Twitter Bird Gadget

Wednesday, November 4, 2015

တူမာင်ကြီးသိန်းစိန်သို့ ပေးစာ - ၂၀



သို့
တူမောင်ကြီး

ဘကြီးစာရေးလိုက်ပါတယ်
တနေ့က ရန်ကုန်ရောက်တာနဲ့ကြုံလို့ သုဝဏ္ဏမှာလုပ်တဲ့ ဟိုကောင်မလေးဟောပြောပွဲကို ရောက်သေးသကွယ့်

ဘကြီးကတော့ ငါ့တူကြီးလူတွေရဲ့ပွဲတွေလို သော့လေးဘာလေးခတ်ဖို့လိုမလားလို့ သွားကြည့်တာပါကွယ်

ဟိုလည်းရောက်ရော သော့ခတ်ရအောင်ထားလို့ တံခါးမရှိ ဓားမရှိနဲ့ ခြံစည်းရိုးတောင်မရှိတဲ့နေရာဖြစ်နေတယ်၊ ထွက်မှာစိုးလို့ ခတ်မယ့်ဆိုပြန်တော့လည်း အထဲဝင်မရလို့၊ နေရာမရလို့ ပြန်လာတဲ့လူကများနေသကွယ့်

ငါ့တူကြီးတို့ပွဲတွေဆိုရင် နောက်ဘက်ချည်းတိုးနေလို့ တံခါးတောင်ပိတ်ထားရတဲ့မို့လားကွယ့်

အခုက ရှေ့ကိုတိုးချင်တာတောင် မရခဲ့ပါဘူးကွယ်
ငါ့တူကြီးတို့ပွဲတွေဆိုရင် နေရာရရုံမကဘူး ဒန်ပေါက်တို့၊ နေ့စားခတို့တောင်ရသေးတာဆိုတော့ ဘကြီးလည်း အဲဒါမျိုးပဲထင်လို့ သွားကြည့်တာ ဖိနပ်အနင်းခံရတာပဲ အဖတ်တင်တယ်ကွယ်

လူတွေဆိုလည်း မနည်းမနောပါလားကွယ့်
ပြည်သူ့ရင်ပြင်ကို ပေးမလုပ်တာမှန်တယ်ပြောရမယ်
အဲဒီမှာသာ လုပ်ဖြစ်ရင် ရန်ကုန်တမြို့လုံး ယာဉ်ကြောပိတ်သွားနိုင်တယ်ကွယ့်
အခုလို အစွန်အဖျား၊ အကြိုအကြားမှာလုပ်တာတောင်မှ ကားတွေတော်တော်ပိတ်ကုန်သကွယ့်


လူတွေဆိုလည်း သိန်းနဲ့ချီပြီး အားပေးကြတာ ကြက်သီးတောင်ထခဲ့ပါတယ်ကွယ်
ဒါပေသိ NLD က ပြည်သူကို ဦးစားမပေးပါဘူးကွယ်
ကြည့်လေကွယ်
တချို့ပြည်သူတွေ နေရာမရလို့ ဖြစ်သလိုနားထောင်နေကြရတယ်၊ တချို့ဆို ကိုးရိုးကားယားနဲ့ ဟိုပေါ်တက်၊ဒီပေါ်တက်နဲ့ အတော်သနားစရာကောင်းပါတယ်ကွယ်

ငါ့တူကြီးတို့နဲ့များကွာပါ့
ငါ့တူကြီးတို့က ပြည်သူကိုနေရာပေးရုံမကဘူး တနပ်စာတောင် ကျွေးသေးတယ်မို့လားကွယ်
ကွင်းဆိုလည်း ဘယ်တော့မှ လူအလျှံမခံဘူး
အားလုံးချောင်ချောင်လည်လည်ပဲ နေလို့ရတယ်
ဝါသနာပါရင် ထကလို့တောင် ရတယ်လေကွယ်
အရင်ပွဲတွေဆို ဘောလုံးတောင်ကန်နေကြတယ်မို့လားကွယ့်

အဲဒီလောက် ပြည်သူကိုအလေးထားတာကွာနေတာတောင် ဒီကောင်မလေးပွဲဆို ဘာလို့လူများနေမှန်းကိုမသိပါဘူးကွယ်

