Twitter Bird Gadget

Monday, September 11, 2017

ဩဇာ

ကျွန်တော်က အလေး အနက် တွေးတောရတဲ့ အလုပ် တွေဘာတွေ လုပ်လေ့လုပ်ထမရှိ ဘူး။ မိုးလင်းမိုးချုပ် ပိုက်ဆံရှာဖို့ပဲ စိတ်ရောက်နေတော့ တွေးချိန် လည်းမရဘူးလေ။ နောက်ပြီး ကံ ကောင်းထောက်မလို့ ဂျပန်ကို ရောက်လာတာဟာ ငွေပင်လယ် ကြီးအောက် ရောက်လာတာဖြစ် လို့ အချိန်ရှိသရွေ့၊ ခွန်အားရှိ သရွေ့ ငွေသီးခူးရမယ်လို့ပဲ အများနည်းတူ နားလည်ထားခဲ့ တယ်။ ၂၀၀၀ ပြည့်နှစ်လွန်ကာလ ဆိုတော့ ဂျပန်မှာ လူဝင်မှုဥပဒေ ကလည်း သိပ်တင်းကျပ်တဲ့အချိန် မဟုတ်သေးလို့ တစ်နည်းအားဖြင့် ပြောရရင် အိုဗာစတေးတွေကို ပိုက်စိပ်တိုက် မဖမ်းသေးတဲ့ အချိန်ဖြစ်လို့ ငွေရှာလို့လည်း အဟုတ်ကောင်းခဲ့တယ်ပေါ့။
အဲ...တစ်ခါမှာတော့ ကိုယ် တွေ့ဖြစ်ရပ်လေးတစ်ခုကြောင့် လို့ပဲ ပြောပါတော့... ကျွန်တော် အရင်က လုံးဝမတွေးတောခဲ့ဖူးတဲ့ ကိစ္စလေးတစ်ခုကို စေ့စေ့ငုငုတွေး မိလိုက်ပြီး အမှုမဲ့အမှတ်မဲ့ဖြစ်နေ တဲ့ အသိလေးတစ်ခုကို ရရှိသွား ဖူးတယ်။ အဲဒီအကြောင်းလေးကို ကျွန်တော် ပြောပြပါရစေ။
***

ကျွန်တော်အလုပ်လုပ်တဲ့ ထမင်းဘူးစက်ရုံက တိုကျိုမြို့ အစွန်ဘက်ကျကျ နယ်မြို့လေး တစ်မြို့ရဲ့ ဆိတ်ငြိမ်ရပ်ကွက်ထဲ မှာ တည်ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မြန်မာအလုပ်သမား များနေဖို့ သူဌေးငှားပေးတဲ့ အိမ် ကလည်း ဆိတ်ငြိမ်ရပ်ကွက်ထဲမှာ ပဲပေါ့။
ကျွန်တော်က တိုကျိုမြို့ထဲ မှာနေတဲ့ သူငယ်ချင်းတွေကို အမြဲကြွားလေ့ရှိတယ်။ ‘‘တို့က ဝင်ဒါမီယာထဲမှာနေတာ’’လို့။ ဟုတ်တယ်။ ရပ်ကွက်လေးက တကယ့် ဝင်ဒါမီယာပါပဲ။ တစ် ရပ်ကွက်လုံး ခြံနဲ့ဝင်းနဲ့၊ ပန်းပင်လှ လှ သစ်ပင်လှလှလေးတွေနဲ့ အလှဆင်ထားတဲ့ တစ်ထပ်တိုက်၊ နှစ်ထပ်တိုက်၊ ချစ်စရာလုံးချင်း တိုက်လေးတွေချည်းပါပဲ။ အထပ် မြင့် လုံးဝမရှိဘူး။ နေ့နေ့ညည လူသွားလူလာနည်းပြီး အမြဲတိတ် တိတ်ဆိတ်ဆိတ် ရှိနေတတ် တယ်။
