ဤမေးခွန်းကိုဖြေရန် မလွယ်ကူလှပေ။
များမကြာမီက ဤစာရေးသူသည်
ပညာရှိပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် တွေ့၍
"ဦးရယ်၊ အာဇာနည်ဆိုတာ ဘာလဲ"
ဟု မေးလိုက်ရာ၊
ထိုပုဂ္ဂိုလ်ကြီးက "စွန့်ရဲတဲ့လူပေါ့မောင်" ဟု ပြန်၍ ဖြေလိုက်သည်ကို ကြားရပါသည်။
ထိုပုဂ္ဂိုလ်ကြီးသည် မေးခွန်းကို ခပ်ပေါ့ပေါ့ဖြေလိုက်ဟန် လက္ခဏာရှိလေသည်။ ဤအဖြေကို
ယခုစာရေးသူသည် ကောင်းစွာ လက်မခံနိုင်သေး။
စွန့်ရဲတဲ့လူသည် အာဇာနည်ဟုဆိုလျှင်
တစ်ခါတုန်းက စာရေးဆရာကြီး ပီမိုးနင်း၏သား ကျော်စိုးသည် ရည်းစားလုရာတွင် တစ်ဖက်သားက
ဓားမြောင်နှင့် စောင့်နေသည်ကို အသက်မနှမြောဘဲ အတင်း၀င်လုရာမှ ဓားထိုးခံရ၍
သေသွားသည်။ ကျော်စိုးသည် စွန့်ရဲသောသူတစ်ဦးပင် ဖြစ်သည်။ သို့အတွက် ဤကျော်စိုးကို
အာဇာနည်ဟု ခေါ်ရမည်လော။
မြန်မာနိုင်ငံသမိုင်းတွင်
ထင်ရှားကျော်ကြားခဲ့သော တပင်ရွှေထီး၏ နားထွင်းခဏ်းကို မြန်မာတိုင်း
ကြားဘူးပေလိမ့်မည်။ ဤနားထွင်းပွဲကို လိုက်ပါရန်အတွက် လူစွမ်းကောင်းများကို
ဘုရင့်နောင်ကိုယ်တိုင် ရွေးချယ်သည်။ လက်မထိပ်ကို အပ်ရိုက်ပြီး သွင်းလိုက်သည့်အါ
မတွန့်မရွံ့သူကိုမှ ရွေးချယ်သည်။ ဗလရဲထင်၏ အလှည့်သို့ ရောက်သောအခါ ယောင်၍
မျက်နှာရှုံ့လိုက်မိသဖြင့် အပယ်ခံရ၏။ ထိုအခါ ဗလရဲထင်သည် အလွန်ရှက်သွားသောကြောင့်
သူ့ခါးထဲမှ ဓားမြောင်နှင့် သူ့ဗိုက်ကိုခွဲလိုက်၍ ထွက်လာသော အူစကို ဘုရင့်နောင်အား
အကိုင်ခိုင်းပြီးလျှင် ဘုရင့်နောင်ကို တစ်ပတ်ပတ်၏။ အူဆုံးသည့် နေရာတွင်မှ
လဲ၍သေလေသည်။ ဤသူကိုလည်း အာဇာနည်ဟု ခေါ်မည်လော။
ယိုးဒယားကို တိုက်၍ နိုင်ခဲ့သော
ဆင်ဖြူများရှင်ကိုပင် ယိုးဒယားကို အနိုင်တိုက်နိုင်ခဲ့သည့်အတွက် အာဇာနည်ဟု
ခေါ်ရမည်လော။
ကျော်စိုးတို့ကဲ့သို့သော သူကို
အာဇာနည်ဟူ၍ ခေါ်ရမည်ဆိုလျှင် ဤကမ္ဘာကြီးတွင် ရည်းစားလုရင်း မကြာခဏ သေဆုံးနေကြသော
အာဇာနည်တွေ ဒုနှင့်ဒေး ဖြစ်၍နေလိမ့်မည်။
ဗလရဲထင်လို ရှက်ရမ်းရမ်းကာ
သေကြသူပေါင်းမှာလည်း မရေတွက်နိုင်အောင် ပေါများကြလေသည်။
