Twitter Bird Gadget

Tuesday, October 3, 2017

ခရုကိုခါးတောင်းကြိုက်မဖမ်းကြဖို့

မြန်မာနိုင်ငံတွင်ဖြစ်လိုက်လျှင်အမြဲတမ်းတလွဲတချော် ။ ခရုကိုခါးတောင်းကြိုက်ဖမ်းသလို ကိစ္စသေးသေးကိုပုံကြီးချဲ့ကြတာများသည် ။အကြီးကြီးတွေကျ တဖြည်းဖြည်းနှင့်သေးငယ်ပြီးနောက်ဆုံး၌ပျောက်ဆုံးသွားသည် ။ ထို့ကြောင့် ယနေ့အချိန်အထိ တရားဥပဒေဆိုလျှင် မည်သူကမျှ အားကိုးယုံကြည်မှုမရှိ ။ ဥပဒေဘက်တော်သားတွေကအစ တရားဥပဒေကိုတကယ် ယုံကြည်လေးစားလိုက်နာပါသလားဆိုသောမေးခွန်းကို အမှန်အတိုင်းဖြေကြည့်မည်ဆိုလျှင် မြန်မာပြည်သိန်းတန်ပြောသလို အယ်ကယ်ကတော့ နိုးပါကွယ် ဆိုသောအဖြေထွက်လာပေမည် ။ ဝေးဝေးလံလံကိုမကြည့်နှင့် ရန်ကုန်တိုင်းမြို့နယ်များတွင်မြို့နယ်အများစုမှာ ဆိုင်ကယ်မစီးရဖြစ်သည် ။ ဆိုင်ကယ်စီးနင်းခြင်းကို လျှပ်စစ်ဝန်ထမ်းများမှတစ်ပါးမည်သူမျှ စီးနင်းခွင့်မရှိချေ ။ သို့သော်အားလုံးသိသည့်အတိုင်း ရဲတပ်သား၊ရဲတပ်ကြပ် ၊ ဒုရဲအုပ်မှစကာ ရဲ အမျိုးမျိုးသည် ရန်ကုန်တွင် ဆိုင်ကယ်မစီးသောရဲမရှိသလောက်ပင်ဖြစ်ပါသည် ။
တိတိကျကျပြောရလျှင်ဒါသည်ဥပဒေကိုမလိုက်နာခြင်း(ဝါ) ဥပဒေကိုချိုးဖောက်ခြင်းဖြစ်ပါသည် ။ ဥပဒေကိုယ်၌ကလည်း ပြည်သူလူထုလိုက်နာနိုင်သော ၊ လိုက်နာချင်စရာကောင်းသော ဥပဒေဖြစ်ရပါမည် ။ ဆင်ခြေဖုံးမြို့နယ်များတွင်လူအများသည် ဆိုင်ကယ်ကိုသာအားထား၍ သွားလာကြရသည်ဖြစ်ရာ ဆိုင်ကယ်မှာ လိုင်သာယာ ၊ မြောက်ဥက္ကလာ ၊ရွှေပေါက္ကံ ၊ ဒဂုံမြို့သစ် (တောင်/မြောက် ) ၊ မင်္ဂလာဒုံ ၊ အင်းစိန် စသည့်နေရာများတွင် ဆင်းရဲသားနှင့် လူလတ်တန်းစားများအတွက်မရှိမဖြစ် မသုံးမဖြစ် အိမ်သုံးယာဉ်တစ်မျိုးဖြစ်ပါသည် ။ ရှေးခေတ်က မြင်းမရှိလျှင် မည်သည့်ခရီးမှသွား၍မဖြစ်သလို ၊ ယခုခေတ်တွင် ဆိုင်ကယ်ရှိမှ ဟိုနားသည်နားကိစ္စများစွာအတွက်အလုပ်ဖြစ်ပါသည် ။ ထိုလိုအပ်ချက်ကြီးရှိနေသော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ သည် ရှေ့ကအုပ်ချုပ်သွားသောစစ်အာဏာရှင်အစိုးရ၏ပုံတူကိုကူးကာ လမ်းဟောင်းကြီးပဲလိုက်ကာ ဆိုင်ကယ်ကြောင့်ပဲ ယာဉိုက်မှုတွေများသလိုလို ၊ဆိုင်ကယ်ကြောင့်ပဲ လုယက်မှုတွေဖြစ်သလိုလို မရေရာသောအကြောင်းပြချက်များနှင့်ဆိုင်ကယ်စီးနင်းခြင်းကိုကန့်သတ်လိုက်ရာဆင်းရဲသားများအထိနာကြပါသည် ။ သို့သော် ရဲတွေကတော့ခပ်တည်တည်ပင် (သူတို့စီးတော့ဥပဒေမချိုးဖောက်သလိုလို ) ဆိုင်ကယ်စီးနေကြပါသည် ။ပြောချင်သည်မှာ ဥပဒေကိုရဲကပင်လျှင် လေးစားလိုက်နာမှုမရှိပေ ။