ဘကြီးတောင် အပြန်ကားငှါးမရလို့ ၄၅ မိနစ်လောက် လမ်းလျှောက်လိုက်ရသေးတယ်ကွယ်
နောက်ဆို မသွားတော့ပါဘူးကွယ်

ဒါနဲ့ ငါ့တူကြီးကိုယ်တိုင် ပညာသင်ဆုပေးထားတဲ့ ဇွန်သဉ္ဇာဆိုတဲ့ ကလေးမလေးကို ပြည်ခိုင်ဖြိုးစည်းရုံးရေးစင်ပေါ်တင်လိုက်တာတော့ ဘကြီးသဘောကျသကွယ့်

ပြည်သူတွေ လက်လန်တဲ့အထဲတခုကျန်နေတယ်လို့ ထင်နေတာ၊ လတ်စသတ်တော့ ဒီကလေးမလေးကျန်နေတာကိုးကွယ့်

အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်မယ့်ပါတီဆိုတာ ဒီလိုသရုပ်ပျက်တွေနဲ့မသင့်တော်ဘူးဆိုပေမယ့် လူတွေစိတ်ဝင်စားဖို့က ဒီတနည်းပဲရှိတော့တယ်ဆိုတာ ဘကြီးသိပါတယ်ကွယ်

စည်းရုံးတာအောင်မြင်လား မအောင်မြင်လားတော့မသိဘူး၊ မြင်ရတာကတော့ ဘကြီးတောင် တောထွက်ချင်စိတ်ပေါက်သွားသကွယ့်

သားစိတ်မယားစိတ် ကုန်သွားတာတော့ သေချာတယ်ကွယ့်
ထွန်ထောင်ဆရာတော်တို့လို ပါရမီရှိလို့ကတော့ တထိုင်တည်းကို ကိလေသာခမ်းသွားလောက်သကွယ့်
အတော်ကို ကြမ်းတာကိုးကွယ့်

ဖျတ်ခနဲကြည့်ရင် CP ကြက်မကြီး ရေထိုးထားတဲ့အတိုင်းပဲကွယ်
အတော်ချောက်ချားစရာ ကောင်းတာကိုးကွယ့်

ဘကြီးတွေးနေတာ
အဲဒီကလေးမလေးကို nld စည်းရုံးရေးကားပေါ်သာတင်ပေးလိုက်ရင် ဟိုကိုယ်တော်လေးအဖွဲ့က သင်္ဃန်းစွန်တောင်ဆွဲပြီး ထွက်လာလောက်သကွယ့်
သူက ဒါမျိုးဆို ကြည့်မရဘူးလေကွယ်

အခု ငါ့တူကြီးတို့စင်ပေါ်ကဆိုတော့ သူ့ခမျာ မသိချင်၊မမြင်ချင်ယောင်ဆောင်ထားရမှာ အတော်တော့ ပင်ပန်းလောက်သားကွယ့်

ဒါပေသိ ငါ့တူကြီးတို့အနေနဲ့ အရှုံးမရှိပါဘူးကွယ်
အညှီရှိရာ ယင်အုံဆိုသလိုပဲ ကြိုက်တတ်တဲ့လူတွေလာပါလိမ့်မယ်ကွယ်

ဒီအဆင်နဲ့ ဒီအဆင် ဘယ်သူကအမျိုးဂုဏ်ကိုထိန်းသိမ်းနိုင်သလဲဆိုတာ တချို့နလပိန်းတုန်းတွေ မသိပါဘူးကွယ်
ငါ့တူကြီးတို့ဘာလုပ်လုပ် ထောက်ခံဖို့ အသင့်ရှိနေကြပါလိမ့်မယ်

အဲဒီကိုယ်တော်လေးကတော့ ပါးစပ်ကသာ အမျိုးသမီးလေးတွေ အတုယူမမှားဖို့ အော်နေရှာတာ၊ မျက်စိရှေ့က မောင်လှဆွေပြောတဲ့ အိုရွဲနေတာကြီးကျတော့ ကြည့်ကောင်းနေသလားမသိပါဘူးကွယ်၊ ငြိမ်ချက်တော့ကောင်းသားကွယ့်