ယိုးဒယားတည်းဟူသော ကိုယ့်ထက်
အားသေးသည့် နိုင်ငံတစ်နိုင်ငံကို နိုင်အောင် တိုက်ယူနိုင်သည့်အတွက်
ဆင်ဖြူများရှင်ကို အာဇာနည်ဟု ခေါ်ရမည်ဆိုလျှင် အင်္ဂလိပ်တွေ လက်ထဲမှာလည်း
အာဇာနည်တွေ လက်ညှိုးနှင့်ထိုး၍ လွဲနိုင်တော့မည် မဟုတ်ပေ။
ကမ္ဘာ့သမိုင်းကို ကြည့်လျှင်
ပီရူးနိုင်ငံတော်ကြီးကို တိုက်ယူရသော ပိဇာရိုးမှာ အတော်စွန့်ရရှာသည်။ သို့ရာတွင်
သူများ၏ နိုင်ငံကို လိုချင်သော လောဘဇောက တိုက်တွန်းထားသဖြင့် သူ၏သတ္တိ၊
စွန့်ရဲသောစိတ်ဓာတ်တို့မှာ အာဇာနည်စာရင်းတွင် မပါဝင်နိုင်တော့ချေ။ သူတစ်ဖက်သား၏
ပစ္စည်းဥစ္စာကို အာသာငမ်းငမ်းတက် လိုချင်ကြသောကြောင့် စွန့်စားကြသည့်
စိတ်ဓာတ်နှင့် သတ္တိတို့ကို သူခိုး ဓားပြတွေထဲတွင် မကြာခဏ တွေ့နိုင်ကြပေသည်။
စစ်အနိုင်ရကာ လုယက်ရသည်ကို သဘောကျ၍ စစ်ဝင်တိုက်ကြသော အောက်တန်းစား
စစ်သားမျိုးထဲတွင်လည်း အဆိုပါစိတ်ဓာတ်နှင့် သတ္တိမျိုးကို မကြာခဏ
တွေ့နိုင်ကြလေသည်။
အချို့ကလည်း
ကြွားချင်ဝါချင်သောစိတ်နှင့် စွန့်ရဲကြသူများ ရှိကြသေးသည်။ ဥဒါဟရုဏ်အားဖြင့်
အင်းတံတားကြီးပေါ်မှ ဂျွမ်းထိုးချသူများမှာလည်း စွန့်ရဲသည့်စိတ် အတော်အတန်မရှိဘဲ
မလုပ်နိုင်ချေ။ မက်ဆီမီလီယန် ဧကရာဇ်ဘုရင်ကလည်း စွန့်ရဲသည့် သတ္တိရှိကြောင်းကို
သူ့နိုင်ငံသူ နိုင်ငံသားများအား သိစေလိုသဖြင့် အွန်းမြို့ရှိ
ဘုရားရှိခိုးကျောင်းကြီး၏ အမြင့်ဆုံး ပြသာဒ်ဖျားတွင် မတ်တတ်ရပ်ပြဖူးသည်။
အာဇာနည်ဖြစ်ချင်လျှင် ဤလို ဤလို
စွန့်ရဲသည့်သတ္တိကလေးနှင့် မပြီးနိုင်သေး။ အခြား လက်ရုံးရည် နှလုံးရည်တို့လည်း
ရှိကြရပေဦးမည်။ ဤလက်ရုံးရည် နှလုံးရည်တို့ထဲတွင် တစ်ခုအပါအဝင်မှာ အခြားမဟုတ်
တာဝန်ကျေပြွန်ခြင်းပင် ဖြစ်လေသည်။
တာဝန်ကျေပြွန်ခြင်း၏ သက်သေ
သာဓက,ကလေးကို အနည်းငယ် ထုတ်ဖော်ပြပါအံ့။
ဘေးဆူးဘီယပ် မီးတောင်ကြီးပေါက်ကွဲ၍
ပွန်ပေးအီးမြို့ကြီးကို မီး၊ မီးခိုး၊ ပြာ၊ ချော်မြှုပ်တို့သည် ကွက်လပ်မရှိ
ဖုံးလွှမ်းလျက်ရှိလေပြီ။ ဤမြို့၏ တစ်နေရာတွင် တာဝန်ကျသဖြင့် စောင့်နေရသော
