လေဖြတ်ခြင်းရောဂါ(Stroke) ဆိုတာ အရမ်းကို ကြောက်စရာ ကောင်းတဲ့ မတွေးဝံ့စရာ ရောဂါ တစ်ခု ဆိုတာ အထူး ပြောစရာ လိုမယ် မထင်ပါဘူး။ stroke ဆိုတဲ့ အတိုင်းပါဘဲ သက်ရှိ လူသားတစ်ယောက်ရဲ့ ဘဝအပေါ် ပြင်းထန်စွာ ထိုးနှက်လိုက်တဲ့ ရိုက်ချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပုံမှန် သွားလာလှုပ်ရှားနေတဲ့ လူကောင်း တစ်ယောက်ဟာ သက်မဲ့ အရာတစ်ခုလို အိပ်ရာပေါ် လဲပြီး ဝေဒနာတွေ ခံစားရင်းနဲ့ အသက်ဆုံးရှုံး သွားနိုင်သလို ကံကောင်းလို့ (ဒီ ကံကောင်းလို့ ဆိုတဲ့ အသုံးအနှုန်းကို အောက်မှာ ပြန်ရှင်းပြပါ့မယ်) ပြန်ကောင်းရင် တောင်မှ ပုံမှန် သွက်လက် သန်စွမ်းမှုမျိုး ပြန်ရတာ တော်တော်ရှားပါတယ်။ တစ်ခါ ဖြစ်ပြီးတဲ့ သူဟာ နောက်တစ်ခါ ပြန်ဖြစ်သွားဖို့ အရမ်းလည်း နီးစပ်ပါတယ်။
လေဖြတ်ခြင်းရောဂါ
လေဖြတ်ခြင်း လို့ မြန်မာလို ဝေါဟာရ ပြုထားတဲ့ ရောဂါဟာ ဦးနှောက်တွင်း ဧရိယာ တစ်ခုကို သွေးထောက်ပံ့မှု ပျက်ယွင်းသွားလို့ အဆိုပါ ဧရိယာနဲ့ ဆိုင်တဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ရုတ်တရက် လျင်မြန်စွာ ပျောက်ဆုံး ချို့ယွင်း သွားခြင်း ဖြစ်ပါတယ်။ ဦးနှောက် ဧရိယာ တစ်ခုခု သွေးမရတော့တဲ့ အကြောင်းရင်းတွေက အကြမ်းဖျဉ်း ပြောရရင် (၂) ခု ရှိနိုင်ပါတယ်။
(၁) ထောက်ပံ့ပေးတဲ့ သွေးကြော ပေါက်သွား၍ လေဖြတ်ခြင်း (Haemorrhagic Stroke)
(၂) ထောက်ပံ့ပေးတဲ့ သွေးကြော ပိတ်သွား၍ လေဖြတ်ခြင်း (Ischaemic Stroke) လို့ ခွဲခြားနိုင်ပါတယ်။
ဒီနှစ်ခု စလုံးက ယေဘုယျ မျက်မြင် လက္ခဏာတွေမှာ ဘာမှ မကွာခြားပါဘူး။ လေဖြတ်ရောဂါဟာ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆီများခြင်း၊ ဆီးချိုရောဂါ စတာတွေနဲ့ အထူးသဖြင့် ဆက်စပ်ပါတယ်။ ဒီရောဂါတွေ ရှိနေတဲ့အတွက် သွေးကြောတွေနဲ့ သွေးရဲ့ ခဲစေမှု သဘာ၀ မကောင်းတော့လို့ ဖြစ်ရတဲ့ ရောဂါတစ်မျိုး ဖြစ်ပြီး သက်ကြီးရွယ်အိုတွေမှာပဲ အများဆုံး ဖြစ်တာ ရှေးယခင်က တွေ့ရခဲ့ပါတယ်။ ဒါပေမဲ့ ယခုအခါမှာ ပြောင်းလဲလာတဲ့ လူနေမှု စနစ်ရဲ့ အစားအသောက် အနေအထိုင် ပုံစံတွေကြောင့် အထက်ပါ ရောဂါတွေဟာ လူငယ် လူလတ်ပိုင်း တွေမှာလည်း ရှိမှန်းမသိ ရှိနေကြပြီး အနေအထိုင် မဆင်ခြင်ကြတဲ့ အတွက် လူငယ် လူလတ်ပိုင်းတွေ လေဖြတ်မှု ရှေးယခင်ကထက် များလာတာ တွေ့နိုင်ကြပါတယ်။