    နှစ်လုံးထီသုံးလုံးထီ ၊ဘောလုံးလောင်းကစားနည်းတွေမှာလည်းထိုနည်းလည်းကောင်းပင် ။ ဥပဒေစိုးမိုးရေးဘက်တော်သားများ ဖြစ်သော ရဲ ၊ လမ်းမှူး ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေအများစုသည် ထိုလောင်းကစားမှုတွေနှင့် လုံးဝကင်းရှင်းသူရှားသည် ။ ရဲကချဲထိုးခြင်း ၊ ရပ်ကွက်လူကြီးကနှစ်လုံးထိုးခြင်း ၊ ဘောလုံးလောင်းခြင်းတို့သည် မြန်မာနိုင်ငံ၌ ထူးဆန်းသောကိစ္စများမဟုတ်တော့ ။ အချို့သော ရဲမိန်းမ ၊ လူကြီးမိန်းမများသည် နှစ်လုံးထီဒိုင်ပင်ကိုင်တာတွေ့ရ၏။ ပြောလိုရင်းမှာ ဥပဒေကိုလေးလေးနက်နက်လိုက်နာသောအထဲတွင် အုပ်ချုပ်ရေးနှင့် ဥပဒေဘက်တော်သားများပင် မပါဝင်ကြောင်း ဖြစ်သည် ။ ဆိုင်ကယ်မစီးရဥပဒေရှိလျက်နှင့်စီးတာမျိုးကတော့ ဥပဒေချိုးဖောက်သည်ဟုပင်မည်သူကမျှမထင်ကြတော့ပေ ။
     ခိုးမှုများ နိုင်ငံတော်ဘဏ္ဍာအလွဲသုံးစားမှုများကိုလည်းကြည့်နိုင်သည် ။တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းခုနစ်ထောင့်လေးရာငါးဆယ့်ကိုးသန်း ( ၇၄၅၉ သန်း) စာရင်းကွာနေသည်ဆိုသော မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း၏ ငွေကြေးကွာဟမှုကြီးတွင်ငွေကျပ်သန်းသုံးထောင့်နှစ်ရာကျော် (သန်း ၃၂၀၀)နှင့် ယာဉ်ယန္တယားများကို အရစ်ကျပြန်လည်ပေးသွင်းခွင့်ပြုခဲ့သည် ။ထိုအမှုအတွက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းဦးဘုန်းမော်ရွှေ အမှုဖွင့်ခံရခြင်း ၊ ဖမ်းဆီးအရေးယူခံရခြင်းမရှိခဲ့ပါ ။ ဦးသိန်းအောင်ခေါင်းဆောင်သည့်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဟောင်းများသည်လည်း ငွေကျပ် ၅ ဒသမ ၂ ဘီလျံ (သန်း ၅၂၀၀ ) အထိရှိထားခဲ့သော တိုင်းဒေသကြီးရန်ပုံငွေများကို နောက်တက်လာသော ဧရာဝတီတိုင်းဒေသကြီးအစိုးရကိုတစ်ပြားတစ်ချပ်မှလွှဲပြောင်းပေးအပ်မသွားခဲ့သည့် အမှုအတွက် ယခုထက်တိုင် အမှုဖွင့်စစ်ဆေးခံရခြင်းမရှိသလို ၊ အခြားသောရာဇဝတ်မှု ၊ အဂတိလိုက်စားမှုစသော ဥပဒေများးဖြင့် အရေးယူခြင်းမခံရပါ ။အင်မတန်ကြီးမားသော အာဏာအလွဲသုံးစားမှု ၊ အဂတိလိုက်စားမှု ၊ ငွေကြေးမသမာမှုအချို့မှာ မထိမတို့ရဲသေးသည့်အနေအထားတွင်ရှိနေသေးသည် ။ အချို့သော မူးယစ်ဆေးဝါးဖမ်းမိမှုများတွင် စ့ချိန်တင်လောက်အောင် ကားစီးလုံးဖမ်းဆီးမိသောအမှုများတွင် ထိုမူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ်သည် ပိုင်ရှင်မရှိပဲ ပိုင်ရှင်မဲ့ ပစ္စည်းများဖြစ်သွားကြတာလည်း ထူး၍မဆန်းတော့သော ဖြစ်ရပ်များဖြစ်သည် ။
    ထိုအချိန်တွင် ဘုရားဂေါပကတာဝန်ရှိသူများရွပ်ရွပ်ချွန်ချွန်ဖမ်းဆီးတင်ပြလာသောခိုးမှုတစ်ခုကို ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ ကျောသားရင်သားမခွဲခြားပဲ ပုဒ်မ ၃၇၉ ဖြင့်တိကျစွာ တရားစွဲဆိုပြီးတရားခံများကိုအချုပ်ထောင်သို့ပို့လိုက်ကြသည် ။ ပြစ်မှုဖြစ်ရပ်က တောင်ဒဂုံမြို့နယ် အောင်ဗောဓိဘုရားအလှူခံပုံးအတွင်းမှငွေများကိုခိုးယူမှုဖြစ်သည် ။ ခိုးယူသည်က ကလေးသုံးဦးဖြစ်ပြီး သူတို့ခိုးယူခဲ့သည့်ငွေက ၃၀၀ ကျပ်တိတိဖြစ်သည် ။ အမှုမှာအလွန်ကြီးလေးလေသည် ။ နိုင်ငံတော်အတွက်အလွန်နစ်နာနိုင်သောအမှုအခင်းကြီးဖြစ်သဖြင့် ကလေးများကို သံလျင်လူငယ်ထိန်းသိမ်းရေးစခန်းသို့ပို့လိုက်သည် ။ထို့နောက် စာမေးပွဲဖြေစရာရှိသဖြင့် ခုနစ်ရက်ခန့်ခွင့်ဖြင့်ခေတ္တပြန်လွှတ်ပေးသည် ။စာမေးပွဲပြီးလျှင် လူငယ်ဂေဟာသို့ပို့ကာထိမ်းသိမ်းထားဦးမည့်သဘောဖြစ်သည် ။ ထိုဖြစ်ရပ်ကိုမခံနိုင်သဖြင့် တောင်ဒဂုံမြို့နယ်မှပြည်သူများသည် စက်တင်ဘာ ၂၆ ရက်နေ့က ချီတက်ဆန္ဒပြကြပါသည် ။ ထိုသို့ဆန္ဒပြခြင်းအား လျောက်လွှာတင်ထားပြီး ၄၈ နာရီမပြည့်မီဆန္ဒပြသဖြင့်ခွင့်မပြုကြောင်းရဲတပ်ဖွဲ့ကတားဆီးခဲ့သဖြင့် ၄၈ နာရီပြည့်သော စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီတွင် ထပ်မံဆန္ဒပြခဲ့ကြသည် ။ ဘုရားဂေါပကကိုပါ အလိုမရှိကြောင်းဆန္ဒပြခဲ့ကြသည် ။ ထိုဂေါပကတစ်ဦးမှ ရပ်ကွက်မီးတားနယ်မြေကိုတစ်ယောက်တည်းအပိုင်စီးထားခြင်းကိုလည်း ကန့်ကွက်ကြောင်းဆန္ဒပြခဲ့ကြသည်။သူတို့ဆန္ဒပြမှ ရပ်ကွက်မီးတားနယ်မြေကို ရိုက်စားလုပ်ထားမှု ကို လွှတ်တော်ကိုယ်စားလှယ်တွေသိကုန်ကြသည် ။ စည်ပင်မြေကိုကျူးကျော်ခြံခတ်ထားလျှင်ဖြင့် မြေတန်ဖိုးမှာ ဆယ်ပေဆိုလျှင်ပင် ကာလပေါက်ဈေး သိန်းပေါင်း အနည်းဆုံး သုံးလေးရာရှိပေလိမ့်မည် ။ငွေသုံးရာကျပ် လုပ်မိလုပ်ရာ ခိုးမိခိုးရာခိုးခဲ့သောကလေးများကို ကလေးသူငယ်ဥပဒေအတိုင်းအရေးမယူပဲ ရာဇသတ်ကြီးပုဒ်မဖြင့်ရာဇဝင်လူဆိုးကြီးတွေလို လုပ်ပြီး ရုံးတင်ရန်ကြိုးစားနေခြင်းမှာလည်း ရုပ်ပျက်ဆင်းပျက်နိုင်လှသည် ။