စစ်သားတစ်ဦးသည် အသက်ဘေးအတွက် ကစဥ့်ကလျား ပြေးလွှားနေကြသော
မြို့သူမြို့သားများအကြားတွင် တစ်ဦးတည်းရပ်၍ ကျန်ရစ်သည်။ သူ့အတွက် သူ့အသက်ထက်
တာဝန်ကပို၍ အရေးကြီးသည်။ သေဘေးကြောင့် တာဝန်ကို ပစ်ပြေးကာ အနှစ်တစ်ရာ
အသက်ရှင်နေရခြင်းထက် တာဝန်ကျေပြွန်စွာနှင့် တစ်နာရီ တစ်မိနစ် တစ်စက္ကန့်မျှ
နေရခြင်းက မြတ်သည်ဟု ထိုစစ်သားသည် အယူရှိလေသည်။ မြို့ကိုဖော်သောအခါ ထိုစစ်သားကို
သူတာဝန်ကျသည့်နေရာတွင် မီးခိုးနှင့် ပြာတို့မဝင်စေရန် လက်တစ်ဖက်ဖြင့်
နှာခေါင်းကိုပိတ်၍ ရင်ကော့လျက် သေနေသည်ကို တွေ့ကြရလေသည်။ ဤသည်ကား ရောမစစ်သား
အာဇာနည်၏ တာ၀န်ကျေပြွန်ပုံ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ပေတည်း။
၁၉၄၇ ခုနှစ်တွင် ဖြစ်ပွားသော
ရိုကရွာတိုက်ပွဲတွင် ကွန်ဒေးမင်းသားကြီးကတစ်ဖက် ဂွန်ဇားလိုဒေကော်ထိုးဘားခေါ်
ကမ္ဘာကျော် စစ်ဗိုလ်ချုပ်ကြီးကတစ်ဖက် တိုက်ကြလေသည်။ ဟွန်ဇားလိုသည် ဤတိုက်ပွဲ၌ ၀
အချိန်အခါတွင် အလွန်အိုမင်းလျက် ရှိလေသည်။ တိုက်ပွဲသို့ လမ်းမလျှောက်နိုင်သဖြင့်
ကုလားထိုင်နှင့် သယ်သူရသည်။ တိုက်ပွဲပြီးသောအခါ သူ့တပ်သားများသည် ကိုယ့်နေရာမပျက်
သေနေကြသည်ကို တွေ့ရသည်။ အဖိုးကြီးကိုယ်တိုင်လည်း သူထိုင်နေသော ကုလားထိုင်ပေါ်တွင်
အနိစ္စရောက်လျက် ရှိလေသည်။ ထိုသူတို့၏ တာဝန်ကျေပြွန်ပုံ၊ သတ္တိရှိပုံတို့ကို
မြင်ရသောအခါ "ငါတို့ နိုင်လို့သာ ငါတို့သာ
ရှုံးရမယ်ဆိုရင် ဒီလိုသတ္တိပြပြီး အသေခံလိုက်ချင်စမ်းပါဘိ" ဟူ၍ တစ်ဖက်သား ကွန်ဒေးမင်းသားကြီးကပင်
ချီးကျူးရလေသည်။ အဖိုးကြီး သေလျက်တွေ့ရသော ကုလားထိုင်ကြီးကိုလည်း သူ့နိုင်ငံတွင်
တရိုတသေ အမှတ်တရ သိမ်းဆည်းထားလေသည်။
ဤသို့သော တာဝန်ကျေပြွန်ပုံမျိုးသည်
စစ်သား၏ "အသက်"ပင် ဖြစ်တော့၏။ ဤ "အသက်"
မရှိဘဲ စစ်တစ်တစ်တပ်သည် မတည်မြဲနိုင်။
နိုင်ငံတစ်နိုင်ငံသည် မတည်မြဲနိုင်။ နိုင်ငံဆိုသည်မှာ ကြီးကျယ်ပါသေးသည်။ ဤ
"အသက်" သာ မရှိပါလျှင် တစ်အိုးတစ်အိမ်ထောင်ဟူ၍ မဖြစ်နိုင်။
သူတစ်ထူးအတွက် စွန့်စားခြင်းသည်လည်း
