Twitter Bird Gadget

Sunday, April 26, 2015

“Development Traps”



ပြည်တွင်းစစ်ဆိုတာ တိုင်းပြည်ကို ဆင်းရဲတွင်းထဲကနေ မရုန်းထွက်နိုင်အောင် ဖမ်းဆွဲထားတဲ့ အဓိက ကျော့ကွင်းတစ်ခုပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အနေနဲ့ ဆင်းရဲတွင်းကနေ ရုန်းထွက်မရ ဖြစ်စေတဲ့ အချက်တွေ (ထောင်ချောက် သို့မဟုတ် ကျော့ကွင်း) ကို “Development Traps” ဆိုပြီး အောက်စဖို့ဒ် (Oxford) တက္ကသိုလ် စီးပွားရေးပါမောက္ခ ပေါလ်ကိုလီယာ (Paul Collier) က “The Bottom Billion” စာအုပ်မှာ အချက်လေးချက်နဲ့ ဖော်ပြထားပါတယ်။
(၁) The Conflict Trap (သဘောထားကွဲလွဲမှု၊ ပဋိပက္ခ ထောင်ချောက်)
@@@@@@@@@@@@@@@@@@@@@@@@@@@@

တိုင်းရင်းသား၊ လူမျိုးအချင်းချင်း သဘောထားကွဲလွဲပြီး ပြည်တွင်း စစ်တွေ၊ ပဋိပက္ခတွေ ဖြစ်တဲ့အခါ တိုင်းပြည်ရဲ့ စီးပွားရေး၊ တိုင်းပြည်ဘဏ္ဍာကို များစွာထိခိုက်တာ တွေ့ရပါတယ်။ ကိုယ့်တိုင်းပြည် ဘဏ္ဍာတွေ၊ သယံဇာတတွေဟာ တိုက်ပွဲတွေအတွက် အကျိုးမဲ့စွာ လေလွင့်ပြုန်းတီးရပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး ပဋိပက္ခတွေ ပြီးဆုံးဖို့ဟာ တိုင်းပြည်အတွက် အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။
(၂) The Natural Resource Trap (သဘာဝသယံဇာတ ထောင်ချောက်)
@@@@@@@@@@@@@@@@@@@@@@@@@@@@

သုတေသနပြုလုပ်ချက်တွေအရ သဘာဝသယံဇာတ ကြွယ်ဝတဲ့ နိုင်ငံတွေဟာ သယံဇာတ မကြွယ်ဝတဲ့ နိုင်ငံတွေထက် ပိုပြီးပဋိပက္ခတွေ ရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ သယံဇာတတွေနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေက- (က) သက်ဆိုင်ရာအစိုးရ အနေနဲ့ ပွင့်လင်းမြင်သာမှု မရှိဘဲ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊
(ခ) သဘာဝသယံဇာတဆိုတာ အခွန်ကောက်ခံဖို့ မလိုတဲ့အတွက် အကျိုးဆက်အနေနဲ့ အစိုးရဆီက ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံမှုကို ပြည်သူတွေအနေနဲ့ တောင်းဆိုဖို့ အခွင့်အရေး နည်းပါးသွားခြင်း၊
(ဂ) သဘာဝသယံဇာတအပေါ် မှီခိုမှုများလာတဲ့အခါမှာ အခြားစက်မှုလုပ်ငန်းတွေ အနေနဲ့ ယှဉ်ပြိုင်မှု နည်းလာပြီး ထိခိုက်မှုတွေ ရှိလာခြင်း၊ သယံဇာတအပေါ် အဓိကမှီခိုတဲ့အခါ စျေးကွက်ရဲ့ ရိုက်ခတ်မှုကို တိုက်ရိုက်ခံစားရခြင်း စတာတွေ ဖြစ်တတ်တယ်လို့ ပေါလ်ကိုလီယာက ဆိုထားပါတယ်။
(၃) Landlocked with Bad Neighbours (မဖြောင့်မတ်သော အိမ်နီးချင်းများကြားတွင် တည်ရှိနေခြင်း)
@@@@@@@@@@@@@@@@@@@@@@@@@@@@