ဘုရားအလှူခံပုံးထဲမှငွေသုံးရာကျပ် နိုက်မိသည့်ကလေးတွေအကြောင်းကြားသောအခါ ကျိုက်ထီးရိုးဘုရားကအဖြစ်အပျက်တစ်ခုကိုသတိရမိသည် ။ ယခင်အစိုးရလက်ထက်က ကျိုက်ထီးရိုးဘုရားတွင် ဂေါပကအဖွဲ့ဟောင်းများသည် ဘုရားကြီး အတက်လမ်းတောက်လျှောက်ရှိအလှူခံမဏ္ဍပ်များကို ပုဂ္ဂလိကအလှူခံအသီးသီးသို့ပုတ်ပြတ်နှုန်းဖြင့် ကန်ထရိုက်ချထားပေး ခဲ့ကြသည် ။ ဘုရားကရတာနည်းနည်း ကန်ထရိုက်တွေရတာကများများဖြစ်သည် ။ထိုကန်ထရိုက်တွေကရော ကန်ထရိုက်ပါမစ်ရဖို့ ဂေါပကများအားဘယ်လိုလိုင်းဝင်ရသည်မသိ ။ကြိတ်ပုန်းကိစ္စတွေများသည် ။ ၂၀၁၅ တွင်အစိုးရအသစ်တက်လာပြီး သာသနာရေးဝန်ကြီးအသစ်က ကျိုက်ထီးရိုးဘုရား အလှူခံကန်ထရိုက်များချထားပေးမှုကိုဖျက်သိမ်းလိုက်ပြီး ဘုရားမှ ကိုယ်တိုင် အလှူငွေကောက်ခံသည် ။ ယခင်က ကန်ထရိုက်ဖြင့် ချထားပေးသော ဘုရားဝင်ငွေ တစ်နှစ်စာ သည် ဘုရားကကိုယ်တိုင်ကောက်သောအခါ တစ်လနှင့် ကြေသည့်အပြင် ပိုတောင်ပိုလျှံသွားပါသတဲ့ ။သိန်းပေါင်းသိန်းနှင့်ချီသောငွေကြေးတွေ ထိုအမှုတွင်ပါဝင်ပါတ်သက်နေပါသည် ။ မည်သူ့ကိုမျှ အရေးယူသည်တော့မကြားသေးပါ ။ ထိုငွေကွာခြားမှသည်တနည်းအားဖြင့်ပြောရလျှင် ဘုရားဆီသို့ရောက်လာသော ငွေများကို မိမိအိပ်ထဲထည့်ကြခြင်းမဟုတ်ဘူးလား ။ဒါသည် ဘုရားငွေကိုခိုးခြင်းမဟုတ်ကြဘူးလား ။ 
မသိနားမလည်သောကလေးသုံးယောက် ငွေကလေး ၃၀၀ ကျပ်ယူမိသည်ကို ဥပဒေ ပုဒ်မတွေ ၊ ရာဇသတ်ကြီးတွေနှင့်လုပ်သည်ဆိုလျှင် မြန်မာတစ်ပြည်လုံးမှ ခိုးမှု ၊ ဘုံးမှု ၊ အလွဲသုံးစားမှုတွေကို သေဒဏ်ပေးကြမည်လား ။ ဥပဒေဆိုသည်မှာ ပြစ်မှုနှင့်ပြစ်ဒဏ်မျှတဖို့လိုပါသည် ။တရားမျှတမှုနှင့်ဆင်ခြင်တုံတရား၇ှိကြဖို့လိုပါသည်။လိုလျှင်တမျိုးမလိုလျှင်တမျိုးမဖြစ်ကြဖို့လိုပါသည် ။ အလုပ်မရှိကြောင်ကိုရေချိုး ၊ ခြံစည်ရိုးထင်းခွေ ၊ ခရုခါးတောင်းကျိုက်ဖမ်းနေကြသော လုပ်ရပ်မျိုးနှင့်တော့ မည်သူကမျှ ဥပဒေကိုလေးစားကြောက်ရွံ့ကြမည်မဟုတ်ပါကြောင်း ။
သရဝဏ်(ပြည်)ခရုကိုခါးတောင်းကြိုက်မဖမ်းကြဖို့
သရဝဏ်(ပြည်)

No comments:

Post a Comment