Twitter Bird Gadget

Friday, August 1, 2014

ဗုဒ္ဓဘာသာဆိုတာ-.....

ဗုဒ္ဓ

ဗုဒ္ဓဆိုတာ ဘာလဲလို့မေးရင် ဒီစကားလုံး အဖွင့်အတိုင်း “သိသူ”လို့ အလွယ်ဖြေရမှာ ဖြစ်ပါတယ်။ သိတယ်ဆိုတော့ ဘာကိုသိတာလဲ ဆိုရင် သစ္စာလေးပါး အပါအဝင် သိစရာမှန်သမျှ အားလုံးကို သိတာလို့ ဖြေရမှာပေါ့။ အဲဒီသစ္စာကို ဘယ်သူကသင်ပြပေးလို့ သိတာလဲ၊ သူပဲသိပြီး တခြားသူတွေကို သိစေနိုင်သလားလို့ ထပ်ပြီးမေးခွန်း ထုတ်မယ်ဆိုရင်တော့ ဘုရားရှင်တွေဟာ သစ္စာလေးပါး တရားတော်ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်မှုနဲ့ သိရှိတော်မူတာဖြစ်ပြီး ကိုယ်တော်မြတ် သိတော်မူတဲ့အတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူတဲ့သူလို့ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဗုဒ္ဓဆိုတော့ ဒီနေရာမှာ

 ၁။ သမ္မာသမ္ဗုဒ္ဓ

၂။ ပစ္စေကဗုဒ္ဓ ဆိုတဲ့ ဗုဒ္ဓ နှစ်မျိုးကို သိထားဖို့ လိုပါတယ်။

သမ္မာသမ္ဗုဒ္ဓဆိုတာ လေးအသချေင်္ နဲ့ ကမ္ဘာတစ်သိန်း (ပညာ၊ သဒ္ဓါ၊ ဝိရိယ တရားအားသာမှုကို လိုက်ပြီး ကွဲပြားမှုရှိ) ဒါန၊ သီလစတဲ့ ပါရမီတော်များကို ဖြည့်ကျင့်ကာ ပါရမီတော် ပြီးပြည့်စုံတဲ့အခါမှာ သိစရာမှန်သမျှ အကြွင်းအကျန်မရှိ အကုန်အစင်ကို သိတော်မူနိုင်တဲ့ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာတရားအတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူနိုင်တဲ့ ဘုရားမျိုး ဖြစ်ပါတယ်။

ပစ္စေကဗုဒ္ဓဆိုတာ နှစ်အသချေင်္နဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဒါန၊ သီလစတဲ့ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူကာ ပါရမီတော် ပြည့်စုံတော်မူတဲ့အခါ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပြီး သစ္စာလေးပါး တရားတော်ကို ဆရာမကူ ကိုယ်တော်တိုင် သိတော်မူခဲ့ပေမယ့် သတ္တဝါဝေနေယျတွေကို သိရှိအောင် ဟောတော်မမူနိုင်တဲ့၊ သာသနာပကာလမှာ ပွင့်တော်မူတဲ့ ဘုရားငယ်မျိုး ဖြစ်ပါတယ်။

ဒီဗုဒ္ဓနှစ်မျိုးမှာ အခုကြုံတွေ့နေရတဲ့ သာသနာတော်ဟာ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ပဲ ဖြစ်ပါတယ်။ ဒီလို သမ္မာသမ္ဗုဒ္ဓဘုရားရှင်များရဲ့ သာသနာထွန်းကားရာ ကာလကို သာသနာတွင်းကာလို့ခေါ်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်များ ပွင့်ထွန်းတော် မမူတဲ့ကာလကိုတော့ သာသနာပ ကာလလို့ခေါ်ကာ အဲဒီသာသနာပ ကာလမှာပဲ ပစ္စေကဗုဒ္ဓ အရှင်မြတ်များ ပွင့်ပေါ်တော်မူကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဆိုတာနဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ဗုဒ္ဓဘာသာ လူငယ်တွေအတွက် မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ

ဗုဒ္ဓအကြောင်းကို အနည်းငယ် မိတ်ဆက်အနေနဲ့ သိထားပြီးရင်တော့ ဗုဒ္ဓဘာသာဆိုတာနဲ့ ပတ်သက်ပြီး သိထားဖို့ လိုပါတယ်။ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဟောကြားချက်၊ ဗုဒ္ဓဘာသာဆိုတော့ ဘုရားရှင်ရဲ့ အယူဝါဒ၊ ဟောကြားချက်လို့ပဲ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဘုရားရှင်ရဲ့ ဟောကြားချက်ဆိုတာ ဘုရားဖြစ်တော်မူပြီးနောက် ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီဟောကြားချက်ကိုပဲ ဒီနေ့ခေတ် အသုံးအနှုန်းတွေနဲ့ ပြောတော့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ အခေါ်အဝေါ်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအခေါ်တွေဟာ အမျိုးမျိုး ဖြစ်နေပေမယ့် ရည်ညွန်းချက်ကတော့ ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကိုပဲ ရည်ညွန်းတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အကျဉ်းဆုံး စကားလုံးတွေနဲ့ ပြောမယ်ဆိုရင်တော့ သီလ၊ သမာဓိ၊ ပညာ ဒီသုံးမျိုးကိုပဲ တိုက်ရိုက်ပြောရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့ ဝါဒနဲ့ ပတ်သက်ပြီး ဘုရားရှင်ရဲ့ ဝါဒဟာ ကံကံရဲ့အကျိုးအပြစ်ကို ဟောကြားတော်မူတဲ့ ကမ္မဝါဒ၊ အကြောင်းအကျိုးကို ထောက်ပြတဲ့ ကြောင်းကျိုးဆက်စပ်မှု ဝါဒ၊ အမှားအမှန်ကို စိစစ်ဝေဘန် လက်ခံစေတဲ့ ဝိဘဇ္ဇဝါဒ၊ အစွန်းမရောက်တဲ့ အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးတဲ့ မဇ္စျိမပဋိပဒါ ဝါဒ၊ အရာအားလုံးမှာ အတ္တဆိုတာ မရှိဘဲ အစိုးမရခြင်း အနတ္တသဘောသာ ရှိတယ်ဆိုတဲ့ အနတ္တဝါဒ စသဖြင့် အမည်အမျိုးမျိုးနဲ့ ဖွင့်ဆိုပြောကြားနိုင်ပေမယ့် အားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ ဘုရားရှင်ရဲ့ ဟောပြောပို့ချချက် အယူဝါဒဟာ တကယ့်အမှန်တရားဖြစ်တဲ့ အမှန်တကယ်ဝါဒ (Realism)ပဲ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ အမှန်တရားအစစ်တွေပဲ ဖြစ်ပါတယ်။ ဒီအမှန်တရားဟာလည်း ဘုရားဟောလိုက်လို့ မှန်တာမဟုတ်ပါဘူး။ မှန်လို့ ဘုရားဟောတာပဲ ဖြစ်ပါတယ်။ အဲဒါကို စာလိုပြောတော့ သစ္စာတရားလို့ ပြောကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ ဗုဒ္ဓဘာသာကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာလို့ ဆိုခြင်းဖြစ်ပါတယ်။

ဘာကြောင့် ဘုရားရှင်ရဲ့ဟောကြားချက်ဟာ အမှန်တကယ်ဝါဒလို့ ဆိုရတာလဲဆိုရင် ရုပ်နာမ်များနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါ အားလုံးမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်နေလို့ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာမှန်ပြီး တခြားဘာသာဝင်တွေအတွက် မမှန်ဘူးဆိုတာ မရှိပါဘူး။ နာမ်ရုပ်များနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါအားလုံးမှာ အကုန်မှန်နေတာ ဖြစ်ပါတယ်။

