတယ် မများတယ်၊ သူတို့ချည့်ပဲ ပါတီထောင်လို့ရတာကို ကြည့်ရင် သိဖို့ကောင်းတယ်။ အခုဆို အစိုးရတောင် ဖွဲ့လို့ရနေပြီ မဟုတ်လား။ တပ်ကလူတွေခေါ်တာ ထောင်ထွက်အစိုးရတဲ့။ ဟုတ်တယ်လေ။ သူတို့ပဲ ထောင်ချထားတဲ့ဥစ္စာ။ ဘာမှုနဲ့လဲဆိုရင် ဒီမိုကရေစီမှုပေါ့။ ပေါက်ပြီလား။ အခုဆိုရင် ဝဋ်တွေလည်လို့ ထောက်လှမ်းရေးတွေကိုယ်တိုင်တောင် စစ်ကြောရေးကတဆင့် ထောင်ထဲဝင်ကုန်ပြီ မဟုတ်လား။ ပြန်ထွက်တဲ့သူတွေတောင် ထွက်ကုန်ပြီ။
ဟိုအရင်တုန်းက သည်လို မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြ ဆန္ဒဖော်ထုတ်တယ်ဆိုရင် ပစ်တာပစ်တာဆို တာလေ ဂိမ်းကစားနေသလား မှတ်ရတယ်။ လူတွေတော့ တကယ်သေတာပေါ့။ သိမ်ဖြူလမ်း ဝန်ကြီးများရုံးရှေ့မှာ ပစ်လိုက်လို့ သေနတ်ဒဏ်ရာနဲ့လူတွေ ကိုယ်တို့အိမ်ရှေ့ ထမ်းပြီးသယ်လာကြတာ အတုံးအရုံးကို မြင်ဖူးတယ်။ အဲ့ဒီအချိန် ရန်ကုန်ဆေးရုံသစ်ကြီးမှာ အလုပ်လုပ်နေတဲ့ ဆရာဦးထွန်းဦးတို့ ဆရာဦးခင်မောင်ကြည်တို့ဟာ အိမ်မပြန်နိုင် ထမင်းစားချိန်တောင်မရပဲ လူနာတွေကို ခွဲခန်းထဲအထိတောင် မသယ်နိုင်၊ ကားပေါ်မှာတင် လိုအပ်သလို အရေးပေါ်ခွဲစိတ်ပေးရတဲ့အကြောင်း ပြောဖူးတယ်။ လူမပြောနဲ့ ဆေးရုံကြီးအဆောက်အဦမှာကိုက သေနတ်ကျည်ဆန်ရာတွေ ပရပွနဲ့ ဂျာနယ်ပေါ်ရောက်လာတာ အသိမ်းကောင်းတဲ့သူတွေဆီမှာ ရှိပါလိမ့်မယ်။ အဲ့ဒီအချိန်က ရန်ကုန်မြို့ကြီး ဘယ်သူပုန်မှ ဝင်မသိမ်းဘူးဗျ။ သူတို့ဘာသူတို့သာ အာဏာတက်သိမ်းတာ။ အချောင်သေတော့လည်း Collateral Damage ပေါ့နော။ ပုဇွန်တောင် ပန်းခြံထောင့်မှာဆို အိမ်ထဲနေရင်း သေနတ်မှန်သေတဲ့လူတောင် ရှိတယ်။ ကြည့်ချင် လိုက်ပြမယ် အဲ့ဒီအိမ်။ တို့အရေးအော်ရင် တိုင်းပြည်တောင် ပျက်တယ်။ ယုံလိုက်။
အဲ့ဒီခေတ်တုန်းက ကျောင်းသားတွေဟာ ဒီမိုကရေစီဆိုတာကို ပါးစပ်က ထုတ်ဖော်ပြောကြားရင်သော်လည်းကောင်း၊ အဲ့ဒီစကားလုံးပါတဲ့ စာရွက်စာတမ်းတွေကို လက်ဝယ်ထားရှိရင်သော်လည်းကောင်း၊ ရေးသားဖြန့်ဝေရင်သော်လည်းကောင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကို နှောက်ယှက်ဖျက်ဆီးမယ့်သူ၊ တိုင်းပြည်အတွက် ဆူးညှောင့်ခလုပ်၊ အဖျက်သမား၊ သူပုန်၊ ဗကပ၊ အကြမ်းဖက် ဖောက်ခွဲရေးသမား၊ တပ်ချင်တဲ့ ပုဒ်မတပ် Guilty as charge ပဲ။ တစ်ယောက်တည်း ထောင်ကျရုံတင်ဘယ်ကမလဲ မိသားစုပါ ထမင်းအိုးကွဲတာ။ ဒီမိုကရေစီလို့ ပါးစပ်ကတစ်လုံးမှ မထွက်ပဲနဲ့၊ အဲ့သည်ဘက်မှာ ရပ်တည်သည်ဟု ယူဆရသည်ရှိသော်မှ ပြစ်ဒဏ်အတွက် ခိုင်လုံနေပြီဗျ။ ယဉ်ကျေးမှုတက္ကသိုလ်က ကထိကမမလည်း ၅၄ ရှေ့မှာ နှင်းဆီတစ်ပွင့် သွားပေးလို့ အလုပ်ထုတ်ခံရတာ။ မန်းလေးက ပါမောက္ခမာမီကြီးလည်း သူ့အိမ်ဧည့်ကောင်းစောင်ကောင်း ဝင်တည်းလို့ ပင်စင်ပေးခံရတာ။ ဥပဒေအရ မည်သို့ပင်ဆိုစေကာမူ ဆိုတဲ့ ချွင်းချက်ကြီးဟာ ဒီမိုကရေစီနဲ့ ကောင်းကောင်းကြီး အသုံးတည့်တယ်။ ဒီစကားလုံးပါလာရင် သတ်ပစ်လို့တောင် ရတယ်ဆိုမှ ကျန်တာတွေက ဘဘဖျားရဲ့ မဟာဂရုဏာတော်တွေချည့်ပဲ။ မြန်မြန်သာ ကျေးဇူးတင်လိုက်။ ကိုယ့်လောက် မှတ်မိနေတဲ့သူကို လာမသတ်သေးတာလည်း ကျေးဇူးအကြီးကြီး တင်ပါရဲ့နော။
အရင်တုန်းက အခုလိုမျိုး လွတ်လွတ်လပ်လပ် ပြောရေးဆိုခွင့် မရခဲ့ဘူး။ ဦးဇာဂနာ၊ ကိုမင်းလူ ကဗျာတစ်ပုဒ်စီနဲ့ ထောင်ကျတယ်။ ကိုကျော်သူ မရွှေဇီးကွက် ဘုန်းကြီးဆွမ်းကပ်လို့ အမျိုးဘာသာစောင့်ရှောက်သူကြီးတွေက တစ်လကိုးသီတင်း ခေါ်ယူစစ်ဆေးတယ်။ ဦးထွန်းဝေ ဘာစကားတစ်ခွန်းမှ မပြောမိပဲ ဘွားတော်အနားမှာ မတ်တပ်ရပ်နေလို့ တသက်တာ ရုပ်ရှင်ပိတ်ကားပေါ်က ဖယ်ထုတ်ခံရတယ်။ ဒေါ်အေးအေးသင်း၊ ဟာသမယ်မသန်းရွှေ၊ တရားဟောမှုနဲ့ ထမင်းအိုးကွဲတယ်။ ကိုမေတ္တာ မီးပျက်တဲ့အကြောင်းပြက်လို့ ပွဲမိန့်မရတော့ဘူး။ ဒေါ်မာမာအေး ဘီဘီစီ နဲ့ အင်တာဗျူးလို့ မြန်မာပြည် ပြန်လာလို့မရတော့ဘူး။ မြန်မာ့အသံက မှတ်တမ်းဓါတ်ပြားတွေပါ ဖျက်ပစ်တာ။ ဘယ်ပုံနှိပ်မီဒီယာမှာမှ သူ့နံမယ် ထည့်ရိုက်လို့မရဘူး။ နံမည်တူရင်တောင် ပြင်ပေးရမလောက် ဖြစ်တယ်။ (အပေါ်ကနေ မင်အမည်းကြီးတွေနဲ့ အုပ်ပြီးပိတ်ထားတယ်။ ဓါးလေးနဲ့ ခပ်ဖွဖွခြစ်ဖတ်မှ သူ့နံမယ်မှန်းသိတာ) တခါတခါများ မဆီမဆိုင် လက်ပံသား ဓါးနဲ့ချိုင်။ သားကလုပ်လို့ ညီကလုပ်လို့ အမျိုးနီးစပ်ထဲက နိုင်ငံရေးလုပ်လို့ အစိုးရအလုပ်က အထုတ်ခံရတာ။ အစိုးရနဲ့ ဆက်စပ်ပြီး လုပ်ကိုင်စားသောက်လို့မရတော့တာတွေလည်း ရှိသေး။ လူပြက်တွေ စင်ပေါ်မှာပျက်ရင် စင်နောက်က ကားနဲ့လာစောင့်ဖမ်းတာက တစ်မျိုး။
ဒါပေမယ့် အဲ့သလောက် အသည်းအသန် တိုက်ဖျက်နှိပ်ကွပ်လို့ရော လူတွေ ပါးစပ်ဖျားမှာ ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းကြီး ပျောက်သွားလား ဆိုတော့ ဝေးပါသေးတယ်။ ကလေးတို့မသိတဲ့ ရှေ့ကမျိုးဆက်ဟာ အပေါ်မှာပြောခဲ့တဲ့ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကို တွန်းလှန်ပြီး ထောင်နှုတ်ခမ်းရော သေမင်းခံတွင်းဝကပါ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မပါပဲ ပတ်လျှောက်လာခဲ့ကြတာ။ စစ်ဘိနပ်နဖူးနဲ့တိုက် ရှိခိုးရင် အရိုးအရင်းကိုက်ပြီး အနေအစားချောင်မယ်မှန်း သိလျက်နဲ့ Bloody but unbowed head