Twitter Bird Gadget

Saturday, January 31, 2015

ပန်းတိုင်းပွင့်ပါစေ


၂၀၁၅ ခု၊ ဇန်နဝါရီလ ၁၂ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် ခန်းမ မှာ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ပါဝင်တဲ့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပ ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲရဲ့ ဦးတည်ချက်တွေကတော့ (၁) ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်း လဲမှုများဆက်လက်ဖြစ်ထွန်းရေး၊ (၂) ငြိမ်း ချမ်းရေးဖြစ်စဉ်ကို အခြေခံတဲ့ အမျိုးသားပြန် လည်စည်းလုံးညီညွတ်ရေး သက်ဆိုင်ရာနိုင် ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး၊ (၃) လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီး ညင်သာစွာ အသွင်ကူးပြောင်းသော နိုင်ငံရေး ဖြစ်စဉ်များ ပေါ်ပေါက်ရေး တို့ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ၂၀၁၄ ခု၊ အောက်တို ဘာ ၁၄ ရက်နေ့ ပထမအကြိမ် သမ္မတအိမ် တော်တွေ့ဆုံပွဲမှာပါဝင်ကြတဲ့ ပုဂ္ဂိုလ် ၁၄ ဦး အပြင် နိုင်ငံရေး ပါတီ ခေါင်းဆောင်များဖြစ်ကြ တဲ့ ဦးအေးသာအောင် ၊ ဒေါက်တာတူးဂျာ၊ ဦးဖိုး ရယ်၊ ဦးစောထွန်းအောင်မြင့်၊ ဦးဇိုဇမ်၊ ဒေါက် တာမင်းနွယ်စိုးတို့ ၆ ဦးလည်း ပါဝင်ကြပါ တယ်။ ဒါ့အပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက တိုင်းရင်းသားရေးရာဝန်ကြီး ၂၈ ဦးလည်း ပါဝင်တက်ရောက်ခဲ့ကြလို့ ဒီတစ် ကြိမ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ဆွေး နွေးကြသူ အားလုံး စုစုပေါင်း ၄၈ ယောက် တောင်ရှိတာကို တွေ့ကြရပါတယ်။ ဒီတစ်ကြိမ် အစိုးရဘက်က စီစဉ်တာ အရင် ၁၄ ပွင့်ဆိုင် ထက် ၃ ဆကျော် ပိုများတဲ့ ၄၈ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲကြီးလို့ ဆိုရမှာပါပဲ။ ဒီလိုအရေ အတွက်များရတာနဲ့ပတ်သက်လို့ ‘သမ္မတကြီး ရဲ့သဘောထားကတော့ နိုင်ငံရေးဆွေးနွေးပွဲ ထဲမှာ (၁) အားလုံး ပါဝင်ဆွေးနွေးခွင့်ရဖို့ (၂) နိုင်ငံတိုးတက်ရေးအတွက် အကြံပြုချက်အား လုံးကို ထည့်သွင်းစဉ်းစားဖို့ပါပဲ’ ဆိုပြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးရဲထွဋ်က ရှင်း ပြခဲ့ပါတယ်။ ဒီတော့ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ လူပုဂ္ဂိုလ်များစွာ ပါဝင်ခဲ့တဲ့အတွက် သမ္မတရဲ့ သဘောထားဆန္ဒတွေ ဘယ်လောက်အောင် မြင်ထိရောက်ခဲ့တယ်ဆိုတာကို ဆန်းစစ်ကြည့် သင့်ပါတယ်။