ဆိုကြပါစို့။ ဗုဒ္ဓရဲ့ သစ္စာလေးပါး အမှန်တရားမှာ ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး ဘုရားရှင်က “ပဋိသန္ဓေနေရတာ ဒုက္ခ၊ အိုရတာဒုက္ခ၊ နာရတာ ဒုက္ခ၊ သေရတာဒုက္ခ၊ မချစ်မနှစ်သက်ဖွယ်တွေနဲ့ အတူယှဉ်တွဲနေရာတာ ဒုက္ခ၊ ချစ်ခင်နှစ်သက်ဖွယ်တွေနဲ့ ကွေကွင်းရတာ ဒုက္ခ၊ အလိုရှိတဲ့ အရာကို မရတာဒုက္ခ၊ အကျဉ်းအားဖြင့် ဒီခန္ဓာကြီးကပင် ဒုက္ခ”လို့ ဖွင့်ဆိုဟောပြောပြပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် ခန္ဓာရှိနေတဲ့သူမှန်သမျှ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်သတ္တဝါမှာ မဆို ဒီဒုက္ခက ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီဒုက္ခဟာဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းတရားကိုရှာတော့ တွယ်တာမှု သံယောဇဉ် သမုဒယကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓက သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်း အမှန်တရား တစ်ခုအနေနဲ့ ထပ်ပြီးရှင်းတော်မူပါတယ်။ အကြောင်းရှိရင် အကျိုးရှိတတ်သလို အကြောင်းချုပ်ရင်လည်း အကျိုးချုပ်တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုဒုက္ခရှိရင် ဒုက္ခချုပ်ကြောင်းလည်း ရှိမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဗုဒ္ဓဘုရားရှင်က နိရောဓလို့ခေါ်တဲ့ နိဗ္ဗာန်ကိုဆိုက်ရင် ဒီဒုက္ခလည်း ချုပ်ပြီလို့ဆိုကာ နိရောဓသစ္စာ ဒုက္ခချုပ်ကြောင်း အမှန်တရားကို ဟောတော်မူခြင်း ဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ ဒီဒုက္ခချုပ်ရာကို သွားဖို့အတွက် ကျင့်ကြံအားထုတ်ရမယ့် လမ်းလည်းရှိဖို့ လိုလာပြန်ပြီဖြစ်ပါတယ်။ ဒီအတွက် ဘုရားရှင်က မှန်ကန်တဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ရှင်းလင်းပြသကာ မဂ္ဂသစ္စာဖြစ်တဲ့ ဆင်းရဲချုပ်ရာသို့ လျှောက်လမ်းရာ လမ်းမှန်ကို ပြသတော်မူခြင်း ဖြစ်ပါတယ်။

ဒီသစ္စာလေးပါး အဖွင့်ကိုကြည့်ရင် အားလုံးအတွက် အမှန်တွေပဲ ဖြစ်နေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ခန္ဓာရှိနေတဲ့ သတ္တဝါမှန်သမျှ ဒီသစ္စာတရားအတိုင်း လွဲမှားခြင်းမရှိ မှန်ကန်နေတဲ့အတွက် ဘုရားဟော တရားတော်၊ ဘုရားရှင်ရဲ့ အယူအဆတော်၊ ဗုဒ္ဓရဲ့ဝါဒတော်ကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာ၊ အမှန်သစ္စာတရားလို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာခေါ် ဗုဒ္ဓရဲ့အဆုံးအမနဲ့ ပတ်သက်ပြီး ဒီလောက်လေး သိထားရင်ကိုပဲ မဆိုဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်

ဆက်လက်ပြီးတော့ ဗုဒ္ဓဘာသာဝင် ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ အလွယ်ပြောတော့ ဗုဒ္ဓဘုရားရဲ့ အယူဝါဒ ဟောကြားချက်များကို လက်ခံလိုက်နာ ကျင့်သုံးကြတဲ့ သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်တာဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဘယ်သူ့ပယောဂ၊ ဘယ်သူ့စည်းရုံးလှုံ့ဆော်မှုမှ မပါဘဲ ကိုယ်ကိုယ်တိုင် ကျေနပ်လက်ခံလို့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏” လို့ဆိုကာ သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူထားကြသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။

