Twitter Bird Gadget

Friday, September 12, 2014

ကယ်လိုရီပိုမိုလောင်ကျွမ်းစေရန် စားသင့်သည့် အစားအစာ ၁၀ မျိုး

ကိုယ်အလေးချိန် လျှော့ချရန်နှင့် ကယ်လိုရီပိုမိုလောင်ကျွမ်းစေရန် နေ့စဉ်စားနိုင်သော အစားအသောက်များစွာ ရှိသည်။ ယင်းအစားအသောက်များမှာ အလွန်အရသာရှိပြီး အံ့သြဖွယ်ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိနိုင်သည်။ ယင်းအစားအသောက်များကို သင်၏ နေ့စဉ်(သို့မဟုတ်) သီတင်းပတ်တိုင်းစားသည့် အစားအသောက်တွင် ပေါင်းထည့်လိုက်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ရန် မမေ့ပါနှင့်။ ဤနည်းဖြင့် ကယ်လိုရီများစွာ လောင်ကျွမ်းစေမည်ဖြစ်ကာ သင်၏ကျန်းမာရေး ပိုကောင်းလာမည်ဖြစ်သည်။ ကယ်လိုရီ ပိုမိုလောင်ကျွမ်းစေမည့် အစားအသောက် ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါသည်။

၁။ ဂရိတ်ဖရု (Great Fruit)ဂရိတ်ဖရု အသီးများစားခြင်းဖြင့် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို လျင်မြန်စေပြီး ကယ်လိုရီများစွာ လောင်ကျွမ်းစေရန် ကူညီနိုင်သည်။ သွေးထဲတွင် ပါဝင်သော ဂလူးကို့စ်ပါဝင်မှုကို ထိန်းညှိရန် ကူညီနိုင်သည့် ဖိုက်ဘာဓာတ်များ ဂရိတ်ဖရုတွင်ကြွယ်ဝစွာ ပါဝင်သည်။

၂။ တရုတ်နံနံကြီး (Celery)တရုတ်နံနံကြီးတွင် ရိုးရှင်းသော လျှိ့ဝှက်ချက်များရှိသည်။ ကယ်လိုရီအနည်းငယ်သာပါဝင်ပြီး သင်စားသည်ထက် ကယ်လိုရီ ပိုမိုလောင်ကျွမ်းစေရန် ကူညီပေးနိုင်သည်။ တရုတ်နံနံကြီးတွင် ရေဓာတ်အများစုပါဝင်သည်။ သို့သော် တရုတ်နံနံကြီးတစ်မျိုးတည်း စားသုံးရန် မသင့်လျော်သဖြင့် အခြားအစားအသောက်များနှင့် ရော၍ စားသုံးပါက အကောင်းဆုံးဖြစ်သည်။

၃။ သဘာဝဆန်နှင့် ဂျုံ (Whole grains)သဘာဝဆန်နှင့် ဂျုံများစားခြင်းမှာ ပြန်လည်သန့်စင်ထားသော ဆန်နှင့် ဂျုံကို စားခြင်းထက် ပို၍ ကျန်းမာစေကြောင်း လေ့လာမှုများက ဖော်ပြသည်။ သဘာဝဆန်နှင့် ဂျုံများကို စားခြင်းဖြင့် ပြင်းထန်သော ရောဂါများ ဖြစ်နိုင်သည့်အန္တရာယ်ကို လျှော့ချပေးနိုင်သည်။ အစာခြေဖျက်ရန် အချိန်ပိုကြာသည့် သဘာဝဆန်နှင့် ဂျုံများကို စားခြင်းဖြင့် ဆာလောင်ချိန်ပိုကြာမည်ဖြစ်သည်။ သဘာဝဆန်နှင့် ဂျုံတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်ပါဝင်သော်လည်း အဆီပါဝင်မှု နည်းပါးသည်။

၄။ လက်ဖက်စိမ်း (Greentea)လက်ဖက်စိမ်းတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှုကို အားဖြည့်ပေးနိုင်ကာ ကိုယ်အလေးချိန် လျှော့ချရန် ကူညီနိုင်သည်။

၅။ အိုမီဂါ -၃ (Omega-3)အိုမီဂါ-၃ မှာ ဇီဝဖြစ်စဉ်ကို ထိန်းညှိပေးသူအဖြစ် လုပ်ဆောင်ကြောင်း သိပ္ပံပညာဆိုင်ရာ စမ်းသပ်မှုများက သက်သေပြထားပြီးဖြစ်သည်။ အဆီများ မည်မျှလျင်မြန်စွာ လောင်ကျွမ်းသည်ကို ထိန်းချုပ်သည့် ဟော်မုန်းပါဝင်မှုအဆင့်ကို ထိန်းချုပ်သော ဖက်တီးအက်စစ်မှာ အိုမီဂါ-၃ ဖြစ်သည်။ အိုမီဂါ-၃ ကို ကျွနု်ပ်တို့ ခန္ဓာကိုယ်မှသာ ထုတ်လုပ်ခြင်းမဟုတ်ဘဲ ငါးမည်းလုံး၊ မြောက်အတ္တလန္တိတ် ငါးသလောက်၊ ဆော်လမွန်ငါးများစားခြင်း (သို့မဟုတ်) အိုမီဂါ-၃ ဖြည့်စွက်စားခြင်းဖြင့်လည်း ရရှိနိုင်သည်။

