နွားမကို နို့ညှစ်မှ နို့ထွက်မှာပေါ့။ ကျောက်ခဲကို နို့ညှစ်လို့ နို့ထွက်ပါ့မလား။ ပြည်သူတွေက ဘယ်လိုနောက်ခံအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် ဒီကနေ့အစိုးရသစ်ကို ရွေးချယ်ခဲ့ရတယ်။ စစ်အစိုးရကနေ အရပ်သားတစ်ပိုင်းအစိုးရကို ရွေးကောက်ပွဲတွေနဲ့ ပြောင်းလဲခဲ့တဲ့အခါ ပြည်သူတွေ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ အစိုးရဖြစ်လာတယ်။ အစိုးရကလည်း ပြည်သူတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ဖော်ဆောင်ပေးမလိုလို စတက်ခါစစကားတွေဟာတော့ ပြည်သူတွေကလည်း အားကိုးတယ်။ ငါတို့ရဲ့နစ်နာနေမှု၊ ဆုံးရှုံးနေမှု၊ ခြားနားနေမှုတွေကိုတော့ ဒီအစိုးရက ဆောင်ရွက်ပေးတော့မှာပဲလို့ မျှော်လင့်မိတယ်။ ဒါပေမဲ့ ဒီအစိုးရသက်တမ်း သုံးနှစ်ပြည့်ပြီးသွားတဲ့အခါ သြော် ငါတို့ ပြည်သူတွေ လောဘကြီးခဲ့မိပါလားလို့ တွေးမိလာတယ်။ မဖြစ်နိုင်တာကို မျှော်လင့်မိတာပါလားလို့ နောင်တရမိတယ်။
ပြန်တွေးကြည့်လေ။ လွတ်လပ်ရေးရပြီးကတည်းက ဦးနုအစိုးရတက်လာတယ်။ တက်သာတက်လာရတယ် ရာဇပလ္လင်က တလှုပ်လှုပ်ပဲ။ လွတ်လပ်ရေးရတဲ့နှစ်မှာပဲ ကွန်မြူနစ်ပါတီက တောခိုသွားတယ်။ ရောင်စုံသူပုန်ထတယ်။ မြန်မာတစ်ပြည်လုံး ပြည်တွင်းစစ်မီးကြီး စတောက်လောင်တော့တာပဲ။ ၁၉၄၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားတွေ ၁၀ နှစ်ကြာရင် ခွဲထွက်လိုက ခွဲထွက်ခွင့်ပါလာတယ်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်တာ ဗုဒ္ဓဘာသာဝင်တွေအတွက် ကောင်းပေမယ့် ဘေးထွက်ဆိုးကျိုးက ကချင်သူပုန်ကို မွေးထုတ်လိုက်သလို ဖြစ်သွားတယ်။
လွတ်လပ်ရေးရပြီးစမှာ တိုင်းပြည်က လက်ဝဲလိုလို၊ လက်ယာလိုလို မပြတ်မသားဖြစ်နေတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က တိုင်းပြည်ချောက်ထဲကျမှာစိုးလို့ဆိုပြီး အာဏာသိမ်းလိုက်တယ်။ အဲဒီတော့မှပဲ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံဖြစ်ရတော့တာပဲ။ အာဏာသိမ်းတယ်ဆိုတာကလည်း စစ်တပ်က လက်နက်ကိုင်ထားတော့ လက်နက်ဟာအရာအားလုံးကို ခြယ်လှယ်နိုင်တယ်ဆိုတာ ၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်လုပ်ဖူးတဲ့ ဗိုလ်ချုပ်နေဝင်းက သိနေတယ်။ တစ်သွေးတစ်သံ၊ တစ်မိန့်နဲ့ စနစ်တကျတည်ဆောက်ထားတဲ့ တိုင်းပြည်ကာကွယ်တဲ့တပ်မတော်ကို ကိုယ်ကျိုးသုံးလို့ လွယ်သွားတယ်။ အထက်ဗိုလ်များရဲ့ အမိန့်က အတည်ပဲလေ။
