Twitter Bird Gadget

Wednesday, August 20, 2014

ခြောက်တိုင်း ကြောက်မဲ့ ပြည်သူ မဟုတ်တော့


မြန်မာနိုင်ငံသည် နှစ်ပေါင်း ငါးဆယ်ကျော် စစ်အာဏာရှင်၏ ဖိနှိပ်မှုကို ကြုံလာ ခဲ့ခြင်း ဖြစ်ပြီး ၂၀၁ဝ နောက်ပိုင်းတွင် ဒီမိုကရေစီစနစ်ကို ပြောင်းလဲ ကျင့်သုံး လာခဲ့သည် ။ အပြည့်အဝ ဒီမိုကရေစီ မဟုတ် သော်လည်း အသင့်သင့် ပြောင်းလဲ ကျင့်သုံးနေသည်ကို တွေ့ရသည် ။

ယခုတွင် ဒီမိုကရေစီ သက်တမ်း တစ်ခု ကုန်ဆုံး တော့မည် ဖြစ်သည် ။ မြန်မာနိုင်ငံတွင် ပြည်တွင်း ငြိမ်းချမ်းရေးလည်း ဆက်တိုက် ဆိုသလို ပြုလုပ် နေသော်လည်း ယခုထိ ပြည်တွင်းစစ် မငြိမ်းနိုင်သေးကြောင်း သိရသည် ။ အဘယ်ကြောင့် ဆိုသော် အပစ်ခတ် ရပ်စဲရေးကို လက်နက်ကိုင် အဖွဲ့များနှင့် ညှိနိုင်း ဆွေးနွေးမှုများ ပြုလုပ် နေသော်လည်း အောင်မြင်မှု နည်းပါး နေသည် ။

အပစ်အခတ် ရပ်စဲရေးကို သဘောတူ လက်မှတ် ရေးထိုးပြီးသော်လည်း နောက်ဆက်တွဲ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသော နေရာများလည်း ရှိသည် ။ စစ်ဘေး ဒုက္ခသည်များ ပိုမို များပြား လာနေသော ဒေသလည်း ရှိသည် ။

 မည်သို့ပင် ဆိုစေ စနစ် တစ်ခုနှင့် တစ်ခု အပြောင်းအလဲ ပြုလုပ်ချိန်တွင် မုန်တိုင်းများ ဝင်ရောက် တတ်သည်ကို သဘာဝပင် ဖြစ်သည် ။ မြန်မာနိုင်ငံတွင် အပြောင်းအလဲ တစ်ခု အပေါ် ရောက်ရှိ နေပြီ ဆိုသည်ကို ယုံကြည်သောသူ ရှိသလို ၊ လုံးဝ မပြောင်းလဲ သေးဘူးဟု ယူဆသော သူများလည်း ရှိသည် ။ ပြည်တွင်း ဆူပူမှုများနှင့် သတင်းနှင့် မီဒီယာများ အပေါ် ဖိနှိပ်မှုများကို ကြည့်ခြင်း အားဖြင့် ပြောင်းလဲမှု မရှိဟု ထင်ရသော်လည်း ၊ လွှတ်တော် နှစ်ရပ်၏ လုပ်ဆောင်ချက်နှင့် အစိုးရ၏ ထိပ်ပိုင်း ခေါင်းဆောင် တစ်ချို့ လုပ်ဆောင်ချက်ကို ကြည့်ခြင်း အားဖြင့် အတော်အသင့် ပြောင်းလဲနေပြီဟု ထင်မိသည် ။