ဒီရပ်ကွက်ထဲမှာ ဆိတ်ငြိမ်မှု ကို ဖျက်ဆီးနေတာက ကျွန်တော် တို့ စက်ရုံကထွက်တဲ့အသံဗလံ တချို့နဲ့ ဒီရပ်ကွက်ရဲ့အလှကို ဖျက်ဆီးနေတာက ကျွန်တော်တို့ မြန်မာလေးယောက်နေတဲ့ အိမ် အိုတစ်လုံးပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့နေတဲ့အိမ်က သက်တမ်းကုန်လုလုဖြစ်ပြီး ဟောင်းလည်းဟောင်းနေပါပြီ။ ဆေးသစ်လည်း ပြန်မသုတ်တော့ အရောင်က ခပ်မွဲမွဲပေါ့။ ရှပ်တာ တံခါးတွေက အံမကျတော့တဲ့ အတွက် လေပြင်းပြင်းတိုက်ရင် တဂျမ်းဂျမ်း မြည်နေတတ်ပါ တယ်။
အိမ်ပတ်ပတ်လည်မှာတော့ မြေပိုတွေရှိပါတယ်။ အိမ်ပုံစံက တစ်ထပ်ခွဲတိုက်ပုံစံမျိုး။ အောက် ထပ်က နှစ်အိမ်ထောင်စာ၊ အပေါ်ထပ်က တစ်အိမ်ထောင် စာ။ အပေါ်ထပ်မှာတော့ လူမရှိ ပါဘူး။ အိမ်ရှင်က အိမ်သစ်မှာနေ ပြီး သူတို့ပစ္စည်းတချို့ကို အဲဒီ အခန်းမှာ ဂိုဒေါင်သဘောမျိုး လာ ထားတယ်လို့သိရတယ်။ အောက် ထပ်မှာတော့ ဘယ်ဘက်အခြမ်း က မမိုးနဲ့မစိုးတို့ ညီအစ်မနှစ် ယောက်နေပြီး ညာဘက်အခြမ်း မှာတော့ ကျွန်တော်နဲ့ ကျွန်တော့် ဇနီးတို့ နေပါတယ်။ ဂျပန်အိမ် တွေထဲမှာတော့ ကျွန်တော်တို့ အိမ်က ကျယ်ကျယ်ဝန်းဝန်းရှိ တယ်လို့ ပြောရမှာပါပဲ။
ကံကောင်းတာတစ်ချက်က ကျွန်တော်တို့အိမ်ဟာ လမ်းမတန်း ရဲ့ အတွင်းပိုင်းမှာ ကျရောက်ပြီး တိုက်အသစ်လှလှလေးတွေက ရှေ့ဘက်ကရော၊ နောက်ဘက် ကရော၊ ဘေးဘက်ကရော အကာအကွယ်ပေးထားသလို ဖြစ်နေပါတယ်။ မြေညီညီမဟုတ် တော့ တောင်ကြီး၊ ကလောဘက် က အိမ်တွေလို နိမ့်တာနိမ့်၊ မြင့် တာမြင့်ပေါ့။ ကျွန်တော်တို့အိမ်က တော့ အနိမ့်ပိုင်းမှာကျတယ်။
လမ်းမက ဖဲ့ဆင်းပြီး လူ သွားလမ်းလေးအတိုင်း ဝင်လာမှ ကျွန်တော်တို့အိမ်ကို ရောက် တယ်။ လမ်းမကကြည့်ရင် အိမ် ကို လုံးဝမမြင်ရပါဘူး။ တစ်နည်း အားဖြင့်ပြောရရင် ကျွန်တော်တို့ လို ဗီဇာရက်ကျော် နေထိုင်သူတွေ အဖို့ ဘေးကင်းလုံခြုံတယ်လို့ဆိုရ မှာပေါ့။
ကံဆိုးတာ တစ်ခုကတော့ ကျွန်တော့်အိမ်ရဲ့ မီးဖိုချောင်ဟာ အင်မတန် ဇီဇာကြောင်တဲ့ ဂျပန် အဘိုးကြီး၊ အဘွားကြီးနှစ်ဦးရဲ့ အိမ်ဂေဟာဧည့်ခန်းကို သွားမျက် နှာမူနေတာပါပဲ။
မစိုးတို့၊ မမိုးတို့ရဲ့ မီးဖို ချောင်က တစ်ဖက်အိမ်ရဲ့ ကားဂို ဒေါင်ဘက် လှည့်ထားတဲ့အတွက် အဆင်ပြေတယ်။ ဘယ်လောက် ကြော်ကြော် ဘယ်လောက်ညှော် ညှော် ကိစ္စမရှိဘူး။ ကျွန်တော်တို့ ဘက်ကသာ အဟုတ် ကိစ္စရှိနေ တာ။