လေဖြတ်ရခြင်း အကြောင်း
သွေးတိုးရောဂါ လို့ခေါ်တဲ့ သွေးပေါင်ချိန် ပုံမှန်ထက် မြင့်မားနေတဲ့ ရောဂါဖြစ်နေတာ နှစ်ရှည်လများ ကြာလာရင် သွေးကြောတွေဟာ သွေးဖိအား များမှုဒဏ် ခံရတာ အရမ်းများနေလို့ ပျက်စီးနေကာ နောက်ဆုံးမှာ သွေးဖိအားဒဏ် မခံနိုင်ဘဲ ပေါက်ထွက်သွားတာ ဖြစ်ပါတယ်။ ဆီးချိုရောဂါ ရှိခြင်းနဲ့ ဆေးလိပ် သောက်ခြင်း တို့ဟာလည်း သွေးကြောတွေကို အထူး ပျက်စီးစေတာမို့ လေဖြတ်ခြင်းကို ဖြစ်စေတဲ့ အာနိသင် တူညီစွာ ရှိပါတယ်။
သွေးကြော ပိတ်သွားစေတဲ့ အကြောင်းရင်းတွေက ကျတော့ အများကြီး ရှိပါတယ်။ သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရောခေါ် အဆီဓာတ်တွေ များနေရင် သွေးကြောနံရံတွေမှာ သွားရောက် အနည်ကျကာ ပိတ်ဆို့ခြင်း၊ ခန္ဓာကိုယ်တွင်း အကြောင်းတစ်ခုခုကြောင့် ပုံမှန်မဟုတ်ဘဲ သွေးခဲ ဖြစ်ပေါ်ကာ ဦးနှောက်အတွင်း ပိတ်မိခြင်း၊ နှလုံးရောဂါ ပြင်းထန်လာပြီး သွေးဝင်ခန်း မူမမှန်တုန်ခါခြင်း (Atrial Fibrillation) ဝင်လာပြီး နှလုံးတွင်းရှိ သွေးခဲ တစ်ခုခုမှ သွားပိတ်ခြင်း စသဖြင့် အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ တစ်ခါတစ်လေ ကံဆိုးစွာ သွေးပေါင်အရမ်းကျပြီး ရှော့ခ်ဖြစ်တဲ့ အချိန်မှာ လေဖြတ် သွားတတ်တာမျိုးလဲ ရှိပါတယ်။ ဒါကတော့ ဖြစ်ခဲပါတယ်။ တစ်ခု သိထားဖို့က လေဖြတ်တဲ့ လူနာတွေ အားလုံးရဲ့ ၈၇% ဟာ သွေးကြောပိတ်လို့ ဖြစ်ရတာ ဆိုတာပါပဲ။
ဒီတော့ လေဖြတ်စေတဲ့ အကြောင်းရင်းတွေကို သေချာ စီစစ် ဆင်ခြင် ကြည့်ရင် အဓိကအားဖြင့် လေးမျိုးပဲ ရှိတာ တွေ့ရပါမယ်။
(၁) Atherosclerosis လို့ခေါ်တဲ့ သွေးကြောနံရံတွေ မာကြောပိတ်ခဲလာခြင်း (ဒါဆို တစ်ချိန်မှာ ပိတ်သွားနိုင်ပါတယ်။ အဝလွန်သူတွေ၊ သွေးတွင်း ကိုလက်စထရော ပမာဏ များသူတွေဟာ သေချာပေါက် Atherosclerosis ဖြစ်နေကြပြီ လို့ ဆိုနိုင်ပါတယ်။ သွေးတိုးရောဂါ ရှိနေခြင်းကလည်း ကြာလာရင် သွေးကြောတွေကို ပျက်စီးစေလို့ Atherosclerosis ဖြစ်စေဖို့ အားပေးပါတယ်။ ဒါကြောင့် အချို၊ အဆီ၊ အငန်တွေ လျှော့စားကာ ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်ပေးသင့်ပါတယ်။ ဒါကို ကာကွယ်ဖို့ ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက အသက် ၅၀ ကျော်ပြီးသူတိုင်း အသည်းရောဂါ တစ်ခုခု မရှိရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော ချပေးတဲ့ Statins ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သင့်တယ်လို့ အကြံပြုထားကြပါတယ်)