အမြင်သဘောထားများ

ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့ ‘၂၀၁၅ ခုနှစ် ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ပတ် သက်ပြီး တော်တော်လေး အရေးကြီးတဲ့ အဆင့် ဖြစ်တယ်။ ဒီနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပတော့ မယ်။ သမ္မတကြီးကလည်း သူ့ သက်တမ်း သူ့လက်ထက်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးတော့ နိုင်ငံရေးဆွေး နွေးပွဲကို စတင်ဆောင်ရွက် ချင်တယ်။ ဒီလ လယ်လောက်မှာလည်း UPWC နဲ့ NCCT တို့ ထပ်မံတွေ့ဆုံညှိနှိုင်းကြမယ်။ ဒီလိုမတွေ့ ဆုံခင် အရေးကြီးတဲ့နိုင်ငံရေးခေါင်းဆောင် တွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ အ ခုလိုဆွေးနွေးလိုက်ရင် အကြံဉာဏ်ကောင်း လေးများ ရမလားဆိုပြီး ကျင်းပ တာများလား လို့ ယူဆစရာရှိပါတယ်။ ဒါကြောင့်မို့ ဒီတွေ့ ဆုံဆွေးနွေးမှု ဟာ တစ်စုံတစ်ရာ အဓိပ္ပာယ်ရှိပါတယ်’ လို့ သူ့သဘောထားကို ဖော်ပြသွား ခဲ့ပါတယ်။

UNA ကိုယ်စားပြုအဖြစ် တက်ရောက်လာတဲ့ SNLD ဥက္ကဋ္ဌဦးခွန်ထွန်းဦး ကတော့ ‘ဒီတွေ့ဆုံဆွေးနွေးပွဲက သိပ်မထူးလှသလို ကောင်းလည်း မကောင်း ပါဘူး။ ညှိနှိုင်းဆွေး နွေးကြဖို့ခေါ်ပြီး ပြောကြဆိုကြတဲ့အခါ ဦးတည် ချက်က ၃ ခု၊ ခေါ်ထားတဲ့လူက ၅၀ ဆိုတော့ တချို့လည်း အိပ်ပျော်ကုန်ကြတာပေါ့။ နောက် ပြီး လူများတော့ တချို့ကလည်း မဆိုင်တာ တွေပါ ပြောကြတာပေါ့။ မြို့နယ်မှူး၊ အုပ်ချုပ် ရေးမှူးဗိုလ်ကျတာတွေ၊ မကောင်းကြောင်း တွေလည်း ပြောကြတာပဲ။ တချို့ကဆို မှတ် ပုံတင်မရတဲ့ကိစ္စတွေလည်း ပြောကြတာပဲ။