ကျွန်တော်တု့ိ ဟင်းချက်ဖို့ ငရုတ်၊ ကြက်သွန်ဆီသတ်လိုက် တိုင်း အဘိုးကြီးဖြစ်ချင်ဖြစ်၊ အဘွားကြီးဖြစ်ချင်ဖြစ် တစ် ယောက်က အိမ်တံခါးလာခေါက် ပြီး ‘‘မင်းတို့ ဘာကြော်တာလဲ၊ အဲဒီအနံ့ကို တို့လုံးဝမခံနိုင်ဘူး။ အခုချက်ချင်းရပ်ပါ’’လို့ အမိန့်ပေး လေ့ရှိတယ်။
ကျွန်တော့် မီးဖိုချောင်နဲ့ သူတို့အိမ်ရှေ့ခန်းက ဝါးနှစ်ရိုက် စာလောက်တော့ ဝေးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အိမ်က အနိမ့်ပိုင်း၊ သူတို့အိမ်ကအမြင့် ပိုင်းဆိုင်တော့ ကျွန်တော်တို့ ကြော်သမျှ ညှော်နံ့က သူတို့အိမ် ထဲ တန်းဝင်သွားဟန် တူပါရဲ့။ အိမ်ဟောင်းဆိုတော့ ညှော်စုပ် စက်ကလည်း တပ်မထားဘူး လေ။
ဒီလိုနဲ့ပဲ ကျွန်တော်တို့မှာ ဟင်းဆက်မချက်ရဲတော့ဘဲ ခေါက်ဆွဲပြုတ်နဲ့ ပြီးလိုက်ရတဲ့ အကြိမ်ဆိုတာ ရေတောင်မရေနိုင် တော့ဘူး။ ခက်တာက မြန်မာ ဟင်းဆိုတာကလည်း ဆီမသတ် ဘဲချက်ရင် စားမကောင်းဘူး မဟုတ်လား။ တစ်ခါတလေဟင်း ကို ဖြစ်သလို လုံးချက်တော့ အရသာကမရှိပြန်။ လင်မယား နှစ်ယောက် အလုပ်က ပင်ပင်ပန်း ပန်း ပြန်လာတဲ့အခါ ထမင်းဟင်း လေးတော့ လျှာရင်းမြက်မြက်စား ချင်တာပေါ့။ သူတို့ရဲ့အသင့်ချက် ဂျပန်ဟင်း ချိုတိုတိုကြီးတွေကို အလွယ်တကူ ဝယ်စားလို့ရပေ မယ့် ကိုယ့်ပါးစပ်နဲ့ လုံးဝကီး မကိုက်။ ဘယ်လိုမှ ခံတွင်းမတွေ့ နိုင်။ ကိုယ့်ရပ်ကိုယ့်ရွာမဟုတ် တော့ ‘ညှော်မယ်ဗျို့’အော်ပြီး ကြော်ချင်တိုင်း ကြော်လို့ကမဖြစ်။ တကယ့် ပြဿနာပါ။
အဲဒီတော့ တစ်ခုခု ကြော် ချင်လှော်ချင်ရင် အရင်ဆုံး သူတို့ အိမ်ဘက် မသိမသာ ချောင်းရ တယ်။ လူရိပ်လူခြည်မတွေ့တော့ တဲ့အခါမျိုးမှ ကမန်းကတန်း ကြော်၊ ကမန်းကတန်းလှော်ရ တယ်။ သူတို့အရိပ်အယောင်မြင် ရင်တော့ ချက်ချင်းမီးပိတ်၊ ဟင်း အိုးချ လုပ်ရပါရော။ ဒါတောင် ညှော်နံ့ အကြွင်းအကျန်ကို နှာ ခေါင်းတရှုံ့ရှုံ့၊ အိမ်ဘက် တကြည့်ကြည့်လုပ်သေးတယ်။ ဘယ်လောက် စိတ်ညစ်စရာ ကောင်းပါသလဲ။ မမိုးတို့၊ မစိုးတို့ ကတော့ ပြောရှာပါတယ်။ သူတို့ မီးဖိုမှာ လာချက်ပါတဲ့။ အဲဒါ လည်း တစ်ခါတစ်ရံပဲကောင်းတာ ပေါ့။ အမြဲတမ်းကျတော့ ဘယ် သင့်တော်ပါ့မလဲ။ အားနာစရာ။