(၂) သွေးပေါင်ချိန် အရမ်းတက်ခြင်း (ဒါဆို တစ်ချိန်မှာ ပေါက်သွားနိုင်ပါတယ်။ သွေးတိုးကို ထိန်းညှိပေးဖို့ ဆေးမှန်မှန် သောက်ရမှာ ဖြစ်ပြီး အထက်က ပြောခဲ့တဲ့ အချက်တွေကို လိုက်နာသင့် ပါတယ်။ သွေးတိုးခြင်းဟာ ချက်ချင်း သွေးကြောပေါက်တဲ့ လေဖြတ်ခြင်း ခံစားရစေနိုင်သလို အချိန်ကြာလာတာနဲ့အမျှ မြင့်မားတဲ့ သွေးဖိအားကြောင့် သွေးကြောနံရံတွေ ပျက်စီးကာ အမာရွတ်ပေါ်သလို ဖြစ်ပြီး အဲဒီနေရာကို အဆီခဲတွေ လာအနည်ကျပြီး ပိတ်နိုင်လို့ သွေးတိုးရောဂါ ရှိသူတွေနဲ့ ဆေးလိပ်သောက်သူတွေဟာ တစ်ချိန်မှာ သေချာပေါက် လေဖြတ်ဖို့ အရမ်းနီးစပ်ပါတယ်)
(၃) ဦးနှောက်တွင်း မွေးရာပါ (သို့) နောက်မှဖြစ်သော သွေးကြောဖောင်းပွပါးလှပ်သော နေရာ (Cerebral Aneurysm) ရှိနေခြင်း (ဒါကတော့ စစ်ဆေးမကြည့်ဘဲ မသိနိုင်ဘူးပေါ့နော်။ ဒါပေမယ့် လူတိုင်းဟာ သွေးတိုးရောဂါ မဖြစ်အောင် ထိန်းသိမ်းသွားမယ်ဆိုရင် သွေးကြောပေါက်ထွက်ခြင်း ပိတ်ခြင်းဘေးတွေကနေ ကင်းဝေးမှာ ဖြစ်ပါတယ်)
(၄) ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း (ဒါကလည်း သွေးကြောတွေ ပေါက်ပြီး သွေးခဲတွေက ဦးနှောက်ကို ဖိစေလို့ အကြောသေလေဖြတ်ခြင်းဝေဒနာ ဖြစ်စေနိုင်ပါတယ်)
ဘယ်လိုလူတွေ လေဖြတ်နိုင်ဖို့ နီးစပ်သလဲ
အခုနက ပြောခဲ့တဲ့ အချက် ၄ ချက်နဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ သွေးတိုးရောဂါ ရှိသူတွေ၊ လေဖျန်းခြင်း (Transient Ischaemic Attack, TIA) ဖြစ်ဖူးတဲ့ သူတွေ၊ ဆီးချိုရောဂါ ရှိသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆမတန် မြင့်မားနေသူတွေဟာ အန္တရာယ် အများဆုံး သူတွေ ဖြစ်ပါတယ်။
နောက်ပြီး မွေးရာပါ ဦးနှောက်ထဲက သွေးကြောကြီးတွေမှာ သွေးကြောဖောင်း ပါလာတဲ့ သူတွေဟာလည်း တစ်ချိန်မှာ ဒီသွေးကြောဖောင်း ပေါက်ထွက်ရင် လေဖြတ်နိုင်တဲ့ သူတွေ ဖြစ်ပါတယ်။ ဒါကတော့ ခေတ်မီ စက်ကိရိယာတွေနဲ့ သေချာ စစ်ဆေး ကြည့်မှပဲ သိနိုင်တဲ့ ချို့ယွင်းချက်တစ်ခုပါပဲ။