တိုင်းရင်းသားဝန်ကြီးတွေဆိုတာလည်း အစိုး ရလူတွေပဲလေ။ သူတို့ လာတော့ လည်း စရိတ်ကုန်ရုံပဲရှိမှာပေါ့။ မည်မည်ရရ မဆွေးနွေးနိုင် ကြပါဘူး။ အနှစ်သာရ လည်း သိပ်မရှိလှပါဘူး။ တချို့ကလည်း ဖေဖော်ဝါရီလမှာ ငြိမ်းချမ်းရေး ရချင်တယ်။ မရမှာလည်း စိုးရိမ်တယ်။ တစ် ယောက်ကဆို ငြိမ်းချမ်းရေးမှာ မပါချင်တဲ့အ ဖွဲ့ရှိရင်လည်း ထားခဲ့ပေါ့လို့ ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့ ပြောသွားတာတောင်ရှိတယ်။ ဆက် တိုက်ချင်လည်း တိုက်ကြတော့ပေါ့ဆိုတဲ့ သ ဘောပါပဲ။ ဒီလို နိုင်ငံရေးနားမလည်ဘဲ ထင် ရာစွတ်ပြောနေသူတွေနဲ့ ငြိမ်းချမ်းရေး ဘယ် လိုလုပ်ရနိုင်မှာလဲ။ ဒီလို လူမျိုးတွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဆိုတာလည်း ဘာအဓိပ္ပာယ်ရှိမှာလဲ’ လို့ သူမြင်ရ ကြားရတဲ့ အတွေ့အကြုံ တွေကနေ အကဲဖြတ်ပြခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲတက်ရောက်ဖို့ ဖိတ်ကြားစဉ် ကလည်း နိုင်ငံရေးခေါင်းဆောင် အမည်နဲ့ပါ တီအမည်ကိုတွဲပြီး တိုက်ရိုက်ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖိတ်ကြားခံရသူသာ သိရှိပြီး သူနဲ့ပတ်သက်တဲ့ ပါတီရုံးချုပ်ကတောင် ဖိတ်ကြား လိုက်တာကို သိရှိခွင့်မရခဲ့တဲ့ အနေ အထားမျိုးတွေ ရှိခဲ့ပါတယ်။ ဒီတော့ ဖိတ်ကြား ထားတာဟာ လူပုဂ္ဂိုလ်ကို ဖိတ်တာလား။ ဒါ မှမဟုတ် ပါတီကို ဖိတ်ကြားတာလားဆိုတာ ဝိဝါဒမကွဲပြားမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လည်း ဒီတွေ့ဆုံပွဲကို ဘယ်လိုမူနဲ့ ဖိတ်ကြား တယ်ဆိုတာကို မရှင်းလင်းခဲ့ပါဘူး။ ဒါကြောင့် လည်း ဒေါ်အောင်ဆန်း စုကြည်က ‘အခုဆွေးနွေးပွဲက ၆ ပွင့်ဆိုင်မှမဟုတ်ပဲ။ တိုင်းရင်းသား ဝန်ကြီးတွေ လည်း ပါလာတယ်။ တကယ်တော့ တိုင်းရင်းသားဝန်ကြီးတွေဆိုတာ အစိုးရအဖွဲ့ ပဲလေ။ ဒီမှာ နိုင်ငံရေးပါတီတွေနဲ့ဆွေးနွေးမှာ လား၊ တိုင်းရင်းသား ဝန်ကြီးတွေ နဲ့ ဆွေးနွေး မှာလား။ ဘယ်မူနဲ့ ဖိတ်ကြားဆွေးနွေးမှာလဲ ဆိုတာ မရှင်းဘူး။ ပါတီခေါင်းဆောင်တွေလည်း မဟုတ်ဘူး။ လွှတ်တော်ခေါင်းဆောင်တွေလည်း မဟုတ်ဘူး။ ဒီတော့ ဘယ်လိုအခြေခံမူနဲ့ဖိတ် မှန်းမသိဘူး။ ၆ ပွင့်ဆိုင်ကိုရှောင် ရှားဖို့ ဒီပုံစံ မျိုးလုပ်တာတော့မဖြစ်သင့်ဘူး။ အရင် ၁၄ ပွင့်နဲ့ ဘာကွာသလဲ ဆိုတော့ လူပိုများတာပဲ ကွာတာပါ။ အရင်လိုပါပဲ။ ကျွန်မပြောတာတွေကို သမ္မတကြီးက တစ်ခုမှမတုံ့ပြန်သေးပါဘူး’ ဟု ပြောဆိုခဲ့ခြင်းဖြစ်ပုံရပါတယ်။

ဒီတွေ့ဆုံပွဲထဲမှာ ဖွဲ့စည်းပုံပြုပြင်ပြောင်း လဲရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ တစ် ယောက်က ‘ပြည်သူလူထုဟာ သူတို့ရဲ့စား ဝတ်နေရေးကိုပဲ စိတ်ဝင်စား တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဆိုတာကို စိတ်မဝင်စားကြ ပါဘူး’ လို့ဆိုပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က ‘ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ကျွန်မတို့ ပြည်သူလူထုကြား နက် နက်ရှိုင်းရှိုင်း ဆင်းလုပ်ပါတယ်။