အဲဒီဇီဇာကြောင်တဲ့ အဘိုး ကြီး၊ အဘွားကြီးလင်မယားဟာ ကျွန်တော်တို့ကို အမြဲသင်္ကာယန မကင်းတဲ့ မျက်လုံးနဲ့ကြည့်ပြီး အမြဲလည်း အပြစ်ရှာတတ်တယ်။
တစ်ခါတလေ ကျွန်တော်တို့ အဝတ်အစားတွေ အိမ်အပြင်က သံအဝတ်တန်းမှာ နေပူထုတ် လှန်းပါတယ်။ အဲဒါ မျက်စိရှုပ်လို့ အဝတ်မလှန်းပါနဲ့တဲ့။ ဖြစ်ပုံများ။ တကယ်တော့ ကျွန်တော်တို့ အဝတ်တွေက အနိမ့်ပိုင်းမှာရှိနေ တာ။ သူတို့ကအမြင့်ပိုင်း။ အနေ သာကြီးပါ။ အဲဒါလည်းမရဘူး။ ဒီတော့ မခြောက်တခြောက် အဝတ်တွေ အိမ်ထဲရွှေ့ရပြန် ရော။
ကျွန်တော်တို့အိမ် အဝင်၊ အထွက်ပေါက်အဖြစ် ကျွန်တော် တို့က နောက်ဖေးပေါက်ကိုပဲ အလွယ်တကူသုံးတယ်။ အိမ်ရှေ့ က ရှပ်တာတံခါးကြီး ရှိနေတော့ ဖွင့်ရပိတ်ရတာ အလုပ်ရှုပ်လွန်း လို့။ ဒီတော့ ကျွန်တော်တို့က အမှိုက်ပုံးကို အိမ်နောက်ဖေး တံခါးပေါက်အနားမှာပဲ ထား လိုက်တယ်။ အလုပ်သွားရင်း အမှိုက်ထုပ်ကို ယူသွားလို့ရ အောင်ပါ။ အမှိုက်ကန်က အလုပ် သွားတဲ့လမ်းဘေးမှာ ရှိတာလေ။
တစ်ညမှာတော့မထင်ဘဲ မိုးကြီးလေကြီး ကျပါရော။ သည်း လိုက်တဲ့မိုး၊ ထန်လိုက်တဲ့လေ။ တဝုန်းဝုန်းနဲ့ကိုနေတာ။ ကျွန် တော်တို့ကလည်း အမှိုက်ပုံးကို မေ့နေတာ။ လေဒဏ်၊ မိုးဒဏ် ကြောင့် အမှိုက်ပုံးဟာ အဖုံး တခြား ကိုယ်ထည်တခြားဖြစ်ပြီး အမှိုက်တွေလည်း အိမ်ပတ်ပတ် လည်မှာ ဖွာလန်ကြဲကုန်တော့ တာပေါ့။ သူတို့အိမ်ဝင်းထဲလည်း တချို့ ရောက်သွားရောဆိုပါ တော့။
နောက်တစ်နေ့မနက် ကျွန် တော်တို့လင်မယားနှစ်ယောက် လုံး နားရက်ဆိုတော့ ထုံးစံ အတိုင်း နေမြင့်တဲ့အထိ ဇိမ်နဲ့နှပ် မယ်လို့စိတ်ကူးပြီး အိပ်နေကြတာ ပေါ့။ မနက် ၆ နာရီလောက်မှာ တံခါးဘဲလ်သံ ကြားရပါလေ ရော။ ကျွန်တော် အိပ်ရာက မထ ချင်ထချင်နဲ့ ထပြီး တံခါးဖွင့်လိုက် တော့ တံခါးဝမှာ အဘွားကြီး။ အဘွားကြီးက ပြန့်ကျဲနေတဲ့ အမှိုက်တွေကို ပြပြီး အပြစ်တွေ တင်လိုက်တာ။ အမှိုက်ပုံးကို အိမ် ပြင်မထားဘဲ အိမ်ထဲထားဖို့ လက် ချာရိုက်တာက နာရီဝက်လောက် ကြာတယ်။