ထိုသို့ အပြောင်းအလဲ ကာလတွင် ယခင်က ဝှက်ကွယ် ဖုံးဖိထားသော ပြဿနာများကို သူ့ အလိုလို ပေါ်ပေါက် လာပါသည် ။ ဥပမာ အားဖြင့် မြေယာ ပြဿနာသည် အလွန် ကြီးမားပြီး ဖြေရှင်းရ ခက်သော ပြဿနာတစ်ခု ဖြစ်နေသည် ။ “တောင်သူ” ဟု ခေါ်လေ့ရှိသော ပအိုဝ်း တိုင်းရင်းသားများသည် တောင်ယာ ခြံယာဖြင့် အသက်မွေး ကြသည် ။ ရှမ်းပြည် တောင်ပိုင်းတွင် နေထိုင်သော ပအိုဝ်း တိုင်းရင်းသားများသည် စစ်အာဏာရှင်၏ ဖိနှိပ်မှုကို ခံခဲ့ရပြီး ကြောက်စိတ်များ ဖုံးလွွှမ်း နေခဲ့ပါသည် ။ ပဒေသရာဇ် စနစ်ဆိုး ၊ စစ်အာဏာရှင် စနစ်ဆိုး၏ အောက်တွင် ပြားပြားမောက် နေရသော ပအိုဝ်း ပြည်သူများသည် မော့မကြည့်ရဲအောင် ကြောက်စိတ် ဖုံးလွွှမ်း နေခဲ့ပြီး ဖြစ်သည် ။

အာဏာသုံး အဖွဲ့အစည်းများ ဖြစ်သော တို်င်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ၊ ဗမာ အစိုးရများ ၊ နိုင်ငံတော်မှ စစ်တပ်များ၏ မတရား အဓမ္မ သိမ်းဆည်းသော လယ်ယာမြေများသည် ပအိုဝ်း တောင််သူများ၏ ဘဝ နေထိုင်ရေးကို အကြီးအကျယ ခြိမ်းခြောက် လာခဲ့သည် ။

ပအိုဝ်း ပြည်သူများ ကြုံတွေ့ နေရသော အခက်ခဲသည် မိမိ မြေယာများကို အသိမ်း ခံရပြီး စိုက်ပျိုးမြေများ မရှိလျှင် အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်ဆီးမှုကြောင့် မိမိတို့ စားဝတ်နေရေး အတွက် နိုင်ငံခြားသို့ အလုပ်လုပ်ရန် ထွက်ခွါ သွားကြ ရပါသည် ။ ပြည်ပတွင် လုပ်ငန်းများ ရှာဖွေ လုပ်ကိုင်ရာ၌ အဆင်ပြေသော သူများရှိသလို ဒုက္ခ လှလှ ကြုံတွေ့ နေရသော သူလည်း များပြား လှသည် ။ ထိုသို့ ပြဿနာ ကြုံတွေ့ နေရသော ပအိုဝ်း တိုင်းရင်းသားများသည် ခေတ်စနစ် ပြောင်းလဲလာသည်နှင့် အတွေးအမြင်လည်း ပြောင်းလဲ လာနေပြီ ဖြစ်သည် ။

မြေ မရှိလျှင် အသက်ရှင် နေထိုင်ဖို့ မလွယ်ကူသော ပအိုဝ်း တိုင်းရင်းသားများသည် စစ်အစိုးရ သိမ်းထားသော လယ်ယာမြေ ၊ လက်နက်ကိုင် တော်လှန်ရေး ငြိ်မ်းချမ်းရေး အဖွဲ့အစည်းက သိမ်းထားသော မြေယာများကို ပြန်လည် ရရှိရန် လိုအပ်သည် ။ ခေတ်စနစ် အပြောင်းအလဲ ကာလတွင် ၎င်း မြေများကို ပြန်လည် ရရှိဖို့ နည်းမျိုးစုံဖြင့် ပြန်လည် တောင်းဆိုရန် ကြိုးစား လာကြသည် ။ ထိုသို့ ကြိုးစား နေချိန်တွင် အာဏာရှိ ပုဂ္ဂိုများ နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည် ။ ပအိုဝ်း တောင်သူများကို တရားစွဲဆိုသည့် အဆင့်ထိ ရောက်ခဲ့ ရပါသည် ။ လူမျိုးချင်းချင်းဖြစ်သော အဖွဲ့အစည်းကပင် ပြုလုပ်ခြင်းပင် ဖြစ်သည် ။