ဒီလိုလုပ်တဲ့ အခါ ပြည်သူလူထု အတော်များများက ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဆိုတာကို ကြားလည်းမ ကြားဖူးဘူး၊ မြင်လည်းမမြင်ဖူးဘူး။ ဖတ်လည်း မဖတ် ဘူးကြပါဘူး။ ဒါပေမဲ့ ရှင်းပြတဲ့အခါ သူ တို့သဘောပေါက်ကြပါတယ်။ ဘာကြောင့် ပြင်ချင်တာလဲဆိုတာကို ရှင်းပြတော့လည်း နားလည်ကြ ပါတယ်။ ပြည်သူလူထုက နား လည်လွယ်ပါတယ်။ ပြည်သူလူထုက ဖွဲ့စည်း ပုံအခြေခံကို နားမလည်ပါဘူးလို့ဆိုရင် ၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံကို ၉၂ ရာခိုင်နှုန်းသော ပြည်သူတွေက ထောက်ခံတယ်ဆိုတာကို ပြန် စဉ်းစားရ ပါလိမ့်မယ်။ ဖွဲ့စည်းပုံကို လုံးဝမသိ နားမလည်တဲ့ ပြည်သူ ၉၂ ရာခိုင်နှုန်း က ၂၀၀၈ ဖွဲ့စည်းပုံကို ထောက်ခံတယ်ဆိုတာ တစ်ခုနဲ့ တစ်ခု ရှေ့နောက် မညီပါဘူး’ လို့ ထောက်ပြ သွားခဲ့ပါတယ်။

ငွေကုန်၊ အသံပြာ

ခြုံပြောရရင် သမ္မတကြီးဦးသိန်းစိန် ဦး ဆောင်ကျင်းပတဲ့ ၄၈ ပွင့်ဆိုင် တွေ့ ဆုံဆွေး နွေးပွဲဟာ ဘာမှ ထူးခြားကောင်းမွန်မှုလည်း မရှိ၊ အနှစ်သာရ ကင်းမဲ့ပြီး ဦးတည်ရာလည်း မရောက်တဲ့ ‘ငွေကုန် အသံပြာ’ တွေ့ဆုံပွဲ သာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ သမ္မတကြီးအ နေနဲ့ ဦးတည်ချက် ၃ ရပ် ပါဝင်တဲ့ ဒီတွေ့ဆုံ ပွဲမျိုးကို အဆောတလျင် တက်သုတ်ရိုက် စီ စဉ်ရတာ ခိုင်မာ တဲ့ နိုင်ငံရေးအကြောင်းအချက် တချို့ ရှိထားခဲ့ပုံရပါတယ်။ ဦးစွာအားဖြင့် သမ္မတကြီး ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ဟာ ရှေ့ မတိုး နောက်မဆုတ်သာ နဲ့ ရပ်တန့်နေပြီလို့ ပြည်တွင်းကရော ပြည်ပ ကပါ ဝေဖန်ထောက်ပြ ဖိအားပေးခံနေရချိန် ဖြစ်ပါတယ်။ မြန်မာ့ အရေး ကျွမ်းကျင်သူဆောင်းပါးရှင် ဘာတဲလ် လစ်တနာ ထောက်ပြခဲ့သလိုပဲ လမ်းညွှန် ဒီမိုကရေစီက ပေးအပ်ထားတဲ့ ပြု ပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာ အကန့် အသတ်တစ်ခုရောက်တာနဲ့ ကုန်ဆုံးပြီး ရှေ့ ဘာဆက်လုပ်ရမှန်းမသိတော့ဘဲ ရပ်တန့်သွား ပုံရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုတာမှာ အမျိုးသားညီ လာခံ (ညောင်နှစ်ပင်)မှာ ချမှတ်ထားတဲ့ အ ခြေခံမူ ၁၀၆ ချက်မထိပါးရပါဘူး။ ဒါကြောင့် ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉-စ တို့လို ဒီမိုကရေစီ နည်းမကျတဲ့ ပုဒ်မတွေကို တပ်မတော်က သ ဘောမတူရင် ပြင်ဆင်ခွင့်မရှိပါဘူး။ ဒါကြောင့် ဒီတွေ့ဆုံပွဲ မှာ ယေဘုယျဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကိုသာ ဦးတည်ချက်ထားပြီး ဖွဲ့ စည်းပုံပြုပြင်ပြောင်းလဲရေးဆိုတာကို လေသံ တောင်မဟရဲခဲ့တာ ဖြစ်ပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကို နက်နက်ရှိုင်း ရှိုင်း ဆွေးနွေးညှိနှိုင်းဖြေ ရှင်းခြင်း မပြုသရွေ့ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ ဘယ်လို မှ ရှေ့ဆက် တိုးနိုင်စရာအကြောင်းမရှိပါဘူး။