ဆိုတော့ကား ကိုယ်ကိုယ်တိုင် ရတနာသုံးပါးကို ကိုးကွယ်ပါ၏လို့ သရဏဂုံကို ခံယူဆောက်တည်ပြီး ဗုဒ္ဓဘာသာ ဖြစ်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘာကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သရဏလို့ ဆိုတာလဲ၊ ဘာကြောင့် ရတနာသုံးပါးဟာ ကိုးကွယ်ခံထိုက်တာလဲလို့ မေးလာခဲ့မယ်ဆိုရင် “သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်တဲ့ အတွက်ကြောင့် ရတနာသုံးပါးဟာ သရဏ အမည်ရကြောင်း၊ ရတနာသုံးပါးကို ကိုးကွယ်တာနဲ့ ပတ်သက်လို့ ဘုရားရှင်ဟာ သတ္တဝါတွေကို ကြီးပွားချမ်းသာကြောင်း နည်းလမ်းကို ဖြစ်စေ၊ မကြီးပွား မချမ်းသာကြောင်း မကောင်းတဲ့ နည်းလမ်းတွေကနေ ပယ်ခွါစေ၊ အပြစ်ကင်းပြီး ဂုဏ်ကျေးဇူးအပေါင်းနဲ့ ပြည့်စုံစေတဲ့အတွက် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ တရားတော်ဟာလည်း ကျင့်ကြံလိုက်နာသူတွေကို ဘဝသံသရာ ခရီးမှ ဆွဲထုတ်ကယ်တင်နိုင်ခြင်း၊ ကျင့်စဲအခိုက်နှင့် ကျင့်ပြီးနောက်မှာလည်း သက်သာငြိမ်းချမ်းမှုကို ဖြစ်စေခြင်းနှင့် သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီး စေနိုင်ခြင်း စတာတွေကြောင့် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ သံဃာတော်ဟာလည်း ကောင်းမှုကုသိုလ်ကို ကြီးကျယ်များပြာစေ၊ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးစေတဲ့ အတွက်ကြောင့် ကိုးကွယ်ခြင်း ဖြစ်ကြောင်း” စသဖြင့် ရတနာသုံးပါးကို ကိုးကွယ်ရခြင်း အကြောင်းနဲ့ ပတ်သက်ပြီး ဒီလောက်တော့ သိထားဖို့ လိုပါတယ်။

နောက် သရဏဂုံကို ခံယူပြီး ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်လာတဲ့ သူတစ်ယောက်အတွက် မှန်ကန်တဲ့အယူဝါဒ သမ္မာဒိဋ္ဌိ ရှိနေဖို့လည်း လိုပါတယ်။ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါး၊ ကံကံရဲ့ အကျိုးတရား၊ အကြောင်းအကျိုး ဆက်စပ်မှုနဲ့ မျက်မှောက်လောက တမလွန်လောက စတာတွေအပေါ်မှာ သံသယမရှိ အမှန်သိပြီး ယုံကြည်လက်ခံဖို့ လိုပါတယ်။ ဒါမှလည်း ဗုဒ္ဓအလိုကျ မှန်ကန်တဲ့ အယူရှိသူ ဖြစ်နေမှာ ဖြစ်ပါတယ်။

ဒီတော့ကား သရဏဂုံကို ခံယူထားပြီး ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ဒီသရဏဂုံ တည်မြဲဖို့အရေး၊ မပျက်စီးရေးအတွက်လည်း ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ စာပေမှာကတော့ သရဏဂုံ ပျက်စီးတတ်တဲ့ အကြောင်း (၂)မျိုးရှိတယ်လို့ ဖွင့်ပြပါတယ်။

၁။ သေသွားရင် သရဏဂုံပျက်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ် သေသူကို သရဏဂုံတင်တယ်ဆိုတဲ့ အသုံးဟာ ဒီမှာ အကြုံးမဝင်ပါဘူး။ သေသူကို သရဏဂုံ တင်လို့လည်း မရပါဘူး။ သေရင် သရဏဂုံဟာ အလိုလိုကို ပျက်သွားပါတယ်။

၂။ မသေသေးပေမယ့် သရဏဂုံကို ခံယူထားတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါးထက် ပိုပြီး တစ်ခြားအယူဝါဒတွေကို လက်ခံယုံကြည်မယ်၊ ဗုဒ္ဓဘာသာကိုပစ်ပြီး တစ်ခြားအယူဝါဒကို လက်ခံသွားမယ်ဆိုရင် ဒါလည်း သရဏဂုံ ပျက်တဲ့အကြောင်းထဲမှာ ပါဝင်ပါတယ်။ ဒီအချက်ကတော့ အသက်ရှင်နေတဲ့ အချိန်မှာကို သရဏဂုံ ပျက်စရာအကြောင်း ရှိတဲ့အတွက် သတိပြုဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဘေးဒုက္ခတစ်ခုခု၊ အကြောက်တရား တစ်ခုခုကြောင့် စိတ်မပါဘဲ တစ်ခြားအယူဝါဒတွေကို လက်ခံလိုက်နာ လုပ်နေရတာတွေ ရှိတတ်ပါတယ်။ ဒါကတော့ ကိုယ့်စိတ်က ရတနာသုံးပါးကို တကယ်ပစ်လိုတဲ့ သဘောမဟုတ်တဲ့အတွက် သရဏဂုံကတော့ မပျက်ပါဘူး။ သရဏဂုံတော့ ညစ်နွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း သတိပြု ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။

ကံကံရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာတစ်ယောက်ဟာ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို ဆောင်ဖို့ လိုပါတယ်။ မကောင်းမှုဒုစရိုက်အမှုကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ပြီး ကောင်းမှုသုစရိုက်ကို လုပ်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ မကောင်းမှု ဒုစရိုက်ကို ရှောင်ဖို့အတွက် သီလကို ထိန်းသိမ်း စောင့်ရှောက်ရပါမယ်။ အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းထားတဲ့ သူဟာ မကောင်းမှု ဒုစရိုက်ကိုလည်း ရှောင်ကြဉ်ပြီး ဖြစ်ပါတယ်။ ကောင်းမှုဆောင်ဆိုတာကတော့ ဗုဒ္ဓဘာသာတွေရဲ့ ကောင်းမှုလုပ်ခြင်း ရည်ရွယ်ချက်က နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးနဲ့ နိဗ္ဗာန်မရခင် သံသရာလည်ရတဲ့ အခါမှာလည်း သံသရာခရီးမှာ ချမ်းသာရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီလို ပန်းတိုင်တွေကို လှမ်းကိုင်ဖို့အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ သီလကို အခြေခံတဲ့ ဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်ရမှာဖြစ်ပြီး နိဗ္ဗာန် မရခင် သံသရာလည်တဲ့ အခါမှာလည်း ကောင်းတဲ့သုဂတိ ဘဝတွေမှာဖြစ်ဖို့ သီလကုသိုလ်ကို ကောင်းကောင်းထိန်းသိမ်းပြီး ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းများနဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ယုံကြည်မှုနဲ့ ကျင့်ကြံမှုကို လက်တွေ့လိုက်နာ ကျင့်ကြံပြီး ကိုယ်လုပ်ရင် ကိုယ်ရမယ်၊ ကိုဖြစ်ရင် ကိုခံရမယ်ဆိုတဲ့ မှန်ကန်ပြီး အကြောင်းအကျိုးသင့်တဲ့ အယူဝါဒကို သဘောပေါက် နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီထက်နားလည်ချင်ရင်တော့ ဒီထက်ပိုပြီး လေ့လာကျင့်ကြံကြည့်ရမှာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေကို မိတ်ဆက်သဘောလောက် သိနိုင်မယ်လို့ ထင်ပါတယ်။ အလွန်လေးနက်ပြီး ကျယ်ပြန့်လှတဲ့ ဗုဒ္ဓအဆုံးအမတွေကို စာမျက်နှာ တစ်ခုနှစ်ခုလောက်နဲ့တော့ ပြည့်စုံအောင် တင်ပြဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခု တင်ပြခဲ့တာလေးတွေကိုပဲ သေသေချာချာ လေးလေးနက်နက် ဖတ်မှတ်ထားမယ်ဆိုရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က မေးလာခဲ့မယ်ဆိုရင် ဘာမှမသိတာထက်စာရင် သိသလောက်တော့ ဖြေကြားပေးနိုင်ကြမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ဗုဒ္ဓဘာသာအဖြစ် ခံယူထားပြီး ဘာတစ်လုံးမှ မသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်တော့ အများကြီး အထောက်အကူဖြစ်တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာ ဖြစ်နေပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မသိဘဲ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကိုယ်ကိုးကွယ်တဲ့ ဘုရား၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားနဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ယုံကြည်မှု တရားတွေကို နည်းနည်းလေးပဲ ဖြစ်ဖြစ် အသိတစ်ခု ရရှိစေဖို့ အခုတင်ပြခဲ့တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးကို လေ့လာပြီး သိသင့်သိထိုက်တဲ့ အချက်တွေကို သိအောင်ကြိုးစားရင်း ဗုဒ္ဓဘာသာဝင် ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို အသိအကျင့် ထပ်တူဖြစ်အောင်သာ လေ့လာကျင့်ကြံ အားထုတ်ကြပါလို့ စေတနာကောင်းနဲ့ တိုက်တွန်းလိုက်ရပါတယ်။

Credit - ဓမ္မနန်းတော်

                                    >>>>>>>>>>>>>>>>>>

No comments:

Post a Comment