အမေ့အသား မည်းသော်ငြားလည်း
သားတို့အတွက်တော့ဖြူ လွန်းတယ် အမေ
အမေ့အသံ မိုးခြိမ်းဟန်လည်း
နာခံသားတွက် သကာပျားထက် ချိုတယ် အမေ။
အမေ့အကြည့် စူးရှဘိလည်း
သား၏အမြင်ထဲတော့ လှပလွန်းတယ် အမေ။
အမေ့ကိုယ်နံ့ မမွှေးပျံ့လည်း
စိတ်သန့်ကြည်သော သားအတွက် မွှေးလွန်းတယ်အမေ။
အမေ့စိတ်ထား မဖြူ လားဟု
ဘယ်သားမမေး ဘယ်သွေးမပြော
ဘယ်သဘောစု ဘယ်သို့ပြု စေ
အမေမရှိလျှင် သားမရှိ
ကမ္ဘာဦးကတည်းက
အမေမရှိလျှင် သတ္တဝါဆိုတာ မရှိဘူး အမေ
သေခြင်းရှင်ခြင်းကို အမေပြုံးပြုံးကြီးရင်ဆိုင်မယ်စိတ်ကူးစဉ်က
သားဆိုတာ လောကကြီးနဲ့ထိတွေ့ခွင့်မရသေးဘူး အမေ
အမေ့အသက်ကိုပဓာနမထား ရင်ဝယ်သားကို
သင်္ချိုင်းတံခါးခေါက်ပြီး မွေးထုတ်မှ
သားဆိုတာ ရုတ်ချည်း လောကကြီးနဲ့တွေ့ခဲ့ရတာပါ အမေ
အမေ
အမေ့သမိုင်းကိုစာတမ်းရေးလို့မကုန်ဘူးအမေ
သမုဒ္ဒရာကိုမင်အဖြစ်ထား
ဧဝရတ်တောင်ကိုကလောင်တံလုပ်
သားတို့ရဲ့ချစ်ခြင်းတွေနဲ့ကဗျာတစ်ပုဒ်ရေးရင်
စကြာဝဠာမြေအနှံ့ ကာရန်တွေမဆန့်ဘူး အမေ။
အမေကျန်းမာပါစေ
အမေချမ်းသာပါစေ
အမေဟူသမျှ အေးမြကြပါစေ
အမေဟူသမျှ လောကအလှပါ အမေ။
တက္ကသိုလ် လှိုင်းနွယ်
No comments:
Post a Comment