တစ်ချိန်တည်းမှာ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံ ကျကျ ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်သရွေ့ လည်း အဓွန့်ရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ထူထောင်နိုင်ဖို့ မဖြစ်မနေလိုအပ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အောင်မြင်စွာကျင်းပနိုင်ရေး ဟာ အလှမ်းဝေးနေဦးမှာပါပဲ။ ၂၀၁၄ ခုနှစ် အတွင်း အနိမ့်ဆုံးအားဖြင့် တစ်ပြည်လုံးအ ပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုး နိုင်ဖို့ မျှော်လင့် ထားတဲ့ သမ္မတဦးသိန်းစိန်အနေနဲ့ လက်တွေ့မှာ ‘မှန်းချက်နဲ့ နှမ်းထွက်’ မကိုက် အောင်ဖြစ်လာတဲ့အခါ သူ့ရဲ့ သမ္မတသက်တမ်း နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၅ ခုအတွင်းမှာ အ ပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးချင်တဲ့ဆန္ဒ ပြင်းပြနေ ပုံ ရပါတယ်။

ဒါကြောင့်လည်း UPWC ကနေတစ်ဆင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာ အပစ်ရပ်စာချုပ်ချုပ်ဆိုနိုင်ဖို့ NCCT အ ဖွဲ့ကို အဆိုပြုတင်ပြလိုက်တာ ဖြစ် ပါလိမ့်မယ်။ ဒါပေမဲ့ UPWC နဲ့ NCCT တို့ရဲ့ ၆ ကြိမ် မြောက် တွေ့ဆုံဆွေးနွေး ပွဲအပြီးမှာ တစ်ကျော့ ပြန် ထွက်ပေါ်လာတဲ့ သေနတ်သံတွေ၊ လိုင် ဇာဗိုလ် သင်တန်းကျောင်းပေါ်ကို ကျခဲ့တဲ့ အ မြောက်ဆံတွေကြောင့် ပြည်ထောင်စုနေ့ မှာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ဆို တာ ဖြစ်နိုင်ခြေနည်းပါး လှ ပါတယ်။ ဒီအထဲ ၄၈ ပွင့်ဆိုင်ဆွေးနွေးပွဲတက်ရောက်လာတဲ့ လူ ပုဂ္ဂိုလ် တချို့က စာချုပ်လက်မှတ်ထိုးရာမှာ မပါဝင်ချင်တဲ့ အဖွဲ့ရှိလည်း ထားခဲ့တာပေါ့ လို့ ပြော တာမျိုးလည်း ရှိတယ်လို့ဆိုပါတယ်။ ဒီ လိုအမြင်ကျဉ်းမြောင်း တိုတောင်းပြီး အမြော် အမြင်နည်းပါးတဲ့ သဘောထားတွေနဲ့ကတော့ အပစ်ရပ်စာချုပ် ချုပ်ပြီးလည်း သေနတ်သံ တွေ ဆက်ထွက်နေဦးမယ့်ပုံရှိပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ ၂၀၁၅ ခုနှစ် ကုန်ပိုင်း ရွေးကောက်ပွဲကျင်းပရာမှာ လွတ် လပ်တရားမျှတမှုရှိပြီး ညင်သာစွာ အသွင်ကူး ပြောင်းတဲ့ နိုင်ငံရေးဖြစ် စဉ်မျိုး ဖြစ်စေချင်ပုံရ ပါတယ်။ ဒီလို ရွေးကောက်ပွဲဆိုင်ရာပြဿနာ တွေကို သမ္မတ အနေနဲ့ ဆွေးနွေးညှိနှိုင်းချင် တယ်ဆိုရင် နိုင်ငံရေးပါတီတွေ၊ ရွေးကောက် ပွဲကော်မရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးရမှာသာ ဖြစ်ပြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဆိုသူတွေ ပါဝင်စရာမလိုပါဘူး။ နောက်ပြီး တိုင်းရင်းသား ရေးရာ ဝန်ကြီးဆိုသူတွေဟာ သမ္မတခန့်အပ် ထားတဲ့ အစိုးရအဖွဲ့ဝင်တွေချည်းပါပဲ။