လက်နက် အားကိုး ခြိမ်းခြောက်ခြင်း ၊ အာဏာသုံး အမျိုးမျိုး ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီး ချုပ်နှောင်ပြီး ယခင် စနစ်ဟောင်း ကဲ့သို့ ကျင့်သုံး နှိပ်စက်ခြင်း စသည်များ ပြုလုပ် လာခဲ့သည် ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကြောက်စိတ် ရှိသော ပြည်သူများ အချို့တွင် ပိုမို ကြောက်လာပြီး မလုပ်ရှား ရဲတော့ပေ ။ သို့သော် တစ်ချို့သော ပအိုဝ်း တောင်သူများသည်ပင် မည်သို့ပင် ခြိမ်းခြောက် စေကာမူ အသက်ပေး၍ ဆက်လက် လုပ်ရှား နေပါသည် ။

အဘယ်ကြောင့် ဆိုသော် ထို သိမ်းဆည်း မြေယာကို ပြန်လည် ရရှိခြင်း မရှိပါက အသက်မွေး ရှင်သန်နိုင်ဖို့ အလွန့်အလွန် ခက်ခဲ နေခြင်း ၊ သားသမီး ပညာရေး လုံးဝ ဆုံးရှုုံးခြင်း အခြေအနေသို့ ရောက်ရှိ နေပြီ ဖြစ်သည် ။ တစ်ချို့တွင် မြေယာ အစားထိုး ပြန်လည် ပေးအပ်သော်လည်း ရသင့်ရထိုက်သော ပမာဏထက် အလွန် နည်းပါး ခဲ့သည် ။ မတရား သိမ်းထား မြေယာများကို တရား မျှတမှု ရှိအောင် ပြုလုပ်ပေးရန် ဒီမိုကရေစီ အစိုးရကို တောင်းဆို လာကြ တော့သည် ။

သြဂုတ်လ ၇ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပအိုဝ်း တောင်သူများက မိမိ မြေယာများ ပြန်လည် ရရှိရေး ဆန္ဒ ဖော်ထုတ်မှု ပြုလုပ် ခဲ့သည် ။ အတားအဆီး ချုပ်ချယ်မှု များကြားတွင် ရဲရဲရင့်ရင့် ဆန္ဒ ဖော်ထုတ် သွားသည်ကို မြင်တွေ့ ရသည် ။ အစတွင် တောင်ကြီးမြို့ အဝင်တွင် အေးချမ်းစွာ စီတန်း လှည့်လည်ပြီး ဆန္ဒ ဖော်ထုတ် သွာရန် ရည်ရွယ် ထားသော်လည်း အစိုးရ၏ ညစ်ပတ်မှုကြောင့် ခွင့်ပြုမိန့် ရရှိပြီးမှ ကန့်ကွက် စာများ ထွက်လာကာ ဆန္ဒပြခွင့် မရ ရှိခဲ့ပေ ။

သို့သော် အားမလျော့သော တောင်သူများသည် အေးသာယာမြို့တွင် ဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ် ခဲ့ရသည် ။ ၎င်း ဆန္ဒ ဖော်ထုတ် ပွဲတွင် ဆိုင်းဘုတ် အလံ အသီးသီး ကိုင်ဆောင်ပြီး ကြွေးကြော်သံများနှင့် လူအင်အား ရဝဝ ကျော် ဆန္ဒ ဖော်ထုတ်သွားသည်ကို တွေ့ရသောအခါ ”သြ .. ပအိုဝ်း ပြည်သူများလည်း ကြောက်စိတ် နည်းလာပြီဘဲ” ဟု တွေးတေား မိခဲ့သည် ။ ပအိုဝ်း ဝတ်စုံဖြင့် ဆန္ဒ ဖော်ထုတ် နေသည်ကို တွေ့ရ သောအခါ ပအိုဝ်း ပြည်သူများ ခံစား နေရသော ခံစားချက် ၊ တွေ့ကြုံ နေရသော ဒုက္ခများကို တွေ့မြင် နိုင်ပါသည် ။