အထက်မှာ ဆိုခဲ့တဲ့ အချက်တွေဟာ လေဖြတ်ခြင်းကို အထူးအားပေးတဲ့ အချက်တွေ ဆိုပေမယ့် လေဖြတ်ရောဂါ ခံစားခဲ့တဲ့ လူနာတွေကို လိုက်ကြည့်ရင် ဒီရောဂါတွေ ရှိတဲ့ လူတွေ အပြင် အထူးကျန်းမာရေး ချို့ယွင်းမှု မရှိတဲ့ လူလတ်ပိုင်းတွေလည်း တစ်ခါတစ်လေ ပါဝင်နေတာ တွေ့ရပါတယ်။ ဒီလူတွေ ဘာလို့ လေဖြတ်ရသလဲဆိုတော့ အကြောင်းအရင်း နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်က ဒီရောဂါတွေ ရှိမှန်း မသိလို့ မကုသဘဲ ပေတေ နေရာကနေ လေဖြတ်သွားတာ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ အပူအအေး အရမ်းအစွမ်းရောက်နေတဲ့ အချိန်တွေ (ဥပမာ ဆောင်းတွင်းညနေ ညဖက်၊ နွေနေ့လည် ညဖက် စတဲ့ အချိန်တွေ) မှာ ခေါင်းလျှော်ရေချိုး အအေးခံ ကြလိ့ ပါပဲ။ အရမ်းအေးနေတဲ့ အချိန်မှာ ရေချိုး ခေါင်းလျှော်မယ် ၊ ရာသီဥတု အရမ်း ပူတဲ့အချိန်မှာ ဒါကို အန်တုဖို့ ရေအရမ်းစိမ်ချိုးတာ၊ ရေစိုဝတ်တွေ ထိပြီး အိပ်တာတွေ လုပ်မယ် ဆိုရင် သွေးကြောပိတ်တဲ့ အနေအထားနဲ့ လေဖြတ်ဖို့ အရမ်းနီးစပ်ပါတယ်။
အပြင်က ပြန်လာလာချင်း ခန္ဓာကိုယ် တဖြည်းဖြည်း အေးသွားအောင် မစောင့်ဘဲ ရေတန်းချိုးတာ ၊ သွေးအရမ်းတိုးနေတဲ့ အချိန် ရေချိုးတာ ၊ ရာသီဥတု အရမ်းပူတဲ့အချိန် အရက်သေစာကို အလွန်အကျွံ သောက်သုံးတာ တွေဟာ သွေးကြော ပေါက်ထွက်တဲ့ နည်းနဲ့ လေဖြတ်စေဖို့ အထူးအားပေးပါတယ်။ ဒါကြောင့် ဘယ်သူတွေ လေဖြတ်ဖို့ အန္တရာယ် အများဆုံးလဲလို့ မေးရင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အဆီပိတ် အဝလွန် စတဲ့ ရောဂါတွေ ရှိတဲ့ သူတွေနဲ့ တန်းတူ ရာသီဥတုနဲ့ လိုက်လျောညီထွေ ရှိအောင် မနေတဲ့ သူတွေ ပါတယ်လို့ ပြောလိုပါတယ်။ လေဖြတ်ခြင်း သာမက ဘယ်ရောဂါမဆို မဖြစ်ရလေအောင် ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးပါး မျှတ ညီညွတ် အောင် နေသင့်ပါတယ်။
လေဖြတ်ခြင်းရဲ့ လက္ခဏာ
လေဖြတ်ခြင်းရဲ့ ရောဂါ လက္ခဏာတွေဟာ ထိခိုက်သွားတဲ့ ဦးနှောက် နေရာပေါ် မူတည်ပြီး ကွဲပြားခြားနား ပေမယ့် ရုတ်တရက် ပေါ်ပေါက်လာကြတာ ချင်းတော့ တူတူပါပဲ။ ဒီလိုပဲ ပြန်ကောင်းဖို့ လိုအပ်တဲ့ အချိန် အရှည် အတို၊ ပြန်ကောင်းပြီးရင်လည်း ဘယ်လောက်အတိုင်းတာအထိ နဂိုအတိုင်း ပြန်ကောင်းမလဲ ဆိုတဲ့ ကံဟာ သွေးကြောပေါက်/ပိတ် ဖြစ်သွားလို့ သွေးထောက်ပံ့မှု မရတော့ဘဲ တာဝန်တွေ ရပ်ဆိုင်းပျက်စီးသွားတဲ့ ဦးနှောက်ရဲ့ နေရာတွေ အပေါ် မူတည်ပါတယ်။