ကိုယ့်အမှားမို့လို့ ကျွန်တော် တို့နှစ်ယောက်လည်း ခါးတညွတ် ညွတ်နဲ့ ‘‘ဂေါ်မဲင်းနာဆိုင်း၊ စူမီမာ စင်ဒက်ရှတ (တောင်းပန်ပါတယ်၊ ခွင့်လွှတ်ပါ)’’ကို အာပေါက် မတတ်ပြောပြီး သူ့ရှေ့မှာပဲ အမှိုက်တွေပြန်လှည်း၊ ပုံးထဲ ထည့်၊ ပုံးကို အိမ်ထဲပြန်သွင်းလုပ် တော့မှပဲ အဘွားကြီးကျေနပ်ပြီး သူ့အိမ်သူ ပြန်သွားပါတော့တယ်။
ကျွန်တော်တို့ နေထိုင်ရတာ ဘယ်လောက် စိတ်ကျဉ်းကျပ် သလဲဆိုတာ စဉ်းစားသာကြည့်ပါ တော့။ တကယ်တော့ ကျွန်တော် တို့လင်မယားရော၊ မမိုး၊ မစိုးတို့ ညီအစ်မနှစ်ယောက်ရော အေး အေးဆေးဆေး၊ စည်းကမ်းတကျ နေတတ်တဲ့ သူတွေပါဗျာ။ ဟော့ ဟော့ရမ်းရမ်း သမားတွေလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်နီး ချင်းတွေရဲ့ မျက်နှာထားနဲ့ အမူ အရာတွေကတော့ ကျွန်တော်တို့ အပေါ် မလိုမလားရှိနေတာ၊ အထင်အမြင်သေးနေတာက တော့ အရမ်းကို သိသာပေါ်လွင် နေပါတယ်။
မိန်းမကတော့ အိမ်ပြောင်း ချင်တယ်ချည်း တဖွဖွ ပြောနေ တော့တာပဲ။
‘‘သည်းခံစမ်းပါမိန်းမရယ်... အခုဟာက ရဲကိုဖုန်းမဆက်ဘဲ တို့ကို တိုက်ရိုက်လာလာပြောနေ တာကိုက ဘယ်လောက်ကျေးဇူး တင်ဖို့ကောင်းလဲ။ ကောင်းတဲ့ ဘက်က တွေးကြည့်စမ်းပါ။ ပြီး တော့ ဒီအိမ်မှာမနေချင်ရင် အလုပ်ပါ ပြောင်းရမှာကွ။ အလုပ်သစ်ပြောင်းရင် ဘယ် လောက်အခက်အခဲတွေ့လဲ မင်း အသိဆုံးပါ။ အခု တို့အလုပ်လေး က အတော်လေး အဆင်ပြေနေ တဲ့ဥစ္စာ။ ခဏတော့ မှေးနေလိုက် ပါဦးကွာ’’
မိန်းမကို ဖျောင်းဖျမယ့်သာ ဖျောင်းဖျရတာ အမှန်တော့ ကျွန် တော်ကိုယ်တိုင်လည်း ဒီအိမ်မှာ နေချင်စိတ် မရှိတော့ပါဘူး။ သိပ် မကြာခင်မှာ သူတို့ကပဲ ကျွန် တော်တို့ကို မောင်းထုတ်မလား၊ ကျွန်တော်တို့ကပဲ သည်းမခံနိုင်လို့ ပြောင်းပြေးမလား တစ်ခုခုတော့ တစ်ခုခုပဲလို့ စိတ်ထဲအောက်မေ့ ထားလိုက်တယ်။
