၁၉၈၈ အရေးအခင်းကာလက ရန်ကုန်မြို့မှာ ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က နှိမ်နင်းမှုမှာ သမ္မတ ဦးသိန်းစိန် ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုလိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီရေး၊ တပါတီအာဏာရှင် ဆန့်ကျင်ရေး လူထုအုံကြွဆန္ဒပြမှုမှာ အကြမ်းဖက် နှိမ်နင်း ခံရပြီး လူထောင်ချီ သေဆုံး ခဲ့ရတဲ့ ၈၈ အရေးအခင်း ၂၆ နှစ် ပြည့်ဖို့ အချိန် နီးကပ်လာတာနဲ့အမျှ ဒီနှိမ်နင်းမှုမှာ သမ္မတ ဦးသိန်းစိန်ဟာ အဓိကနေရာက ပါဝင်ပတ်သက်ခဲ့သူ တဦးဖြစ်တယ်ဆိုတဲ့ သတင်းတွေထွက်လာတဲ့အပေါ် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုလိုက်တာပါ။
ဗြိတိန် အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့ Burma Campaign UK က ၁၉၈၈ ခုနှစ်
အရေးအခင်းအပါအဝင် ဦးသိန်းစိန်ရဲ့ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့မှု မှတ်တမ်းအပြည့်အစုံကို ထုတ်ပြန်ပေးရန် သမ္မတဆီ အီးမေးလ်ပို့ တောင်းဆိုကြဖို့ တိုက်တွန်းခဲ့သလို သမ္မတရဲ့ အရင်က ဖြစ်ရပ်တွေကို မြန်မာပြည်သူတွေ သိသင့်တယ်ဆိုတဲ့ လှုံ့ဆော်မှုတွေ စတင်လုပ်ဆောင်နေပါတယ်။
အမေရိကန် သံတမန်ကြေးနန်းစာတွေကို ဖွင့်ချခဲ့တဲ့ ဝီကီလိခ် အင်တာနက်စာမျက်နှာက ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်စွဲနဲ့ ကြေးနန်းမှာ ၁၉၈၈ ခုနှစ် အရေးအခင်းကို တပ်မ ၅၅ ခြေမြန်တပ်မရဲ့ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်က နှိမ်နင်းခဲ့တယ်လို့ ရေးသားထားချက်ကို ကိုးကားပြီး ဒီအဖွဲ့က လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
သမ္မတရဲ့ ပြောခွင့်ရပုဂိ္ဂုလ်ဖြစ်တဲ့ လက်ရှိ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကတော့ ၁၉၈၈ ခုနှစ်တုန်းက ဦးသိန်းစိန်ဟာ စစ်ကိုင်းတိုင်း ကလေးမြို့မှာ တာဝန်ထမ်းဆောင်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“သမ္မတကြီး ကိုယ်ရေးရာဇဝင်ကို သမ္မတကြီး တာဝန်ယူပြီးတဲ့နောက်ပိုင်း မီဒီယာ စာမျက်နှာတွေမှာ အမြဲတမ်း ဖော်ပြထားပါတယ်။ ဘာမှလည်း လျှို့ဝှက်စရာ မရှိပါဘူး။ ၁၉၈၈ ခုနှစ် သမ္မတကြီးဟာ ကလေးမြို့ အမှတ် ၈၉ ခြေလျင်တပ်ရင်းမှာ တပ်ရင်းမှူးတာဝန် ထမ်းဆောင်နေတာပါ။ ရန်ကုန်မြို့မှာလည်း မဟုတ်ဘူး၊ တပ်မ ၅၅ အောက်မှာလည်း မဟုတ်ဘူး။ ဒါက ဘာမှလျှို့ဝှက်ထားတဲ့ ကိုယ်ရေးရာဇဝင်လည်းမဟုတ်ဘူး၊ ဒီသတင်းမျိုးကို ဝီကီလိခ်က ရတယ်လို့ ပြောနေတာကို ကြည့်ခြင်းအားဖြင့် Burma Campaign UK အဖွဲ့ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ခင်ဗျားတို့ ခန့်မှန်းလို့ ရပါတယ်။ အဲဒါမျိုးကို တမင်သက်သက်ဖြန့်တယ်ဆိုကတည်းက ဒီအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့ ဂုဏ်သိက္ခာကို စဉ်းစားကြည့်ပေါ့။”
သမ္မတနဲ့ ပတ်သက်တဲ့ အခုလို သတင်းတွေ ထွက်လာအပြီးမှာတော့ သမ္မတရုံး တာဝန်ရှိသူတဦးရဲ့ ဖေဘွတ်စ်အင်တာနက်စာမျက်နှာမှာလည်း သမ္မတရဲ့ ကိုယ်ရေးအကျဉ်းတွေ ကို တင်ထားပါတယ်။
ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများအဖွဲ့ကတော့ သမ္မတ ဦးသိန်းစိန်ထံ စာရေး မေးမြန်းလိုသူတွေအတွက် သူတို့ရဲ့ အင်တာနက်ဝက်ဆိုက်လင့်ခ်http://burmacampaign.org.uk/take-action/tell-thein-sein-to-reveal-his-role-in-1988-massacre/မှာ အီးမေးလ်စာမျက်နှာတခု ဖန်တီးထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်မှုထမ်းဟောင်းတဦးဖြစ်တဲ့ ဦးဝင်းထိန်ကတော့ သမ္မတ ဦးသိန်းစိန် နှိမ်နှင်းတယ်လို့ ပြောနေတာဟာ သမိုင်းမသိလို့ ပြောဆိုတာ ဖြစ်ပြီး အဓိက တာဝန်ရှိသူတွေကတော့ အနားယူသွားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ဖြစ်တယ်လို့ ပြောပါတယ်။
“ရှစ်လေးလုံးမှာ ရန်ကုန်ကို နှိမ်နင်းတာ အဓိကလုပ်တာက အခုအပြင်ရောက်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ပဲ။ နောက်ပြီးတော့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တင်လှ၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဝင်းမြင့်တို့ အတူတူပေါ့ အဓိက။ အဲတော့ ဦးသိန်းစိန်က အဲဒီတုန်းက ကလေးမှာ တပ်ရင်းမှူးပဲ ရှိသေးတာ။
ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ၈ လေးလုံး ငွေရတုအထိမ်းအမှတ်ပွဲနဲ့ ပတ်သက်လို့တော့ သမ္မတဦးသိန်းစိန်က “ကျနော်တို့ နိုင်ငံရေးသမိုင်းအတွက် အရေးကြီးတဲ့ သင်ခန်းစာများ ရယူနိုင်တဲ့ ကိစ္စရပ်တခုဖြစ်ပါတယ်”လို့ ပြောကြားခဲ့ဖူးပါတယ်။
@@@@@@@@@@@@@@@

No comments:
Post a Comment