၆။ ကော်ဖီ (coffee)ကဖိန်းဓာတ်မှာ ကိုယ်ခန္ဓာ နိုးနိုးကြားကြားရှိစေပြီး ကဖိန်းပါဝင်သော ကော်ဖီသောက်ခြင်းဖြင့် နှလုံးခုန်နှုန်းတိုးလာပြီး သွေးက အောက်ဆီဂျင်များ ပိုမိုရယူကာ ကယ်လိုရီများ ပိုမိုလောင်ကျွမ်းစေသည်။ သို့သော် ကော်ဖီထဲ ထည့်ဖျော်သော ခရင်မ်များ အားလုံးနှင့် သကြားတို့ကြောင့် အကျိုးသက်ရောက်မှုကို ထိခိုက်စေသည်။ သကြားနှင့် ခရင်မ်များ ထည့်မည့်အစား ဥပမာ သစ်ကြံပိုးခေါက် ထည့်သောက်ပါ။

၇။ ထောပတ်သီး (Avocado)ထာပတ်သီးတွင် ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေသော အဆီဓာတ်ပါဝင်ပြီး ဆဲလ်များ၏ စွမ်းအင်ထုတ်ပေးသော အပိုင်းကို ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သည်။ ထောပတ်သီးစားခြင်းဖြင့် ကိုလက်စထရောပါဝင်မှုကို လျှော့ချပေးပြီး ဒဏ်ရာများ သက်သာပျောက်ကင်းစေကာ နှလုံးရောဂါနှင့် လေဖြတ်ခြင်း အန္တရာယ်များကိုလည်း လျော့ကျစေနိုင်သည်။ မျက်စိနှင့် ဆံပင်အတွက် အထူးကောင်းသည်။

၈။ အမွှေးအကြိုင်ကဲပြီး အရသာစူးရှသော အစားအစာများ (Spicy Foods)အမွှေးအကြိုင်ထူးကဲပြီး အရသာစူးရှသော အစားအစာများမှာ ကယ်လိုရီလျင်မြန်စွာ လောင်ကျွမ်းစေသော အစားအစာအုပ်စုတွင် ပါဝင်သည်။ ငရုတ်ကောင်း (သို့မဟုတ်) အချဉ်ရည်အချို့ ပါဝင်သော ပစ္စည်းစာရင်း ဂရုတစိုက်ဖတ်ပြီး စားသုံးပါ။

၉။ ပူဒီနာမျိုးစိတ်ဝင်ပန်းပင်၏ အစေ့များ (Chia Seeds)Chia အစေ့များတွင် ပရိုတိန်းဓာတ်၊ ဖိုက်ဘာနှင့် အိုမီဂါ-၃ အဆီများ ကြွယ်ဝစွာပါဝင်ပြီး ဇီဝဖြစ်စဉ်ကို အားကောင်းစေရန် ကူညီနိုင်သည်။ ယင်း Chia အစေ့များကို ဖျော်ရည်၊ အသုပ်၊ ဒိန်ချဉ်(သို့မဟုတ်) ဂျုံဖြင့် ချက်လုပ်သော အစားအသောက်များတွင် ထည့်၍ သုံးဆောင်နိုင်သည်။

၁၀။ ဘရာဇီးအခွံမာသီးများ (Brazil nuts)ကယ်လိုရီပိုမိုလောင်ကျွမ်းစေရန် စားရမည့် အရသာအရှိဆုံး စားစရာများအနက် တစ်ခုမှာ ဘရာဇီး အခွံမာသီးဖြစ်သည်။ ယင်းအခွံမာသီးများစားသုံးခြင်းဖြင့် ကိုယ်ခံအားကောင်းစေပြီး ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေရန် ကူညီပေးနိုင်သည်။ ယင်းအခွံမာသီးများ စားခြင်းက အခြေခံသွိုင်းရွိုက်ဟော်မုန်း၏ သက်ဝင်သော ပုံစံတစ်မျိုးဖြစ်သည့် T3 အဖြစ် ပြောင်းပေးခြင်းဖြင့် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်ကို လျင်မြန်စေရန် ကူညီပေးသည်။

အထက်ပါ အစားအသောက်များမှာ ဇီဝဖြစ်စဉ်ကို အားကောင်းစေပြီး ကယ်လိုရီလျင်မြန်စွာ လောင်ကျွမ်းစေသဖြင့် ပိုနေသော ကိုယ်အလေးချိန်ကို လျှော့ချရန် ကူညီနိုင်သည်။ ယင်းအစားအသောက်များ စားပြီး ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပါက ကိုယ်အလေးချိန် လျှော့ချရန် အချိန်ကြာကြာ စောင့်ရမည် မဟုတ်ပေ။
                                   ႑႑႑႑႑႑႑႑႑႑႑႑႑

No comments:

Post a Comment