***
တစ်ရက်မှာတော့ ကျွန် တော်တို့ ဝယ်စုထားတဲ့ပစ္စည်းတွေ ရန်ကုန်ပို့ဖို့ စီစဉ်ကြတယ်။ မိန်းမ က အဝယ်အခြမ်း ဝါသနာပါ တယ်။ အချိန်အားရင် ကုန်တိုက် တွေလျှောက်ပတ်၊ ဟိုဟာလေး တွေ့လည်း တန်တယ်၊ ဒီဟာ လေးတွေ့လည်းတန်တယ်။ ဈေး ချိုတုန်းဝယ်ထားဦးမှဆိုပြီး ဝယ် ဝယ်ထားတဲ့ပစ္စည်းတွေက အများ ကြီး။  ပြီးတော့ ဆယ်ပြားဈေး  သွား၊ ပေါပေါပဲပဲရတဲ့ အမျိုး အစားကောင်းပစ္စည်းတွေ့ရင် လည်း လိုလို၊ မလိုလို ဝယ်ထား တာကလည်း မနည်းဘူး။ တကယ်စုပြီး ထုပ်ပိုးလိုက်တော့ စက္ကူသေတ္တာကြီး ငါးလုံးစာ လောက် ထွက်လာတယ်။
ရန်ကုန်ကို ပစ္စည်းပို့ဆောင် ရေး လုပ်ငန်းလုပ်တဲ့ ကိုဝေလင်း တို့၊ နန်းနန်းတို့ဆီ ဖုန်းဆက်လိုက် ပြီး ကိုဝေလင်းက ပစ္စည်းသိမ်းဖို့ ကွန်တိန်နာကားကြီးနဲ့ရောက်တဲ့ အချိန်က ညနေ ၆ နာရီရှိပြီ။ အဘိုးကြီး၊ အဘွားကြီးနှစ်ယောက် သူတို့အိမ်ရှေ့မှာ အမွေးစုတ်ဖွား ခွေးလေးကို ကျောင်းနေတဲ့အချိန် ပေါ့။
ကျွန်တော်တို့အိမ်ထဲမှာ ပစ္စည်းတွေ ချိန်တွယ် တွက်ချက် ပြီးလို့ ငွေရှင်းပြီးတာနဲ့ စက္ကူ သေတ္တာတွေ အိမ်အပြင်ကို မထုတ်ပြီး ကိုဝေလင်းရဲ့ လက် တွန်းလှည်းပေါ်တင်ပေးရတယ်။ ကိုဝေလင်းနဲ့ ကျွန်တော်က လက် တွန်းလှည်းလေးတွန်းပြီး လမ်းမ မှာရပ်ထားတဲ့ သူ့ကားဆီ သယ် သွားရတာက သုံးခေါက်တိတိ။
အဲဒါကို အဘိုးကြီး၊ အဘွား ကြီးက မျက်လုံးဒေါက်ထောက်ပြီး အကဲခတ် ကြည့်နေကြတယ်။ ကျွန်တော်တို့ လုပ်တာကိုင်တာကို ဘာလုပ်တယ်ထင်နေလဲ မသိ ဘူး။
ပစ္စည်းတွေအားလုံးတင်ပြီး လို့ ကားလည်းထွက်သွားရော ကျွန်တော်က လူသွားလမ်းကြား လေးကနေ ကိုယ့်အိမ်ဘက်ကို ဝင်အလာ အဘိုးကြီးက သူ့အိမ် ရှေ့ကနေ ကျွန်တော့်ကို လှမ်းခေါ် တယ်။ ကျွန်တော် ခြေလှမ်းတုံ့ သွားတော့ အဘိုးကြီးက ကျွန် တော့်ကို ‘‘မင်းတို့အခု ဘာလုပ်နေ ကြတာလဲ’’လို့ မေးပါတယ်။ ဘာ ရစ်ဦးမလဲမသိဘူး။
‘‘ကျွန်တော်တို့ုတိုင်းပြည်ကို ဝယ်ထားတဲ့ပစ္စည်းတွေပို့ဖို့ လုပ် နေတာပါ’’
ကျွန်တော်က စိတ်ညစ်သွား ပေမယ့် ကောင်းကောင်းမွန်မွန် ရိုရိုကျိုးကျိုးပဲ ပြန်ဖြေလိုက်ပါ တယ်။
‘‘မင်းတို့က ဘယ်တိုင်းပြည် ကလဲ’’
‘‘မြန်မာ’’
‘‘မြန်မာ...မြန်မာဆိုတာ ဘယ်နားမှာရှိတာလဲ’’
‘‘မြန်မာဆိုတာ ဘီရူမာကို ခေါ်တာပါ’’
ဂျပန်လူကြီးပိုင်းအများစု ဟာ မြန်မာဆိုတာထက် ဘီရူမာ ကို ပိုသိတဲ့အတွက် ကျွန်တော်က သူတို့သိနိုင်မယ့်အမည်ကို ပြောပြ လိုက်ပါတယ်။