ဦးနှောက်ဆဲလ်တွေ သွေးမရလို့ သေဆုံးသွား တဲ့ နေရာ (Site of Infarct Area) တွေက အရေးမကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်သလို ဒီနေရာတွေရဲ့ အရွယ်အစား (Size of Infarct Area) ကလည်း သေးတဲ့ သူတွေကျတော့ မြန်မြန် ပြန်ကောင်းပြီး ချို့ယွင်းချက် အများကြီး မကျန်ကြပေမယ့် နေရာ ကလဲ အရေးကြီးတဲ့ နေရာ၊ အရွယ်အစားကလဲ အကြီးကြီး ဆိုရင်တော့ အသက်အန္တရာယ်တောင် ရှိပါတယ်။ ဒါက ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ ကံကောင်းလို့ ဆိုတဲ့ စကားကို ပြန်လည် ရှင်းလင်းတာ ဖြစ်ပါတယ်။
ရုတ်တရက် ပေါ်လာတတ်တဲ့ လေဖြတ်ခြင်းရဲ့ လက္ခဏာတွေကတော့
• ရုတ်တရက် ကိုယ်တစ်ပိုင်း သေသွားခြင်း (သို့) အားနည်းသွားခြင်း
• ခြေလက်များ ထုံကျင် လေးလံခြင်း
• မျက်နှာ ကြွက်သားများ ပုံပျက်ခြင်း (အာရွဲ့ခြင်း၊ ပါးရွဲ့ခြင်း)
• ထိတွေ့မှု ၊ တုန်ခါမှုတို့တွင် အာရုံခံစားနိုင်မှု လျော့သွားခြင်း
• စကားမပြောနိုင်တော့ခြင်း
• လမ်းမလျှောက်နိုင်တော့ခြင်း
ဒီထက် ပိုဆိုးရင်
• အမြင်၊ အကြား၊ အနံ့ခံ၊ အရသာခံ အာရုံများ ပြောင်းလဲ ချို့ယွင်းသွားခြင်း
• မျက်ခွံ တွဲကျ ဖွင့်ရခက်ခြင်း
• ခေါင်းကို ဟိုဖက် သည်ဖက် မလှည့်နိုင်တော့ခြင်း
• လျှာကို မထုတ်နိုင်တော့ခြင်း၊ မလှုပ်နိုင်တော့ခြင်း
• ပြောသောစကားကိုပါ နားမလည်တော့ခြင်း
စတာတွေ ဖြစ်နိုင်ပါတယ်။ သွေးကြောပိတ် လေဖြတ်ခြင်းထက် သွေးကြောပေါက် လေဖြတ်ခြင်းမှာ ပိုပြီး ထင်ရှားတဲ့ လက္ခဏာတွေကတော့ ခေါင်းအရမ်း ကိုက်ခြင်း၊ ရုတ်တရက် သတိလစ် မေ့မြောသွားခြင်း၊ မပျို့ဘဲနဲ့ ထိုးအန်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီတော့ လူတစ်ယောက်ဟာ ဘာမှန်းမသိဘဲ ခြေတွေ လက်တွေ မလှုပ်နိုင်တော့ဘဲ သတိလစ်သွားတယ် ဆိုရင် အနီးဆုံး ဆေးရုံဆေးခန်းကို အမြန်ဆုံး ရောက်အောင် ပို့ပေးမှသာ သူ့ရဲ့ အသက်နဲ့ ဘဝကို ကယ်တင်နိုင်မှာပါ။