အာဇာနည်ဖြစ်ထိုက်သော လက္ခဏာတစ်ရပ် ဖြစ်သည်။ ဤသို့ စွန့်စားခြင်းအတွက်
အကောင်းဆုံးသာဓကမှာ အက်သင်းတိုင်းသူလေး လေးနက်ဖြစ်သည်။ ထိုအခါက
ပိုင်ဆစ်စတြားတပ်ဆိုသူ ဘုရင်တစ်ပါးသည်သည် အက်သင်းတွင် အလွန်ရမ်းကား
ဆိုးညစ်လျက်ရှိသည်။ ထိုမင်းဆိုးမင်းညစ်ကို ပုန်ကန်ရန် အစည်းအဝေးတစ်ခုကို
လေးနက်၏အိမ်တွင် တိတ်တဆိတ် စည်းဝေးကြသည်။ တစ်နေ့သ၌ ပုလိပ်များက
သူ့ကိုဖမ်းပြီးလျှင် မပေါ်ပေါ်အောင် ညှင်းပန်းနှိပ်စက်၍ မေးရာတွင်
မိန်းမသားဖြစ်သဖြင့် ကြားလျှင် သည်းမခံနိုင်ဘဲ လျှို့ဝှက်ချက်များကို
ဖွင့်ထုတ်လိုက်မိမည် စိုးသဖြင့် စကားမပြောနိုင်အောင် သူ့လျှာကိုသူ
ကိုက်ဖြတ်ဖူးသည်။
ဤကဲ့သို့ထူးသည့် ရောမအမျိုးသမီး
အာဇာနည်တစ်ဦးလည်း ရှိသေး၏။ ထိုအမျိုးသမီး၏ မိခင်မှာ အစာငတ်ခံ၍ သေရမည့် သေဒဏ်ကို
ခံနေရရှာသည်။ သမီးဖြစ်သူသည် ထောင်မှူးများ၏အလစ်တွင် သူ့အမေရှိရာ
ထောင်ထဲသို့ဝင်ပြီးသော် သူ့နို့ချိုကို တိုက်ကျွေးလေသည်။ သူပါ အသတ်ခံရမည်ကို
သိသော်လည်း ကျေးဇူးရှင် မိခင်အိုကြီးအတွက် သူ့အသက်ကိုပင် မငဲ့ကွက်နိုင်တော့ဘဲ
စွန့်၍ သွားခြင်းဖြစ်သည်။ ဤအဖြစ်အပျက်ကို လွှတ်တော်အမတ်ကြီးများ ကြားသိရသည့်အခါ
အမယ်အိုကြီးအား အပြစ်သေဘေးမှ ချမ်းသာခွင့်ပေးခဲ့လေသည်။
ကျေးဇူးရှင် ဖခင်အိုကြီးကို
ဤနည်းနှင့်ပင် ကျေးဇူးဆပ်၍ ကယ်ခဲ့ဖူးသော ဂရိပြည်သူ ယူဖရားဆီးယားဆိုသူ လူတစ်ဦးလည်း
သမိုင်းတွင် ထင်ရှားခဲ့သည်။
တစ်ရံရောအခါတွင် ဆွစ်ဇာလန်တိုင်းသား
လူငယ်နှစ်ဦးသည် အသည်းအသန် နာဖျားနေသော ဖခင်အိုကြီးနှင့် နေကြရလေသည်။ သူတို့သည်
အလွန်ဆင်းရဲလွန်း၍ ဆေးဖိုးဝါးခပင် မတတ်နိုင်ကြချေ။ တစ်နေ့သ၌
အင်္ဂလိပ်ခရီးသည်တစ်ဦးသည် သိန်းငှက်များကို အဖိုးကြီးပေး၍ ၀ယ်နေသည်ဟု
ကြားရသောကြောင့် ဘယ်သူမျှ မတက်ဝံ့သော တောင်ထိပ်ဖျားတစ်ခုပေါ်ရှိ
သိန်းငှက်တစ်စုံကို အသက်စွန့်ကာ တက်ရောက်ဖမ်းယူပြီးလျှင် အင်္ဂလိပ်ခရီးသည်ကို
ရောင်းချ၍ ကျေးဇူးရှင်ဖခင်ကြီး၏ အသက်ကို ကယ်ဆယ်ခဲ့ဖူးသည်။ အာဇာနည်ပီလှပါစွ။
