Twitter Bird Gadget

Tuesday, January 31, 2017

ကိုကာပုလင်းနဲ့ ရေသန့်ဘူး

ကျွန်တော်မနေ့က မြို့ထဲမှာ ကိုတိုးနဲ့ တွေ့တယ်။ ကိုတိုးဆိုတာက ကျွန်တော့်မိတ်ဆွေသားလေး။ သူက ကျွန်တော့်ကို
“ဦး … Reactive နဲ့ Proactive ဆိုတာ ဘာကွာသလဲ” လို့ မေးတယ်။ ကျွန်တော်က သူမေးချင်တဲ့သဘောကို ခြုံငုံပြီးတော့
“ဦး … အကြမ်းဖျင်းပြောမယ်။ အတိအကျတော့ မဟုတ်ဘူး။ သွေးဆူ တာနဲ့ သွေးအေးတာ၊ ပေါက်ကွဲတာနဲ့ တည်ငြိမ်တာလို့ ပြောနိုင်မယ်ထင်တယ်။ ကိုတိုး … ဦး … အတိအကျပြန်ပြောမယ်။ မင်းဆီကို Messenger နဲ့ အိမ်ရောက်တော့ ပြန်ပို့လိုက်မယ်” လို့ ပြောပြီး ပြန်ခဲ့တယ်။
ကလေးတွေနဲ့ စကားပြောရင် သတိထားရတယ်။ ရမ်းပြောလို့မရဘူး။ သူတို့ကို မသိလောက်ဘူးထင်ပြီးတော့ ဆရာကြီး သွားလုပ်လို့မရဘူး။ သူတို့က တစ်ခါတလေ ကိုယ့်ထက်သိနေတတ်တာများတယ်။ ဒါကြောင့် အထောက်အထား အကိုးအကားလေးနဲ့ ပြောမှအဆင်ပြေတယ်။
ကျွန်တော် အိမ်ပြန်ရောက်တော့ စာအုပ်တွေ ရှာဖတ်ရပါတယ်။ ကျွန်တော် ဖတ်မိတဲ့ စာအုပ်တွေထဲမှာ Sean Covey ရဲ့ Effective Teenagers အထဲမှာ ရှင်းပြတဲ့ အဖြေကို အကြိုက်ဆုံးပဲ။ သူက
Reactive သမားတွေဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူတွေ။ သူတို့ဟာ ဘာနဲ့တူသလဲဆိုတော့ ကိုကာကိုလာ ပုလင်းတွေလိုပဲ။ သူတို့ကို လှုပ်လိုက်ပြီးတော့ အဖုံးဖွင့်လိုက်တာနဲ့ ဖောင်းခနဲ အမြှုပ်တွေ လျှံထွက်လာ တတ်ကြတယ်။ သဘောကတော့ သူတို့ကို ဖိအားများများပေးရင် ဝုန်းခနဲ ပေါက်ကွဲထွက်တတ်တဲ့ လူစားတွေလို့ ပြောနိုင်တယ်။
Proactive သမားတွေကတော့ ဘာဖြစ်ဖြစ်ကြောင်းကျိုး စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်။ သူတို့က တစ်ခုခုကို လုပ်တော့မယ်ဆိုရင် Value ကိုတွက်တယ်။ မလုပ်ခင်စဉ်းစားတတ်သူတွေ (Think before Act) သမားတွေ။ သူတို့က လောကကြီးမှာ ဖြစ်ပျက်တာတွေအားလုံးဟာ သူ့သဘာဝအတိုင်း ဖြစ်ပျက်နေတာ။ အရာရာကို လိုက်ပြီးတော့ ကိုယ်ဖြစ်စေချင်သလို ဖြစ်အောင် လုပ်ယူလို့ မရဘူးဆိုတာ ကောင်းကောင်း သဘောပေါက် ထားတယ်။ ဒါကြောင့် ကိုယ်နဲ့ ဆိုင်တဲ့ ကိစ္စတွေဆိုရင် သူတို့က တည်ငြိမ်စွာ ထိန်းသိမ်းလုပ်ဆောင်နိုင်စွမ်း ရှိကြတယ်။
Proactive သမားတွေက ရေသန့်ဘူးနဲ့ တူတယ်။ သူတို့ကို ဘယ်လောက်လှုပ်လှုပ် အဖုံးဖွင့်လိုက်လည်း ဝုန်းခနဲ ပေါက်ကွဲထွက်လာတဲ့ ထုံးစံမရှိဘူး။
အနီးစပ်ဆုံးဥပမာရပြီ။ ကိုကာကိုလာပုလင်းနဲ့ ရေသန့်ဘူး။ Reactive နဲ့ Proactive
ကိုတိုးရေ … သားရင်ဆိုင်နေရတဲ့ ပြဿနာကို ဦးပြောမယ်။ ဥပမာ သားနဲ့ သားရည်းစား ကွဲသွားတယ် ဆိုပါတော့ ပြဿနာတစ်ခုကို ရင်ဆိုင်တဲ့ အခါမှာ

Reactive သမားတွေက ဘယ်လို လုပ်တတ်သလဲ
- ရည်းစားဆီသွားမယ်။ ဘာဖြစ်တယ် ညာဖြစ်တယ် သွားပြောမယ်။ ရိုက်တာပုတ်တာတွေ ရှိကောင်း ရှိနိုင်တယ်
- အရမ်းခံစားတယ်။ ပြောထားတာတွေကို အဟုတ်တွေထင်ပြီး စိတ်ထဲမှာ ဆွေးနေမယ်။ မျက်ရည်တွေ ဘာတွေကျပြီး ကမ်ဘာကြီးပျက်ပါပြီလို့ ခံစားမယ်
- ဘာဘာညာညာတွေ လျှောက်ပြော ဆောက်တည်ရာမရဖြစ်နေမယ်
- ကောလာဟလတွေ ထုတ်လွှင့် အတင်းအဖျင်းတွေလျှောက်ပြောမယ်
Proactive သမားဆိုရင်တော့
- ခွင့်လွှတ်လိုက်မယ်
- ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်တွေပဲ အထူးအဆန်းမှ မဟုတ်တာဆိုပြီး တည်ငြိမ်အောင်နေလိုက်မယ်
- လူတိုင်းမှာ Second Chance ဆိုတာ ရှိနိုင်တာပဲလို့ မှတ်ယူလိုက်မယ်
- အားနည်းချက်တွေကို ဖော်ထုတ်ပြောနေတာထက် ကိုယ့်ကိုယ်ကိုယ် အားကောင်းအောင် ပိုပြီး ကြိုးစားနေထိုင်လိုက်မယ်
ကိုတိုးရေ … မင်း ဦးရဲ့ အဖြေကို သဘောကျလိမ့်မယ်ထင်ပါတယ်။
၃၁.၁.၂၀၁၇

No comments:

Post a Comment