အပေါ်မှာ ကျွန်တော် ရေးပြခဲ့တဲ့ လက္ခဏာတွေဟာ လေဖြတ်ခြင်းရဲ့ ယေဘုယျ လက္ခဏာများသာ ဖြစ်ပြီး လူနာဟာ လေဖြတ်ခြင်း တကယ်ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ ဆရာဝန်များသာ သိတဲ့ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း (Physical Examination) အချို့ လုပ်ရမှာ ဖြစ်လို့ ဘေးကလူတွေအတွက် အဖြစ်မှန်ကို အမြန်ဆုံး ခန့်မှန်းနိုင်ပြီး ဆေးရုံတင်ပေးဖို့သာ အဓိက လိုတာ ဖြစ်ပါတယ်။
ဒါကြောင့် လေဖြတ်ခြင်း ဟုတ်မဟုတ် ခွဲခြားရ အလွယ်ဆုံး မှတ်သားနည်းလေး တစ်ခု ဖော်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်လို အတိုကောက်မှတ်ချင်ရင် သူ့ရောဂါရဲ့ နာမည်အတိုင်း STROKE လို့ မှတ်နိုင်ပါတယ်။ မြန်မာလိုသိထားလဲ တူတူပါပဲ။ ရုတ်တရက် လူတစ်ယောက်ဟာ ခြေတွေလက်တွေ မလှုပ်နိုင်တော့ဘဲ သတိတော့ ရသေးရင် အရင်ဆုံး လူနာကို S,T,R ဆိုပြီး သုံးခုခိုင်းကြည့်ပါ။
S=Smile
လူနာကိုပြုံးခိုင်းပါ။ ပုံမှန်ပြုံးသလိုဖြစ်ရဲ့လား၊ရွဲ့နေစောင်းနေလားကြည့်ပါ။
T=Talk
စကားပြောခိုင်းပါ။ ပြောနိုင်လား မပြောနိုင်ဘူးလား၊ ပုံမှန်လား လေးနေ မပီမသ ဖြစ်နေလား ကြည့်ပါ။
R=Raise both arms
လက်နှစ်ဖက်မြှောက်ခိုင်းပါ။
ဒါတွေအကုန် ချောချောမွေ့မွေ့လုပ်နိုင်တယ်ဆိုရင်တော့ STR ပြီးလို့ OK ပေါ့။ တစ်ခုခုကို မလုပ်နိုင်ခဲ့ ဘူးဆိုရင်တော့
E=Emergency
အရေးပေါ်ဖြစ်လို့ ဆေးရုံတင်မှရပါမယ်။ နောက်ထပ် လက္ခဏာတစ်ခုကိုလဲ ထပ်ကြည့်နိုင်ပါသေးတယ်။ လူနာကို လျှာထုတ်ခိုင်းပါ။ လျှာဟာ လိမ်ခေါက်ပုံပျက်ပြီး တစ်ဖက်ဖက်ကို စောင်းနေမယ်ဆိုရင်တော့ လေဖြတ်တာ သေချာပါတယ်။ ဒါဆိုရင်တော့ လူနာဟာ အရမ်းစိုးရိမ်ရလို့ အမြန်ဆုံး ဆေးကုသမှုခံယူရအောင် လုပ်ပေးပါ။ ဒီတော့ဒီဆောင်းပါးမှာပါတဲ့အချက်တွေကို သင်ကိုယ်တိုင်လဲ မှတ်သား၊လက်လှမ်းမီသမျှလဲ ပြောပြမယ်ဆိုရင် သင်အပါအဝင် လူပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။ S, T, R, OK, E လို့ သေချာ မှတ်ထားပေးပါ။
လေဖြတ်ခြင်းရောဂါကိုကာကွယ်ခြင်း
လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ဘဝတစ်သက်တာမှာ လေဖြတ်ခြင်း မခံစားရချင်ရင် လက်တွေ့ကျကျ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို အမေရိကန် အမျိုးသား လေဖြတ်ရောဂါ ကာကွယ်ကုသရေး အသင်း (National Stroke Association) မှ ကျန်းမာရေး ပညာရှင်များက ထုတ်ပြန်ထားပါတယ်။ အဲဒါတွေကို လိုတိုရှင်း ဖော်ပြပေးရရင် .........