မည်သို့ပင် ဆိုစေ ခေတ် စနစ် အပြောင်းအလဲ ကာလသာ ရှိသေးသော မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်ပီပီ ပြည်သူများ ပူးပေါင်း ပါဝင်မှု ရှိနေပြီဟု ထင်မှတ် ရသည် ။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီ စနစ်သည် အချင်းချင်း ထိန်းညှိပြီး အာဏာ ခွဲဝေ ကျင့်သုံး ရသော စနစ် ဖြစ်သည် ။ ထို့ကြောင့် ပြည်သူများသည် ငြိမ်ခံ နေရသော စနစ်ကို တွန်းလှန်ပြီး ရဲရဲရင့်ရင့် ပူးပေါင်း ပါဝင်မှု ရှိလာ နေသည် ဖြစ်သည် ။

ယခုတွင် ဒီမိုကရေစီ စနစ် အရသာကို ခံစား လိုသော ပြည်သူများသည် ယခင်က ပုံစံ အတိုင်း ခြိမ်းခြောက် သမျှက်ို ငြိမ်ခံ နေတော့မည် မဟုတ်ပေ ။ အဖွဲ့အစည်းများသည်လည်း နိုင်ငံရေးကို လုပ်ဆောင်မည်ဟု ရည်ရွယ် ထားလျှင် ပြည်သူ၏ ကဏ္ဍကို မမေ့သင့် ပေ ။ ” ပြည်သူသည်သာ အမိ ၊ ပြည်သူသည်သာ အဖ ” ဟု ပြောင်းလဲ နေပြီး ဖြစ်သည် ။ တပ်မတော်သည် အမိ တပ်မတော်သည် အဖ ဟု ကြွေးကြော်နေသော စစ်အစိုးရ စနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်း လာပြီ ဖြစ်သည့် အတွက် ပြည်သူလူထုကို အထင်မြင်သေးသော အဖွဲ့အစည်းများ သို့မဟုတ် အမျိုးသား ခေါင်းဆောင်များ သို့မဟုတ် အစိုးရများကို ပြည်သူ၏ ထောက်ခံမှုကို ရရှိမည် မဟုတ်ကြောင်း တင်ပြ ချင်ပါသည် ။

တစ်ချို့က ပြောလေ့ ရှိစကား ရှိသည် ။ ” ဒီမိုကရေစီ စနစ်ကို တပ်မတော်က ပေးတာ ၊ မပေးလည်း ရသည် ” ဟု ပြောကြသည် ။ ယုတ္တိ မရှိသော စကားပင် ဖြစ်သည် ။ နိုင်ငံတကာ၏ ဖိအားနှင့် ပြည်သူလူထု၏ တောင်းဆိုမှုကို ချန်ထား၍ မရသော အခြေနေသို့ ရောက်ရှိ နေပြီ ဖြစ်သည့် အတွက် ဒီမိုကရေစီ စနစ်ကို ပြောင်းလဲ့ ကျင့်သုံး ရခြင်း ဖြစ်သည်ကို နားလည် ထားရန် လိုအပ်သည် ။

ထို့ကြောင့် ငြိမ်းချမ်းရေး အဖွဲ့အစည်းများ အာဏာရှိ ခေါင်းဆောင်များသည် ပြည်သူလူထုကို အထင်မြင် သေးခြင်း ကင်းရှင်ရန် လိုအပ် နေပြီး ဖြစ်သည် ။ ပြည်သူလူထု မရှိလျှင် အဘယ်သူကို အုပ်ချုပ် နိုင်မည် နည်း ။ အုပ်ချုပ်မှု အာဏာကို ရရှိရန် ပြည်သူလူထုက အရေးကြီးဆုံး အချက် ဖြစ်သည် ။ ယခုတွင် ပြည်သူလူထုသည် အသိမြင် ပိုမို ကျယ်ပြန့်လာပြီ ဖြစ်သည့် အတွက် ခြိမ်းခြောက်တိုင်း ကြောက်နေမည့် ပြည်သူများ မဟုတ်တော့ ပေ ။

ခွန်သွီပအိုဝ်းခမ်းကောင် ( တောင်ကြီးတိုင်းမ် )

                    @@@@@@@@@@@@@@@@@@@@@@@@@@@@@

No comments:

Post a Comment