သူ့ခမျာလည်း ထောင်ကြွေးရှစ်နှစ်ကျန်နေသေးလို့သာ မပြောရဲရှာတာကွယ့်
ဘကြီးတော့ သူ့ကြည့်ပြီးသနားတောင် သနားမိသကွယ်

ငါ့တူကြီးလက်မှတ်ထိုးပြီးအတည်ပြုလိုက်တဲ့ မျိုးစောင့်ဥပဒေဆိုတာလည်း အခုအတော်အသုံးဝင်သကွယ့်

ဟိုကိုယ်တော်လေးကတော့ လူမျိုးခြားတွေအနိုင်မကျင့်အောင်၊ မွတ်ဆလင်တွေကို နှိပ်ကွပ်ဖို့လို့သာ ပြောတယ်၊ အခု ဆယ်မှုကျော်ဖမ်းပြီးထောင်ချတာတွေထဲမှာ ကုလားတယောက်မှ မပါပါလားကွယ့်

လောလောဆယ် ဒုက္ခရောက်နေကြတာကတော့ အဲဒီကောင်လေးတွေရဲ့ မိန်းမနဲ့ ကလေးတွေပဲဖြစ်နေပါရောလား

ယုန်ထောင်ကြောင်မိဆိုတာ ဒါမျိုးပြောတာထင်ပါရဲ့ကွယ်
ခုတ်ရာတခြား ရှရာတလွဲဖြစ်နေတာကွယ့်

ဘကြီးကတော့ အားပေးပါတယ်ကွယ်
မဟုတ်တာလုပ်တဲ့ကောင်တွေကတော့ ဗမာတွေ ကုလားတွေကြည့်မနေပဲ ဖမ်းပြီးထောင်ချပစ်တာ အားရသကွယ့်

ပြောရအုံးမယ်
အဲဒီ ငါ့တူကြီးဘက်ကဆိုတဲ့ အမျိုးသားရေးသမားဆိုတဲ့ကောင်တွေပေါ့ကွယ်
ဒီကောင်တွေကြည့်လိုက်ရင် အမျိုးအတွက်ပဲ အသက်ပေးတော့မလို၊ ဘာသာအတွက်ပဲ အသက်စွန့်တော့မလိုနဲ့ တကယ်တမ်းအမျိုးဂုဏ်ကိုထိခိုက်စေတဲ့ ကိစ္စမျိုးတွေကျတော့ ရူးချင်ယောင်ဆောင်နေတာကများနေတယ်ကွယ့်

ငါ့တူကြီးလည်း သတိတော့ထားပါကွယ်
ဒီကောင်တွေက ဘာမှအစွမ်းအစရှိတာမဟုတ်ဘူးကွယ့်
မြှောက်ပေးမှ ထလုပ်တတ်ကြတာမျိုးကွယ့်

တော်ကြာ ငါ့တူကြီးနေရင်းထိုင်ရင်း နာမည်ပျက်နေအုံးမယ်

တနေ့က ရခိုင်မှာ လုပ်သွားတဲ့ မျိုးစောင့်အောင်ပွဲအထိမ်းအမှတ် ဟောပြောပွဲမှာ တိပိဋကတ်တပါးက nld တက်ရင် မျိုးစောင့်ကိုပယ်ဖျက်ပြစ်မယ်ဆိုပြီး ဟောပြောနေသကွယ့်
ဒီစကားမျိုးက ငါ့တူကြီးအတွက် ပြောတာဆိုရင်တောင် ဘကြီးသဘောမကျဘူးကွယ်
ဒါသက်သက် လုပ်ကြံပြောတာကွယ့်

ယောကျ်ားကနေမှ ပြုနိုင်ခဲတဲ့ ရဟန်းအဖြစ်ကိုရထားပါလျက် အဲဒီလို မိန်းမတွေအတင်းပြောသလို ကြးဖူးနားဝပြောနေတာကတော့ သိပ်သဘောမကျဘူးကွယ့်
ဗုဒ္ဓမြတ်စွာတောင် အယုံမလွယ်ဖို့ ကာလာမသုတ်လိုတရားမျိုးကို ဟောကြားထားပါလျက် ဒီကိုယ်တော်တွေက ထင်တာမြင်တာနဲ့ ရမ်းသမ်းပြီးပြောနေတာဟာ အတွင်းစည်းပျက်တယ်လို့ ဆိုရမကွယ့်