ဒီလိုနဲ့ ရာစုနှစ်ဝက်ကျော်ကျော်လောက် စစ်တပ်ကအာဏာသိမ်းပြီး ပြည်သူကို သေနတ်ပြအုပ်ချုပ်ခဲ့တာ မနေ့တစ်နေ့အထိပဲ။ အာဏာသိမ်းပြီး အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လိုက်တဲ့အတွက် တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျသွားတယ်။ ပညာတတ်တွေ တိုင်းတစ်ပါးထွက်လို့ ဦးနှောက်ယိုစီးမှုဖြစ်တယ်။ မြန်မာဆိုရင် ကမ္ဘာ့အလယ်မှာ အထင်သေးအမြင်သေးဖြစ်သွားတယ်။ လူတွေလည်း ကောင်းမွန်တဲ့စိတ်ဓာတ်တွေ ပျက်စီးသွားတယ်။ အထူးသဖြင့် စစ်တပ်အပေါ် ပြည်သူတွေရဲ့အမြင် ပြောင်းလဲသွားတယ်။ စစ်အစိုးရရယ်လို့ သေနတ်နဲ့အုပ်ချုပ်ပေမယ့်လည်း အဲဒီအစိုးရရဲ့ ရာဇပလ္လင်ကလည်း မငြိမ်ဘူး။ တလှုပ်လှုပ်ပဲ။ စစ်အစိုးရတက်လာပြီး ဘယ်မှာကောင်းကောင်းနေရလို့လဲ။ ကျောင်းသားအရေးအခင်း၊ မှိုင်းရာပြည့်၊ ဦးသန့်အရေးအခင်း၊ အလုပ်သမားအရေးအခင်း အဲဒါတွေလည်း မြေပေါ်မှာ စဉ်ဆက်မပြတ်။ မြေအောက်ကလဲ ကွန်မြူနစ်၊ KIA၊ KNU စသည်ဖြင့် ရှိနေတာပဲ။ အဲဒါတွေရဲ့အကျိုးဆက်က ၁၉၈၈ ခုနှစ် ပြည်သူတွေရဲ့ မဟာပေါက်ကွဲမှုမှာ မဆလစင် ပြိုဆင်းသွားတယ်။ နောက်ထပ်စစ်အစိုးရကို စစ်အစိုးရပဲ အာဏာသိမ်းလိုက်ပြီးတော့ အနှစ် ၂၀ ကျော်ကြာတဲ့အခါ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲက ကိုယ်စားလှယ်တွေ စာရင်းဖျောက်။ ဖွဲ့စည်းပုံကို စစ်အစိုးရရဲ့ လက်ညှိုးထောင် ခေါင်းညိတ်တွေကဆွဲ။ ဖွဲ့စည်းပုံကို နာဂစ်မုန်တိုင်းကြား၊ မိုးလေထဲမှာ အတည်ပြု။ ပါတီစုံရွေးကောက်ပွဲလုပ်။ ယခုအစိုးရ တက်လာတာပဲ။
အခုအစိုးရကလည်း ဘယ်လိုသမိုင်းကြောင်းရှိလဲ၊ ကြည့်ဦး။ စစ်အစိုးရလက်ထက်မှာ ပါတီထောင်ခွင့်ပေးတယ်။ တော်တော်များများ လူငယ်တွေရော လူကြီးတွေရောပါ ထောင်ကြတယ်။ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးက ပါတီမဟုတ်ဘူး။ အရင်တုန်းက စစ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့။ ပါတီိနိုင်ငံရေးမလုပ်ဘူး။ အမျိုးသားနိုင်ငံရေးပဲလုပ်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ဖွဲ့စည်းပုံလည်းပြီးရော ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ကြီးက ပါတီဖြစ်သွားတယ်။ အမျိုးသားနိုင်ငံရေးကနေ ပါတီနိုင်ငံရေးဖြစ်သွားတယ်။ ပြည်သူတွေရဲ့မဲတွေကို ချော့တစ်ခါ ခြောက်တစ်လှည့်ယူပြီးတော့ မဲအများဆုံးရခဲ့တယ်။ ပြည်သူတွေချစ်တဲ့ NLD ပါတီကရွေးကောက်ပွဲကို သပိတ်မှောက်တယ်။ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အစိုးရဖွဲ့နိုင်ခဲ့တယ်။ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းတွေဟာ စစ်ဝတ်စုံချွတ်ပြီး အရပ်သားဝတ်စုံဝတ်ထားတဲ့သူတွေ။
အဲဒီအစိုးရကို ဒီမိုကရေစီအစိုးရလို့ ၀ိုင်းပြီး အသံလွှင့်ပေးတယ်။ ဝန်းရံထားတဲ့ ပညာရှင်တွေကလည်း ဒီမိုကရေစီရေးမှာ နုနယ်နေသေးတယ်လို့ ၀ိုင်းပြောကြတယ်။ လုပ်မှားကိုင်မှားရှိရင်တောင် ခွင့်လွှတ်ရမယ့်ပုံပဲ။ အချိန်မရွေး နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်လို့ စိုးရိမ်ကြတယ်။ စစ်တပ်ကအာဏာသိမ်းရင် ဘယ်လိုလုပ်မလဲလို့ ပူကြတာပါ။ တကယ်တော့ မြန်မာပြည်သူတွေဟာ ငရဲကတက်လာခဲ့ကြသူတွေပါ။ ပြာပူကို ကြောက်စရာမလိုပါဘူး။ တကယ်လည်း မကြောက်တဲ့လူတွေ အများကြီးရှိနေတယ်လို့ ယုံကြည်ပါတယ်။ တကယ်တော့ ဒီမိုကရေစီဆိုတာ ပြည်သူတွေအတွက်ပါပဲ။ ပြည်သူတွေအတွက် မဟုတ်ရင်၊ ဘာမှမလုပ်ပေးနိုင်ရင် ဒီမိုကရေစီအစိုးရလို့ အမည်မခံထိုက်ပါဘူး။ အစိုးရဧည့်ခန်းဆောင်တွေ ရွှေချထားဦးတော့၊ လွှတ်တော်အဆောက်အအုံကြီးတွေ ဘယ်လောက်ပဲ ဗိသုကာမြောက်စေဦးတော့ နိုင်ငံခြားသံတမန်တွေ၊ စီးပွားရေးသမားတွေ၊ ပညာရှင်တွေဘယ်လိုပဲ တံခါးမရှိ ဓားမရှိလာစေဦးတော့ ပြည်သူတွေရဲ့ အကျိုးစီးပွားမပါရင် အလကားပဲလို့ ယူဆပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီရဲ့အခြေခံတွေလောက်တော့ မြန်မာပြည်သူတွေ သိလို့ပါပဲ။ အိမ်နီးနားချင်း ရိုင်းပင်းမှုဆိုတာ ကျေးလက်ရော မြို့ပြမှာပါရှိတယ်။ ကျေးလက်တောရွာတွေမှာ လက်စားလိုက်ကူစနစ်ရှိတယ်။ သာရေးနာရေး ၀ိုင်းကြဝန်းကြတာ ရှိတုန်းပဲ။ ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကိုသနားတဲ့ စိတ်လည်းရှိကြတုန်းပဲ။ ဗုဒ္ဓခေတ်က ဝေသာလီ မပြိုကွဲတာဟာ လိစ္ဆဝီတွေရဲ့ စုပေါင်းခေါင်းဆောင်မှုကြောင့်ဆိုတာလည်း ဗဟုသုတရှိတယ်။ ဂရိနိုင်ငံ အေသင်မြို့ပြ၊ ဆိုကရေးတီးတို့ခေတ်က ဒီမိုကရေစီသဘောလည်း လေ့လာဖူးပါတယ်။ ဒီမိုကရေစီကျင့်ဝတ်ရဲ့ ဆန့်ကျင်ဘက်တွေကိုလည်း ခါးခါးသီးသီး ကြုံဖူးခဲ့ကြတာပဲ။