ဒါပေမဲ့ ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားရေးရာဝန်ကြီးက ၂၈ ဦး ပါပြီး နိုင်ငံရေး ပါတီကိုယ်စားပြုသူက ဆယ်ယောက်စွန်းစွန်းရှိတော့ ဦးတည်ချက်နဲ့ အစုအဖွဲ့ ဖွဲ့စည်းပုံတို့အကြား အချိုးအစား မညီညာမှုတွေလည်း ဖြစ်နေခဲ့ပါတယ်။ ဒါ ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ]ဒီ တွေ့ဆုံပွဲဟာ အစိုးရနဲ့ နိုင်ငံရေးပါတီတွေ တွေ့ ဆုံပွဲလား၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲလား ဘယ်လိုမူနဲ့ဖိတ်တာလဲဆို တာမရှင်းဘူး။ ၆ ပွင့်ဆိုင်ကို ရှောင်ရှားဖို့ ရွေး ထားတဲ့ ပုံစံတော့မဖြစ်သင့်ဘူး။ အရင်ဆွေး နွေး ပွဲနဲ့ ဘာကွာသလဲဆိုရင် လူပိုများလာတာ ပဲရှိတယ်} လို့ ဝေဖန်ခဲ့တာဖြစ် ပါလိမ့်မယ်။

ရေများသော်လည်း ငါးမတွေ့

တကယ်လည်း သမ္မတဦးသိန်းစိန်မှာ ‘လူများလေ ကောင်းလေ’ ဆိုတဲ့ အမြင်ရှိ ပုံရပါ တယ်။ ဒါကြောင့်လည်း သမ္မတရဲ့ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ‘သမ္မတကြီး ရဲ့သဘော ထားမှာ နံပါတ်တစ်အချက်က အားလုံး ပါဝင် နိုင်ရေးဖြစ်ပါတယ်’ လို့ ပြောခဲ့ခြင်းဖြစ်ပါလိမ့် မယ်။ တကယ်တော့ ၄၈ ပွင့်ဆိုတာလည်း တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုနိုင်ပါ ဘူး။ မြန်မာပြည်မှာ တိုင်းရင်းသားမျိုးနွယ်စု ပေါင်း ၁၃၅ ဦးနဲ့ ကြီး ၅ ကြီးတို့ပေါင်းပြီး အပွင့် ၁၄၀ ဆုံနိုင်မှ အားလုံးကို ကိုယ်စားပြု နိုင်ပါလိမ့်မယ်။ အပွင့် ၁၄၀ ဆုံကြမယ်ဆိုရင် ၄၈ ပွင့် ဆုံတာထက် ပိုပြီးပွဲပျက်သွားနိုင်ပြီး ‘ရေများသော်လည်း ငါးမတွေ့’တဲ့ကိန်း ဆိုက် သွားနိုင်ပါတယ်။

တကယ်တော့ နိုင်ငံရေးအ နှစ်သာရပြည့်ဝပြီး လေးနက်အဓိပ္ပာယ်ရှိတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံမှုကတစ်ဆင့် ပန်းတိုင်းပွင့် နိုင်တဲ့ခေတ်သမယတစ်ခုဆီကို ပွားများတက် လှမ်းသွားကြရမှာဖြစ်ပါတယ်။

ပန်းတိုင်းပွင့်နိုင်ခွင့်ရကြပါစေ။

No comments:

Post a Comment