အမှန်က ငါ့တူကြီးတို့ အရေးယူသင့်တာက အဲဒီလို ပေါက်ကရပြောတဲ့ဟောတဲ့ကိုယ်တော်တွေပဲကွယ့်
ဒါမှ သာသနာကိုစောင့်ရှောက်သောမင်းဖြစ်တော့မပေါ့ကွယ်

ထားပါလေ
ငါ့တူကြီးတို့ဘက်ကကြည့်ရင်လည်း စားခွက်ပျောက်တော့မယ့်အရေးဆိုတော့ အမျိုးဂုဏ်တွေ၊ သာသနာအရေးတွေ ဘယ်ကြည့်နိုင်ပါ့မလဲကွယ်

လုပ်စရာရှိတာကို ပြတ်ပြတ်သားသား နောက်မဆုတ်တမ်းလုပ်ကြရမယ်ဆိုတာ ဘကြီးသိပါတယ်ကွယ်

တောခွေးတွေ သားကောင်ဆွဲသလိုပေါ့ကွယ်
ကိ်ုယ်မှီရာကတော့ လိင်အင်္ဂါဖြစ်နေပါစေ အမိအရ ဆွဲရမှာမို့လားကွယ့်
လုပ်စရာရှိတာသာ လုပ်ကြပါကွယ်

မောင်တင်အေးလည်း တတ်နိုင်သလောက် လှည့်ပတ်ပြီးလုပ်ပေးနေရှာပါတယ်
သူ့ခမျာလည်း ဒီခေတ်မှာမို့လို့ပေါ့ကွယ်
ဘုရားလက်ထက်ကလို ချက်ချင်းအကျိုးပေးတဲ့ကာလဆိုရင် မဲပြိတ္တာကြီးဖြစ်နေလောက်ပြီ

မောင်မင်းအောင်လှိုင် ကလည်း တပ်မတော်သားတွေကို လွတ်လပ်စွာမဲပေးခွင့်ပေးထားပေးမယ့် နောက်ကွယ်ကနေလည်း ပြည်ခိုင်ဖြိုးကိုမဲပေးဖို့ ကြိုးစားပေးနေရှာပါတယ်ကွယ်
သူခမျာလည်း တပ်သားသစ် ဝယ်ယူစုဆောင်းရတာကတဖက်ဆိုတော့ မအားတဲ့ကြားက လုပ်နေရတာမို့လားကွယ့်

မောင်ဇော်ဝင်းကလည်း ရဲဝန်ထမ်းတွေကို တဖက်လှည့်နဲ့ မဲတောင်းထားပေးတယ်ဆိုတော့ သိပ်တော့အကျမနာလောက်ပါဘူးကွယ်

ဝန်ကြီးဌာနတိုင်က လူကြီးတွေဆိုရင်လည်း သူတို့နေရာလေးမြဲဖို့အရေး ငါ့တူကြီးတို့ကို ဖားချင်ဇောနဲ့ ကျေးဇူးသိတတ်ရမယ် ဘာညာနဲ့ လစာကို ပြည်သူကပေးတာမဟုတ်သလို ကလိမ်ကကျစ်လုပ်ပြီး ပြောပေးနေရှာပါတယ်ကွယ်

မဘသတွေကလည်း ဘုမသိဘမသိနဲ့ မျိုးစောင့်ဥပဒေအောင်တာနဲ့ပဲ မြန်မာပြည်တိုးတက်ပြီး အလုပ်အကိုင်တွေကောင်းလာတော့မှာမျိုး အရေမရအဖတ်မရ လျှောက်ပြောနေတဲ့အတွက် တချို့အသိဉာဏ်နည်းတဲ့သူတွေကလည်း ငါ့တူကြီးမှ ငါ့တူကြီးပဲတဲ့ကွယ့်

အခုလို အဖက်ဖက်က တိုက်စစ်ဖွင့်နေတာဆိုတော့ လုံးဝအပြတ်အသတ်ကြီးတော့ မရှုံးပါဘူးကွယ်
နိုင်တောင် နိုင်နိုင်ပါသေးတယ်ကွယ့်