တစ်ခါတုန်းကလည်း ရုရှားခရီးသည်တစ်ဦးသည်
တောကန္တာရခရီးလမ်းတစ်ခုကို စွပ်ဖားနှင့် ဖြတ်သွားရာ ဝံပုလွေတို့သည်
ဝိုင်း၍လိုက်ကြ၏။ ခရီးသည်လည်း သေရမည့် အသက်ဘေးမှ အလွန်ကြောက်လန့်လျက်ရှိစဉ်
သူ၏အစေခံသည် သူ့ဆရာအား ထွက်ပြေးပေါက်ကလေးမှ ရပါစေတော့ဟူသော သဘောဖြင့်
ဝံပုလွေအုပ်ထဲသို့ စွပ်ဖားပေါ်မှ ခုန်ဆင်းနေလိုက်ဖူးလေသည်။
အိန္ဒိယစစ်သူပုန် ဖြစ်ပွားစဉ်က
ဗရာဏသီတွင် အာဇာနည်တင်ထိုက်သည့် အဖြစ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုအခါက
ကုလားစစ်သူပုန်များသည် အင်္ဂလိပ်မှန်သမျှကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ
ခုတ်ပိုင်းသတ်ဖြတ်လျက် ရှိရာ အင်္ဂလိပ်မှန်သမျှသည် လွတ်ရာကျွတ်ရာသို့ အရအမိ
ကသောကမြော ထွက်ပြေးတိမ်းရှောင်၍ နေကြရသည်။ သို့ရာတွင် ဒေါက်တာဟေးဆိုသူ
အင်္ဂလိပ်ဆရာဝန်တစ်ဦးမှာကား သူ၏ ဆေးရုံမှတစ်ပါး အခြားကိုမသွား။ သူ၏ မိတ်ဆွေ
အင်္ဂလိပ်များက ထွက်ပြေးရန် အတင်းလာ၍ ခေါ်သောအခါ "ကျုပ်လူမမာတွေ ကျုပ်မရှိရင် သေကုန်ကြလိမ့်မယ်။ သူတို့ကို ကျုပ်
ပစ်မပြေးနိုင်ဘူး" ဟု ပြန်ပြောလိုက်လေသည်။
အလွန်ကြည်ညိုဖွယ်ရာကောင်းသော အာဇာနည်ကြီးပေကား။
ယခုဖော်ပြသော သာဓကတို့ဖြင့်
အာဇာနည်ဆိုတာ ဘာလဲဟူသော မေးခွန်း၏အဖြေကို ပေါ်နိုင်သမျှ ပေါ်အောင် ဖော်ပြခဲ့လေသည်။
မြန်မာပြည်တွင် ရှေးကပင် ကမ္ဘာ့အာဇာနည် အမြောက်အမြား ပေါ်ထွက်ဖူးလေသည်။
သတိမမူ ဂူမမြင် ဆိုသောစကားအတိုင်း
မြန်မာနိုင်ငံသူ နိုင်ငံသားတို့က အမှတ်တမဲ့ နေခဲ့ကြ၍သာ ထင်ပေါ်ခြင်း
မဖြစ်ခဲ့ကြရပေ။ ဤစာအုပ်ကို ပုံနှိပ်ထုတ်ေ၀ရာတွင် ရည်ရွယ်ချက်က အခြားမဟုတ်။
မီးခဲပြာဖုံး မြန်မာအာဇာနည် သူရဲကောင်းများသည် ကမ္ဘာ့အာဇာနည်တို့၏ထုံးကို
နှလုံးသွင်းကြ၍ မြန်မာကို
ကမ္ဘာ့ထိပ်ဆုံးသို့ရောက်အောင်
မြှင့်တင်နိုင်ကြရန်ပင် ဖြစ်ပါသတည်း။
သခင်နု
နတ်တော်လဆန်း ၇ ရက်၊ ၁၃၀၇။
[ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၁၊ အမှတ်-၂၊
စာမျက်နှာ-၁၉]
No comments:
Post a Comment