မိုဘိုင်းဖုန်းအသုံးပြုသူအချင်းချင်း မက်ဆေ့ချ်ပေးပို့ငွေလွှဲနိုင်မည့် ဝန်ဆောင်မှုကို ကျပ် ၁၅၀၀ တန် CDMA 800 (MECTel) ဖုန်းများတွင် စတင်လုပ်ဆောင်နိုင်ပြီဟု သြဂုတ် ၈ ရက်က SMS ပေးပို့ခဲ့ကြောင်း အသုံးပြုသူများထံမှ သတင်းရရှိ သည်။
အဆိုပါ ဝန်ဆောင်မှုကို မြန်မာ့စီးပွားရေးကော်ပိုရေရှင်း (MEC) နှင့် Myanmar Mobile Money တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
Myanmar Mobile Money ၏ ဝန်ဆောင်မှုကို အသုံးပြုလိုပါက SMS နံပါတ် ၁၆၆၆ သို့ ‘join’ ဟူသော စာသားပေးပို့ရမည်ဖြစ်ပြီး ၁၆၆၆ မှ အသုံးပြုနိုင်ပြီဖြစ်ကြောင်း SMS ဖြင့် ပြန်လည်အကြောင်းကြားမည်ဖြစ်သည်။
SMS ပြန်ပို့လာပြီ ဆိုပါ မိမိ၏ ဖုန်းနံပါတ်ကို မိုဘိုင်း Money အကောင့် အနေဖြင့် အသုံးပြုနို်င်မည် ဖြစ်ပြီး အသုံးပြုလိုသည့်ပမာဏကို နီးစပ်ရာ မြို့နယ်ရှိ Myanmar Mobile အေးဂျင့်များထံသို့ မိမိ အသုံးပြုလိုသည့် ငွေပမာဏကို ထည့်သွင်းထားနိုင်ပြီး ငွေလွှဲပါက အဆိုပါ ငွေထဲမှာ နုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
‘‘ငွေလွှဲမယ့်သူရဲ့ ဖုန်းနံပါတ် ကို သိရုံနဲ့ ငွေပမာဏကို SMS ပို့ ပေးပြီး လွှဲလိုက်ရုံပါပဲ။ လက်ခံမယ့်လူက ဒီဝန်ဆောင်မှုကို အသုံးပြုမထားဘူးဆိုရင်တောင် သက်ဆိုင်ရာမြို့နယ်က အေးဂျင့်တွေဆီမှာ သွားပြီးထုတ်လို့ရပါတယ်’’ ဟု Myanmar Mobile Money မှ လုပ်ငန်းတာဝန်ခံတစ်ဦးက ပြောသည်။
ငွေလွှဲခအနေဖြင့် ကျပ်တစ်ထောင်မှ ငါးသောင်းအထိကို ၈၀ ကျပ်၊ ကျပ်ငါးသောင်းမှ တစ်သိန်းအထိကို ၁၂၀ ကျပ်၊ ကျပ်တစ်သိန်းမှ နှစ်သိန်းအထိကို ၁၆၀ ကျပ်သာ ကျသင့်မည်
ဖြစ်သည်။
Myanmar Mobile Money ဝန်ဆောင်မှုဖြင့် မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ငွေလွှဲခြင်း၊ လစာပေးခြင်း၊ စျေးဝယ်ခြင်း၊ ဖုန်းပြောခကိုယ်တိုင် ဖြည့်သွင်းခြင်း၊ အခြားသူမှ ဖုန်းပြောခဖြည့်ပေးခြင်း၊ အသေးစားချေးငွေလုပ်ငန်းများအတွက် အထောက်အကူပြုခြင်းစသည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ယခုဝန်ဆောင်မှုကို CDMA 800 ဖုန်းများအပြင် အခြား GSM နှင့် WCDMA ဖုန်းများတွင်လည်း အသုံးပြုနိုင်တော့မည်ဟု သိရသည်။
အသေးစိတ် သိရှိလိုပါက Myanmar Mobile Money ၏ ဝဘဘ်ဆိုဒ်ဖြစ်သော www.myanmarmobilemoney.com တွင် ဝင်ရောက် လေ့လာနို်င်ကြောင်း သိရသည်။
>>>>>>>>>>>>>>>>>>>>>>>>>>>
No comments:
Post a Comment