‘‘ဘီရူမာ...ဟုတ်လား’’
ဒီမှာတင် အဘိုးကြီးရဲ့ မျက် နှာဟာ ရုတ်တရက်ထူးထူးခြား ခြားကြီး ပြောင်းလဲသွားပါတယ်။ တအံ့တသြ ဖြစ်သွားပါတယ်။ စောစောက မနှစ်မြို့တဲ့၊ သင်္ကာ ယနမကင်းတဲ့ မျက်နှာထားမျိုး မဟုတ်တော့ဘဲ အားတုံ့အားနာ အမူအရာနဲ့ ကျွန်တော်ရှိတဲ့အနိမ့် ပိုင်းကို ဆင်းလာပါတယ်။
‘‘ဒါဆိုရင် မင်းတို့က စုကြည် စံတို့ တိုင်းပြည်ကပေါ့ ဟုတ် လား’’
‘‘ခင်ဗျာ...သြော်...ဟုတ်ပါ တယ်။ စုကြည်စံတို့ တိုင်းပြည်က ပါ။ ဒီအိမ်မှာနေတဲ့လူတွေအား လုံးက စုကြည်စံတို့ တိုင်းပြည်က ချည်းပါပဲ’’
‘‘စိုးကား(ဟုတ်လား)’’
အဘိုးကြီးရဲ့မျက်နှာဟာ ချက်ချင်းဝင်းထိန်သွားပြီး အားရ ပါးရ ပြုံးလိုက်ပါတယ်။ ပြီးတော့ အနှစ်နှစ်အလလက ကွဲကွာနေတဲ့ မိတ်ဟောင်းဆွေဟောင်းတစ်ဦး ကို မမျှော်လင့်ဘဲ ရုတ်တရက် ပြန်တွေ့ရသလို ကျွန်တော့်လက် ကိုဆွဲပြီး အားရပါးရလှုပ်ယမ်းနှုတ် ဆက်ပါတယ်။
‘‘စောစောကပြောရောပေါ့ ကွာ...မင်းတို့က ဘီရူမာတွေဆို တာ။ ငါက မင်းတို့ကို ဖိလစ်ပိုင် လူမျိုးတွေထင်နေတာ...’’တဲ့။
ပြီးတော့ ‘‘စုကြည်စံ နော့ ခုနိခါရ ဒိုင်းဂျောဘုရော (စုကြည် စံတို့ တိုင်းပြည်ကဆိုရင် ရတယ်၊ ရတယ်)’’
အစချီပြီး ကျွန်တော်တို့ကို တွေ့ရလို့ ဝမ်းသာတဲ့အကြောင်း၊ အလုပ်ကြိုးကြိုးစားစားလုပ်ကြဖို့ အကြောင်း၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ကြဖို့အကြောင်း၊ အကူ အညီလိုအပ်ရင်လည်း တောင်းဖို့ အကြောင်းတို့ လှိုက်လှိုက်လှဲလှဲ တောက်လျှောက် ပြောပါလေ တော့တယ်။
အနားရောက်လာတဲ့ ကျွန် တော့်မိန်းမဆိုတာ အံ့သြဝမ်းသာ လွန်းလို့ မျက်ရည်တွေဘာတွေ တောင်ဝဲလို့။ ကျွန်တော်ဆိုလည်း အဲဒီတော့မှ ရင်ထဲကအလုံးကြီး ကျသွားပြီး စိတ်ထဲက‘‘ကျေးဇူး ကြီးလှပါတယ်...အန်တီစုကြည်စံ ရယ်’’လို့ အကြိမ်ကြိမ် ရေရွတ်နေ မိပါတယ်။ အန်တီစုကြည်စံသာ မကယ်ရင် ဂျပန်မှာ ကျွန်တော်တို့ ဘုံပျောက်ပြီး ဒုက္ခလှလှရောက်ရ မယ့်ကိန်းမဟုတ်လား။