နဲ့ ကြံ့ကြံ့ခံလာတာ။ သည်လိုအခြေအနေမျိုးကနေ အခုလက်ရှိအခြေအနေ ရောက်လာအောင် အသက်တွေ သွေးတွေ ဘဝတွေနဲ့ ရင်းပြီးမှ ရလာခဲ့တာ။ အခုလူငယ်တွေက မသိတော့ နားမလည်တော့ တန်ဖိုးမထားတတ်ဘူးပေါ့။ နဂိုကတည်းက ဒီမိုကရေစီ ကမ္မဝါဖတ်လို့ ဒေါသအမျက် ချောင်းချောင်းထွက်နေတဲ့ သရဲသဘက် တစ္ဆေမှင်စာတွေကလည်း ညစ်နွမ်းအောင် အရောင်ဆိုး အပုတ်ချ သိက္ခာချချင်နေတော့ ပိုဆိုးတယ်။
ဒီနေ့ ဒီအချိန်မှာ လူတွေ ဆန္ဒဖော်ထုတ်နိုင်တယ်၊ ဒီမိုကရေစီအခွင့်အရေးနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း တောင်းဆိုနိုင်တယ်ဆိုတာ ဟိုတချိန်က ပေးဆပ်ခဲ့ရတဲ့ အသီးအပွင့်ပဲ။ ပြည်သူတွေ အခုမှ ခံစားဖူးတာ။ ခံစားကြ။ အမှိုက်သရိုက် ဒိုက်သရောတွေ ပါလည်း သည်းခံခွင့်လွှတ်တယ်။ အချိန်တစ်ခုရောက်တော့ ရေကြည်သောက်ရမှာပေါ့။ ဒီအခွင့်အရေးရဲ့ ချိုမြိန်မှုကို ကိုယ့်လောက် ခံစားတတ်တဲ့သူ ရှိဦးမလား။ စဉ်းစားကြည့်။ အခုလို ရေးပုံဆိုပေါက်မျိုးနဲ့ ဟိုးဆယ်နှစ်လောက်ကသာဆို အပြန်ပြန်အလှန်လှန် သေပြီးတာ ဘယ်နှစ်ခါမှန်းတောင် မသိ။ ကျေးဇူးရင်များ သည်းခံခွင့်လွှတ်ထားလို့သာ သည်ကနေ့သည်အချိန်ထိ ပလီစိချောက်ချက်တွေ ရေးလို့မဆုံးတာ။ "ငါစာတွေရေးထားတယ်။ သေမှစာအုပ်ထုတ်မလို့။" မဖြစ်ရတာ တော်သေးတာပေါ့နော။ ကိုယ့်မှာ သည်လိုရေးခွင့်ပြောခွင့်ရလို့ အရသာရှိသလို ဗုံလုံတလှည့် ငါးပျံတလှည့်ဖြစ်သွားတဲ့ တဘက်လူတွေမှာလည်း တူသောအရသာ ရှိပါစေလေ။ သူတို့ပါးစပ်က ကိုယ့်စော်ကားဆဲဆိုလို့ရမှ အရသာပေါ်သလား။ ရှိစေ ရှိစေ။ ကိုယ့်ပါးစပ်ကဟာ ကိုယ့်ဥစ္စာ။ စိတ်တိုင်းကျ ဆင်ယင်တော်မူ။ ဒါ သူတို့အခွင့်အရေး။ ဖါးရယ် ငါးရယ် ပါးစပ်က နံမယ်ခေါ်ရုံနဲ့ အကောင်က ပြောင်းမသွားဘူး။ အချိန်က စကားပြောလာလိမ့်မယ်။ သို့သော် ဒီမိုကရေစီအခွင့်အရေးထဲမှာ လွတ်လပ်စွာ လုပ်ကြံသတ်ဖြတ်ပိုင်ခွင့်တို့၊ လွတ်လပ်စွာ လုယူရောင်းစားပိုင်ခွင့်တို့၊ လွတ်လပ်စွာ နိုင်ငံတော်အာဏာသိမ်းပိုင်ခွင့်တို့ မပါတဲ့အကြောင်းတော့ အသိပေး မေတ္တာရပ်ခံပါရဲ့နော။ (လွတ်လပ်စွာ ခေါ်ယူဖမ်းဆီးခွင့်တော့ ရှိဦးမလား မပြောတတ်။ လာမယ်ဆို ကြိုပြောနော်။ ဘယ်တော့လာခေါ်မလဲကွယ်။ အလှတွေ ပြင်ထားမယ်။) ဒီမိုကရေစီနဲ့ပတ်သက်လို့ ကိုယ်တို့ဆီက ဖြစ်ပုံပျက်ပုံ ကင်ပွန်းခြုံကတော့ အဲသည်အတိုင်းပါပဲ။ တခုခုဆို "ဒီလိုမချစ်ဘူး မပြောပါနဲ့" ချည့် အော်မနေနဲ့။ "ကိုကို ဘာလို့မုန်းတာလဲ" ကိုလည်း အရင်သိအောင် လုပ်ထားပါဦးလို့။
Facebook မှကူယူဖော်ပြသည်။
No comments:
Post a Comment