ကမ်းရိုးတန်းနိုင်ငံများ အနေနဲ့ ကမ္ဘာတစ်ဝန်း ကုန်သွယ်မှုတွေ လုပ်နိုင်နေတဲ့အချိန်မှာ ကုန်တွင်းပိတ်နိုင်ငံတွေ အနေနဲ့က အိမ်နီးချင်းနိုင်ငံများနှင့်သာ ကုန်သွယ်မှု ပြုလုပ်နိုင်မှာ ဖြစ်တဲ့အတွက် စျေးကွက်က အကန့်အသတ် ရှိနေပါမယ်။ အဲဒါကြောင့် ကုန်တွင်းပိတ်နိုင်ငံများ အတွက် အိမ်နီးချင်းကောင်းရှိဖို့ အရေးကြီးကြောင်း ဆိုပါတယ်။
(၄) Bad Governance in a small Country (တိုင်းပြည်ငယ်များတွင် စီမံအုပ်ချုပ်မှု ညံ့ဖျင်းခြင်း)
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ညံ့ဖျင်းသော စီမံအုပ်ချုပ်မှုများ၊ မူဝါဒများဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို စိုးရိမ်ဖွယ်ထိခိုက်စေတယ်လို့ ဆိုပါတယ်။
ပါမောက္ခ ပေါလ်ကိုလီယာ ရည်ညွှန်းထားတဲ့ နိုင်ငံ ၅၈ နိုင်ငံမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ပါဝင်တာ တွေ့ရပါတယ်။ ဘယ်အချက်တွေ အကြုံးဝင်နေသလဲဆိုတာ ကျွန်တော်တို့ သုံးသပ်ပြီး အဖြေရှာနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်၊ ပဋိပက္ခဒဏ် ခံခဲ့ကြရတယ်၊ သယံဇာတတွေ အကျိုးမဲ့ဖြစ်ရတယ်၊ အိမ်နီချင်းနိုင်ငံတွေ အပေါ်မှာပဲ မှီခိုကုန်သွယ်မှု ပြုနေခဲ့ကြရတယ်။ အိမ်နီးချင်းနိုင်ငံတွေကလည်း လူနာမျက်ဖြူဆိုက်လေ သမားတော်ကြိုက်လေ ဆိုသလို မြန်မာနိုင်ငံ မငြိမ်သက်လေ သယံဇာတတွေ အချောင်ရလေဆိုတဲ့ စိတ်ဓာတ်တွေ ရှိနေတယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဆင်းရဲတွင်း ဝဲဂယက်ကနေ လွတ်မြောက်ဖို့ ကျွန်တော်တို့တွေ ဘာတွေပြင်ဆင်ဖို့ လိုသလဲ။
ပြဿနာတွေကို ဘယ်လိုရှင်းသင့်သလဲဆိုတာ ပေါလ်ကိုလီယာက အကြံပြုချက်လေးချက် ပေးထားပါတယ်။
......(က) အကူအညီပေးရေးအဖွဲ့ (Aid agencies) တွေရဲ့ အခန်းကဏ္ဍကို ပိုမိုအလေးထား လက်ခံသင့်တယ်၊ Lobbies (ငဖွ) တွေရဲ့ သတင်းအမှားတွေ၊ မဟုတ်တမ်းတရား ပြောဆိုမှုတွေဟာ အကူအညီပေးရေး အဖွဲ့တွေကို ၎င်းတို့လုပ်ပေးနိုင်တဲ့ အရာတွေအတွက် ကန့်သတ်မှုတွေ၊ အကျိုးရလဒ်မရှိမှုတွေ ဖြစ်စေပါတယ်။ သာမန်ပြည်သူတွေ အနေနဲ့ ထိုကဲ့သို့ လော်ဘီ (Lobby) လုပ်၊ သတင်းအမှားဖွမှုတွေကို မယုံကြည်သင့်၊ မထောက်ခံသင့်ပါ။
......(ခ) တပ်မတော်ရဲ့ သင့်တော်တဲ့ ကြားနေဝါဒတွေကို ဖော်ဆောင်အားပေးရမယ်။ အထူးသဖြင့် အာဏာသိမ်းမှုကို မလုပ်ဘဲ ဒီမိုကရေစီ အစိုးရကို အာမခံပေးသင့်ပါတယ်။
......(ဂ) ကောင်းမွန်သော စီမံအုပ်ချုပ်မှု (Good Governance) နှင့် ရှေ့ဆက်သွားမယ့် မူဘောင်တွေကို ဖော်ဆောင်ဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပဋိညာဉ် (International Charter) တွေနဲ့ ပူးပေါင်း၊ လက်တွဲအကောင်အထည်ဖော်ဖို့ လိုပါတယ်။
......(ဃ) လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်ရန်နဲ့ အခြေခံလူတန်းစား၊ တောင်သူလယ်သမားများရဲ့ ပို့ကုန်ကဏ္ဍကို ဦးစားပေးဆောင်ရွက်နိုင်မယ့် ကူးသန်းရောင်းဝယ်ရေး မူဝါဒ ရှိရပါမယ်လို့ အကြံပေး သုံးသပ်ထားပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ချောချောမွေ့မွေ့ဖြစ်ဖို့၊ တိုင်းပြည်ဆင်းရဲတွင်းက လွတ်ဖို့အတွက် ထောင်ချောက်ပေါင်းများစွာ ဝန်းရံနေပါတယ်။ ကျွန်တော်တို့ သတိကြီးကြီးနဲ့ ဆက်လျောက်ဖို့ လိုပါတယ်။ လက်ရှိ နိုင်ငံအနေအထားအရ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ဖို့ အလွန်ပဲအရေးကြီးပါတယ်။ တိုင်းပြည်အတော်နာနေပါပြီ။ ခေါင်းဆောင်များ စေတနာမှန်နဲ့ ရိုးသားမှ တိုင်းပြည်လမ်းကြောင်း မှန်ပါမယ်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့တာ တိုင်းရင်းသားညီအစ်ကိုများ အားလုံးအတွက် ဝမ်းသာစရာပါ။ The Conflict Trap က လွတ်မြောက်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
“နိုင်ငံတကာပိတ်ဆို့မှုများ ရုပ်သိမ်းရန်၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန်၊ သယံဇာတများအား အကျိုးရှိရှိ ပိုမိုသုံးနိုင်ရန်၊ နိုင်ငံတကာနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်” စတဲ့ အချက်တွေဟာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ခု ဖြစ်လာမှုပေါ်မှာ အများကြီး မူတည်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ ဆိုတာ တစ်ပါတီ၊ တစ်လူမျိုးတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ တိုင်းရင်းသားလူမျိုး အားလုံး၊ ပါတီအားလုံး၊ ပြည်သူအားလုံးအတွက် အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်၊ ဒီမိုကရေစီလမ်းကြောင်းရဲ့ လှေကားဟာ ရွေးကောက်ပွဲပေါ်တွင် မူတည်ပါကြောင်း တင်ပြရေးသားအပ်ပါသည်။
                                    #######################

No comments:

Post a Comment