တလောကလည်း nld က စည်းရုံးရေးဆင်းနေတဲ့ပါတီဝင်တယောက်ကို ဓားနဲ့ခုတ်လိုက်တဲ့ကိစ္စကလည်း ဘာပဲဖြစ်ဖြစ် အထောက်အကူတော့ဖြစ်မှာပါကွယ်

ဒီလိုအချိန်မှာ ကိုယ့်ပါတီအကျိုးရှိဖို့ကအဓိကပဲမို့လားကွယ်
ကိုယ့်ပါတီအကျိုးရှိရင် ဘာပဲလုပ်ရလုပ်ရ လုပ်ကြဖို့ ညွှန်ကြားထားပါကွယ်

ဗိုလ်ချုပ်သမီးလေးကို အသရေဖျက်တဲ့တယောက်ကို အာမခံနဲ့လွတ်ပေးလိုက်တာကတော့ လုပ်သင့်တယ်ကွယ့်

အသရေဖျက်တာချင်းအတူတူ ဟိုကလေးမလေး ချောစန္ဒီထွန်းနဲ့ တယောက်ကို အချုပ်ချထားတာကောင်းတယ်ကွယ့်
ဥပဒေတူပေမယ့် လူချင်မတူဘူးဆိုတာ ပြကိုပြရမယ်လေကွယ်

‪#‎သူတော်ကောင်းကို‬ စော်ကားရင် ခွင့်လွှတ်ခြင်းရနိုင်ပေမယ့် ခွေးကိုလာစရင် ကိုက်ခံရမယ်ဆိုတာတော့ သိသွားရမှာပေါ့ကွယ်

သူတို့ဟာသူတို့ တနိုင်ငံလုံးနီရုံမကလို့ ဧရာဝတီမြစ်ရေပါ အနီရောင်ပြောင်းသွားပါစေကွယ်
ငါ့တူကြီးတို့ကတော့ တတ်နိုင်သလောက် ရတဲ့အပေါ်က်ကနေ နေရာမပျောက်ဖို့ ကြိုးစားကြပါလို့ ဘကြီးမှာပါရစေကွယ့်

ဒါနဲ့
ဒေါက်တာညိုညိုသင်းဆိုတဲ့ ကောင်မလေးက ဟိုပါတီနဲ့ အခြေအနေခွာပြဲနေပုံပဲကွယ့်

သူ့ကြည့်ရတာ ဟိုပါတီက ရာနှုန်းပြည့်နိုင်ချင်တယ်ဆိုတဲ့စကားကို သိပ်ပြီးကျေလည်ပုံမရဘူးကွယ့်
အစိုးရဖွဲ့နိုင်ရုံဆို တော်ရောပေါ့၊ ဘာလို့ အကုန်သိမ်းကျုံးပြီးနေရာယူချင်ရတာလဲဆိုပြီး မေးခွန်းထုတ်နေသကွယ့်

ဒီကောင်မလေးကလည်း လည်မလိုလိုနဲ့အတော်အ သားကွယ့်
လက်ရှိအခြေအနေဟာ ဒူးလောက်တင်မှ ရင်လောက်ကျရင်တောင် အတော်ကံကောင်းနေပြီ
အခုသူက အတိအကျကြီး အလျှော့ပေးဖို့ပြောနေသေးတယ်ဆိုတော့ အတော်ကလေးဆန်တယ်ပြောရမယ်

ထားလိုက်ပါကွယ်
သူ့ဟာသူ ဘာပြောနေနေ ငါ့တူကြီးတို့ကို မထိခိုက်သေးသ၍ အသာလွှတ်ပေးထားလိုက်ပါကွယ်

ကဲ..
သူများအကြောင်း ပြောနေရတာနဲ့တင် စာကအတော်ရှည်နေပြီ
ငါ့တူကြီးလည်း ကျမ္မာစွာနဲ့ အသက်ရှည်ပါစေလို့ ဘကြီးဆုတောင်းပေးလိုက်ပါတယ်ကွယ်

ငါ့တူကြီးရဲ့ တောကဘကြီး

YaeTayZa

No comments:

Post a Comment