(၁) ဆေးလိပ် စွဲနေရင် ဖြတ်ပါ။ (ဖြတ်ပြီးသွားတဲ့ သူတွေဟာ ဆက်သောက်နေသေးတဲ့ သူတွေထက် လေဖြတ်ဖို့ ဖြစ်တန်စွမ်း တကယ်ကျဆင်းသွားတာ သုတေသန ရလဒ်များအရ သိရှိအတည်ပြုနိုင်ပါတယ်)
(၂) အရက်ကို သောက်တဲ့ရက်/ အကြိမ်အရေအတွက်/ ပမာဏ လျှော့သောက်ပါ။
(၃) သွေးတိုးရောဂါ ရှိရင် ထိန်းချုပ်နိုင်ပြီး ရောဂါ ခဏခဏ မဖောက်အောင် သေချာ ကုသထားပါ။ ကာလအပိုင်းအခြား တစ်ခု ကြာတိုင်း သွေးပေါင်ချိန် မှန်မှန် ချိန်ပေးတဲ့ အကျင့်ကို မွေးမြူပါ။
(၄) ဆားပါဝင်မှု များတဲ့ အစားအသောက်တွေ တတ်နိုင်သမျှ လျှော့စားပါ။
(၅) သွေးလှည့်ပတ်မှုနဲ့ ဆိုင်တဲ့ ရောဂါတစ်ခုခု ရှိနေသလားဆိုတာ ဝေဒနာ တစ်ခုခု ပေါ်တိုင်း အလျဉ်းသင့်သလို ဆရာဝန် ပြပေးပါ။
(၆) ဆီးချို ရောဂါ ရှိနေတဲ့သူတွေ သွေးတွင်းသကြား ပမာဏကို တည်ငြိမ်နေအောင် ထိန်းထားဖို့ ထိရောက်စွာ ကုသမှု ခံယူထားပါ။ မကြာခဏ သွေးဖောက်ပြီး သကြားဓာတ် စစ်ဆေးပါ။
(၇) တစ်ပတ်ကို ၃ ရက်နဲ့အထက် ကိုယ်လှုပ်ရှားမှု လေ့ကျင့်ခန်း စနစ်တကျ လုပ်ပေးပါ။ တစ်ခါလုပ်ရင် အနည်းဆုံးတော့ နာရီဝက် ကြာပါစေ။ (ရွရွပြေးခြင်း ၊ စနစ်တကျ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း ၊ ယောဂကျင့်စဉ် စတာတွေဟာ မှန်မှန် လုပ်ရင် လေဖြတ်ခြင်းသာမက ဆီးချို၊ နှလုံး၊ သွေးတိုး ရောဂါမျိုးစုံကို ကာကွယ်ပေး နိုင်တာ တွေ့ရှိ အတည်ပြုထားပါတယ်။ ဒီနေရာမှာ ထိုင်ပြီး အလုပ်အများဆုံး လုပ်ရတဲ့ ဉာဏလုပ်သားများဟာ ပုံမှန်လူတွေထက် ရောဂါမျိုးစုံ ရဖို့ ပိုပြီး နီးစပ်လို့ ပိုပြီး လေ့ကျင့်ခန်း လုပ်ဖို့ လိုအပ်တယ်လို့ ပညာရှင်များက သတိပေးထားပါတယ်။
(၈) အသက် ၃၅ နှစ် ကျော်ပြီးသူတိုင်း သွေးတွင်း ကိုလက်စထရော မျိုးစုံ ပမာဏ (Lipid Profile) စစ်ပေးနိုင်ရင် အကောင်းဆုံးပါ။ တက်နေတယ်ဆိုရင် ဆရာဝန်နဲ့ အချိန်မီ တိုင်ပင် ကုသခြင်းဖြင့် လေဖြတ်ခြင်း အပါအဝင် ရောဂါမျိုးစုံကို ကာကွယ်နိုင်မှာပါ။
(၉) သင်ဟာ သွေးဆုံးပြီး / သွေးဆုံးကာနီး အမျိုးသမီး တစ်ယောက် ဖြစ်တယ် ဆိုရင် ဟော်မုန်းပြည်လည်ဖြည့်တင်းကုသမှု ( Hormone Replacement Therapy, HRT) ကို ခံယူဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ သွေးမဆုံးခင် အမျိုးသမီးတွေမှာ အီစထရိုဂျင်လို့ ခေါ်တဲ့ အမျိုးသမီး သက်စောင့်ဟော်မုန်း ပမာဏ ပုံမှန် ရှိနေသေးလို့ သွေးကြောနဲ့ သွေးလှည့်ပတ်ခြင်း ဆိုင်ရာ ရောဂါ တွေ (ဥပမာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ လိုမျိုး ရောဂါတွေ) ဝေးနေသေးပေမယ့် သွေးဆုံးပြီးလို့ အီစထရိုဂျင် ပမာဏ လျော့နည်းသွားတာနဲ့ ဒီရောဂါတွေ ဖြစ်နိုင်စွမ်း အရမ်းမြင့်မားလာလို့ HRT ကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ယူရပါမယ်။
(၁၀) ready-made စားသောက်ကုန်တွေကို မဖြစ်မနေ အခြေအနေတွေမှာပဲ စားပြီး တတ်နိုင်သမျှ သဘာဝထဲက အစားအသောက်တွေကိုပဲ စားသင့်ပါတယ်။
ကိုးကား
ဒေါက်တာသီဟသစ်

No comments:
Post a Comment