အဲဒီနေ့ကစပြီး မနက်လင်း လို့ အိမ်တံခါးဖွင့်တာနဲ့ အဘိုးကြီး၊ အဘွားကြီးရဲ့ လိုလားကြည်ဖြူတဲ့ အပြုံးကိုမြင်ရပြီး‘‘အိုဟိုင်းယိုးဂို ဇိုင်းမတ်(စ) (မင်္ဂလာနံနက်ခင်း ပါ)’’ဆိုတဲ့ နှုတ်ဆက်သံကို ကြား ရရုံမက အလုပ်သွားအလုပ်ပြန် လမ်းမှာများ ဆုံရင်လည်း ‘‘ဂန် ပတ်တဲ့နဲ့ (အားတင်းထားကွဲ့နော်၊ ကြိုးစားထားကွဲ့နော်)’’ဆိုပြီး အားပေးသမှု ပြုခြင်းခံရတာဟာ ကျွန်တော်တို့ ငွေအတန်အသင့်စု မိလို့ မြန်မာပြည်ပြန်ခဲ့တဲ့နေ့အထိ ပါပဲခင်ဗျာ။
***
အရင်ကတော့ ကျွန်တော် ဟာ ‘သြဇာ’နဲ့ ‘အာဏာ’ကို အတူ တူလို့ အရောရောအထွေးထွေး နားလည်ခဲ့တယ်။
တကယ့်တကယ် စေ့စေ့ တွေးကြည့်တော့ မတူပါဘူး။ သြဇာက သြဇာသတ်သတ်၊ အာ ဏာက အာဏာသတ်သတ်ပါ။
အာဏာရှိဖို့ဆိုတာ တရား တဲ့နည်းနဲ့ဖြစ်ဖြစ်၊ မတရားတဲ့ နည်းနဲ့ဖြစ်ဖြစ်၊ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် နည်းပေါင်းစုံနဲ့ ရယူလို့ ရပေမယ့် သြဇာရှိဖို့ကြတော့ အဲဒီ လို လုပ်လို့မရဘူး။
သြဇာကို ရိုးသားဖြောင့်မတ် မှု၊ ဉာဏ်ပညာ ပြည့်ဝမှု၊ ပင်ကို စွမ်းရည်ထက်မြက်မှု၊ အများ ကောင်းကျိုးအတွက် စွန့်လွှတ် အနစ်နာခံနိုင်မှု၊ သဘောထား ကြီးမြတ်မှု၊ ရဲစွမ်းသတ္တိရှိမှု၊ အမှန်တရားကို မြတ်နိုးတတ်မှု၊ အဆုံးစွန်သည်းခံနိုင်မှု ... စတာ တွေနဲ့သာ ထူထောင်လို့ရပါ တယ်။
အဲဒီအချိန်တုန်းက စုကြည် စံမှာ ဘာအာဏာမှ မရှိပါဘူး။ မရှိရုံမက အာဏာအောက်မှာ ပြားပြားမှောက်နေရတဲ့အချိန်ပါ။ ကမ္ဘာကြီးနဲ့အဆက်ပြတ်ပြီး သူ့ အိမ်ထဲမှာ အထီးကျန် အကျဉ်းကျ နေတဲ့အချိန်။
ဒါပေမဲ့...
အိမ်ထဲမှာနေပြီး သူသြဇာ ညောင်းလိုက်ပုံများလေ...။
ကမ္ဘာ့မြေပုံကိုဖြန့်ကြည့် လိုက်ရင်း အပြောကျယ်လှတဲ့ ပစိဖိတ်သမုဒ္ဒရာကြီးထဲက ဂျပန် ဆိုတဲ့ ကျွန်းနိုင်ငံသေးသေးလေး ပေါ်က တိုကျိုမြို့အစွန်အဖျားက နယ်မြို့လေးတစ်မြို့ရဲ့ ရပ်ကွက် လေးတစ်ခုအတွင်းက တိုက်ပု လေးတစ်လုံးမှာ နေထိုင်တဲ့ သက် ကျားအို အဘိုးကြီး၊ အဘွားကြီး နှစ်ယောက ်အထိတောင်ပါပဲလား လို့ တွေးမိပြီး ကျွန်တော်ဖြင့် ကြက်သီးတောင်ဖြန်းခနဲ ထမိ သွားပါတယ်ခင်ဗျာ။
(ရွှေအမြုတေမဂ္ဂဇင်း ဖေဖော် ဝါရီလ၊ ၂၀၁၃)
7daydaily

No comments:

Post a Comment