ဒီကနေ့ အစိုးရတက်လာပြီး သုံးနှစ်လောက်ကြာတဲ့အခါ ပြည်သူတွေရဲ့မျှော်လင့်ချက်အစိုင်အခဲတွေ တစ်စတစ်စ အငွေ့ပြန်လာခဲ့ရတယ်။ ပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ ဆင်းရဲချမ်းသာကွာဟမှု ကျဉ်းမြောင်းရေးတွေလည်း ရေစုံမျောသွားခဲ့တယ်။ လှော်ရင်းနစ်နေတဲ့ တိုင်းပြည်ဖြစ်နေပြီ။ ဒါပေမဲ့ လူတစ်စုကောင်းစားတဲ့ စနစ်ဆိုးကတော့ လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေခဲ့ပြီ။ ဒီသုံးနှစ်အတွင်းမှာ ခုတ်လိုက်ရတဲ့သစ်၊ (ဒီအစိုးရလက်ထက်မှာ ခွင့်ပြုတာ ပိုများတယ်ဆိုပဲ။) ပို့လိုက်ရတဲ့အိမ်ဖော် (ဘွဲ့ရပညာတတ်တွေလည်း ပါတယ်ဆိုပဲ။) ပြလိုက်ရတဲ့ဆန္ဒပြပွဲတွေ၊ ပေါ်လိုက်တဲ့ ကျူးကျော်ရပ်ကွက်တွေ၊ သိမ်းလိုက်ရတဲ့မြေတွေ၊ စာချုပ်ဟောင်းတွေကလည်း ဖုံးမရ ဖိမရ၊ အခွန်စည်းကြပ်ပုံကလည်း တစ်ဖက်စောင်းနင်း၊ ဆင်းရဲတွင်းတွေကလည်း နက်သထက်နက်လာ၊ ပြည်သူ့ဘဏ္ဍာကို ကိုယ့်ဟာမှတ်ပြီး အဆင်အခြင်မရှိ သုံးတဲ့ဝန်တွေကလည်းများ၊ ဥပဒေမဲ့ နိုင်ထက်စီးနင်းမှုတွေကလည်း အလျှိုလျှိုပေါ်လာတယ်။ ကြီးနိုင်ငယ်ညှဉ်းအကျင့်ကလည်း မပျောက်ဘူး။ ထစ်ခနဲဆို လက်နက်နဲ့ ဖြေရှင်းချင်တယ်။ အရပ်သားယောင်ဆောင်ထားပေမယ့် မူလအကျင့်က ပြန်ပြန်ပေါ်လာတယ်။ အဲဒါတွေကိုကြည့်လိုက်ရင် ပြည်သူတွေဟာ ဘယ်လိုအစိုးရမျိုး ရထားတယ်ဆိုတာ ဘူးပေါ်သလိုပေါ်နေတာပဲ။ ပြည်သူတွေမှာလည်း လွတ်လပ်ရေးရပြီးကတည်းက ဘယ်အခါများ အေးအေးချမ်းချမ်း နေခဲ့ရလို့လဲ။
အဲဒီတော့ ပြည်သူတွေက ဒီမိုကရေစီအခွင့်အရေးတွေရမှာပဲလို့ ဒီအစိုးရအပေါ် မျှော်လင့်တာဟာ ကျောက်ခဲကို နို့ညှစ်နေတာပဲ။ ၂၀၁၅ လည်း နီးလာပြီဆိုတော့ ကျောက်ခဲလိုအစိုးရမျိုးကို မရွေးချယ်မိကြဖို့ လိုပါတယ်။
သတိမံ၊ ဉာဏ်မြေကတုတ်၊ ပညာစွမ်း ချွန်းကဲ့သို့ အုပ်နိုင်ကြပါစေကြောင်း.....။
(သိမ်းဆည်းခံလယ်ယာမြေများနှင့် အခြားမြေများ ပြန်လည်ရရှိရေးအတွက် တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ တောင်သူလယ်သမားများ ဇန်နဝါရီ ၁၇ ရက်က ဆန္ဒထုတ်ဖော်နေစဉ်)
No comments:
Post a Comment